"မေတ္တာ၊ စေတနာ၊ ကရုဏာ"
ဒီစကားသုံးလုံးကို မြန်မာလူမျိုးများရဲ့ ထူးခြားတဲ့ ၀ိသေသ လက္ခဏာအဖြစ် မြန်မာနိုင်ငံကို ရောက်ဖူးတဲ့ နိုင်ငံခြားသားတိုင်းက အားရကျေနပ်စွာ ပြောလေ့ရှိပါတယ်။ အာရှနိုင်ငံတချို့နဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတချို့ဆိုရင် မရောက်ဖူးတဲ့ နိုင်ငံခြားသား ခရီးသွားများကို နည်းပေါင်းစုံနဲ့ လိမ်ညာလှည့်စားပြီး "အေးဓားပြ" တိုက်လေ့ရှိတာကြောင့် နိုင်ငံခြားသားများ နှာခေါင်းရှုံ့လေ့ ရှိပါတယ်။ မြန်မာပြည်မှာတော့ ဘယ်လိုကျေးလက် ဇနပုဒ်ကို ရောက်သွားရောက်သွား၊ ခရီးသွား ဧည့်သည်ဆီက "ခွါဖို့ ချွတ်ဖို့" အနုကြမ်းစီးဖို့ဝေးလို့ ကိုယ်ကပဲ မရှိရှိတာ ကျွေးဖို့မွေးဖို့ လက်ဆောင်ပေးဖို့ကိုသာ ဂရုစိုက်တတ်ကြပါတယ်။
ရိုးရိုးသားသား သာမန်နိုင်ငံခြားသား ခရီးသွားများ မဆိုထားနဲ့၊ ဟိုရှေးက ကိုယ့်လူမျိုးတွေ ကိုယ့်သားချင်းတွေကို ပါးရိုက်နားရိုက်၊ လက်သည်းခွာ၊ လှံစွပ်နဲ့ထိုး လုပ်ခဲ့တဲ့ ဂျပန်ဖက်ဆစ် ဂျပန်စစ်သားတွေကိုတောင်မှ စစ်ရှုံးလို့ အစာငတ်ရေငတ်နဲ့ အသက်ဘေးအတွက် ပြေးကြ ပုန်းကြရတဲ့အခါများမှာ ရွာမှာ ၀ှက်ပေးကြ၊ ထမင်းကျွေးကြ လုပ်ခဲ့ကြတာပါ။
အင်္ဂလိပ်တွေ ထွက်ပြေးရတုန်းကလည်း အလားတူပါပဲ။ အိန္ဒိယကို ကုန်းကြောင်းခရီးက ထွက်ပြေးကြတဲ့ စစ်ပြေးတွေကို မိမိတို့ကိုယ်တိုင် ဗုံးဒဏ်၊ စက်သေနတ်ဒဏ်တွေကြား ပုန်းအောင်ပြေးလွှား နေရတဲ့ကြားက မရှိရှိတာ ထုတ်ကျွေးခဲ့ကြတာပါ။ စစ်ပြီးခေတ်မှာ ဂျပန်စစ်သားဟောင်း၊ အင်္ဂလိပ်စစ်သားဟောင်းတွေ ရေးခဲ့ကြတဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။
နိုင်ငံခြားသူရဲ့ အဖေလုပ်ခဲ့ရ
အင်မတန်မှကို ရင်းနှီးတဲ့ နိုင်ငံခြားသူလေးတစ်ယောက် ရှိပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခုမှာ တော်တော်ကြီးတဲ့ ရာထူးကြီးတစ်ခု ထမ်းဆောင်နေတာပါ။ မြန်မာစကား မြန်မာစာ ကောင်းကောင်းတတ်ကျွမ်းပါတယ်။ မြန်မာလူမျိုးနဲ့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အင်မတန် ချစ်ပါတယ်။ အထူးသဖြင့် မန္တလေးကို သိပ်ချစ်ပါတယ်။ ခဏခဏလည်း သွားပါတယ်။ မန္တလေးရောက်ရင် စက်ဘီးတစ်စီးနဲ့ လျှောက်သွားလေ့ရှိပါတယ်။ သူအရင်ဘ၀က မန္တလေးသူ ဖြစ်ခဲ့တယ်လို့တောင် ရင်းနှီးသူတွေကို ပြောလေ့ရှိတယ်။ အနေကြာတော့ သမီးတစ်ယောက်လိုလို ဖြစ်သွားတယ်။ စာရေးသူကို "ဆရာ" လို့ ခေါ်ပေမယ့် ဇနီးဖြစ်သူကိုတော့ "မေမေ" လို့ ခေါ်လေ့ရှိတယ်။ မြန်မာထမင်းဟင်းနဲ့ မြန်မာမုန့်ပဲသွားရည်စာတွေကို ကြိုက်ပါတယ်။ မြန်မာကို ဘယ်လောက်ချစ်သလဲဆိုရင် မြန်မာယောက်ျား တစ်ယောက်ကိုတောင် ယူပါတယ်။ သတို့သမီးရဲ့ အဖေနေရာက နေပေးပါလို့ ပြောတဲ့အတွက် မင်္ဂလာဆွမ်းကျွေးမှာ အဖေ လုပ်ခဲ့ရပါသေးတယ်။
ဗြဟ္မစိုရ်တရား မကင်းကွာသေးဘူး
နိုင်ငံခြားသားတွေ စွဲလန်းမယ်ဆိုလည်း စွဲလန်းထိုက်ပါတယ်။ မြန်မာလူမျိုးများရဲ့ စိတ်ဓာတ်ဟာ တစ်ကမ္ဘာလုံး ဆုတ်ကပ်ကြီးထဲ ရောက်ပြီး ရိုင်းစိုင်းကြမ်းတမ်း ကုန်ကြတာတောင်မှ ဗြဟ္မစိုရ်တရား မကင်းကွာကြသေးပါဘူး။ မေတ္တာ၊ စေတနာ၊ ကရုဏာ တရားများ မဆိတ်သုဉ်းသေးပါဘူး။ မြန်မာ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မကြုံဖူး၊ မကြားဖူးတဲ့ နာဂစ်မုန်တိုင်းကြီးရဲ့ ဒဏ်ကို ခံလိုက်ရတဲ့အခါမှာ သဘာဝဘေးတို့ နောက်မှာ ရှောင်လွှဲလို့မရအောင် ကပ်ပါလာမြဲဖြစ်တဲ့ ရောဂန္တရကပ်၊ ဒုဗ္ဗိကန္တရကပ် ဆိုတဲ့ကပ်ကြီးတွေ ဆိုက်ကပ်လာလိမ့်မယ်လို့ တစ်ကမ္ဘာလုံးက ဟောကိန်း ထုတ်ခဲ့ကြတယ်။ ဘယ်နိုင်ငံ ဘယ်ဒေသမဆို ဒါဟာ ဖြစ်ပြီးရင် နောက်ဆက်ပြဿနာဖြစ်တယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာ အငတ်ဘေးလည်း မကျခဲ့ဘူး၊ ကူးစက်ရောဂါဆိုးကြီးတွေလည်း မပြန့်ပွားခဲ့ဘူး။ ကုလသမဂ္ဂတို့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့၊ စားနပ်ရိက္ခာအဖွဲ့တို့ ဆိုတဲ့ အဖွဲ့အစည်းတွေကတောင် တအံ့တသြ ဖြစ်ကြရတယ်။ ဘာကြောင့် ဒီလို ဘေးဆိုးကြီးတွေ ကျရောက်မလာခဲ့တာလဲဆိုတော့ တစ်နိုင်ငံလုံးမှာ ရှိရှိသမျှ ရဟန်းရှင်လူ ပြည်သူအပေါင်းက ၀ိုင်းဝန်းစောင့်ရှောက်ကြလို့ပဲ ဖြစ်တယ်။ ဆန် လေးပြည်ရှိသူက နှစ်ပြည်ခွဲလှူတယ်။ ဖိနပ်နှစ်ရံရှိသူက တစ်ရံခွဲပေးတယ်။ ကျောင်းသူကျောင်းသား ကလေးသူငယ်တွေကတောင် သူတို့မုန်းဖို့လေးတွေကို စုပြီး လှူတယ်လေ။ ဒါကြောင့် လေဘေးရဲ့ နောက်ဆက်တွဲ ဘေးကပ်ဆိုးကြီးတွေ ကျရောက်မလာခဲ့တာ ဖြစ်တယ်။ မြစ်ဝကျွန်းပေါ်ဒေသ ဒါလောက် မြန်မြန် ပြန်ထလာလိမ့်မယ်လို့ နိုင်ငံခြားသားတွေ မဆိုနဲ့ မြန်မာလူမျိုးတွေတောင် မထင်ခဲ့ကြပါဘူး။ ဟော အခုတော့ မြန်မာလူမျိုးတို့ရဲ့ မေတ္တာ၊ စေတနာ၊ ကရုဏာတန်ခိုးနဲ့ ဧရာဝတီတစ်တိုင်းလုံး ကိုယ်ထူကိုယ်ထ ပြန်ထလာပြီလေ။
ဧည့်သည်ကို ဧည့်ဝတ်ကျေတယ်
မြန်မာလူမျိုးများဟာ ဘိုးစဉ်ဘောင်ဆက်က မေတ္တာတရား လက်ကိုင်ထားဖို့ ဆုံးမသွန်သင် လာခဲ့ကြတာကြောင့် မေတ္တာတရားကို စွဲမြဲယုံကြည်ပြီး လက်ကိုင်ထားကြတယ်။ ကရုဏာတရားလည်း ပွားများကြတယ်။ နာဠာဂီရိလို ဆင်မိုက်ကြီးနဲ့ အာဠာဝကလို အစွယ်ပြူးပြူး ဘီလူးကြီးကိုတောင် မေတ္တာနဲ့ အောင်နိုင်တယ်လို့ ယုံခဲ့ကြတယ်။ ဒီလို ယုံကြည်မှု၊ ဒီလိုစိတ်ဓာတ်ကြောင့် ကိုယ့်ဆီလာတဲ့ ဘယ်ဧည့်သည်ကိုမှ အမြတ်ထုတ်ဖို့၊ ချွတ်ဖို့ခွာဖို့၊ လှီးဖို့ဖြတ်ဖို့ စိတ်ကူးထဲတောင် ထည့်ကြတာ မဟုတ်ဘူး။ ဘယ်ဧည့်သည်မိန်းကလေးပဲ တစ်ယောက်တည်း လျှောက်သွားနေပါစေ မတော်မတရားပြုပြီး သတ်ပစ်လိုက်တယ်ဆိုတာမျိုး မရှိပါဘူး။ ဧည့်သည်ကို ဧည့်ဝတ်ကျေရတယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှုပါ။
အိမ်သည်ကို ဧည့်သည်စော်ကား
ဧည့်ဝတ်ကျေလွန်း၊ မေတ္တာ၊ စေတနာ၊ ကရုဏာ ထားလွန်းတာကို တချို့ မြန်မာတို့ရဲ့ ပျော့ညံ့ချက်လို့ ထင်မှတ်မှားကြပြီး အိမ်သည်ကို ဧည့်သည်က စော်ကားတာမျိုးတွေ လုပ်ကြတာကို စက်ဆုပ်ဖွယ်ရာ တွေ့ရလေ့ရှိတယ်။ မျက်နှာဖြူနယ်ချဲ့တွေက ဘုရားထူးခိုင်းတာမျိုါ်၊ မျက်နှာဝါ ဖက်ဆစ်တွေက လက်သည်းခွံခွာ ပါးရိုက်နားရိုက်တာမျိုးတွေပေါ့။ ဒီခေတ်ကေ ဆုတ်ကပ်ကြီးဆိုတော့ ပိုတောင်ဆိုးပါသေးတယ်။ ခရီးသည်တွေစီးတဲ့ လေယာဉ်ကြီးတွေကို အပိုင်စီးပြီး လူတွေ သောင်းနဲ့ချီရှိနေတဲ့ မိုးမျှော်တိုက်ကြီးကို တည့်တည့်ကြီး ၀င်ဆောင့်ပစ်တဲ့ ကြမ်းကြုတ်ရက်စက်မှုရော ဘယ်ခေတ်က ကြားဖူးလို့လဲ။
လူယဉ်ကျေးစကား နားမလည်
ဒီခေတ်မှာက အဲဒီလို လူမိုက် လူရမ်းကားတွေ သိပ်များတယ်။ ဒီလူမျိုးတွေက ဘယ်ကိစ္စမဆို သေနတ်နဲ့ ဖြေရှင်းတဲ့ "ကောင်းဘွိုင်" လို၊ "ရမ်ဘို"လို လူစားတွေ၊ ဒီလူတွေက လူကြီးလူကောင်းစကားမျိုး နားမလည်ဘူး၊ လူယဉ်ကျေးမှ မဟုတ်တာ၊ ကောင်းဘွိုင်တွေ နားလည်တဲ့ တစ်ခုတည်းသော ဘာသာစကားက Language of the gun ပဲ ဖြစ်တယ်။ အာဖဂန်နစ္စတန်က ကလေးသူငယ်တွေက ဂျော့ဘုရှ်ကို ရှိခိုးတောင်းပန်လို့ မရဘူး။ အီရတ်က မိခင်အိုတွေက အသနားခံလို့လည်း မရဘူး။ ပါလက်စတိုင်းက ဘာသာရေးဆရာတွေက တရားပြလို့လည်း မရဘူး။ ဒီလူမျိုးတွေကို ဘယ့်နှယ့်လုပ်မလဲ။ မေတ္တာ၊ ကရုဏာတို့ဆိုတာ ကောင်းဘွိုင်တွေရဲ့ ဘာသာစကားမှာ မရှိဘူး။ စေတနာမဆိုတာလည်း ဘာမှန်းသိတာ မဟုတ်ဘူး။ သူတို့က သေနတ်ကပြောတဲ့ ဘာသာစကား တစ်ခုတည်းကိုပဲ နားလည်တယ်။ မေတ္တာ၊ ကရုဏာ၊ စေတနာဆိုတာတွေဟာ အင်မတန်မှကို အဆင့်မြင့်တဲ့ ယဉ်ကျေးမှုရှိသူများသာ နားလည်နိုင်၊ ကျင့်သုံးနိုင်တာ ဖြစ်ပါတယ်။ ရမ်ဘိုလို လူရမ်းကားတွေနဲ့ မထိုက်တန်ပါဘူး။ ဒီလူမျိုးတွေကိုတော့ သူတို့နားလည်တဲ့ တစ်ခုတည်းသော ဘာသာစကားဖြစ်တဲ့ Language of the gun နဲ့ပဲ ပြောမှ ရပါလိမ့်မယ်။ ဧည့်သည်က အိမ်သည်ကို စော်ကားတာကိုတော့ ခွင့်ပြုထားဖို့ မသင့်တော်ဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။
What message he wants to give, I don't understand? I agree that we should not give our Mitta to some people who are.........
ReplyDeleteWhere is justice in our country? We still need to have Mitta to them...
မြန်မာနိုင်ငံမှာ အငတ်ဘေးလည်း မကျခဲ့ဘူး။ (ဆန်ပြုတ်တောင် အနိုင်နိုင်သောက်နေရတဲ့လူတွေဘဲရှိပါတယ်။)
ReplyDeleteကူးစက်ရောဂါဆိုးကြီးတွေလည်း မပြန့်ပွားခဲ့ဘူး။(ဒါပေါ့။ ရောဂါဖြစ်လို့လူတွေ သောက်သောက်လဲသေတာတောင် ဘယ်သူမှ မသိလိုက်တာ)။
language of gun and language of stick ကို ဗမာပြည်ကလူက သူများတွေထက်ပိုနားလည်ပါတယ်။
ReplyDelete