ဂျာနယ်တွေထဲမှာ ဖတ်ရတဲ့ သတင်းတွေကြောင့် ကျွန်တော်ကိုဉာဏ်ရဲ့ ခေါင်းထဲမှာ အတွေးပူဖောင်းလေးတွေ ဖွဲ့သီလာတဲ့အတွက် စာအဖြစ် ချရေးလိုက်မိတာဖြစ်ကြောင်း ဦးစွာဝန်ခံပြောကြားလိုပါတယ်။ စာဖတ်သူနဲ့ အတွေးချင်းတူချင်မှ တူနိုင်ပါလိမ့်မယ်။ သို့ပေမယ့် စဉ်းစားစရာတစ်ခုခု၊ တွေးစရာတစ်ခုခု ပေးလိုက်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဒီစာကို ရေးဖြစ်ပါတယ်။
ဂျာနယ်ထဲက သတင်းတွေ
အခုတလော အပတ်စဉ် ပုံမှန်ဖတ်နေကျ ဂျာနယ်တွေထဲမှာ ကျွန်တော့်အတွက် စဉ်းစားစရာ၊ အတွေးပွားစရာသတင်းတွေ အတော်များများ ပါနေတာကို သတိထားမိပါတယ်။ သူများတွေအတွက် သာမန်သတင်းတစ်ခုသာ ဖြစ်ကောင်းဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ စိတ်ဝင်တစားနဲ့ တွေးစရာတွေ ဖြစ်နေရပါတယ်။ ရှေးနှစ်ပေါင်းများစွာက မံမီရုပ်အလောင်းတွေ၊ မြို့ပြအဟောင်းတွေ တူးဖော်တွေ့ရှိတဲ့သတင်းတွေ၊ မျိုးတုံးပျောက်ကွယ်လု ဖြစ်နေတဲ့ တိရစ္ဆာန်တစ်မျိုးကို ပြန်တွေ့ရတယ်ဆိုတဲ့ သတင်းတွေ၊ ကမ္ဘာ့အသက်အကြီးဆုံး အမြွှာညီအစ်မရဲ့ မွေးနေ့ပွဲလုပ်တဲ့ သတင်းတွေ၊ မျိုးတုံးပျောက်ကွယ်လု ရှားပါးငှက်မျိုးစိတ်အချို့ကို မြန်မာနိုင်ငံမှာ ပြန်တွေ့ရတယ် ဆိုတဲ့သတင်းတွေ၊ စတဲ့ စတဲ့ သတင်းတွေပေါ့လေ။
လူ့သဘာဝ
ကျွန်တော်တို့ လူသားတွေဆိုတာကလည်း ထူးထူးဆန်းဆန်း၊ ရှားရှားပါးပါးဆိုရင် အင်မတန်မှကို စိတ်ဝင်စားတတ်ကြတာပါ။ ဘာအဖြစ်ဆုံးတို့၊ ညာအဖြစ်ဆုံးတို့၊ ရှာမှရှားတို့၊ ပေါ်တော်မူတို့ စတဲ့ အရာတွေဆိုရင် အင်မတန်မှ တန်ဖိုးထားတတ်ပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံး အဘိုးအိုဆိုလည်း စိတ်ဝင်စားတာပဲ၊ ကမ္ဘာ့ဈေးအကြီးဆုံး ခွေးဆိုတော့လည်း သိချင်ကြပြန်တာပဲ၊ ကမ္ဘာ့အရပ်အရှည်ဆုံး လူသားဆိုတော့လည်း ဘယ်သူများလဲလို့ မေးကြတာပါပဲ၊ မျိုးတုန်းတော့မယ့် ငှက်ကလေးတွေဆိုတော့လည်း ခေါင်းထောင်လာကြတာပဲ၊ ဒိုင်နိုဆောရုပ်ကြွင်းတွေ ရှာတွေ့တယ်ဆိုတော့လည်း သိလိုက်ချင်ပြန်တာပါပဲ၊ ကမ္ဘာပေါ်မှာ အကြီးဆုံး ပတ္တမြား၊ စိန်၊ ကျောက်စိမ်းတုံး စတာတွေကိုလည်း စိတ်ဝင်စားကြပါတယ်။ ပြောရမယ်ဆိုရင်တော့ ကုန်မယ်မထင်ပါဘူး။ အဲဒီလို စိတ်ဝင်စားကြတာကို အပြစ်ပြောနေတာ မဟုတ်ပါဘူး။ လူ့သဘာဝမို့ ဒီလိုပဲ ဖြစ်ကြမှာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလို စိတ်ဝင်စားတာပါပဲ။
ရှားပါးမှုတိုင်း အဖိုးတန်သလား
ပြောခဲ့သလို စိတ်ဝင်စားကြတဲ့ အကြောင်းအရာတွေဟာ ရှားရှားပါးပါးမို့ စိတ်ဝင်စားကြတာကိုး။ လူတိုင်းသာ အရပ် ၇ ပေ ရှည်နေကြမယ်ဆိုရင် ကမ္ဘာ့အရပ်အရှည်ဆုံး လူသားဆိုတာကို ဘယ်သူကမှ စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ လူတိုင်းရဲ့ ပျမ်းမျှအသက်ဟာ ၁၀၀ ၀န်းကျင် ဖြစ်နေမယ်ဆိုရင်လည်း အသက် ၁၂၀ လောက် အဘိုးအို၊ အဘွားအိုတွေကို ဘယ်သူကမှ သတိထားကြမယ်မထင်ဘူး။ အဲဒီတော့ လူတွေဆိုတာက ရှားပါးတဲ့အရာကို တန်ဖိုးထားကြတာပေါ့လေ။ ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာက ရှားပါးတိုင်း ကောင်းသလားဆိုတာပါ။ ပညာရှင်ရှုထောင့်က မဟုတ်ဘဲ ကျွန်တော့်အမြင်အရ ဉာဏ်သေးသေးနဲ့ တွေးမိတာကတော့ စီးပွားရေးအရဆိုရင် ရှားပါးတာဟာ မကောင်းတဲ့အချက် ဖြစ်လိမ့်မယ်ထင်ပါတယ်။ ကုန်ပစ္စည်းရှားပါးတာဟာ ကောင်းမယ်မထင်ပါဘူး။ အဲဒီလို ပစ္စည်းရှားပါးပြီဆိုမှတော့ ရောင်းစရာလည်း နည်းတော့မှာပါပဲ။ ၀ယ်ချင်တဲ့လူက များနေပြီး ရောင်းရမယ့်ပစ္စည်းက ရှားပါးနေတယ်ဆိုတာဟာ ကောင်းတဲ့အချက် မဟုတ်ဘူးလို့ ထင်တာပါပဲ။ စီးပွားရေးပညာရှင်တွေ ဆိုရင်တော့ ၀ယ်လိုအားတွေ ရောင်းလိုအားတွေ စတဲ့စကားလုံးတွေနဲ့ ရှင်းပြတတ်ကြမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ဘာကောင်မှမဟုတ်တော့ အဲဒီလို စကားလုံးတွေနဲ့ မရှင်းပြတတ်ပါဘူး။ (ကျွန်တော်ကတော့ ရှားပါးတာကို မကြိုက်ဘူးဗျ။ ဟိုဟာဝယ်မရ၊ ဒီဟာဝယ်မရနဲ့၊ မ၀ယ်မဖြစ် ၀ယ်ရရင်လည်း ဈေးကြီးပါဘိသနဲ့။ ရောင်းတဲ့လူရဲ့ မျက်နှာကို ပြန်ကြည့်နေရသေးတယ်။ စားသုံးသူဆိုတာ အဲဒီလို ပါဝါအပြည့်ရှိတာဗျ။ ဤကား စကားချပ်။)
ကိုယ့်အဘိုး၊ ကိုယ့်အဘွားတွေကိုတော့ မေ့နေကြတယ်
လူတွေက အသက် ၁၂၀ ကျော်ရှည်တဲ့ ဘိုးသက်ရှည်ကို အံ့သြကြတယ်၊ စိတ်ဝင်စားကြတယ်၊ အားကျတဲ့လူတွေလည်း ရှိမှာပါပဲ။ အသက်အကြီးဆုံး အမြွှာညီအစ်မအတွက် ၀မ်းသာကြတယ်။ အဲဒီမှာ ကျွန်တော်တွေးမိတာက အဲဒီလို အသက်ရှည်တဲ့အတွက် အဲဒီအဘိုးအိုအတွက်၊ အဘွားအိုတွေအတွက်၊ သူ့တို့နိုင်ငံတွေအတွက် ၀မ်းသာပါတယ်၊ ဂုဏ်ယူပါတယ်။ အသက်ရှည်ရှည် နေရတယ်ဆိုတာ မင်္ဂလာတစ်ပါးပဲ မဟုတ်လား။ ကျန်းမာမှ အသက်ရှည်တာကိုး၊ ရောဂါတွေ ဖိစီးနေရင် ဘယ်ကလာ အသက်ရှည်လိမ့်မလဲ။ ကျန်းမာခြင်းသည် မင်္ဂလာတစ်ပါးပေါ့ဗျာ။ အဲဒီလို ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေကို ကျွန်တော်တို့တွေက စိတ်ဝင်စားနေကြ၊ သဘောကျနေကြပေမယ့် ကျွန်တော်တို့ဝန်းကျင်မှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ အဘိုးအဘွားတွေကိုတော့ မေ့လျော့နေကြတယ်လေ။ အရွယ်ရောက်ပြီးတဲ့ လူငယ်တစ်ယောက်မှာ မိဘနှစ်ဖက်စလုံးက အဘိုးအဘွားတွေ ရှိသေးတယ်ဆိုရင် အဘိုး နှစ်ဦးနဲ့ အဘွား နှစ်ဦး ရှိပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ အဘိုးအဘွားတွေကို ဘယ်လောက်များ ဂရုစိုက်ကြပါသလဲ။ တန်ဖိုးထားကြပါသလဲ။ ကရုဏာထားကြပါသလဲ။ ကြင်နာမှု ပြကြပါသလဲ။ လေးစားသမှု ပြုကြပါသလဲ။
ကလေးတွေကိုရော ဂရုစိုက်ကြသလား
စောစောကပြောသလို သူများနိုင်ငံက ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေကို အံ့သြနေရုံ၊ သဘောကျနေရုံ၊ အားကျနေရုံနဲ့ပဲ ပြီးမနေကြပါနဲ့။ ကျွန်တော်တို့ဝန်းကျင်က ကလေးငယ်တွေကိုလည်း သက်ရှည်ကျန်းမာပြီး ဘိုးသက်ရှည် ဘွားသက်ရှည်တွေဖြစ်အောင် ပြုစုပျိုးထောင်ကြပါဦး။ ငယ်ငယ်လေးကတည်းက ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းခွင့်ရတဲ့ ကလေးငယ်တွေမှသာလျှင် နောင်တစ်ချိန်မှာ ဘိုးသက်ရှည်၊ ဘွားသက်ရှည်လေးတွေ ဖြစ်လာနိုင်ကြမှာမလား။ အဲဒီလို ဖြစ်လာနိုင်ဖို့ အသိဉာဏ်ရှိဖို့ လိုပါတယ်။ မြန်မာစကားမှာ အသက်ကို ဉာဏ်စောင့်တယ်လို့ ဆိုတယ်မဟုတ်လား။ အဲဒီဉာဏ်အတွက် ကလေးငယ်တွေကို ပညာရေးအဆင့်အတန်း မြင့်မားလာအောင်၊ လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြက်သူတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်သင့်ကြတယ် မဟုတ်ဘူးလား။
ငှက်ကလေးတွေ တေးဆိုနိုင်ဖို့
ကမ္ဘာ့သတင်းတွေမှာပဲဖြစ်ဖြစ်၊ မြန်မာ့သတင်းတွေမှာပဲဖြစ်ဖြစ် ရှားရှားပါးပါး ငှက်မျိုးစိတ်တစ်ခုကို တွေ့လိုက်ရပြီ၊ ထောင်ချောက်ကင်မရာနဲ့ ရိုက်ကူးမိပြီဆိုရင် ဟိုးလေးတကြော် ဖြစ်သွားတတ်ပါတယ်။ အဲဒီလို ရှာဖွေဖို့အတွက်လည်း ငွေကုန်ကြေးကျခံ၊ အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး ဆောင်ရွက်နေကြတာကို အားလုံးအသိ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကိုဉာဏ်ဟာ တော်တော်ကြီးကို ပိန်းတဲ့လူလို့ပဲ ပြောပြော၊ ကိုဉာဏ်ကို ရှင်းပြ၊ ပြောပြရတာ ကျွဲပါးစောင်းတီး လုပ်နေရသလိုပဲဆိုဆို အဲဒီလို လုပ်ငန်းတွေကို နားမလည်စွာနဲ့ အံ့သြမိတာတော့ အမှန်ပါ။ သူ့ဟာသူ ပျောက်ကွယ်သွားတဲ့ ငှက်တွေကို ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံ၊ အချိန်အကုန်ခံပြီး ရှာဖွေနေရသလဲဆိုတာ တကယ်ကို နားမလည်နိုင်ပါ။ ဘာကြောင့်ပျောက်ကွယ် သွားရသလဲဆိုတာ သိမှ မပျောက်ကွယ်ရအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနိုင်မှာပေါ့လို့ ပြောကြမယ်ထင်ပါရဲ့။ ကျွန်တော်ပြောချင်တာက မျိုးတုံးပျောက်ကွယ်သွားတဲ့ ဒါမှမဟုတ် မျိုးတုံးပျောက်ကွယ်လုနီး ဖြစ်နေတဲ့ ငှက်ကလေး တစ်ကောင်၊ နှစ်ကောင်ကို လိုက်ရှာမယ့်အစား အဲဒီအတွက်သုံးမယ့် ပိုက်ဆံတွေကို လက်ရှိကမ္ဘာမှာ ရှိနေတဲ့ အခြားသော ငှက်မျိုးစိတ်တွေအတွက် အသုံးပြုကြပါတော့လား။ အခုအချိန်မှာ ပေါပေါများများရှိနေတဲ့ ငှက်ကလေးတွေဟာ နောင်တစ်ချိန်မှာ အခုလိုက်ရှာနေတဲ့ ငှက်တွေလိုပဲ ရှားပါးမျိုးစိတ်တွေ ဖြစ်သွားနိုင်တယ်လေ။ အဲဒါကို မတွေးမိဘူးဆိုရင်တော့ နောင်တစ်ချိန်မှာ အခုရှိနေတဲ့ မမြင်ချင်တဆုံး ငှက်တွေကို တောကြုံအုံကြားတွေမှာ ဝေးဝေးလံလံ ခက်ခက်ခဲခဲနဲ့ တကူးတက လိုက်ရှာကြရပါလိမ့်မယ်။ ငယ်ငယ်တုန်းက အမြဲမပြတ် မြင်ခဲ့ရတဲ့ မောင်းခဲ့ရတဲ့ ကျီးကန်းတွေကို အခုအချိန်မှာ သိပ်မမြင်ရတော့ဘူး၊ ကျွန်တော်တို့ငယ်ငယ်ကဆို အိမ်နောက်က အပင်ပေါ်မှာတောင် အုပ်စုလိုက် လာနားတတ်တဲ့ ဒေါင်းဆိုတဲ့အကောင်တွေဟာ အခုဆိုရင် တိရစ္ဆာန်ရုံမှာပဲ ကြည့်လို့ရတော့တယ်။ ခပ်ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့အတူ ဂွတစ်လက်ကိုင်ပြီး လိုက်ပစ်ခဲ့ဖူးတဲ့ ကြက်တူရွေးတို့၊ လင်ခေါင်ပိုးတို့ဆိုတာ တောနက်နက်မှ မဟုတ်ရင် မမြင်ရတော့ဘူး။ ဒါကြောင့် မရှိတဲ့ငှက်တွေ၊ ရှိမှန်းမသေချာတဲ့ ငှက်တွေကို လိုက်ရှာမယ့်အစား အခုရှိနေတဲ့ ငှက်ကလေးတွေအတွက် စားကျက်တွေ၊ အစားအစာတွေ မရှားပါးအောင်၊ နားခိုဖို့၊ အသိုက်တည်ဖို့ သစ်ပင်တွေမရှားပါးအောင်၊ လူသားတွေရဲ့ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုတွေကနေ ကင်းလွတ်အောင် ဂရုစိုက်ပေးကြမယ်ဆိုရင် ပိုမကောင်းဘူးလား။
တရုတ်ရဲ့ ပန်ဒါဝက်ဝံ စောင့်ရှောက်ရေး
ကမ္ဘာ့နိုင်ငံကြီးတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်နေကြတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး လုပ်ငန်းတွေထဲမှာ တရုတ်နိုင်ငံကို သဘောကျမိပါတယ်။ သူများနိုင်ငံတွေက ဒိုင်နိုဆောအရိုးစုတွေ၊ ဘာသတ္တ၀ါရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ စသည်ဖြင့် အော်နေကြချိန်မှာ တရုတ်နိုင်ငံက အချိန်ယူပြီး ဆောင်ရွက်ခဲ့တဲ့ ပန်ဒါဝက်ဝံ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းဟာ အောင်မြင်တယ်လို့ မြင်မိပါတယ်။ ကာလတစ်ခုဆီတုန်းက မျိုးတုန်းပျောက်ကွယ်လုမတတ် အကောင်အရေအတွက် နည်းပါးနေတဲ့ အနေအထားကနေ ဒီနေ့အချိန်ကာလမှာ အတန်အသင့်သော ပမာဏအထိ တိုးပွားလာအောင် စောင့်ရှောက်နိုင်ခဲ့တယ်လို့ မြင်မိပါတယ်။ ကျွန်တော်ကတော့ ဒိုင်နိုဆောရုပ်ကြွင်းတွေကို ပိုက်ဆံသန်းပေါင်းများစွာ အကုန်ခံပြီး လိုက်ရှာ၊ ထိန်းသိမ်း၊ လေ့လာစူးစမ်း လုပ်နေတာထက်စာရင် လက်ရှိရှိနေသေးတဲ့ ပန်ဒါဝက်ဝံတွေ၊ ကျားတွေ၊ ဆင်တွေ၊ ရေမြင်းတွေ၊ ကြံ့တွေ၊ ၀က်ဝံတွေ၊ ကျားသစ်တွေ မျိုးတုန်းပျောက်ကွယ် မသွားအောင် စောင့်ရှောက်တာက ပိုပြီးတော့ အကျိုးရှိမယ်၊ လက်တွေ့ဆန်မယ်လို့ ထင်ပါတယ်။
ရှားပါးမှုနောက်ကို လိုက်နေကြလို့
ကျွန်တော်တို့လူသားတွေရဲ့ ရှားပါးမှုကို တန်ဖိုးထားတဲ့ စိတ်ကြောင့်ပဲ ကမ္ဘာကြီးဟာ တစ်နေ့ထက်တစ်နေ့ ရှားပါးမှုတွေနဲ့ ပြည့်နှက်လာရော့လေသလားလို့ တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။ ကျွန်တော်တို့ မသိမမီလိုက်တဲ့ ဘိုးစဉ်ဘောင်ဆက် ရှေးပဝေသဏီကတည်းက တ၀ကြီး ရှူရှိုက်လာခဲ့တဲ့ လေထုဟာ အခုဆိုရင် မသန့်ရှင်းတော့ဘူးတဲ့၊ လေထုထဲမှာ ဘာဓာတ်ငွေ့တွေ၊ ညာဓာတ်ငွေ့တွေ များနေပြီတဲ့။ လေကောင်းလေသန့်ဆိုတာ တန်ဖိုးထားပြီးပြောရတဲ့ စကားလုံးဖြစ်သွားရပြီ။ တစ်ချိန်တုန်းက ဘယ်မြစ်ချောင်းထဲက ရေကိုပဲ ခပ်သောက်သောက်၊ ဘယ်တွင်းထဲက ရေကိုပဲငင်ငင် ရေကြည်ရေသန့်အဖြစ် သောက်ခဲ့ကြရတဲ့ ဘ၀တွေကနေ ဒီနေ့မှာ သောက်သုံးရေ မသန့်ရှင်းမှုတို့၊ ရေထုထဲမှာ အဆိပ်ပါဝင်မှုနှုန်း မြင့်နေတာတို့၊ ရေထုညစ်ညမ်းမှုတို့ စတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေရပြီ။ သဘာဝတရားကြီးက အလကားရခဲ့တဲ့ ရေသန့်ဆိုတာကို အခုတော့ ပိုက်ဆံပေးပြီး တန်ဖိုးထား ၀ယ်သောက်နေကြရပြီ။ (ရေသန့်သောက်တာကွဆိုပြီး ဂုဏ်ယူတဲ့လူတွေတောင် ရှိသေးရဲ့။) ကမ္ဘာဦးအစကတည်းက ပေါက်ရောက်ရှင်သန်ခဲ့တဲ့ အပင်တွေဆိုတာကလည်း လူတွေအတွက် ပြတိုက်တွေ၊ ဥယျာဉ်တွေ၊ ပန်းခြံတွေမှာ တကူးတက ပိုက်ဆံပေးပြီး သွားကြည့်မှပဲ မြင်ရတော့တဲ့ ရှားပါးပစ္စည်းတွေ ဖြစ်လာကုန်ကြတယ်။ နောက်ဆိုရင် ကလေးတွေကို စာသင်တဲ့အခါ သစ်တောဆိုတာကို ပုံကားချပ်တွေ၊ ဓာတ်ပုံတွေနဲ့ပဲ ပြနိုင်တော့မယ်။ သဘာဝအတိုင်း ကြည့်ချင်တယ်ဆိုရင်တော့ အာဖရိတိုက်ကို လေယာဉ်စင်းလုံးငှားပြီး ခေါ်သွားရမယ် ထင်ပါရဲ့။
အလယ်မလပ်စေချင်ဘူး
သူများနိုင်ငံက ကမ္ဘာ့မှတ်တမ်းဝင် ဘိုးသက်ရှည်တွေ၊ ဘွားသက်ရှည်တွေကို စိတ်ဝင်စားပါ၊ ဒါပေမယ့် ကိုယ့်ဝန်းကျင်က သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေကိုလည်း ဂရုစိုက်ဖို့၊ စောင့်ရှောက်ဖို့လည်း မေ့မထားကြဘဲ အလေးထားကြဖို့ လိုပါတယ်။ ရှားပါးတိရစ္ဆာန်တွေကို ရှာဖွေတာ၊ လေ့လာတာတွေ လုပ်ချင်လုပ်ပါ၊ ကိုယ့်ဝန်းကျင်မှာရှိနေတဲ့ တိရစ္ဆာန်တွေကိုလည်း ထိန်းသိမ်းကာကွယ်ဖို့ မေ့မထားကြပါနဲ့။ အခြားသော ဘာအဖြစ်ဆုံး၊ ညာအဖြစ်ဆုံး၊ ရှာမှရှား၊ နှစ်ယောက်မရှိ၊ တစ်သက်တစ်ခါ၊ ကြုံတောင့်ကြုံခဲ၊ ပေါ်တော်မူ စတာတွေကိုလည်း စိတ်မ၀င်စားနဲ့လို့ မပြောလိုပါဘူး။ စိတ်ဝင်စားကြပါ။ တစ်ဖက်ကလည်း လေထုသန့်ရှင်းရေး၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး၊ သောက်သုံးရေသန့်ရှင်းရေး၊ ကိုယ့်အနီးဝန်းကျင်မှာ ရှိနေတဲ့ သစ်ပင်တွေ မပြုန်းတီးရေး၊ တတ်နိုင်သလောက် အသစ်စိုက်ပျိုးနိုင်ရေး စတဲ့ စတဲ့ အချက်တွေကိုလည်း ဂရုတစိုက်နဲ့ လုပ်ကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့တွေဟာ အနီးဆုံးမှာ ရှိနေတာကို မမြင်တော့ဘဲ အလှမ်းကျယ်ပြီး အလယ်လပ်သွားတာမျိုး ဖြစ်သွားမှာစိုးလို့ပါ။ နောင်တစ်ချိန်ကျမှ နောင်တတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက် အားမရတာမျိုး ဖြစ်နေကြမယ့်အစား ယခုနေ့စဉ်ဘ၀တွေမှာ မိမိဝန်းကျင်ကိုမိမိ ဂရုတစိုက်နဲ့ ကောင်းအောင်ပြုပြင် ဆောင်ရွက်သွားမယ်ဆိုရင် "ရှားပါးမှု"ဆိုတဲ့ စကားလုံးဟာ ဘယ်နားမှာ သုံးရမယ့်မသိတော့လောက်အောင် တကယ့်ကို ရှားရှားပါးပါး ဖြစ်သွားတဲ့အထိ အောင်မြင်လာလိမ့်မယ်လို့ ယုံကြည်နေမိကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်၊ သောကြာနေ့။
ညနေ ၄ နာရီ ၅၆ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်၊ သောကြာနေ့။
ညနေ ၄ နာရီ ၅၆ မိနစ်တွင်ပြီး၏။
No comments:
Post a Comment