ဂျီအက်စ်အမ် ဖုန်းဈေး ဆယ်သိန်းအောက်ရောက်တဲ့ထိ ကျသွားပြီဆိုတဲ့ သတင်းတစ်ပုဒ် ဂျာနယ်တစ်စောင်မှာ ဖတ်ရတယ်။ ငါးသိန်းတန်ဖုန်း လျှောက်သူတိုင်းကို ဒီနေ့လျှောက်၊ နက်ဖြန် ချပေးနေတာကြောင့် ခုလို ဈေးတွေ တလဟော ကျသွားတာလို့ သိရတယ်။
အဆင့်အတန်းပြယုဂ်
ဘာကြောင့်ပဲကျကျ ဈေးကျတယ်ဆိုတာ ကောင်းတာပဲ။ စောစောကများ ဂျီအက်စ်အမ် ဖုန်းဈေးက နှစ်ဆယ့်ငါးသိန်း သိန်းသုံးဆယ်လောက်ထိတောင် ရှိသတဲ့။ လျှောက်တိုင်းရတာမဟုတ်တော့ မရှိမဖြစ်လို့ ငှားသုံးရရင် စပေါ်နှစ်သိန်း သုံးသိန်းနဲ့ ငှားခသုံးသောင်း၊ သုံးသောင်းခွဲရှိတယ်လို့ သိရတယ်။ လူတိုင်း ကိုယ်နိုင်တာမဟုတ်လေတော့ ဂျီအက်စ်အမ်ဖုန်းဟာ ဂုဏ်ယူဝင့်ကြွားစရာ အဆင့်အတန်းပြယုဂ် (Status Symbol) ပစ္စည်းတစ်ခုဖြစ်ပြီး မလိုအပ်သူတွေကလည်း ဟန်ရေးပန်ရေးပြဖို့ ငှားပြီးချိတ်ကြတယ်။ အခုတော့ အဆင့်အတန်းပြ ပစ္စည်းနေရာကနေ လျှောကျသွားပြီး နေရာမှန်ကို ရောက်သွားပြီလို့ ပြောရတော့မယ်။ တယ်လီဖုန်းဆိုတာ ပိုက်ဆံရှိသူတွေသာ သုံးရမယ့် ဇိမ်ခံပစ္စည်း မဟုတ်ပါဘူး။ လျှပ်စစ်မီးလိုပဲ လူတိုင်း လိုအပ်တဲ့ လူသုံးကုန်ပစ္စည်း ဖြစ်တယ်။ တချို့နိုင်ငံတွေမှာဆိုရင် ကုန်တိုက်ကြီးတွေက လက်ကိုင်ဖုန်းကို လက်ဆောင်ပေးကြတယ်။ ဖုန်းကတ်တော့ ၀ယ်သုံးပေါ့။
ကားဈေးတွေလည်းကျ
ဖုန်းဈေကျတာနဲ့ တစ်ချိန်တည်း ကားဈေးတွေလည်း ကျပြီးရင်းကျ ဖြစ်နေတာကြောင့် ကားပွဲစားတန်းတောင် လူမစည်တော့ဘူးလို့ ကြားရတယ်။ မနှစ်က တစ်နှစ်လုံးလိုလို သိမ်းထားတဲ့ ကားတွေကို တစ်သုတ်ပြီးတစ်သုတ် လေလံပစ် ရောင်းချပေးခဲ့ပြီး ဒီနှစ်ထဲမှာ လိုင်စင်မဲ့ကားတွေကို အခွန်ဆောင်ပြီး တရားဝင်မှတ်ပုံတင်ခွင့်တွေ လုပ်ပေးခဲ့တာကြောင့် ဈေးတွေ ပြုတ်ကျသွားတာလို့ သိရတယ်။ ဘာအကြောင်းကြောင့်ပဲ ကျကျ ပြုတ်ကျသွားတယ်ဆိုတာ ကောင်းတဲ့အချက် ဖြစ်တယ်။ ငါးသိန်းတန်ဖုန်းလို လူတိုင်းကို ၀ယ်ခွင့်ပေးလိုက်ရင် ဒါ့ထက်တောင် ပိုကျသွားဦးမယ်။ ပစ္စည်းအမျိုးအစားတိုင်းကို ငါးသိန်းတန်ဖုန်းလိုပဲ ဖြစ်စေချင်တယ်။ ဒါမှ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ပေါ်ပေါက်လာမှာ။
ဆက်ပြီးဆောင်ရွက်ပါဦး
သူများနိုင်ငံက ဆယ်နှစ်ကျော် စီးပြီးသား ကားဟောင်းတစ်စီးကို ကျပ် သိန်းသုံးထောင်ကျော် ဈေးပေါက်တယ်ဆိုတာ လုံးဝ သဘာဝမကျတဲ့ ဈေးဖြစ်တယ်။ ဂျီအက်စ်အမ်ဖုန်း တစ်လုံးကို နှစ်ဆယ့်ငါးသိန်း၊ သိန်းသုံးဆယ်ဆိုတာလည်း သဘာဝမကျဘူး။ အခုတော့ ဒီသဘာဝမကျတဲ့ ဈေးနှုန်းတွေ ပြုတ်ကျသွားတာ ၀မ်းသာစရာ ဖြစ်တယ်။ တစ်ဆင့်ပြီးတစ်ဆင့် တခြား သဘာဝမကျတာတွေပါ သဘာဝကျလာအောင် ဆောင်ရွက်ကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။ ဥပမာ အိမ် ခြံမြေ ဈေးကွက်ဆိုပါတော့။ ရန်ကုန်လို မြို့ကြီးမှာ အိမ်တစ်လုံးနဲ့ ခြံတစ်ကွက်ကို သိန်းပေါင်း သောင်းငါးထောင် နှစ်သောင်း ဈေးပေါက်နေတာမျိုးဟာ ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။
ငွေသေတွေ ငွေရှင်ဖြစ်စေချင်
ဒီလောက် ငွေကြေးပမာဏနဲပဆိုရင် အထည်ချုပ်စက်ရုံ အသေးစား အလတ်စားလေးမျိုး ဘယ်နှလုံးလောက်များ ဆောက်လုပ်နိုင်မလဲ။ စာသင်ကျောင်း၊ ဒါမှမဟုတ် ဆေးရုံဘယ်နှခု ဆောက်နိုင်မလဲ။ မိုးခေါင်ရေရှား ဒေသတွေမှာ စက်ရေတွင်းတွေ ဘယ်လောက်များ တူးနိုင်မလဲဆိုတဲ့ အတွေးတွေ မတွေးဘဲ မနေနိုင်ဘူး။ အိမ်ခြံမြေအတွက် မြှုပ်နှံလိုက်တဲ့ငွေဟာ ငွေသေ ဖြစ်သွားတယ်။ ဒီငွေသာ ငွေရှင်ဖြစ်ပြီး လည်ပတ်ရင်းနှီးနေကြမယ်ဆိုရင် လူအထောင်အသောင်းအတွက် အများကြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဘဏ်ထဲ ငွေတိုက်ထဲ မီးခံသေတ္တာထဲက ငွေဟာလည်း လည်ပတ် ရွေ့လျားခြင်းမရှိဘဲ အိပ်နေရင် ဘာမှ တန်ဖိုးမရှိဘူး။ စက္ကူစုတ် သက်သက်ပဲဖြစ်တယ်။ ငွေဆိုတာ မရပ်မနား လည်ပတ်ရွေ့လျားနေမှ တန်ဖိုးရှိတယ်။
လှုပ်မရလို့ ဆုပ်ထားတာ
အိမ်ခြံမြေနဲ့ တိုက်ခန်းဈေးတွေ သဘာဝမကျလောက်အောင် မြင့်တက်နေတာက ပိုက်ဆံထားစရာ နေရာမရှိအောင် ချမ်းသာနေသူတစ်စုက ရင်းနှီးမြှုပ်နှံမှုအဖြစ် ၀ယ်ထားကြတာကြောင့် ဖြစ်တယ်။ တကယ်လို့သာ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ဖြစ်လာပြီး လုပ်စရာ ကိုင်စရာ စီးပွားရေးလုပ်ငန်းတွေ ပေါများလာရင် ဘယ်သူကမှ ကိုယ့်ငွေကို ငွေသေအဖြစ် ထားမှာမဟုတ်ဘူး။ ငွေဆိုတာက လှုပ်ရှားလေ အမြတ်ထွက်လေ ဖြစ်တယ်။ စီးပွားရေးသမားတိုင်း ကောင်းကောင်းနားလည်ပါတယ်။ လှုပ်မရလို့သာ ဆုပ်ထားကြတာပါ။ လှုပ်လို့ရတာနဲ့ အိပ်နေတဲ့ ငွေအားလုံး နိုးထရှင်သန်လာကြမှာ သေချာပါတယ်။ အဲဒီအခါကျရင် သဘာဝမကျတဲ့ အိမ်ခြံမြေဈေးကွက်တွေလည်း သဘာဝကျသွားပါလိမ့်မယ်။ ငါးသိန်းတန်ဖုန်းလို ဖြစ်အောင် လုပ်ဖို့သာ လိုပါတယ်။ မြန်မြန်လုပ်နိုင်ကြပါစေလို့ ဆုတောင်းနေရပါတယ်။
No comments:
Post a Comment