Thursday, October 07, 2010

ရွေးကောက်ပွဲလွန်ကာလနှင့် အလားအလာသုံးပါး - မောင်စူးစမ်း


afterelectionperiod.png

ဧကန်နှင့် ဖြစ်နိုင်ခြေ
နိုဝင်ဘာရွေးကောက်ပွဲအပြီးကာလ၌ ဖြစ်ပေါ်မည့် အလားအလာတို့ကို ခန့်မှန်းတွက်ကြည့်ရသော အလုပ်သည် အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းပါသည်။ အချို့က ရွေးကောက်ပွဲအပြီးကာလ ဖြစ်ထွန်းမည့် အခြေအနေကို တွက်ဆကြည့်ရန် မလိုပါ။ ဖြစ်လာရမည့် အရာတွေ ဖြစ်လာမည်ဟု အကြောင်းပြသည်။ ဖြစ်လာရမည့် အရာတွေ ဖြစ်လာမှာပါဟူသော အမြင်သည် ဧကန်သညာဟု Certainly ကို ဟောရာရောက်သည်။ ဤအမြင်ကို အပြဋ္ဌာန်းခံအမြင် Determinism ဟု ခေါ်သည်။ ဒီအကြောင်းအရာတွေရှိလျှင် ဒီအကျိုးတရားတွေ ပေါ်မှာပါဟု ကျိန်းသေပြောခြင်းမျိုး ဖြစ်သည်။

အချို့က ဤသို့မမြင်၊ ရွေးကောက်ပွဲအပြီး၌ ဖြစ်ချင်ရာတွေ ဖြစ်လာနိုင်သည်ဟု ဆိုသည်။ ဖြစ်ချင်ရာတွေ ဖြစ်လာနိုင်သည်ဟု ဆိုသောအမြင်သည် ဖြစ်နိုင်ခြေအမြင် Probabilistic ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသည် ဖြစ်နိုင်ခြေဆိုင်ရာ အတတ်ပညာဟု ခေါ်ခြင်းဖြစ်သည်။ သို့ဖြင့် ရွေးကောက်ပွဲအပြီး ကာလကို ခန့်မှန်းရာတွင် အပြဋ္ဌာန်းခံအမြင်ဖြင့် ခန့်မှန်းမလား။ သို့တည်းမဟုတ် ဖြစ်နိုင်ခြေအမြင်ဖြင့် ခန့်မှန်းမလားဟု ရွေးချယ်စရာပေါ်သည်။ တစ်နည်းပြောရလျှင် ဒဿနအမြင်ကို ရွေးချယ်ရန် လိုခြင်းဖြစ်သည်။

သုံးပါး
မြန်မာ့နိုင်ငံရေးဖြစ်စဉ်သည် အစီအစဉ်တိုင်း ဖြစ်သည်မဟုတ်၊ မျဉ်းတစ်ပြေးတည်း ဖြစ်ပျက်သည်မဟုတ်၊ မျဉ်းဖြောင့်မဟုတ်။ အကွေ့အကောက်၊ အဖြတ်အတောက်၊ အကျပ်အတည်းတို့ဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ရွေးကောက်ပွဲအပြီးကာလ အလားအလာပုံသဏ္ဌာန်ကို အကဲခတ်ရန် ခက်သည်ဟု ပြောခြင်းဖြစ်သည်။ သို့သော် ယေဘုယျပုံသဏ္ဌာန်ကို အောက်ပါအတိုင်း ခန့်မှန်းကြည့်နိုင်လိမ့်မည်ဟု ယူဆနေကြသည်။

(၁) ပေါ်ပေါက်မည့် လွှတ်တော်နိုင်ငံရေးတွင် လွှတ်တော်သုံးရပ်စလုံး၌ တစ်ဖွဲ့တစ်ပါတည်းက ကြီးစိုးမှု၊
(၂) လွှတ်တော်တစ်ရပ်စီ၌ သီးခြားစီ တစ်ဖွဲ့တစ်ပါတီစီ၏ ကြီးစိုးမှု၊
(၃) လွှတ်တော်သုံးရပ်၌ ပါတီအင်အားစုတွေ မျှနေသဖြင့် ညွန့်ပေါင်းဖွဲ့စည်းမှု၊

နိုဝင်ဘာ ၇ ရက်အပြီးကာလ၌ လွှတ်တော်နိုင်ငံရေးပုံသဏ္ဌာန်သည် အထက်ဆိုခဲ့ပါအတိုင်း ပုံသဏ္ဌာန်တစ်မျိုးမျိုး ဖြစ်ထွန်းတော့မည်ဟု ခန့်မှန်းရသည်။ ဤတွင် ဆိုခဲ့ပါ ပုံသဏ္ဌာန်သုံးရပ်သည် နိုင်ငံရေးအကျပ်အတည်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြေလည်စေနိုင်သည့် အစွမ်း ရှိ မရှိ မေးစရာပေါ်လာသည်။

ရှောင်ရန်
ခြုံပြီးပြောလျှင် လွှတ်တော်သုံးရပ်နိုင်ငံရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ချောချောမောမော ဖြေရှင်းနိုင်ရန် လိုအပ်လိမ့်မည်။ အကယ်၍ မဖြေရှင်းနိုင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းပေါ်လိမ့်မည်။ သဘောမှာ ရွေးကောက်ပွဲအပြီး လွှတ်တော်နိုင်ငံရေးပေါ်ချိန်၌ အခြေခံဥပဒေကို ပြင်ဆင်ရသော အနေအထားတို့ကို ယခုကတည်းက ကြိုတင်တွက်ဆထားရန် လိုအပ်လိမ့်မည်ဟု သတိပေးလိုသည်။

ဤသို့ ကြိုတင်တွက်ဆရာ၌ ဒီမိုကရေစီအမြင်တို့ကို လက်ကိုင်ထားသင့်သည်။ အပေးအယူ ညှိနှိုင်းယူသော ဖြစ်စဉ်ဖြစ်၍ အဓိကညှိနှိုင်းဘက်မှာ အရပ်ဘက်နှင့် စစ်ဘက်ဖြစ်သည်။ အကယ်၍ အခြေခံဥပဒေကို ပြင်ဆင်ရန် အချိန်စောသေးသည်ဟု ယူဆကြလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရသော ပြဿနာတို့ကို ယာယီဆိုင်းငံ့ထားသင့်ကြသည်။ စာရေးသူအမြင်၌ လွှတ်တော်ပထမသက်တမ်း၌ အခြေခံဥပဒေ ပြဿနာတို့ကို သက်ဆိုင်ရာ ပလေယာတို့က ရှောင်ရှားသင့်သည်ဟု အကြံပေးလိုသည်။ ပထမ လွှတ်တော်အတွေ့အကြုံကို ချောချောမောမောဖြစ်ရန် အခွင့်အလမ်း ပေးသင့်သည်။
စာညွှန်း - Democracy by Bernard Crick

No comments:

Post a Comment

 
Web Statistics