Thursday, October 07, 2010

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
မင်္ဂလာမဆောင်မီ ယောက်ျားလေး၏ မိဘများက မိန်းကလေးအား လယ် ၁၀ ဧက လက်ဖွဲ့မည်ဟု ကတိပြုပြီးနောက် ထိမ်းမြားသည့်အခါ လက်မဖွဲ့လျှင် ယောက္ခမအား တရားစွဲနိုင်သလား။
အဖြေ။
တရားစွဲနိုင်သည်။

[မအေးတင် နှင့် မဗျော၊ ၈၊ ရန်ကုန်၊ ၂၆၆]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
လင်ဖြစ်သူက ဇနီးအား မချစ်မနှစ်သက်၍ အထောက်အပံ့မပေးဘဲ သုံးနှစ်တိုင် စွန့်ပစ်ထားက လင်ခန်းမယားခန်း အလိုလို ပြတ်သလား။
အဖြေ။
လင်နှင့်မယားတို့သည် တစ်ဦးအား တစ်ဦးက ဆိုခဲ့သည့် နှစ်အပိုင်းအခြားအတိုင်း စွန့်ပစ်ထားရုံမျှဖြင့် ထိမ်းမြားမှု အလိုလို မပြတ်စဲ၊ မပျက်ပြယ်ပေ။ စွန့်ပစ်ခြင်းခံရသူက ထိမ်းမြားမှုကို ပျက်ပြယ်လိုပါက ပျက်ပြယ်အောင် ပြုနိုင်ခွင့် ပေးထားခြင်းမျှ ဖြစ်သည်။ ပြစ်မှုကျူးလွန်သူ သို့မဟုတ် စွန့်ပစ်ထွက်ခွာသွားသူ၌ ၎င်း၏ ဆန္ဒတစ်ခုတည်းဖြင့် ကွာရှင်းနိုင်ခွင့် မရှိပေ။ စွန့်ပစ်ခြင်းခံရသူက ကွာရှင်းလိုမှသာလျှင် ကွာရှင်းနိုင်ပေသည်။
[မခင်မြ နှင့် ကုလား၊ ၁၉၅၆၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၂၆၄]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
မယားနှစ်ယောက်ရှိသူ ကွယ်လွန်သော် ကျန်ပစ္စည်းအပေါ် အညီအမျှ ရသလား။
အဖြေ။
မယားနှစ်ယောက်ရှိသူ ကွယ်လွန်၍ အမွေခွဲဝေရာတွင် ဒုတိယမယားသည် ပထမအိမ်ထောင်နှင့်အတူ ကြိုးပမ်းရရှိသည့် ပစ္စည်းများတွင် သုံးပုံတစ်ပုံ ရခွင့်ရှိပြီး ဒုတိယအိမ်ထောင် သို့မဟုတ် အိမ်ထောင်နှစ်ဖက်စလုံးတွင် အတူကြိုးပမ်းရရှိသည့် ပစ္စည်းများ၌ သုံးပုံတစ်ပုံ ရခွင့်ရှိသည်။။
[ဒေါ်လှအုန်း နှင့် မညွန့်၊ ၁၉၃၇၊ အာရ်အယ်လ်အာရ်၊ ၄၁၀]

အမေး။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ လူတစ်ယောက်သည် သေခါနီးဆဲဆဲ၌ သူစိမ်းတစ်ယောက်အား ပစ္စည်းကို လက်ရောက်ပေးကမ်းလျှင် တည်မြဲခိုင်မာပါသလား။
အဖြေ။
လူတစ်ယောက်သည် သေခါနီးဆဲဆဲ၌ သူစိမ်းတစ်ယောက်အား ပစ္စည်းပေးကမ်းလျှင် လက်ရောက်ပေးစေကာမူ မတည်မြဲ၊ မခိုင်မာပေ။ ပစ္စည်းရှင်၏ အမွေခံ အမွေစားများက ပြန်လည်တောင်းယူနိုင်သည်။
[၁၉၄၅၊ မြန်မာနိုင်ငံစီရင်ထုံး၊ လွှတ်တော်၊ ၄၇၁]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
မယားဖြစ်သူသည် တစ်ပါးသော ယောက်ျားနှင့် ဖောက်ပြားပေါင်းသင်း၍ ကလေးတစ်ယောက် ရခဲ့သော် လင်းမယားအဖြစ် အလိုအလျောက် ပြတ်စဲပြီး ဖြစ်သလား။
အဖြေ။
တစ်ပါးသော ယောက်ျားနှင့် ဖောက်ပြားပေါင်းသင်း၍ ကလေးတစ်ယောက် ရခဲ့သည်မှန်စေဦး လင်မယားအဖြစ်မှ အလိုအလျောက် တရားဝင် ကွာရှင်းပြတ်စဲပြီးရာ မရောက်ပေ။
[နန်းမွှေးအိမ် နှင့် စိုင်းမောင်အေး၊ ၁၉၈၂၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၃၉]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
သားသမီးစရိတ်အတွက် မယားက မယူဟု သဘောတူထားက လင်ယောက်ျားအနေဖြင့် ပေးရန်တာဝန် ရှိသလား။
အဖြေ။
သားသမီးတို့အား ထောက်ပံ့ရန်တာဝန်ကို ဖခင်အား တရားဥပဒေက ပေးထားသည်ဖြစ်ရာ ထိုအထောက်အပံ့ကို မယားက မယူရန် သဘောတူစေကာမူ လင်၌ ပေးရန်တာဝန်ရှိသည်။
[မောင်ကြီး နှင့် မောင်ဖေ၊ ၁ အယ်လ်ဘီအာရ် ၁၂၆]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
လင်ယောက်ျားက မိမိအပေါ် ရက်စက်မှုကျူးလွန်သော်လည်း မယားဖြစ်သူသည် လင်ယောက်ျားနှင့် ဆက်လက်ပေါင်းသင်းနေသော် လင်ယောက်ျား ကျူးလွန်မှုကို ခွင့်လွှတ်သည်ဟု ယူဆနိုင်သလား။
အဖြေ။
မိန်းမများသည် ယောက်ျားများကဲ့သို့ အိမ်ထောင်ရေးကို အလွယ်တကူ ဖျက်သိမ်းနိုင်စွမ်း မရှိသဖြင့် ယောက်ျားများ၏ ဖောက်ပြန်မှုကို ခွင့်မလွှတ်သော်လည်း သည်းခံ၍ ပေါင်းသင်းနေကြရကြောင်း၊ ထို့ပြင် လင်ယောက်ျားက မိမိအပေါ် ရက်စက်မှု ကျူးလွန်လျှင် ထိုသို့ ကျူးလွန်ပြီးနောက် ဆက်လက်ပေါင်းသင်း၍ နေထိုင်ကာမျှဖြင့် ကျူးလွန်မှုကို ခွင့်လွှတ်သည်ဟု တစ်ထစ်ချ ယူဆနိုင်မည်မဟုတ်ပေ။
[၁၉၆၃၊ မြန်မာနိုင်ငံစီရင်ထုံး၊ ၅၉၈]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
မြန်မာဗုဒ္ဓဘာသာ လင်ဖြစ်စေ၊ မယားဖြစ်စေ တစ်ဦးတစ်ယောက်သည် မိမိခင်ပွန်းသည်၏ သဘောတူညီချက် မရရှိလျှင် နှစ်ဦးပိုင်ပစ္စည်းမှ ခင်ပွန်းသည်၏ ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းရောင်းချခြင်း ပြုနိုင်သလား။
အဖြေ။
လင်နှင့်မယားတို့သည် နှစ်ဦးသဘောတူညီချက်ရှိလျှင် နှစ်ဦးပိုင်ပစ္စည်းကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း စသည်ဖြင့် ပြုလုပ်ခွင့်ရှိသော်လည်း လင်ဖြစ်စေ၊ မယားဖြစ်စေ တစ်ဦးတစ်ယောက်သည် မိမိခင်ပွန်းသည်၏ သဘောတူညီချက် မရရှိလျှင် နှစ်ဦးပိုင်ပစ္စည်းမှ ခင်ပွန်းသည်၏ ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းရောင်းချခြင်း မပြုနိုင်။
သို့ရာတွင် ခင်ပွန်းသည်၏ သဘောဆန္ဒကို အထင်အရှား မဟုတ်သော်လည်း အဓိပ္ပါယ်သက်ရောက်သည့် သဘောတူညီချက် ရရှိလျှင်မူ နှစ်ဦးပိုင်ပစ္စည်းကို လွှဲပြောင်းရောင်းချနိုင်ခွင့် ရှိသည်။
[ချစ်တီးကုန်တိုက် နှင့် မောင်သံဒိုင်၊ ၉၊ ရန်ကုန်၊ ၅၂၄]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဒုတိယမယားမှ မွေးသည့်သားသည် လင်နှင့် ကွာရှင်းပြတ်စဲပြီးသည့် ပထမ မယားကြီး၏ အမွေခံ အမွေစား ဟုတ်သလား။
အဖြေ။
မဟုတ်ပေ။
[မရွှေယုံ နှင့် မ၀ိုင်း၊ ၄၊ ရန်ကုန်၊ ၄၈၂]

No comments:

Post a Comment

 
Web Statistics