Monday, October 04, 2010

ပွဲဆူသောခေတ်၏ နိဂုံး - မောင်စူးစမ်း


endofmassing.png

ပွဲဆူလျှင်
နိုင်ငံရေးတွင် ရေပန်းစားသော ဝေါဟာရနှစ်ပါး ရှိသည်။ Rhetoric လေလုံးအာဝဇ္ဇန်းနှင့် Hypocrisy သီလကြောင်ခြင်းတို့ဟူ၍ ဖြစ်သည်။ လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်တော့မည်။ ရွေးကောက်ပွဲ ဆန့်ကျင်သူတို့က ရွေးကောက်ပွဲ သပိတ်မှောက်ရန် လှုံ့ဆော်လျက်ရှိရာ သူတို့၌ အစားထိုးပြသော (အော်လ်ထာနေးတစ်) မရှိပေ။ ရွေးကောက်ပွဲနည်းလမ်းကို ဆန့်ကျင်ခြင်းလော သို့တည်းမဟုတ် လက်ရှိအစိုးရက ကျင်းပပေးသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းလော မသဲကွဲပေ။

မည်သို့ပင်ဖြစ်စေ အခြားအစားထိုးပြစရာ နည်းလမ်းတွေမရှိဘဲ ရွေးကောက်ပွဲ ဆန့်ကျင်ခြင်းသည် လေလုံးထွားခြင်းသာ ဖြစ်သည်။ သင်္ကြန်အမြောက်ပစ်ပြီး လေနှင့် မီးရှူးမီးပန်းပစ်ကြခြင်း Rhetoric သာ ဖြစ်၍ အခြေခံဝါဒီဆန်သည်။ မီးရှူးမီးပန်းပစ်ကြခြင်းသည် ပွဲဆူလိုသောသဘောကို ပြသည်ဖြစ်၍ ခေတ်ပျက်လျှင်ကြိုက်သော အခြေအနေမဲ့တို့၏ စိတ်ထားမျိုးဖြစ်သည်။ နတ္ထိဝါဒသည် ၂၁ ရာစု စစ်ပွဲ၌ ပွဲမတိုးတော့ပေ။ ပွဲဆူလျှင်ကြိုက်သော စိတ်ထားနှင့် အမြင်တို့သည် အဆင့်အတန်း မရှိပေ။

အန္တိမ
ရွေးကောက်ပွဲဆန့်ကျင်သူတို့ကား တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟုဆိုပြီး အကြောင်းပြသည်။ တရားမျှတမှုကို မိမိကိုယ်တိုင်ကလည်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါဘဲလျက် ဤအချက်ကို လက်ကိုင်ပြုသည်မှာ သီလကြောင်ရာ ပြသည်။ နိုင်ငံရေးဆိုသည်မှာ အစွန်းမရောက်သင့်ပေ။ တော်ရုံသင့်ရုံ၊ အလယ်အလတ်ဖြစ်ထိုက်သည်။ အစွန်းရောက်ခြင်းသည် နိဂုံးမကောင်းကြောင်း မြန်မာ့နိုင်ငံရေးက သင်ခန်းစာပေးပြီးဖြစ်ရာ ၂၁ ရာစု၌ အစွန်းရောက်ခြင်းသြဇာ ကျဆင်းနေသည်။

ရွေးကောက်ပွဲကို ရှုမြင်သုံးသပ်နည်း ငါးနည်းရှိသည်။ ပထမနည်းသည် Normative နည်းဟုခေါ်၍ စံအဖြစ်၊ စည်းမျဉ်းအဖြစ် ရှုမြင်သည်။ ဒီမိုကရက်စံသည် ရွေးကောက်ပွဲဟု သတ်မှတ်ပုံမျိုးဖြစ်သည်။ တစ်နည်းပြောလျှင် ဒီမိုကရေစီ၌ ရွေးကောက်ပွဲသည် အန္တိမနည်းဖြစ်သည်။ အပြောင်းအလဲ အရပ်ရပ်ကို ရွေးကောက်ပွဲတို့မှတစ်ဆင့် ဖြစ်ထွန်းစေရမည်။ ဒုတိယနည်းသည် ရွေးကောက်ပွဲသည် မဟာဗျူဟာမြောက် ရှုထောင့်မှကြည့်သော ဖြစ်ရပ်ဖြစ်သည်။ နိုင်ငံရေးလုပ်ငန်းတို့သည် အမျိုးမျိုးရှိရာ ဤလုပ်ငန်းစဉ်က မဟာဗျူဟာမြောက် သက်ရောက်မှုတို့ကို မွေးထုတ်သည်။ တတိယနည်းသည် ရွေးကောက်ပွဲကို မူဝါဒပေါ်လစီများ မွေးထုတ်အကောင်အထည်ဖော်ရန် မီဒီယန်အဖြစ် မြင်ခြင်းဖြစ်သည်။

ပါရာဒိုင်းအသစ်
စတုတ္ထနည်း၌ ရွေးကောက်ပွဲသည် ပါဝါအာဏာအပြောင်းအလဲကို ရည်ညွှန်းသည်။ တစ်နည်းပြောလျှင် ရွေးကောက်ပွဲသည် သက်ဆိုင်ရာပလေယာတို့၏ အားစမ်းပွဲဖြစ်သည်နှင့်အညီ အင်အားနှိုင်းယှဉ်ချက်နှင့် ချိန်ခွင်လျှာတို့ကို အစစ်အမှန်အတိုင်း ပေါ်လွင်စေသည်။ ပဉ္စမနည်းတွင် ရွေးကောက်ပွဲသည် အဓိကစိုးမိုးသော ပါရာဒိုင်းကို မွေးထုတ်မည်ဖြစ်၍ ပလေယာတို့သည် ဂိမ်းသစ်ရှိ စည်းမျဉ်းသစ်တို့ဖြင့် ကစားရနိုင်စေသည်။ နိုဝင်ဘာလ ၇ ရက်နေ့အပြီး ပေါ်ပေါက်မည့် ပါရာဒိုင်းသစ်သည် လွှတ်တော်သုံးရပ် နိုင်ငံရေးဖြစ်သည်။ ဤနိုင်ငံရေး၏ ကံကြမ္မာကို စောင့်ကြည့်ရမည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်သော ပါရာဒိုင်းအသစ်တွင် ပလေယာတို့က ကစားကြရမည်။ ဤနေရာ၌ ပလေယာတို့သည် အတွေ့အကြုံနှင့် ကစားမလား၊ သီအိုရီသစ် ဖော်ထုတ်၍ ကစားမလား စောင့်ကြည့်ရမည်။

အဓိကအားဖြင့် မျိုးဆက်သစ်တို့က ပါရာဒိုင်းသစ်ဖြင့် နိုင်ငံရေးဂိမ်းကို ကစားကြရမည်ဖြစ်သည်။ ထိုသို့ မကစားခင် မျိုးဆက်သစ်တို့သည် ပါရာဒိုင်းသစ်အကြောင်းကို ဓမ္မဓိဋ္ဌာန်ကျကျ၊ ယထာဘူတကျကျ၊ လက်တွေ့ကျကျ ကြည့်ကြရမည်။ မဟာနိုင်ငံရေးသီအိုရီ၊ မဟာတန်ဖိုးတို့သည် အံဝင်ကြလိမ့်မည် မဟုတ်ပေ။ စိတ်ခံစားမှုဖြင့် အခြေခံသရုပ်တို့ကို မကြည့်အပ်။

ပကတိအစစ်အမှန်သည် စစ်ဘက်မှ ကြိုးကိုင်သော ဒီမိုကရေစီဖြစ်သည်။ ဤအစစ်အမှန်ကို အသိအမှတ်ပြု၍ မဟာဗျူဟာရှုထောင့်ဖြင့် အနာဂတ်နိုင်ငံရေး (၀ါ) ပါတီစုံနိုင်ငံရေးကို ရှုမြင်သုံးသပ်ရန် ဖြစ်သည်။ စိတ်ကူးယဉ်ယူနီဗာဆယ် စံကြီးတို့က အနာဂတ် မြန်မာ့နိုင်ငံရေးကို ပုံလောင်းမည်မဟုတ်။ ထိုအစား လွှတ်တော်နိုင်ငံရေးနှင့် စစ်ဘက်ပါဝင်မှုက ပိုပြီး သြဇာညောင်းလာပါလိမ့်မည်။
မောင်စူးစမ်း
အညွှန်း - Harvard Series

No comments:

Post a Comment

 
Web Statistics