မြို့ကြီးသားပညာတတ်လူလည် ရေပေါ်ဆီ (အီလစ်) တွေအကြောင်း မကြာခဏ ရေးတာကိုတွေ့တဲ့ ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က သတိပေးတယ်။ လူငယ်တွေက ပညာတတ် ဆန့်ကျင်ရေးလို့ မြင်သွားရင် မကောင်းဘူးလို့ ထောက်ပြတယ်။
အကြောင်းပြချက်နှစ်ချက်
သူပြောတဲ့အထဲမှာ အချက်နှစ်ချက်ပါတယ်။ ပထမတစ်ချက်က ပညာတတ်လူတန်းစားဆိုတာ တိုင်းပြည်တည်ဆောက်ရာမှာ မပါမဖြစ် လူတန်းစားဖြစ်တယ်။ သူတို့ကို ဆန့်ကျင် ရှုတ်ချပြီး ဘေးဖယ်ထုတ်ထားရမှာ မဟုတ်ဘူး။ အတူလက်တွဲပြီး လုပ်ဆောင်ကြရမှာ ဖြစ်တယ်ဆိုတာက ပထမအချက်ဖြစ်တယ်။ ဒုတိယအချက်ကတော့ တချို့လူငယ်လေးတွေက အဓိပ္ပါယ်အကောက်အယူ လွဲမှားပြီး ပညာကို တန်ဖိုးမထားတော့ဘဲ မုတ်ဆိတ်ကျင်စွယ် ဗရဗျစ်နဲ့ ဆံရှည်ဘုတ်သိုက်ထားပြီး အရက်ဆိုင်ထဲမှာမှ သစ္စာတရား ရှာလို့ရတယ်ဆိုတဲ့ ဘိုဟီးမီးယန်း အတွေးအခေါ်တွေ ၀င်သွားနိုင်တယ်ဆိုတဲ့ အချက်ဖြစ်တယ်။ သာဓကအားဖြင့် သူတို့ ကျွန်တော်တို့ ငယ်စဉ်အခါက၊ ရန်ကုန်ဘဆွေ၊ အောင်လင်း၊ မြင့်ကျော်၊ မြင့်နီ၊ ကရမက်စတဲ့ စာရေးဆရာတွေရဲ့ စာတွေကို စွဲလန်းပြီး ပင်နီတိုက်ပုံဝတ်၊ ခုံဖိနပ်စီးခဲ့ကြတာတွေနဲ့ စားသောက်ဆိုင်ထဲဝင်ပြီး ဘီယာတစ်ခွက်ပေးလို့ မှာခဲ့ကြတာတွေကို ရယ်သွမ်းသွေးရင်း ထောက်ပြတယ်။
ဇာတ်လိုက်ကို အတုယူတာ
ဒုတိယအချက်ကို သူထောက်ပြမှ ငယ်ဘ၀ကို သတိရပြီး သူနဲ့ ရောရယ်မိတယ်။ ကောလိပ်ရောက်စ ဆယ်ကျော်သက်ရွယ် မအူမလည်ဆိုတော့ ဘီယာဆိုတာ တစ်ပိုင့်၊ နှစ်ပိုင့်ဆိုပြီး ခွက်ချင်နဲ့ ရောင်းတာမဟုတ်ဘူး။ ပုလင်းလိုက် ရောင်းတာဆိုတာ ဘယ်သိမှာလဲ။ ၀တ္ထုတွေထဲက ဇာတ်လိုက်တွေ အားကျပြီး သူတို့လုပ်သလို လိုက်လုပ်ချင်တာပဲ ရှိတယ်။ ဘာမှ လည်လည်ဝယ်ဝယ် ရှိသေးတာ မဟုတ်ဘူး။ ပညာတတ်တာနဲ့ ရာထူးရာခံရှိပြီး ပိုက်ဆံချမ်းသာသူတွေကို ၀တ္ထုထဲက ဇာတ်လိုက်တွေက ရွံမုန်းတယ်ဆိုတာနဲ့ အခြောက်တိုက်လိုက်ပြီး ဆန့်ကျုင်နေကြတာ။ တကယ်တော့ ဘာမှဆိုင်တာ မဟုတ်ဘူး။ ပညာတတ်တာနဲ့ ပိုက်ဆံချမ်းသာတာဟာ မကောင်းတဲ့အရာမှ မဟုတ်တာ။ ငယ်စဉ်ကတော့ ဘယ်နားလည်မှာလဲ။ ကိုယ်အားကျတဲ့ ဇာတ်လိုက်တွေကို အတုယူဖို့ပဲ သိတာပေါ့။
များများဖတ်၊ မြန်မြန်သိ
အဲဒီအချိန်က သူငယ်ချင်းရော ကိုယ်ရော ခရစ်ယာန်ဘုန်းကြီးတွေရဲ့ သာသနာပြုကျောင်းက ဆယ်တန်းအောင်စ ဆယ့်ခြောက်နှစ်သားသာသာ ရှိကြသေးတယ်။ လူ့လောကအကြောင်း ဘာမှ မသိကြသေးဘူး။ စာဖတ်ဝါသနာပါလို့ ၀တ္ထုတွေထဲက ဇာတ်လိုက်တွေ အကြောင်းလောက်သာ သိကြတာ။ တက္ကသိုလ်ရောက်တော့ လွတ်လပ်ခွင့် ပိုရတာကြောင့် စာတွေကို "နွားငတ်ရေကျ" အငမ်းမရ ဖတ်ဖြစ်တယ်။ မြန်မာ၊ အင်္ဂလိပ်၊ ရသမျှ အကုန်ဖတ်တယ်။ အပျော်ဖတ်တွေရော ဂန္ထ၀င်တွေပါ ဖတ်တယ်။ အဖတ်များသထက် များလာတော့ "အသည်းကွဲ မူးလဲ" ၀တ္ထုတွေကို မဖတ်ချင်တော့ဘူး။ ဘာမှ စာပေတန်ဖိုး မရှိဘူးဆိုတာတွေကို နားလည်လာခဲ့တယ်။ အရက်သမား ဖြစ်မသွားတာ၊ ဘိုဟီးမီးယန်း ဖြစ်မသွားတာ၊ ပညာကို တန်ဖိုးထားတတ်တာတွေဟာ စာများများ ဖတ်ခြင်းရဲ့ ကျေးဇူးတွေဖြစ်တယ်။
အသည်းကွဲမူးလဲမရှိ
သူငယ်ချင်းက ကျောင်းမှာပဲ ဆရာပြန်လုပ်ပြီး ပါမောက္ခဘ၀နဲ့ အငြိမ်းစားယူခဲ့တယ်။ အခုထိ စာတွေ ဖတ်နေဆဲဖြစ်တယ်။ သူစိုးရိမ်တဲ့ ဒုတိယအချက်ကိုတော့ မစိုးရိမ်ပါနဲ့ ဒီခေတ်လူငယ်တွေက တို့လို မင်းတို့လို မဟုတ်တော့ဘူး။ အင်တာနက်ခေတ်မှာ လူဖြစ်လာကြတာဖြစ်လို့ ပိုပြီး တတ်သိနားလည်ကြတယ်လို့ ရှင်းပြလိုက်တယ်။ အခုခေတ်မှာ "အသည်းကွဲမူးလဲ" ၀တ္ထုတွေ ဘယ်မှာ ခေတ်စားတော့လို့လဲ။ ဖတ်သူမရှိတော့၊ ရေးသူလည်း မရှိဘူး။ ဒီခေတ်လူငယ်တွေက ဘယ်စာမျိုးဟာ အဆင့်ရှိတယ်၊ ဘယ်စာမျိုးက အဆင့်မရှိတဲ့ အပျော်ဖတ်သက်သက်တွေ ဖြစ်တယ်ဆိုတာ ကောင်းကောင်းနားလည်ကြတယ်။ စာရေးဆရာတွေထဲမှာလည်း ဘိုဟီးမီးယန်း စာရေးဆရာဆိုတာ မတွေ့ရသလောက်ပဲ။ ဒီခေတ် လူငယ်တွေ စာကောင်းပေကောင်း သိကြနားလည်ကြပါတယ်။
ကွဲကွဲပြားပြား ရေးထားတာ
သူငယ်ချင်းပြောတဲ့ ပညာတတ်ဆန့်ကျင်ရေး ဖြစ်သွားရင် မကောင်းဘူးဆိုတဲ့ ပထမအချက်ကိုတော့ လက်ခံပါတယ်။ ပညာတတ်တာဟာ မကောင်းတဲ့အရာ လုံးဝမဟုတ်ပါဘူး။ လူတွေ ပညာများများတတ်လေ ကောင်းလေဖြစ်တယ်။ ပညာတတ်တွေဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် အင်အားတစ်ရပ် ဖြစ်တယ်။ ကျွန်တော်ရေးနေတာတွေက ပညာတတ်တွေကို ဆန့်ကျင်တာ မဟုတ်သလို ပညာရပ်ဆန့်ကျင်ရေး လုပ်တာလည်း မဟုတ်ပါဘူး။ ရေးတဲ့စာတွေကို ဖတ်ကြည့်ရင် မြို့ကြီးသား ပညာတတ်ရေပေါ်ဆီ လူတန်းစားလို့ ကွဲကွဲပြားပြား ရေးထားတာ တွေ့ရပါလိမ့်မယ်။ ခေတ်အဆက်ဆက်မှာ အထက်ဆုံးလွှာကို မျက်နှာချိုသွေး တည့်အောင်ပေါင်းပြီး ကိုယ်ကျိုးရှာတဲ့ ရေပေါ်ဆီတွေကို ရှုတ်ချရေးသားတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာတတ်တွေထဲမှာ ပညာတတ်၊ ပညာရှင်ဆိုတဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းရကောင်းမှန်း မသိသူတွေ အတော်များများ တွေ့နေရလို့ပါ။
သူဌေးအလိုကျ
ဥပမာအနေနဲ့ ပြောရရင် ကုမ္ပဏီကြီးတစ်ခုရဲ့ အင်ဂျင်နီယာဆိုပါတော့။ အထပ်မြင့် အဆောက်အအုံကြီးတစ်ခု ဆောက်လုပ်တဲ့နေရာမှာ ကုမ္ပဏီပိုင်ရှင် သူဌေးက အမြတ်များများကျန်အောင် ပစ္စည်း"ခို" ဖို့ ပြောတယ်။ ဘိလပ်မြေလျှော့ပါ။ သံကျောင်းကျပ်လုံးအစား ခြောက်မူးလုံးသုံးပါလို့ ပြောလိမ့်မယ်။ ကုမ္ပဏီသူဌေးက ရှစ်တန်းအောင်တဲ့လူ မဟုတ်တော့ ဘိလပ်မြေအကြောင်း သံချောင်းအကြောင်း ဘာမှသိတာ မဟုတ်ဘူး။ အင်ဂျင်နီယာက သူဌေးပြောသလိုလုပ်ရင် အဆောက်အအုံရဲ့ ခိုင်ခံ့မှုမှာ အန္တရာယ်ရှိနိုင်ကြောင်း ရှင်းပြပြီး စံချိန်မီလုပ်ဖို့ လိုအပ်ကြောင်း ပြောရမယ်။ ဒါပေမယ့် အင်ဂျင်နီယာ အများစုက အဲဒီလို မဟုတ်ဘူး။ သူဌေးရဲ့ မျက်နှာသာပေးမှုကို ခံရဖို့အတွက် သူဌေးခိုင်းတဲ့အတိုင်း လုပ်ပေးလိုက်တယ်။ အန္တရာယ်ရှိမှာကို ထည့်စဉ်းစားမနေတော့ဘူး။
စာနယ်ဇင်းမှာလည်း ရှိတယ်
ဒါဟာ အင်ဂျင်နီယာဆိုတဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားတာ ဖြစ်တယ်။ အင်ဂျင်နီယာဆိုတာ အဆောက်အအုံမှာ နေထိုင်မယ့်သူများ အန္တရာယ်ကင်းရှင်းဖို့ တာဝန်ရှိသူဖြစ်တယ်။ သူဆောက်တဲ့ အဆောက်အအုံ စံချိန်မီခိုင်ခံ့ဖို့ အလေးထားရမယ်။ အလေးမထားဘဲ သူဌေးအလိုကျ လုပ်ပေးခြင်းဟာ ပညာရှင် မပီသမှုဖြစ်တယ်။ အဲဒီလို ပညာရှင် မပီသတာမျိုး စာနယ်ဇင်းသမားတွေထဲမှာလည်း အများကြီးရှိတယ်။ ပိုင်ရှင်သူဌေးက ပိုက်ဆံယူပြီး ဒီမော်ဒယ်မလေးပုံ မျက်နှာဖုံးတင်ပေးပါဆိုလည်း ဘာမှ မပြောဘဲ တင်ပေးလိုက်တာပဲ။ ပိုင်ရှင်သူဌေးက သူ့ယောက်ဖ ကုမ္ပဏီဖွင့်တဲ့သတင်းနဲ့ ဓာတ်ပုံတွေကို မျက်နှာပြည့် ထည့်ပေးဆိုလည်း ထည့်လိုက်တာပဲ။ တကယ်တော့ အယ်ဒီတာဆိုတာ စာဖတ်ပရိသတ်ကို မလှည့်စားရဘူး။ လိမ်မှန်းသိသိကြီးနဲ့ ထည့်ရင် ကိုယ်ပါ လူလိမ်ဖြစ်တယ်။ ကိုယ့်စာဖတ်ပရိသတ်ကို လိမ်တာဟာ စာနယ်ဇင်းသမားအဖို့ အကြီးဆုံးပြစ်မှုဖြစ်တယ်။
ရှက်တတ်လာအောင်
ပညာတတ်ရယ်လို့ ဖြစ်လာရင် လိမ်တာကို လိမ်မှန်းသိပါတယ်။ မလုပ်သင့် မလုပ်ကောင်းတာတွေကိုလည်း သိပါတယ်။ ဒါပေမယ့် ပညာတတ် ဂုဏ်သိက္ခာကိုထိန်းပြီး "လျှာပေါ် မြက်ပေါက်ပါစေ၊ မဟုတ်တာတော့ မလုပ်ဘူး" ဆိုတဲ့ ပညာတတ်၊ ပညာရှင် အလွန့်အလွန်ကို ရှားတယ်။ တစ်ရာမှာ တစ်ယောက်တောင် ရှိပါ့မလား မသေချာဘူး။ အများစုက ကိုယ့်အလုပ်ကလေး တည်မြဲဖို့၊ ပုံမှန်ရနေတဲ့ ၀င်ငွေလေး ပျောက်မသွားဖို့ကိုသာ အလေးထားပြီး အလုပ်ရှင်အကြိုက် လိုက်နေကြတာချည်း တွေ့ရတယ်။ ပညာတတ်မှာ ပညာရဲ့ဂုဏ်သိက္ခာ ရှိပါတယ်။ ဒီဂုဏ်သိက္ခာကို ထိန်းဖို့ တာဝန်ရှိတယ်။ ပညာမာနဆိုတာ မထားကောင်းတဲ့အရာ မဟုတ်ဘူ။ ထမင်းငတ်ပါစေ။ ပညာကိုတော့ အစော်ကားမခံဘူးဆိုတဲ့ မာနမျိုး ထားသင့်တယ်။ ဒီလိုသိက္ခာနဲ့ ဒီလိုမာနတွေ မရှိကြလွန်းလို့ ရှက်တတ်လာအောင် ခဏခဏ နှိုးဆော်နေတာဖြစ်တယ်။ ပညာတတ်တာကို မျက်မုန်းကျိုးလို့ မဟုတ်ပါဘူး။
No comments:
Post a Comment