Saturday, October 09, 2010

ပြည်သူလူထုအကျိုးစီးပွားဆိုသည်မှာ


ရွေးကောက်ပွဲကြီးနှင့် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေကြသော နိုင်ငံရေးအင်အားစု အသီးသီး၊ နိုင်ငံရေးသမား အသီးသီး၏ နိုင်ငံရေး လုပ်နည်းလုပ်ဟန် အမျိုးမျိုး၊ နိုင်ငံရေးသီလ အမျိုးမျိုးကို မြင်တွေ့ရသည်။

ဤရွေးကောက်ပွဲသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသည် သို့မဟုတ် မကိုက်ညီဟု သုံးသပ်မှုအမျိုးမျိုး ရှိသည့်တိုင် ပြည်သူလူထုသည် နှစ်ပေါင်း ၅၀ အတွင်း မိမိတို့၏ ဆန္ဒကို တရားဝင် ဖော်ထုတ်ခွင့်ရသည့် ဖြစ်ရပ် အနည်းငယ်အနက် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် မိမိတို့ဖြစ်ချင်သည်များ အလုံးစုံဖြစ်ခွင့်ရနိုင်ရေး မဖြစ်နိုင်သည့်တိုင် မိမိတို့ မည်သူ့ကို မလိုလားကြောင်း၊ မည်သို့သော ပုဂ္ဂိုလ်များကို မလိုလားကြောင်း ထုတ်ဖော်ပြသနိုင်သည့် ရှားရှားပါးပါး အခွင့်အရေးဖြစ်ပါသည်။

မြန်မာပြည်သူလူထုအနေဖြင့် မိမိတို့၏ လိုလားသောဆန္ဒများ Feed Back များကို ထုတ်ဖော်ပြသရန် လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း အခွင့်အရေးများစွာ ရခဲ့သည်မဟုတ်ပါ။ ပြည်သူလူထု၏ အသံကို ကိုယ်စားပြုနိုင်မည့် ကိုယ်စားလှယ်များ အချုပ်အခြာအာဏာ တစ်ရပ်ရပ်အတွင်း ရှိနေစေရေး ဖြစ်နိုင်ခြေသည် ယခုတစ်ကြိမ် ပထမဆုံးဖြစ်ပါသည်။ ထိုဖြစ်နိုင်ခြေကြောင့် ခုရေတွင်းတူး ခုရေကြည်သောက် သဘောတရား မဖြစ်နိုင်ဟုထင်သူ နိုင်ငံရေးအင်အားစုများ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည်ကို တွေ့ရသည်။ ခုရေတွင်းတူး ခုရေကြည်သောက် နည်းလမ်းကို ဆောင်ကြဉ်းပေးရန် ကြိုးစားနေသူများအနေဖြင့်လည်း ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်လျှင် ကျေးဇူးရှင်အဖြစ် သတ်မှတ်ရမည်သာ ဖြစ်ပါသည်။ မိမိတို့ နည်းလမ်းကသာ ပိုမိုကောင်းမွန်ကြောင်း နည်းလမ်းအမျိုးမျိုးနှင့် ပြသကြရသည်မှာ သဘာဝကျသော်လည်း မိမိတို့နှင့် သဘောထား မတူညီသောသူများကို နိုင်ငံရေးသိက္ခာကျအောင် ပြုလုပ်သော အပြုအမူမျိုးသည် ပြည်သူလူထု၏ အကျိုးစီးပွားဟု ခေါ်ဆို၍ မရနိုင်ပေ။

မြန်မာ့နိုင်ငံရေးသည် မကြာမီ စနစ်သစ်တစ်ခုအတွင်းသို့ ရောက်ရှိသွားတော့မည်ဖြစ်ရာ နိုင်ငံရေးလွတ်လပ်ခွင့်များ ပိုမိုရရှိလာသည်နှင့်အမျှ ပွတ်တိုက်မှုများလည်း ပိုမိုဖြစ်ပေါ်လာတော့မည်ကို ယနေ့နိုင်ငံရေးသမားအချို့၏ လုပ်ရပ်များက သက်သေခံလျက် ရှိပေသည်။ ပြည်သူလူထု၏ အကျိုးစီးပွားကိုမူ မည်သည့်နည်းနှင့်မဆို မျက်ခြည်မပြတ်သင့်ပါကြောင်း ဤနေရာက မီးမောင်းထိုး ဖော်ပြလိုက်ရပါသည်။

အယ်ဒီတာ (၄-၁၀-၂၀၁၀)

No comments:

Post a Comment

 
Web Statistics