Saturday, October 02, 2010

သမိုင်း-ခေါင်းဆောင်နှင့် ရာဇပလ္လင် ထိုင်ခွင့်ရသူ


နိုင်ငံတိုင်း၏ သမိုင်းဖြစ်စဉ်တွင် သမိုင်းလိုအပ်ချက်နှင့်အတူ ဒေသအလိုက်၊ အဖွဲ့အစည်းအလိုက် ခေါင်းဆောင်များ ပေါ်ပေါက်လာကြသည်။ ထိုဒေသ၊ အဖွဲ့အစည်းတို့ကို ရှေ့ဆောင်သူများသည် နောင်အခါ တိုင်းပြည်ခေါင်းဆောင်များ ဖြစ်လာကြသည်။ တိုင်းပြည်ခေါင်းဆောင်သူများသည်ပင် တိုင်းပြည်၏ အကြီးအကဲများ ဖြစ်လာကြသည်။ ထိုသူများအနက် အချို့သည် ရာဇပလ္လင်တွင် ထိုင်ခွင့်ရသူများ ဖြစ်လာကြသည်။

ထိုဖြစ်စဉ်ကိုကြည့်လျှင် ခေါင်းဆောင်တိုင်း ရာဇပလ္လင်ထက်သို့ ရောက်ရှိလာကြသည်ဟု မဆိုနိုင်ကြောင်း တွေ့ရသည်။

ခေါင်းဆောင်နှင့် ရာဇပလ္လင်ကိစ္စကို စဉ်းစားသောအခါ ခေါင်းဆောင်သည် သမိုင်းလိုအပ်ချက်နှင့် ထိုသူတို့၏ "အရည်အသွေး" (သတ္တိ၊ ဗျတ္တိ) ကြောင့် ထင်ရှားလာရခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ရာဇပလ္လင်ထက်တွင် ထိုင်ခွင့်ရသူသည် ထိုသူတို့၏ "ကုသိုလ်ကံကြောင့်" ဟု အကြောင်းရင်း၌ ခံသောကြောင့် အရည်အသွေးထက် ရှေးကုသိုလ်ကံက အဓိကကျသည်ဟု ဆိုနိုင်သည်။ ဤအချက်ကို သာမန်အားဖြင့် ပြောလိုက်လျှင် ဗြုန်းခနဲ လက်ခံနိုင်ရန် ခဲယဉ်းမည်ဖြစ်သော်လည်း စေ့စပ်သေချာသော အတွေးဖြင့် ဖြစ်စဉ်များကို ကျနစွာစဉ်းစားလျှင် မှန်ကန်ကြောင်း တွေ့ရမည်ဖြစ်၏။

နိုင်ငံတိုင်း၏ ခေါင်းဆောင်ဆိုသူ၊ အကြီးအကဲဆိုသူ၊ ရာဇပလ္လင်တွင် ထိုင်ခွင့်ရသူများသည် ထိုပုဂ္ဂိုလ်တို့နှင့် ခေတ်ပြိုင်ပေါ်ခဲ့သော ခေါင်းဆောင်များထက် သတ္တိ၊ ဗျတ္တိအရာတွင် ခေါင်းတစ်လုံး ပိုမြင့်သည်ဟု ရဲရဲကြီး ဆိုနိုင်သူ မရှိသလောက် ရှားသောကြောင့်ဖြစ်သည်။

သမိုင်းလိုအပ်ချက်အရ ပေါ်ပေါက်ခဲ့သော ခေါင်းဆောင်များသည် သတ္တိရော၊ ဗျတ္တိပါ ကောင်းသောကြောင့် ထင်ရှားလာခဲ့ကြသော်လည်း ဆိုခဲ့သည့်အတိုင်း နိုင်ငံအကြီးအကဲအဖြစ် ရာဇပလ္လင်နှင့် အကြောင်းကြောင်းကြောင့် ထိုင်ခွင့်မရဘဲ သမိုင်းစာမျက်နှာတွင် မော်ကွန်တင်ခွင့်ဖြင့်သာ ကျေနပ်ကြရသည်။ [ထိုသူများ ကိုယ်တိုင်ကလည်း ခေါင်းဆောင်အဖြစ် လိုအပ်ချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုထက်ပို၍ အခွင့်အရေး ဆိုရလျှင် မမျှော်မှန်းခဲ့သောကြောင့်လည်း ဖြစ်သည်။]

အချို့သောသူတို့သည် ရှေးဦးဆုံး သမိုင်းစာမျက်နှာ၌ ပထမတန်း ခေါင်းဆောင် မဖြစ်ခဲ့သော်လည်း အခြေအနေနှင့် သူတို့၏ မျှော်မှန်းချက်အရ ထိပ်ဆုံးတန်း အကြီးအကဲများ ဖြစ်လာပြီး ပလ္လင်ထက်၌ ထိုင်ခွင့်ရခဲ့ကြသည်။

ဤနေရာတွင် "မော်ကွန်းတင်ခွင့်" သည် အရေးပါလှ၏။ သမိုင်းစာမျက်နှာများတွင် ဘယ်လိုရေးထိုးခြင်း ခံရသနည်း ဟူသောအချက်မှာ ရာဇပလ္လင်ထိုင်ခွင့်ထက် တန်ဖိုး ရှိလှသည်။ သမိုင်းစာမျက်နှာထက်မှ သူရဲကောင်းသည် ရာဇပလ္လင်ထက်မှ မင်းဆိုးမင်းညစ်ထက် တန်းဖိုးရှိလှ၏။ ထိုအချက်ကို လက်ခံလျှင် အထက်က ဆိုခဲ့သော ခေါင်းဆောင်နှင့် ပလ္လင်ထိုင်ခွင့်ရသူသည် တခြားစီဖြစ်ကြောင်း လက်ခံနိုင်မည်ဖြစ်၏။

ဤကား နိုင်ငံသမိုင်းနှင့် ပတ်သက်၍ ဆိုခြင်းဖြစ်၏။ လူတစ်ဦးချင်းအနေဖြင့်ကား မိမိဘ၀တွင် ရွှေအိမ်နန်းနှင့် စံရခြင်းနှင့် လူအများအတွက် လိုအပ်သောသူ ဖြစ်ရခြင်း ကွာခြားသကဲ့သို့ ဖြစ်၏။ ဤအချက်ကို အချို့က ကြီးပွားခြင်းနှင့် အဖိုးတန်ခြင်းဟု ခွဲခြားသတ်မှတ်ကြသည်။ အတွေးအခေါ်နှင့် စာပေပညာရှင်တို့က ဒုတိယအမျိုးအစားကို ပို၍ အလေးထားကြသည်။

ခေါင်းဆောင်ကောင်းများလျှင် တိုင်းပြည်အတွက် ကောင်း၍ ရာဇပလ္လင်ထက် ထိုင်လိုသူများလျှင် တိုင်းပြည်အတွက် ကောင်းသောလက္ခဏာ မဖြစ်ပေါ်လာနိုင်ပေ။ ထိုအချက်သည် တစ်ဦးချင်းအတွက် အရေးပါသလို တိုင်းပြည်အတွက် အဓိကကျလေသည်။

သမိုင်းဟူသည် ရပ်မနေပေ။ ဆက်၍ ဆက်၍သာ ဖြစ်နေသည်။ ထို့ကြောင့် သမိုင်းထဲမှ ကျွန်ုပ်တို့သည် ခေါင်းဆောင်ကောင်းများအကြောင်း ဖတ်ရှုသိရှိပြီး၍ ဖြစ်ပေါ်လာမည့် ခေါင်းဆောင်များကို မျှော်လင့်နေကြပေသည်။

No comments:

Post a Comment

 
Web Statistics