လူကို ဘယ်တုန်းကမှ ထည့်သွင်းမစဉ်းစားသော သို့မဟုတ် နောက်ဆုံးထားပြီးမှ စဉ်းစားပုံရသော လုပ်ငန်းကိုင်ငန်းတွေထဲမှာ မော်တော်ကားလုပ်ငန်းက ထိပ်ဆုံးနေရာက ပါနေလေရော့သလား ကျွန်တော်မပြောတတ်ပါ။ ကားသမားတစ်ယောက်စ နှစ်ယောက်စကို သူတို့ခရီးသည်သူတို့ စားသုံးသူအပေါ် လေးစားစွာ ဆက်ဆံတာမျိုး တစ်ကြိမ်စ နှစ်ကြိမ်စဆိုသလို တွေ့ကြုံဖူးခဲ့သည်မှာ မှန်သော်လည်း ကျွန်တော်နှင့် ထိတွေ့ဆက်စပ်မိသမျှ အများစုကတော့ စိတ်ပျက်စရာတွေချည်းသာ ဖြစ်ပါသည်။
ခရီးသည်များများ ရလိုမှုကြောင့် ခရီးသည်တော်တော်များများ တက်လာလေ့ရှိသော မှတ်တိုင်များ၌ တမေ့တမြော ကျောက်ချရပ်နားထားသ်ည့ ဘတ်စ်ကားများကို လူတိုင်း ကြုံဖူးကြမြဲ ဖြစ်ပါသည်။ ကားပေါ်က ခရီးသည်တွေ သက်သောင့်သက်သာ ရှိ၏၊ မရှိ၏ သူတို့မစဉ်းစား၊ သွားလိုရာခရီးသို့ အချိန်မီ ရောက်နိုင်၏၊ မရောက်နိုင်၏ သူတို့မတွေးတော။ သူတို့ ခေါင်းထဲမှာ လူမရှိ။ ငွေ သို့မဟုတ် ပိုက်ဆံသာ။ ထိုအရာအတွက် ကားကို သူတို့ ကျောက်ချရပ်နားထားခြင်း ဖြစ်ပါသည်။ သို့သော် နောက်က ကားတစ်စီး လိုက်ပါလာပြီဖြစ်သဖြင့် လွတ်အောင်မောင်းပြေးဖို့ ကြုံကြိုက်လာတာမျိုး၊ သို့မဟုတ် ရှေ့ကကားကို ကျော်တက်ရန် စိတ်ကူးပေါ်လာသော အခါမျိုးတွင်ကား တရမန်းကြမ်း သူတို့မောင်းကြပါပြီ။ မှတ်တိုင်ပါ၍ ဆင်းမည့်သူများကိုပင် စိတ်မရှည်နိုင်ကြတော့။ သက်ကြီးရွယ်အိုကိုလည်း မစာနာ၊ သားသည်အမေကိုလည်း အမှုမထား နှေးကွေးရန်ကောဟု အပြစ်တင်သည်သာမက ရိုင်းစိုင်းကြမ်းတမ်းသော စကားဖြင့် တွန်းထိုးချတာမျိုးတွေက ကားလမ်းပေါ်မှာ ဘာမှမဆန်းတော့ပါ။
တစ်ခါက ထိုကဲ့သို့ ကားချင်း အလုအယက် မောင်းနှင်ကျော်တက်ကြစဉ် နောက်ကား ကျော်တက်မည်ကိုစိုး၍ ကားကို မှတ်တိုင်တွင် သေသေချာချာ မရပ်ဘဲ ပလက်ဖောင်းနှင့် အဝေးကြီး ခွာရပ်ထားခဲ့ရာ ကားပေါ်က ဆင်းလာသော လူငယ်တစ်ယောက်ကို နောက်ကားက ဖြတ်တိုက်သဖြင့် အသက်ဆုံးခဲ့ရဖူးပါပြီ။ ဒါဘာကြောင့်လဲဆိုတော့ ငွေတစ်ခုတည်းကို ဦးစားပေး စဉ်းစားနေခြင်းကြောင့်ပင်။ ပလက်ဖောင်းနဲ့ အဝေးကြီး ခွာရပ်ထားလိုက်လို့ ကားပေါ်ကဆင်းမယ့် ခရီးသည် အန္တရာယ် တိုးသွားလေမလားဆိုတာမျိုး ဘယ်တော့မှ မစဉ်းစား။
တချို့ခရီးသည်တွေက မြို့ကြီးသားပီသစွာဖြင့် ရှေ့မှတ်တိုင် ဆင်းတော့မှာမို့ ကြိုတင်ပြီး အပေါက်ဝကို ထွက်လာတတ်ပါသည်။ ဒါကိ ကားသမားက မကြိုက်။ မှတ်တိုင်မဟုတ်ဘဲ လမ်းကတားစီးသမျှ ခရီးသည်ကိုတင်ဖို့ အနှောင့်အယှက်လို ဖြစ်နေခဲ့သည် မဟုတ်လား။ သည်တော့ ကြိုတင်ထွက်လာသူ ခရီးသည်ကို ငြူစူချင်သည်။
တစ်ခါက အဝေးပြေကားဂိတ်တစ်ခုရှိရာသို့ ကျွန်တော် ကားစီးသွားခဲ့ရာ ဂိတ်ဆုံးမရောက်မီ လေး၊ငါး မှတ်တိုင်အလို၌ ခရီးသည်တွေ စုပြုံနေတာကို ကားဒရိုင်ဘာနှင့် လက်မှတ်ရောင်းက မြင်သွားပါသည်။ သည်ခရီးသည်တွေက မြို့ထဲဘက်ကို သွားမည့်သူများဖြစ်ရာ သည်လူတွေဆီက ပိုက်ဆံကို သူတို့လိုချင်သည်။ သည်တော့ ကားကို မူလလမ်းကြောင်းအတိုင်း ဂိတ်ဆုံးအထိ သွားမနေတော့ဘဲ နောက်ကြောင်း ပြန်ကွေ့လိုက်သည်။ ကားပေါ်က ခရီးသည်တွေ သွားလိုရာသို့ မရောက်ဘဲ ဆင်းကြပေတော့။ ကားလက်မှတ်ရောင်းက သူ့အင်္ကျီပေါ်က နာမည်ကို လက်ညှိုးဖြင့် ထိုးပြကာ ဆင်းသွားရှာသည့် ခရီးသည်တွေကိုပင် စိတ်ခေါ်နေလိုက်ပါသေးသည်။ မကျေနပ်လျှင် နာမည်မှတ်သွား၊ ကြိုက်ရာသွားပြော ဆိုသည့်သဘော။
တစ်ခါကများဆိုလျှင် အဝေးပြေးခရီးစဉ်တစ်ခု၌ ကျေးတောသူ ခရီးသည် လေး၊ ငါးယောက်က သူတို့ဆင်းမည့်နေရာကို ရောက်ပါပြီဟု အကြိမ်ကြိမ် အော်ပြောနေပါလျက် နောက်က ပါလာသောကားကို လွတ်အောင် ဇွတ်မောင်းသွားခဲ့ကာ နာရီဝက်သာသာခရီးကို မောင်းသွားခဲ့ပြီးမှ ကျော်လွန်၍ ပါလာသော ခရီးသည်များကို ငွေစကြေးစအချို့ ပြန်ပေးကာ သင့်လျော်ရာကားဖြင့် နောက်ကြောင်းပြန်စီးသွားဖို့ စီစဉ်ပေးနေတာကို အံ့သြစရာ ကျွန်တော်မြင်ခဲ့ဖူးပါသည်။
ကုန်တင်ကား မဟုတ်ပါဘဲနှင့် ဆန်အိတ်တွေ၊ ပဲအိတ်တွေ၊ ကွမ်းခြင်းတွေ၊ပန်းခြင်းတွေ၊ စက္ကူပုံးတွေ ထပ်ကာဆင့်ကာ တင်ထားသဖြင့် ခြေထောက်လည်း ချမရ၊ ဒူးလည်း ကွေးမရ၊ အဆင်းခက်၊ အတက်ခက် လိုက်ပါရသော ခရီးစဉ်တွေကိုလည်း အများစု ကြုံဖူးကြပြီးပင် ဖြစ်ပါလိမ့်မည်။ အချို့ကားတွေက ခရီးသည် ပိုဆံ့အောင် ထိုင်ခုံတန်းတွေကို ရှေ့နောက် စိပ်ပစ်လိုက်သည်။ ရှေ့ခုံ၏ နောက်မီနှင့် နောက်ကခရီးသည်၏ဒူး မလွတ်တော့။ အချို့ကားတွေက နှစ်ယောက်သာသာ ထိုင်ခုံကို သုံးယောက်ခုံ အတင်းလုပ်ပစ်လိုက်သည်။ အစွန်ဆုံးလူက ထိုင်မရတော့။ မတ်တပ်ရပ်ခရီးသည် မတင်ရဟူသော ကားကလည်း လောဘဖြင့် တင်ပါ၏။ အလျင်လိုသော ခရီးသည်ကလည်း စီးပါ၏။ စစ်ဆေးရေးနှင့် တွေ့သောအခါ လက်မှတ်ရောင်းက ထိုင်နေပါ၊ ထိုင်နေပါဟု ဆိုသဖြင့် လေထဲမှာ ထိုင်ချင်ယောင်ဆောင်နေရသော ခရီးသည်တို့ကလည်း တစ်ဒုက္ခ။
ဒါတွေအားလုံး ဘာကြောင့် ဖြစ်နေရသလဲဟူသော မေးခွန်းအတွက် အဖြေက ငွေ သို့မဟုတ် ပိုက်ဆံပဲ ဖြစ်ပါသည်။ မှန်ပါသည်။ ငွေရဖို့ ပိုက်ဆံရဖို့မှတစ်ပါး လူ သို့မဟုတ် ခရီးသည်ဘက်ကို လုံးဝထည့်သွင်းစဉ်းစားမှု မရှိသဖြင့် သည်လိုဖြစ်နေရခြင်း ဖြစ်ပါသည်။
အချို့ကားသမားတွေကဆိုလျှင် "ကိုယ်ပိုင်ကား ၀ယ်စီးပါလား" ဟုပင် မိမိ၏ခရီးသည်ကို ထေ့ငေါ့လိုက်ပါသေးသည်။ ဒါက မိမိ၏ စားသုံးသူ (Consumer)ကို နှိမ့်ချစော်ကားလိုက်ခြင်းပင် ဖြစ်ပါသည်။ တကယ်တော့ စားသုံးသူသည် မိမိ၏ ကျေးဇူးရှင်၊ ထိုသူတို့ စိတ်ကျေနပ်မှု ရရှိစေရန် မိမိတို့က ၀န်ဆောင်မှု (Service) ပေးရမှာပါလားဟူသော စိတ်မထားတတ်၊ မထားနိုင်ခြင်းပင် ဖြစ်ပါသည်။ "ဈေးကွက် ဈေးကွက်" နှင့် အသံဗလံတွေ ဆူညံနေသောကာလ၌ စားသုံးသူ (Consumer) ကို စိတ်ကျေနပ်ဖွယ်ရာ ၀န်ဆောင်မှု (Service) မပေးသော လုပ်ငန်းတို့သည် အခိုက်အတန့်တစ်ခုတွင်သာ ရပ်တည်နိုင်လေ့ရှိပြီး ရေရှည်၌ လက်လွတ်ခြေလွတ် ပြုတ်ထွက်သွားတတ်ကြသည်ကို သတိပြုသင့်ပေသည်။
No comments:
Post a Comment