အိမ်ထောင်ဘက် အဟောတေးထပ်
နံနှစ်ဆူ မှန်တူကွ၊ ဉာဏ်ယူဆနှောပါ၊ ကံမူလဟောစရာငယ်၊ သဘောမှာပိုက်သိမ်း။ မြှောက်လိုက်ပ ဗျည်းပဉ္စာငယ်၊ လျင်မကြာ စားသတ္တကိန်း၊ ကြွင်းဧက စွဲမှတ်ဖွယ် မွဲတတ်တယ်မယိမ်း။ ရှိအထင် ဒွိမြင်ကျိန်း၊ နှစ်သိန်းလောက် ကြွယ်ရာ။ ရွှေသီဟာ စုံပြန့်မွှေး၊ ဂုဏ်ဟန့်သေး ဆင်းရဲလိမ့်သာ။ လေးစတု ထင်ရှားစွာ၊ ကြွက်ဇီဝါဆင်မြင်းပ၊ ပူးမင်းက သူဌေးမှန်၊ ငြိမ်းလိမ့်နှစ်တန်။ တဖုံပ သုညကျန်လျှင်၊ လုံမ မောင်နှံ - အိုဆိုးနိုင်မျှလေး။
အဓိပ္ပါယ်မှာ - သတို့သားနှင့် သတို့သမီးတို့၏ နံနှစ်ပါးကိုတည်၊ ငါးခုမြှောက်၊ ၎င်းကို ၇-ခု စား၊ တစ်ခုကြွင်းမူ - စီးပွားဥစ္စာ ရှာဖွေစုဆောင်း၍မရ၊ ကြံသမျှလွဲ၊ မွဲ၍သာ နေတတ်လေသည်။ နှစ်ခုကြွင်းမူ - ပစ္စည်းရေး၌ လုံ့လစိုက်ထုတ်၊ ပင်ပန်းကြီးစွာ မလုပ်မကိုင်ရဘဲနှင့် လွယ်ကူချောင်ချိစွာ ရရှိ၍ ကြွယ်ဝချမ်းသာတတ်သည်။ သုံးခုကြွင်းမူ - ရရစားစား ဆင်းရဲနွမ်းပါး၍၊ လူအောက်ကသာ ကျိုးနွံစွာ နေရတတ်သည်။ လေးခုကြွင်းမူ - နာမည်၊ ဘုန်း၊ တန်ခိုးသတင်း ထင်ပေါ်ကျော်ဇောခြင်း ရှိတတ်သည်။ ငါးခုကြွင်းမူ - ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စပါး၊ ရွှေ၊ ငွေ အထွေထွေသော ဥစ္စာပစ္စည်းတို့နှင့် ပြည့်စုံ၍၊ ကြွယ်ဝချမ်းသာတတ်သည်။ ခြောက်ခုကြွင်းမူ - အမွေရရှိ၍သော်လည်းကောင်း၊ ထီပေါက်၍သော်လည်းကောင်း၊ စုဆောင်းပြီး ဥစ္စာပစ္စည်းများကို ရရှိ၍ သူဌေးဘွဲ့ထူးကို ခံယူပြီးကာ ကြွယ်ဝချမ်းသာစွာ နေထိုင်ရတတ်သည်။ ခုနစ်ခုကြွင်းမူ - ဤဘ၀မှာ မျှော်လင့်ဖွယ်ရာအရေး တွေးတော၍ မမြင်၊ ပူပင်သောက၊ ဒုက္ခ၊ ဒေါမနဿတွေနှင့်သာ အချိန်ဆုံးပြီး ပျက်ပြုန်းကာ သွားရတတ်၏ဟု မှတ်ပါလေ။
အိမ်ထောင်ဘက် ရွေးနည်းလင်္ကာ
လူတို့ဓမ္မတာ၊ ဃရာဝါသ၊ ပြုကြအိမ်ထောင်၊ ဆောင်လိုစီးပွား၊ မေးလာငြားသော်၊ နှစ်ပါးနံပင်၊ နှောပြီး ချင်မှ၊ မြှောက်လျှင် ငါးခု၊ စားမှုသတ္တ၊ ဧကကြွင်းဘိ၊ မရှိဥစ္စာ၊ ဒွေးမှာ ကြွယ်ဝ၊ တြိန္နထင်ရှား၊ လေးငါးငြားမူ၊ များအံ့ နွားမြင်း၊ ခြောက်ခုကြွင်းမူ၊ ထိုထိုသူဌေး၊ ဟောရေးသုည၊ မြင်လေကမူ၊ တမျှသက်ပင်၊ ဆင်းရဲမြင်သည်၊ ကံလျှင်နှစ်ဦး အကျိုးတည်း။
မထိမ်းမြားရာသော လအဟော
သိစိမ့်နောင်လာ၊ လူတကာတို့၊ ကျမ်းလာညွှန်ပြ၊ ၀ါဆိုလကား၊ ပေးထိမ်းမြားမူ၊ နာဖျားသေပျောက်၊ ဘေးကြီးရောက်အံ့။ ထို့နောက်ဝါခေါင်၊ ပူလောင်ရှိန်ပြင်း၊ တော်သလင်းနှင့်၊ ဆောင်းတွင်းဟေမ၊ နတ်တော်လ၌၊ တူကွမိတ္တာ၊ ထိမ်းမြားပါမူ၊ ရောဂါလည်းပွား၊ သေပျောက်များအံ့။ ချမ်းအားပိုမို၊ လပြာသိုမူ၊ ယွင်းသိုဥစ္စာ၊ မကြာပျက်စီး၊ ဒုက္ခကြီး၏။ တသီးမှတ်ကြောင်း၊ လတပေါင်းတွင်၊ ထိမ်းမြားချင်သော်၊ သေရှင်ကင်းကွာ၊ ဖြစ်တတ်စွာ၏။ သိသာကုန်စွ၊ ဤခြောက်လသည်၊ ရှောင်ကြပုံသေ တကြောင်းတည်း။
ထိမ်းမြားရာသော လအဟော
သိစိမ့်နောင်လာ၊ ဆောင်ဖို့ရာကား၊ ကောင်းစွာအထူး၊ တန်ခူး ကဆုန်၊ ထိမ်းမြားတုံသော်၊ ပြည့်စုံကြွယ်ဝ၊ ချမ်းသာရအံ့။ လနယုန်ကား၊ ဆွေစုံပေါင်းဖော်၊ ဂဟေဆော်သို့၊ ပျော်ပျော်ရွှင်ရွှင်၊ ၀မ်းထဲခင်၍၊ ကြည်လင်ဆပွား၊ မေတ္တာများအံ့။ စုလျားထိမ်းမှတ်၊ သီတင်းကျွတ်ကား၊ လျောက်ပတ်ရွှေငွေ၊ ဆန် ရေ စပါး၊၊ ပေါများဖြင့်ငြီး၊ သားသမီးလည်း၊ ပွားစီးပြည့်စုံ၊ ကောင်းစွာထုံအံ့။ မှတ်ကုန်တစ်ထုံး၊ တန်ဆောင်မုန်းကား၊ အသုံးအဆောင်၊ အိမ်ထောင်ခမ်းနား၊ များအံ့မလွဲ၊ တပို့တွဲကား၊ ပုလဲ သန္တာ၊ ရတနာပုံ၊ လွန်ပြည့်စုံသည်၊ မှတ်ကုန်ခြောက်လ အကောင်းတည်း။
Friday, October 15, 2010
အိမ်ထောင်ပြုမည့်သူများအတွက် သိမှတ်ဖွယ်ရာ ရှေးထုံးများ
Posted by Ko Nyan Posted Time 3:57 PM
Labels ဗဟုသုတ-Knowledge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment