Wednesday, October 06, 2010

မျက်ရည်မကျကြေး - မောင်သာဇုံ


ဘ၀ကို ဂိမ်းအဖြစ် ရှုမြင်ရာတွင် စစ်တုရင်ဂိမ်းလို ရှုမြင်တတ်ကြသည်။ စစ်တုရင်ဂိမ်းလို ဖြစ်ရာ၌လည်း နှစ်မျိုးဖြစ်သည်။ သမားရိုးကျ အမြင်အရ ဘုတ်ပေါ်လှုပ်ရှားကြမည့် နယ်ရုပ်တို့၏ပါဝါကို ချိန်ညှိသည်။ သို့ဖြင့် အာရုံသည် နယ်ရုပ်တို့အပေါ်၌သာ စူးစိုက်သည်။ ယခုခေတ်အမြင်အရ နယ်ရုပ်တို့ကိုထက် စစ်တုရင်ခုံကြီး တစ်ခုလုံးအပေါ် ခြုံငုံကြည့်သည်။ ကာလပေါ်စကားနှင့် ပြောလျှင် ပုံကားချပ်ကြီးကြီးကို နောက်ခံထားကြည့်ခြင်းနှင့် ပုံကားချပ်သေးသေးတို့ကို ဖြန့်ကျက်ကြည့်ခြင်းတို့ဟူ၍ ကွဲပြားခြားနားသည့် သဘောဖြစ်သည်။

အချို့ပညာရှင်တို့က ဘ၀၏ဂိမ်းကို သံစုံတီးဝိုင်းကြီးနှင့် အလားတူသည်ဟု ဆင်ခြင်သည်။ သံစုံတီးဝိုင်းတွင် တုတ်ချောင်းပိန်ပိန်ရှည်ရှည်ကို ဝှေ့ကာယမ်းကာပြု၍ ခေါင်းဆောင်ဆိုသော ဂီတမှူးကို နမူနာယူရန် တိုက်တွန်းသည်။ ဘ၀အတွက် ခေါင်းဆောင်မှုရှာလျှင် တီးဝိုင်းခေါင်းဆောင်မျိုးကို ရှာနိုင်ရမည်။

အချို့ပညာရှင်တို့က ဝေါစထရိရှယ်ယာဒိုင်တွင် လက်ကြီးကြီးနှင့် သွေးအေးအေး ကစားနေသော ရင်းနှီးမြှုပ်နှံသူတို့ကို အတုခိုးခိုင်းသည်။ ရှယ်ယာရောင်းဝယ်လုပ်ရာ၌ လက်ကြီးသည့်အတွက်ဖြစ်ရာ သွေးအေး၍ ရှုံးသော်လည်း မျက်ရည် မထွက်ပေ။ မည်သို့ပင်ဖြစ်စေ ဘ၀၏ဂိမ်းတွင် ဒဿနပညာ၏ ရှေ့ဆောင်မှု လိုအပ်သည်။ ဘ၀၏ဂိမ်းသည် ဦးနှောက်နှင့် အသည်းနှလုံး ပူးတွဲထားသော ရလဒ်ပင်ဖြစ်၍ မျက်ရည်မကျရန် လိုသည်။ သို့ဖြင့် ဝေါစထရိတွင် ဆောင်ပုဒ်တစ်ခု ပေါ်သည်။ မျက်ရည်မကျကြေးဟူ၍ ဖြစ်သည်။ လူတို့သည် ဖြစ်နိုင်ခြေ လောကကြီးထဲတွင် အောင်မြင်ရန်လမ်းစတို့ကို ရှာဖွေနေရခြင်းသာ ဖြစ်သည်။

No comments:

Post a Comment

 
Web Statistics