Saturday, October 09, 2010

Gtalk အတွေးစာသားများ စုစည်းမှု (၁၆)


gtalkstatus.png
အတွေးစာသား (၁)
ချစ်(ခြစ်)တာက ခဲတံ။
ခံစားတာက ပန်းကန်ပြား။
ကြေကွဲတာက ကြက်ဥ။
နာကျင်တာက ဓာတ်လိုက်လို့။
ရင်နာတာက မှောက်အိပ်လို့။
ကိုရင်တွေခုန်နေတာက ဘုန်းကြီးကျောင်းမှာပေါ့....။ :P

အတွေးစာသား (၂)
အချစ်နဲ့ အမုန်းဆိုတာ...
သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...
အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...
အချစ်ပြီးရင် အမုန်းလာမှာ အသေအချာပါပဲ...။

အတွေးစာသား (၃)
အခုတလော...
ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။
မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။
ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။

အတွေးစာသား (၄)
အချစ်တစ်ခုပဲ လိုတယ်တဲ့။
ဗိုက်ဆာတဲ့အခါ ငါတို့ ဘာစားကြမှာလဲ။

အတွေးစာသား (၅)
လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။
ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။
အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။

အတွေးစာသား (၆)
လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။
ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။
မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။

အတွေးစာသား (၇)
တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။
ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။
ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။

အတွေးစာသား (၈)
ငါဆိုတဲ့ကောင်ဟာ....
ရင်ဘတ်ကိုဖိရင် "I LOVE YOU" လို့ အော်တတ်တဲ့ အရုပ်ကလေးတစ်ရုပ်ပါပဲ။
အသက်တစ်ခါရှူလိုက်တိုင်း ငါ့ရင်ထဲမှာ "မင်းကိုချစ်တယ်" လို့ပဲ အော်နေမိတယ်။

အတွေးစာသား (၉)
ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသော သူငယ်ချင်းများ အလိုရှိသည်။

အတွေးစာသား (၁၀)
မင်းကိုလွမ်းလို့ ကျတဲ့မျက်ရည်တွေကို တမံဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင် မင်းနေတဲ့အရပ် တစ်သက်လုံး မီးလင်းနေမှာပါ။

* * * * * * * * * * *
ဂျီတော့ခ်က အတွေးစာသားတွေကို မတင်ပေးဖြစ်တာတောင် အတော်ကြာသွားပါပြီ။ အဓိကအကြောင်းကတော့ ဂျီတော့ခ်ကို မ၀င်ဖြစ်တာပါပဲ။ အလုပ်အားတဲ့ အချိန်၊ အချိန်အားလေး ရပြီဆိုတာနဲ့ ဘလော့ဂ်အတွက် ပို့စ်တင်ဖို့ကိုပဲ အာရုံစိုက်နေရတော့ ဂျီတော့ခ်ဘက်ကို ခြေဦးမလှည့်ဖြစ်ဘူး။ ဂျီတော့ခ်က သူငယ်ချင်းအချို့ကဆိုရင် သေသွားပြီမှတ်နေတာလို့တောင် ပြောကြတဲ့အထိပါပဲ။ ကဲ... အခုတော့ အရင်စုထားတဲ့ အဟောင်းလေးတွေနဲ့ အချို့သော သဘောကျတာလေးတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်ဗျာ။ အချိန်ပေးပြီး သေသေချာချာ မရှာနိုင်သေးတဲ့အတွက် ဖတ်ရတာ အားမရဘူးဆိုရင် နားလည်ပေးကြပါဦး။ သြော်... မိတ်ဆွေတွေကလည်း စာသားကောင်းကောင်းလေးတွေ ဖတ်ရတဲ့အခါ ကျွန်တော့်ကို ပို့ပေးဖို့ မမေ့ကြပါနဲ့ဦး။ ကိုယ်ချည်းပဲ သဘောကျပြီး တဟားဟားရယ်၊ တပြုံးပြုံးလုပ်ပြီး ဖတ်မနေနဲ့ပေါ့ဗျာ။ အခြားလူတွေလည်း ရယ်ရ၊ ပြုံးရ၊ ရွှင်ရ၊ မြူးရအောင် ဝေငှနိုင်ဖို့ ပို့ပေးကြပါဦးလို့ တစ်ဆက်တည်း တောင်းဆိုလိုက်ပါတယ်နော်။ ပျော်ရွှင်ကျေနပ်နိုင်ကြပါစေဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်၊ စနေနေ့။
နေ့လည် ၂ နာရီ ၂၀ မိနစ်။

No comments:

Post a Comment

 
Web Statistics