(က)
သို့သော် များစွာသေချာသည်မှာ ၂၀၁၀ ပြည့်နှစ်မှစ၍ အုပ်ချုပ်ရေးယန္တရား၏ ဆောင်ရွက်ချက် အသီးသီးသည် "--- ဥပဒေ၊ ပုဒ်မ ---၊ ပုဒ်မခွဲ --- တွင် ဖော်ပြထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍" ဆိုသောစာတိုင် မဖြစ်မနေ ထည့်သွင်း၍ ကျင့်သုံးရတော့မည် ဆိုသောအချက်ဖြစ်သည်။ ထိုသို့ ဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ဟုတ် မဟုတ် စောင့်ကြည့်ရန် လွှတ်တော်နှစ်ရပ်တွင် ကော်မတီများ ရှိပါလိမ့်မည်။ ဥပဒေမရှိသောကြောင့်၊ ဥပဒေခေတ်မမီသောကြောင့် "မူ" အစား "လူ" က ဆုံးဖြတ်ရပါသည်ဟု ရေးရာကော်မတီများက တွေ့ရှိလျှင် လွှတ်တော်နှစ်ရပ်က ဥပဒေအဖြစ် ပြုပေးရပါလိမ့်မည်။ ခေတ်မမီလျှင် ခေတ်မီအောင် Amendment ပြုလုပ်ရပါလိမ့်မည်။
ဤသည်ပင်လျှင် Check and Balance ဟု ခေါ်သည့် Political Process ဖြစ်ပေတော့သည်။
(၂၀-၁၀-၂၀၀၈)
[ဒီမိုကရေစီ မှ]
( ခ )
နိုင်ငံတည်ဆောက်ရေး ဆိုသောအချက်ကို STATE ဟုခေါ်သည့် နိုင်ငံတော်ကိုပါ ထည့်သွင်းရှင်းလင်းရမည်ဆိုလျှင် နိုင်ငံတော်က လူတစ်ဦးချင်းကို ပိုင်ဆိုင်မှု၊ အကျိုးအမြတ်ဆိုင်ရာ မက်လုံးများပေး၍ လူတိုင်းကို အလုပ်လုပ်စေပြီး တစ်ဦးချင်းလည်း ပန်းတိုင်ရောက်၊ နိုင်ငံတော်လည်း ပန်းတိုင်ရောက် ၀ိုင်းဝန်းတည်ဆောက်ရေးကို ဆိုလိုပေသည်။ သို့သော်လည်း လက်တွေ့တည်ဆောက်ရေးတွင် လူတိုင်းက အလုပ်ကြိုးစားကြခြင်း မရှိသကဲ့သို့ နိုင်ငံတော်ကလည်း လူတိုင်းကို ပါဝင်အလုပ်လုပ်ခွင့် ပေးကြသည်မဟုတ်ပါ (Economic Rent)။ တစ်ခါတစ်ရံ လူတိုင်းကို အလုပ်လုပ်ခွင့် ပေးချင်သည့်တိုင် ကုန်လုပ်စွမ်းအားစုများ အသင့်မရှိသည့်အခါ အကန့်အသတ်ဖြင့် မည်သူ့ကို ခွင့်ပြုမည်ဆိုသော ကိစ္စကို ဆုံးဖြတ်ရန် လိုအပ်လာခဲ့သည် (Rent Seeking)။
နိုင်ငံတည်ဆောက်ရေးသည် အချိန်ကာလတစ်ခု ကြာလာသောအခါ နိုင်ငံတော်၊ အစိုးရ၊ အလုပ်လုပ်သူများ၊ အလုပ်မလုပ်သူများ၊ လုပ်စရာမရှိသူများ၊ လုပ်စရာတစ်ခုခု မကျွမ်းကျင်သူများ အမျိုးမျိုး ရှိလာသောကြောင့် အုပ်စိုးသူ လူတန်းစား၊ လူလတ်တန်းစားနှင့် အခြေခံလူတန်းစားဟူ၍ အပိုင်း ၃ ပိုင်း ကွဲပြားလာခဲ့သည်။ Marxist သီအိုရီများအရ လူတန်းစားများ အပေါ်သို့ ဆန်တက်သည့် သဘောရှိရာ နိုင်ငံတည်ဆောက်ရေးတွင် လူလတ်တန်းစားများ အပေါ်တက်ခွင့်အလို့ငှာ ရွေးကောက်ပွဲများ ကျင်းပပေးရသည်။ ပြေလည်သည်များ ရှိသကဲ့သို့ မပြေလည်မှုများလည်း ရှိခဲ့ပေသည် (Class Struggle)။
(၂၆-၁၂၀၀၉)
[From STATE to STATENESS မှ]
( ဂ )
နိုင်ငံရေးသိပ္ပံပညာရှင် Anthony Downs က နိုင်ငံရေးပါတီများသည် လူကြိုက်များမှုနှင့် မဲအများဆုံး ရရှိရေးအလို့ငှာ Rational Decision ပြုလုပ်ရာတွင် ပြည်သူလူထုအတွက် Meaningful Alternatives ခေါ် အဓိပ္ပါယ်ရှိသော ရွေးချယ်စဉ်းစားစရာများကို ထုတ်ဖော်ရမည့်အစား ECHO ခေါ် ပြည်သူလူထု၏ သည်းခြေကြိုက် ခံစားချက်များကို ကြွေးကြော်မှုသက်သက် ဖြစ်သွားတတ်သည်ဟု ရှင်းလင်းထားခြင်း ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင်လည်း မကြာမီတွင် နိုင်ငံရေးပါတီများနှင့် ၎င်းတို့၏ မူဝါဒများ၊ ကြွေးကြော်သံများ ပေါ်ထွက်လာတော့မည်ဖြစ်ရာ သည်းခြေကြိုက် စကားလုံးများ သက်သက်သာပါပြီး အသစ်အဆန်း မဟုတ်သည့် ဖမ်းစားမှုများ ဖြစ်ထွန်းခဲ့လျှင် လူကြိုက်များသည်ထက် ဘာမျှမပိုသည့် နိုင်ငံရေးသာ ဖြစ်ဖွယ်ရှိပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် Us Them ခွဲခြားမှုများနှင့် သည်းခြေကြိုက် နိုင်ငံရေးများကို ကျော်လွန်၍ ရွေးချယ်စရာ အယူအဆအမျိုးမျိုး ဖြစ်ထွန်းပေါ်ပေါက်သည့် အဆင့်ထိ တရွေ့ရွေ့ ချီတက်ရမည့် ခရီးရှည်ကြီး တစ်ခုဖြစ်ပါကြောင်းနှင့် ကျွန်ုပ်တို့ တစ်ဦးချင်း၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို ၀ိုင်းဝန်းလုပ်ဆောင်ကြရမည့် အချိန်အခါလည်းဖြစ်ကြောင်း သတိပေးလိုရင်း ဖြစ်ပါသည်။
(၂-၃-၂၀၀၉)
[သည်းခြေကြိုက်နိုင်ငံရေး မှ]
No comments:
Post a Comment