(၁) ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း နဲ့
(၂) သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင် တို့ကို မိမိတို့သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် (၂/၂၀၁၃) ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်တာ ဖြစ်နိုင်တဲ့အတွက် အခုလို ရာထူးကနေ နုတ်ထွက်တာကို ကျေနပ်ပျော်ရွှင် မနေသင့်တာ၊ အလကားနေရင်း ဘေးကနေ အကုသိုလ်မပွားသင့်တာ သိပေမယ့်လည်း မကြာသေးခင်ကမှ ကျွန်တော့်ရဲ့ တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ (ဇန် ၇ - ၁၃) မှာ စာပိုဒ် (စ) အနေနဲ့ ကျွန်တော်မြင်သမျှ၊ ခံစားမိသမျှကို ရေးခဲ့ဖူးတာမို့ စိတ်ထဲမှာတော့ ဘာမှန်းမသိတဲ့ တစ်ခုခု ခံစားမိတာ အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ ခန့်မှန်းသုံးသပ်ချက်အရ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ စတင်အလုပ်လုပ်ပြီလို့ ကောက်ချက်ချချင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ မြန်မာပြည်သူတွေ ၀မ်းသာဖို့အတွက် လမ်းစပေါ်လာပြီလို့ ခံစားနေမိတာပါပဲ။ လုပ်ပိုင်ခွင့်တစ်ခုအနေနဲ့ ချုပ်ကိုင်ထိန်းချုပ်ထားခဲ့တဲ့ တယ်လီဖုန်းကိစ္စတွေ ခေတ်နဲ့အညီ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း ဖြစ်တော့မယ်လို့ ယုံကြည်နေမိပါတယ်။ ဖုန်းကတ်ကို ငါးထောင်နဲ့ လုပ်ပေးမယ်ဆိုတဲ့ ကုမ္ပဏီတွေ၊ ဖုန်းပြောခကို တစ်မိနစ် ၁၀ ကျပ်လောက်အထိ လျှော့ပေးနိုင်တယ်ဆိုတဲ့ လေတစ်လုံးမိုးတစ်လုံး ကြွားခဲ့တဲ့ကုမ္ပဏီတွေ၊ ဆင်းကတ်အလကားပေးပြီး ဆက်သွယ်ပြောဆိုခပဲ ယူပါမယ်ဆိုတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေ ဘာလုပ်ကြမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ကျွန်တော့်သဘောအရ ဆိုရင်တော့ လစ်လပ်သွားတဲ့ ဆက်သွယ်ရေးဝန်ကြီးနေရာမှာ ဖုန်းကတ်တစ်ခုကို ငါးထောင်ကျပ်နဲ့ဆိုတာ ဖြစ်သင့်ပါတယ်လို့ ပြောခဲ့ဖူးတဲ့ လက်ရှိဆက်သွယ်ရေး ဒုဝန်ကြီး ဦးသောင်းတင်ကို ခန့်အပ်စေချင်တာပါပဲ။ သူဘာလုပ်မလဲ စောင့်ကြည့်ချင်တယ်။ အပြောသမားလား၊ တကယ်လုပ်တဲ့လူလားဆိုတာ ကွဲပြားချင်လို့ပါ။ မလုပ်မဖြစ် လုပ်သင့်တဲ့ အလုပ်ကတော့ ဂျီအက်(စ်)အမ် ဆင်းကတ်တွေနဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုခုကို လုပ်ပိုင်ခွင့် ပေးသင့်တာပါပဲ။ အဲဒီကဏ္ဍမှာ ကျွန်တော်တို့အစိုးရ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တာ ဘာမျှ မရှိပါဘူး။ ဦးသိန်းစိန်အစိုးရအနေနဲ့ ပြည်သူတွေအတွက် ဘယ်လောက်အထိ စေတနာထားသလဲဆိုတာ ဒီလပိုင်းအတွင်းမှာတင် သိခွင့်ရတော့မယ်လို့ ကျွန်တော်က ကြိုတင်ဟောကိန်း ထုတ်လိုက်ချင်ပါရဲ့ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၁၇ မိနစ်တွင်ပြီး၏။
No comments:
Post a Comment