Sunday, March 29, 2015

ရင်နာစေတဲ့ ဓာတ်ပုံတစ်ပုံ



အသက် ၄ နှစ် အရွယ်သာရှိသေးတဲ့ ဆီးရီးယားကလေးငယ်တစ်ဦးပါ။ ဓာတ်ပုံသတင်းထောက်တစ်ဦးက သူ့ကို ဓာတ်ပုံရိုက်ဖို့အတွက် အနားကပ်သွားပြီး ကင်မရာနဲ့ ချိန်လိုက်တဲ့အခါ အခုဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း သူ့လက်ကလေးတွေကို ခေါင်းပေါ်တင်ပြီး လက်မြောက်လိုက်ပါတယ်တဲ့။ သူ့စိတ်ထဲမှာ ကင်မရာကို လက်နက်တစ်ခုခုလို့ ထင်မှတ်သွားပုံရပါတယ်။ နေ့စဉ်နဲ့အမျှ သေနတ်သံ ဗုံးသံတွေကြားမှာ ရှင်သန်ကြီးပြင်း နေထိုင်နေရတဲ့ ကလေးငယ်တစ်ဦးရဲ့ စိတ်ထဲမှာ ဘာတွေများ ခံစားနေရပါလိမ့်။ သူ့ကိုချိန်ထားတဲ့ ကင်မရာကို သေနတ်ထင်မှတ်ပြီး သူ့ကို နာကျင်အောင်မလုပ်ဖို့၊ မပစ်ဖို့၊ မသတ်ဖို့ တောင်းပန်တိုးလျှိုး အညံ့ခံနေတဲ့ အသနားခံနေတဲ့ မျက်ဝန်းလေးတွေကို မြင်ရတာ ကျွန်တော်တို့ရင်ကို နာကျင်စေပါတယ်။ စစ်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ ဖြူစင်တဲ့ ကလေးငယ်ပေါင်း ဘယ်လောက်များများ အခုလိုမျိုး ခံစားနေကြရသလဲဆိုတာ ကျွန်တော်တို့တွေ စဉ်းစားသင့်ကြပါပြီ။ လူလားမမြောက်သေးတဲ့ ကလေးငယ်တွေရဲ့ စိတ်ထဲမှာ အနာတရ ဖြစ်နေတာ၊ အရာရာကို မလုံခြုံဘူးလို့ ခံစားနေရတာတွေဟာ ကျွန်တော်တို့ လူ့လောကကြီးအတွက် ကောင်းမွန်တဲ့အရာ မဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။ ကမ္ဘာပေါ်က စစ်ပွဲတွေ လျှော့ပါးပါစေ၊ ပပျောက်ပါစေ....။ ကလေးငယ်လေးတွေအားလုံး လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးထွားနိုင်ကြပါစေ။

Thursday, February 19, 2015

မြန်မာ့နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးကျော်ဝင်းနှင့် တွေ့ဆုံခြင်း


 
လက်ရှိ အခြေအနေကိုကြည့်မယ် ဆိုရင် တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ဖြိုခွင်း ခံရတဲ့အတွက် လူသေဆုံးမှုတွေဖြစ်ခဲ့ပြီး စီမံကိန်း ရပ်စဲရေး တောင်းဆိုသံတွေလည်း တစ်ကျော့ပြန်ဖြစ်လာပါတယ်။
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ယခင်ကိုးကန့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ် တဲ့ ဦးဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်ပြီး မီဒီယာအထက်မှာ ပြန်ပေါ် လာတာတွေ့ရသလို သူ့ရဲ့တစ်ချိန်က လောက်ကိုင်ဒေသ ကို ပြန်သိမ်းမယ်ဆိုတဲ့အသံတွေလည်း ထွက်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေကို အစိုးရတပ် မတော်ကနေ ဖမ်းဆီးမှုတွေလည်း ပေါ်ပေါက်လာခဲ့ ပါတယ်။ သစ်ကိစ္စမှာဆိုရင်လည်း ပြေလည်အောင်ဖြေ ရှင်းဖို့ တရုတ်ဘက်က ပြောဆိုလာတာတွေလည်း ရှိ နေပါတယ်။ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုဖျက်သိမ်းဖို့ တောင်းဆိုလာတာ၊ ထိခိုက်အောင် ကြိုးပမ်းလာတာတွေရဲ့ အကျိုးဆက် ပထဝီနိုင်ငံရေးအရ သက်ရောက်မှုတွေအဖြစ် ရှုမြင်ကြတာတွေလည်း ရှိပါတယ်။ ၂ဝ၁ဝပြည့်နှစ်နောက်ပိုင်း နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်ထဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာရဲ့ စူပါပါဝါဖြစ်လာတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရာမှာ ဘယ်လိုဆက်ဆံသင့်တယ်။ ဘယ်အရာတွေကို ရှောင်ကြဉ်သင့်တယ် ဆိုတာတွေနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ စာရေးဆရာဦးကျော်ဝင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ မြန်မာနဲ့နိုင်ငံတကာအသိုင်းအဝိုင်းတွေအကြား နိုင်ငံတကာဆက်ဆံရေးကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ပေါင်း ၂ဝကျော်ကာလအတွင်း တရုတ်နိုင်ငံနဲ့ဆက်ဆံရေး တ အားကောင်းခဲ့တာတွေ့ရတယ်။ အဲဒီအချိန်တွေတုန်းကဆိုရင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ဆက် ဆံရေးက ကောင်းမွန်ခဲ့တာမရှိဘူး။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ အနောက်နိုင်ငံနဲ့ဆက်ဆံရေး ကောင်းမွန်လာအောင် ကြိုးစားတာတွေ့ရတယ်။ တစ်ဖက်မှာလည်း တရုတ်နဲ့ကတော့ ပုံမှန်ဆက်ဆံရေးရှိတဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောရမှာဖြစ်ပေမယ့် တစ်ခါတစ်ခါကျရင်လည်း မြန်မာအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်လာတဲ့အပေါ်မှာ စိုးရိမ်မှုရှိတဲ့ အခြေအနေမျိုးတွေ တွေ့လာရတယ်လို့ လေ့လာသူတွေက ဆိုကြတယ်။ လက်ရှိအခြေအနေမှာ တရုတ်နဲ့မြန်မာတို့ အကြားက ဆက်ဆံရေးက ကောင်းမွန်မှုရှိနေတာ တွေ့ရသလား။ ဘယ်လိုအခြေအနေ ရောက်နေသလဲဆိုတာကို အရင်ဆုံး စပြီး ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ အရင်အစိုးရလက်ထက်အခြေအနေက စ ပြောတာပေါ့။ အဲဒီကာလတုန်းက မြန်မာအစိုးရရဲ့ အဓိကပြဿသနာက နိုင်ငံတကာက ဝိုင်းပယ်ခံထားရတဲ့ အနေအထား။ သူကလည်း ရေနစ်တဲ့ လူလိုပဲ။ သူ့ရဲ့ ရပ်တည်ရှင်သန်မှုအတွက် ကောက်ရိုးတစ်မျှင်ကအစ သူ့ ရဲ့ အားကိုးရာပဲ။ တရုတ်ပြည်ကျတော့ သူ့ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းက သိပ်မြင့်တယ်ဗျ။ အမေရိကန်နဲ့ ဥရောပတို့ ကြုံခဲ့တဲ့နှုန်းထက် ပိုမြင့်တယ်။ ပျမ်းမျှ တစ်နှစ်ကို ခုနစ်ရာခိုင်နှုန်းနဲ့ ရှစ်ရာခိုင်နှုန်းလောက် အထိကို မြင့်တယ်။ အဲဒီတော့ အဲဒီလောက်မြင့်တဲ့ စီးပွားရေး မြန်နှုန်းကို ဖြည့်ပေးနိုင်တဲ့ ကုန်ကြမ်းနဲ့ လောင်စာဆီက သူ့ ပြည်တွင်းမှာ မလုံလောက်တော့ဘူး။ အဲဒီတော့ သူ့အတွက် ကုန်ကြမ်းလောင်စာက သိပ်အရေးကြီးလာတယ်။ ဒီကုန်ကြမ်းလောင်စာကို ဈေးပေါပေါနဲ့ ရနိုင်မယ့် အရင်းမြစ်တစ်ရပ်က ဘာလဲဆိုတော့ မြန်မာဖြစ်နေတယ်။ ဒါက လတ်တလော လိုအပ်ချက်ပေါ့။ တောက်လျှောက် လိုအပ်ချက်က တရုတ်ရဲ့ ပြသနာက အမေရိကနဲ့ မတူတာက အမေရိကက သမုဒ္ဒရာနှစ်စင်း ရှိတယ်။ အကျိုးဆက်က ယေဘုယျအားဖြင့် ဖွံ့ဖြိုးမှုက တစ်ပြေးညီတယ်လို့ ပြောလို့ရတယ်။ တရုတ်အဖို့ကတော့ ကမ်းရိုးတန်းဒေသပဲ ဖွံ့ဖြိုးလာပြီး ကုန်းတွင်းပိတ်က အရေးကြီးတယ်။ ဒါကြောင့် ဒုတိယသမုဒ္ဒရာ ရှာပုံတော် ဖွင့်လာတယ်။ ဒီ မတိုင်ခင်ကတော့ ပစိဖိတ်သမုဒ္ဒရာကိုပဲ အားကိုးရတာပေါ့။ သူ့ရဲ့ပို့ကုန်သွင်းကုန်တွေကိုလည်း ပစိဖိတ်လမ်းကြောင်းကိုပဲ အားကိုးနေရတာ။ ဒီပစိဖိတ်ကလည်း အချိန်မရွေး ပျက်သွားနိုင်တယ်။ ပစိဖိတ်ကို လွှမ်းမိုးထားတာက အမေရိကန်ရေတပ်။ တရုတ်အတွက် သိပ်အရေးကြီးတာတစ်ခုက ဒုတိယသမုဒ္ဒရာ ရှာဖို့လမ်းကြောင်း ဒီလမ်းကြောင်းကလည်း နဂိုကတည်းက တရုတ်အနေနဲ့ လုပ်ဖို့ရှိတယ်ဆိုတာ ကျွန်တော်တို့ ဖတ်ရပါတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာပြည်ကိုဖြတ်ပြီးမှ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ရဖို့။ ဒီထွက်ပေါက် ရဖို့ကလည်း တရုတ်အတွက် အရေးကြီးတယ်။ လက်ရှိတရုတ်ရဲ့စီးပွားရေးကို ထိန်းထားနိုင်ဖို့အတွက်က မြန်မာပြည်က သိပ်ပြီးကို အရေးကြီးလာတယ်။ တရုတ်က အဲဒီအချိန်မှာ မြန်မာပြည်ကို အပူတပြင်း လိုအပ်တယ်။ မြန်မာပြည်ကလည်း ရေနစ်နေတယ်ဆိုတော့ ဒီအနေအထားအောက်မှာ အထူးသဖြင့် တရုတ်နဲ့ မြန်မာအကြား စီးပွားရေး ဆက်ဆံရေးဟာ အမြင့်ဆုံးအဆင့် ရောက်သွားတယ် ထင်ပါတယ်။ သို့သော် ဒီအနေအထားကြီးက လက်ရှိအခြေအနေမှာ တစ်စုံတစ်ရာ ပြောင်းသွားတယ်။ မြန်မာပြည်က ခေါင်းဆောင်တွေဘက်ကလည်း တစ်စုံတစ်ရာ စဉ်းစားထားဟန် ရှိကြတယ် ထင်ပါတယ်။ ICG အဖွဲ့ကလည်း ထောက်ပြထားတယ်လေ။ မြန်မာဟာ တရုတ်အပေါ် တစ်ဖက်သတ် မှီခိုထားတဲ့ အနေအထားကို သိပ်မကြိုက်ဘူး။ အဲဒါလည်း ဖြစ်နိုင်မယ်ထင်တယ်။ မြန်မာပြည်နဲ့ တရုတ်ပြည်ဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ အပေါ်ယံ အဆင်ပြေသလို ရှိပေမယ့် နောက်ပိုင်းမှာ အဆင်မပြေဘူး။ နယ်စပ်ပြသနာ ရှိတယ်။ မြန်မာပြည် ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေးရှိတယ်။ အဲဒီတော့ သိပ်အဆင်ပြေလှတယ်တော့ မဟုတ်ပါဘူး။ တရုတ်အပေါ်မှာ နောက်ပိုင်း တစ်ဖက်သတ် မှီခိုရတဲ့ အခြေအနေကို မြန်မာရဲ့ တပ်မတော်ခေါင်းဆောင်တွေက သိပ်ပြီးတော့ သဘောကျဟန် မတူဘူး။ အိုင်စီဂျီ က အဲဒီအတိုင်းကို ကောက်ချက်ချတယ်။ တရုတ်ကို အလွန်အကျွံ မှီခိုရမှုကို လျှော့ချဖို့ဆိုရင် အနောက်နဲ့ ဆက်ဆံဖို့လိုတယ်။ အဲဒီလို ဆက်ဆံဖို့ဆိုရင် ပြောင်းလဲရေး က မလုပ်လို့ မဖြစ်ဘူးဆိုတာ သိထားတော့ ဒီကိစ္စဟာ ပြုပြင်ပြောင်းလဲဖို့အတွက် စေ့ဆော်မှုတစ်ခု ဖြစ်နိုင်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ အလှည့်အပြောင်းက ဒါနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ICG အဖွဲ့က ကောက်ချက်ချ ထားတာလည်းရှိတော့ အရင်လို isolated အနေအထားတော့ မဟုတ်တော့ဘဲ အမေရိကန်နဲ့ အနောက်အုပ်စုနဲ့ တစ်စုံတစ်ရာ ဆက်ဆံရေးလမ်းကြောင်း ပွင့်လာတာပေါ့။ အဲဒီအပေါ်မှာ တရုတ်ဘက်ကလည်း စိုးရိမ်ပူပန်မှု ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစိုးရသစ် လက်ထက်ကစလို့ တရုတ်မြန်မာ ဆက်ဆံရေးဟာ အရင်အစိုးရ လက်ထက်ကလောက်တော့ မကောင်းဘူးထင်တယ်။

မေး။ ။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်နေဆဲပဲ။ ဒါပေမဲ့ တော်တော်များများက ၂ဝ၁ဝ ရှေ့ပိုင်းက ရင်းနှီးမြှုပ်နှံခဲ့တာတွေ ဖြစ်နေတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာ ဂျပန်ဝင်လာတယ်။ အနောက်နိုင်ငံတွေ ကလည်း ဝင်လာတာရှိတော့ တရုတ်အနေနဲ့ကတော့ အရင်က သူ့အနေနဲ့ သီးသန့်ဆိုသလို ရနေတဲ့ အနေအထားကနေ ခု လို ပြိုင်ဘက်တွေ ပေါ်လာတဲ့အချိန်မှာ သူ့အနေနဲ့ ဘယ်လိုစိုးရိမ်မှုတွေ ရှိလာနိုင်သလဲ။ နောက်တစ်ချက်ကတော့ တစ်ပြိုင်နက်တည်းမှာလိုပဲ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ လူထုကနေ ကန့်ကွက်မှုတွေ များလာတဲ့အချိန်မှာ အဲဒီအကျိုးဆက်ကရော ဘာတွေများ ဖြစ်နိုင်သလဲ။

ဖြေ။ ။ စောစောက ပြောသလိုပေါ့ဗျာ။ အရင်က တရုတ်မြန်မာချုပ်ဆိုခဲ့တဲ့ စီမံကိန်းစာချုပ်တော်တော် များများမှာ မြန်မာက အောက်ကြေးနဲ့ပဲချုပ်ခဲ့ရတာ။ တရုတ်က သိပ်သဘောကျတာပေါ့။ သို့သော် အရင်အချိန်ကတော့ ကျွန်တော်တို့ လူထုကလည်း မကျေနပ်ချက်တွေကို ဖော်ထုတ်ဖို့ အခွင့်မသာဘူး။ နိုင်ငံတကာကလည်း အဆက်ဖြတ်ထားတယ်။ အခုတော့ အပြောင်းလဲတွေက တစ်စုံတစ်ရာ ဖြစ်လာခဲ့ပြီဆိုတော့ ဒီမျှတမှု မရှိတဲ့ စာချုပ်တွေကို ဝေဖန်မှုတွေ ရှိလာတယ်။ နိုင်ငံတကာနဲ့လည်း အဆက်အသွယ် ရလာပြီဆိုတော့ ရှေ့ဆက်ပြီးတော့ တစ်ဖက်သတ်ကျတဲ့ စာချုပ်တွေ ချုပ်ဆိုဖို့ကတော့ မလွယ်တော့ဘူး ထင်တယ်။ အဟောင်းတွေကိုလည်း ဆက်အကောင်ထည်ဖော်ဖို့က တော်တော်များများ ပြသနာရှိတယ်။ အထူးသဖြင့် မြန်မာအစိုးရက မလွှဲမရှောင်သာ စဉ်းစားရမှာက ပြည်သူလူထုက လက်မခံဘူးဆိုတာကို ဖြစ်တယ်။ ဒီအနေအထားတွေအောက်မှာ ရှေ့ဆက် ဆိုးဆိုးရွားရွား ဖြစ်မသွားပေမယ့် အရင်ကလောက် မကောင်းနိုင်တော့ဘူး။ ဒါကြောင့် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေက အရင်ကလောက် မကောင်းနိုင်တော့ဘူး။ အဲဒီတော့ အရေးကြီးတာက ဟာသွားတဲ့ ရင်းနှီးမြှုပ်နှံမှု နေရာတွေမှာ ဘယ်က ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖြည့်ရမလဲဆိုတာ စဉ်းစားရမယ် ဒါကတစ်ချက်။ နောက်တစ်ချက်က တရုတ်နဲ့ လွန်သွားခဲ့တဲ့ စာချုပ်ဟောင်းတွေကိုရော ဘယ်လို ရင်ဆိုင်ကြမလဲ။ လုံးဝ ဖျက်သိမ်းပစ်မှာလား။ ဒါမှမဟုတ် ဒီအတိုင်း ဆက်သွားမလား။ ဒါမှမဟုတ် တတ်နိုင်သလောက် စေ့စပ်ညှိနှိုင်းပြီးတော့ အထိုက်အလျောက် မျှတအောင် စာချုပ်တွေကို ပြင်ပြီးမှ သွားမလား။ သုံးခုရွေးစရာ ရှိတာပေါ့လေ။ ပြည်သူ့ဆန္ဒကတော့ လုံးဝဖျက်သိမ်းဖို့မှာ ရှိလိမ့်မယ်ထင်တယ်။ အရင်အစိုးရနဲ့ ချုပ်ဆိုစဉ်က အကျိုးစီးပွား တစ်စုံတစ်ရာရှိတဲ့ အင်အားစုတွေဘက်ကတော့ ဘာမှ မပြောင်းလဲဘဲ ဒီအတိုင်း ဆက်သွားဖို့ လိုလားမှာပဲ။ နှစ်ခုစလုံးက အန္တရာယ်ရှိတယ်။ ပထမတစ်ခု လုံးဝဖျက်သိမ်းတာမျိုး လုပ်လိုက်ရင် ကျွန်တော်တို့က တရုတ်ပြည်က လာနိုင်တဲ့ ပထဝီနိုင်ငံရေး အန္တ ရာယ်တွေ ကြုံရလိမ့်မယ်။ နောက်တစ်ခါ စာချုပ်တွေအတိုင်း အပြောင်းအလဲမရှိဘဲ ဆက်သွားမယ်ဆိုရင် လူထုရော တိုင်းပြည်ပါ သိပ်နစ်နာတယ်။ ပေါက်ကွဲသင့်တဲ့ အခြေအနေ ဖြစ်နိုင်တယ်။ အဲဒီတော့ ကြားအဖြေတစ်ခု အနေနဲ့ တတ်နိုင်သမျှ ညှိနှိုင်းပြီး စာချုပ်တွေကို ပြင်ဆင်ချုပ်ဆိုတာတွေ ဖြစ်နိုင်သလောက် မျှတအောင်လုပ်ပြီး ဆက်သွားရအောင် လုပ်ရလိမ့်မယ်။ ချုပ်ပြောရင်တော့ လက်ပံတောင်း အစီရင်ခံစာမျိုးနဲ ပြောင်းတာ အသင့်တော်ဆုံးပဲ။

မေး။ ။ လက်ပံတောင်းအနေနဲ့ပြောရရင် အစီရင်ခံစာကတော့ ဟုတ်တယ်။ အကောင်ထည်ဖော်ရာမှာ နှောင့်နှေးတဲ့အတွက် ပြဿနာတွေ ပဋိပက္ခတွေ ဖြစ်နေရတာတွေရှိတယ်လို့ ဆိုကြတယ်။ အစိုးရအနေနဲ့ ဘယ်လိုဖြေရှင်းသင့်သလဲ။

ဖြေ။ ။ကျွန်တော့်အမြင်ပြောရရင်တော့ လက်ပံ တောင်းအစီရင်ခံစာညွှန်းတဲ့လမ်းကြောင်းဟာ ဖြစ်သ မျှ အခြေအနေမှာ အကောင်းဆုံးလမ်းကြောင်းလို့ ကျွန် တော်ထင်တယ်။ ဒါပေမဲ့ ဖြစ်သမျှ အခြေအနေတွေ ပြ ဿနာတွေကို အပြီးပြတ် မဖြေရှင်းနိုင်ရတာကတော့ လက်ပံတောင်းအစီရင်ခံစာ အကောင်ထည်ဖော်ရေး ကော်မတီမှာ ပိုတာဝန်ရှိလိမ့်မယ် ထင်တယ်။ ဘယ်အ ပိုင်းမှာ အားနည်းသလဲ တစ်ဖက်က ဒေသခံတွေ မကျေ နပ်တာက ဘာလဲ။ အထူးသဖြင့် မြေယာပြဿနာ။  မြေယာတွေ သိမ်းခံရတာ ဟုတ်တယ်။ ထိုက်သင့်တဲ့လျော်ကြေး ပေးရမယ်။ လျော်ကြေးဆိုတဲ့နေရာမှာ ငွေကြေး ပေးရုံနဲ့ လုံလောက်ချင်မှ လုံလောက်မယ်။ မြေဈေးတွေက တက်နေတာကိုး။ မြေယာအစားပေးမှုတွေ ရှိသလား။ ဒါတွေကိုတော့ ပြန်စိစစ်ဖို့လိုလိမ့်မယ်။ အစီရင်ခံစာညွှန်း တာကို လက်တွေ့မှာ ပီပီပြင်ပြင်အကောင်ထည်ဖော် ဖို့လိုတယ်။ ဒေသခံတွေဘက်ကလည်း ဖျက်သိမ်းရေး ဆိုတာထက် စေ့စပ်ညှိနှိုင်း အဖြေရှာရေးကို မျက်နှာမူဖို့ လိုလိမ့်မယ်။ နှစ်ဖက်စလုံး တင်းကြရင်တော့ ပြေလည်မှု ဘယ်တော့မှ ရမယ်မထင်ဘူး။

မေး။ ။ လက်ပံတောင်းကိစ္စ ပေါ်လာပြီး မကြာခင်မှာပဲ ကချင် ပြည်နယ်ဘက်မှာ သစ်ကိစ္စတွေ ပေါ်လာတယ်။ တစ်ဖက်ကလည်း တရုတ်တွေ အဖမ်းခံရသလို အစိုးရကလည်း ကေအိုင်အိုလို အဖွဲ့အစည်းကို အပြစ်တင်တယ်။ နောက် ထပ်ပြီးတော့ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင် က တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုနဲ့ အင်တာဗျူးလုပ်ပြီး မီဒီယာအထက် ပြန်ရောက်လာတယ်။ ဒီကိစ္စတွေက တရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေးတွေနဲ့ ဆက်စပ်နေတဲ့သဘောလား။

ဖြေ။ ။ အတိအကျကတော့ အချက်အလက်အပြည့် အစုံမရှိတော့မပြောနိုင်ဘူး။ မှန်းဆချက်အရတော့ ပတ်သက်လိမ့်မယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၃ တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားပြီးတဲ့နောက် ပျက်ခါစ ဖဆပလ ခေါင်းဆောင်ဟောင်း ဦးဗဆွေ ပြောဖူးတာရှိတယ်။ မြန်မာပြည် ပြည်တွင်းစစ် ရပ်စဲရေးဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်ပေါ့။ အဲဒီတုန်းကတော့ စစ်အေးခေတ်ဆိုတော့ အဲဒီခေတ်က အခြေအနေကို မူတည်ပြောတာပေါ့။ အရှေ့အုပ်စု အခြေအနေ မပြောင်းသရွေ့ လက်နက်ကိုင်တွေနဲ့ ပြသနာရှင်းဖို့ ခက်ပါလိမ့်မယ်ပေါ့လေ။ အနောက်အုပ်စု မူဝါဒ မပြောင်းသရွေ့လည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တွေနဲ့ ပြသနာတွေကို ရှင်းဖို့ခက်လိမ့်မယ်လို့လည်း သူက ပြောခဲ့တယ်။ အဲဒီစကားပြောခဲ့တာက စစ်အေးခေတ်ပေါ့ဗျာ။ အခုက စစ်အေးခေတ် မရှိတော့ဘူးဆိုပေမဲ့ ဂရိတ်ပါဝါ ယှဉ်ပြိုင်မှုတွေကလည်း ရှိနေတယ်။ တချို့ကတောင် ဒုတိယစစ်အေး အန္တရာယ်လို့တောင် ပြောနေကြတာတွေ ရှိတယ်။ ကျွန်တော်ကတော့ အဲဒီအယူအဆတွေ အခုထိ အသက်ဝင်နေဆဲလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အရင်အစိုးရ လက်ထက်က အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရာမှာ ကေအင်န်ယူက ကျန်နေခဲ့တယ်။ တစ်ခါ အဲဒီတုန်းက ကျွန်တော်တို့နဲ့ အနောက်အစိုးရနဲ့ ဆက်ဆံရေး မကောင်းဘူး။ အခုတစ်ခါ ကြည့်ပြန်တော့ အဓိက အဖုအထစ် ဖြစ်တာက ကေအိုင်အေ။ အဲဒီမှာလည်း တရုတ်ပြည်နဲ့ ဆက်ဆံရေးက တစ်စုံတစ်ရာ ယိုယွင်းလာတာက ရှိတယ်။ ဒါတွေကို ဆက်စပ်ကြည့်မယ်ဆိုရင် ပထဝီနိုင်ငံရေး သက်ရောက်မှုဖြစ်နိုင်တယ်။ တရုတ်ပြည်က သစ်လာထုတ်တာတွေကို အစိုးရက ကိုင်တွယ်လိုက်တဲ့ကိစ္စတို့ ကိုးကန့်ခေါင်းဆောင်ကို ပွဲထုတ်လာတာ လက်ပံတောင်းမှာ အရေးအခင်း ပြန်ပေါ်လာတာတွေက ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင် နိုင်ငံရေးအရ တစ်ဖက်နဲ့ တစ်ဖက် တွန်းထိုးကစားကြတာတွေလည်း ဖြစ်နိုင်တယ် ထင်တယ်။ အတိအကျတော့ မပြောနိုင်ဘူး။ ပထဝီနိုင်ငံရေးအရတော့ ပတ်သက်လိမ့်မယ် ထင်တယ်။

မေး။ ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နယ်မြေအလိုက် ခွဲခြားကြည့်မယ်ဆိုရင် တောင်ပိုင်းအဖွဲ့တွေက ငြိမ်သွားတယ်။ မြောက်ပိုင်းအဖွဲ့တွေက တစ်စုတစ်စည်းတည်းလို ပြန်ဖြစ်လာတယ်။ ပထဝီနိုင်ငံရေး ကိစ္စတွေရှိတယ်။ အမျိုးသားနဲ့ နိုင်ငံတော်လုံခြုံရေး ကိစ္စတွေရှိတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်း ၆ဝ ကျော်ကြာ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှု တိုက်ပွဲတွေကလည်း ရှိနေတော့ အဲဒီအနေအထား တစ်ရပ်မှာ အစိုးရအနေနဲ့ ဘယ်လိုမူဝါဒတွေချမှတ်ပြီး အကောင်ထည်ဖော် ဖြေရှင်းသင့်သလဲ။ ပြည်တွင်းစစ် မီးငြိမ်းဖို့ အပါအဝင်ပေါ့လေ။

ဖြေ။ ။ အမှန်ကတော့ သမားရိုးကျ အတွေးအမြင်ပါ ပဲ။ ဒါပေမဲ့ လက်တွေ့ကျတယ်လို့ ထင်တယ်။ ပြင်ပအန္တ ရာယ်ကို အကောင်းဆုံး ကာကွယ်နည်းက ပြည်တွင်း ပြဿနာကိုဖြေရှင်းပြီး ပြည်တွင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်တာလို့ ထင်တယ်။ အဲဒီတော့ ကျွန်တော် တို့အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်နိုင်မယ် ပြည်တွင်းစစ်မီးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် ပြင်ပကလာနိုင်မယ့်ပထဝီနိုင်ငံရေး သက်ရောက်မှုတွေကို အလွယ်တကူ ကျော်လို့ရမှာပဲ။ ကျွန်တော်တို့ ကိုယ်တိုင်က ပဋိပက္ခတန်းလန်းနဲ့  ဆိုလို့ရှိရင် တရုတ်ပြည်မှ မဟုတ်ဘူး။ ဘယ်နိုင်ငံကနေပဲဖြစ်ဖြစ် သူတို့ရဲ့ ကစားမှုတွေကို ကျွန်တော်တို့ ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အရင်အာရုံစူးစိုက်ပြီး လုပ်သင့်တာကတော့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပါပဲ။

မေး။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ်ကိစ္စမှာ ကြည့်လိုက်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေ တောင်းတာက ဖက်ဒရယ်ပြည်ထောင်စုလို ကိစ္စတွေဖြစ်တယ်။ လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဗဟိုချုပ်ကိုင်မှုကနေ ဖြေလျှော့ပေးခြင်း Decentralization လုပ်ဖို့တို့ ပြည်နယ်တွေ တိုင်းအစိုးရတွေကို လုပ်ပိုင်ခွင့်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကနေ ရွေးဖို့ စတဲ့ ကိစ္စတွေမှာတောင် ခက်ခဲနေတဲ့ အနေထားမှာ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ နီးစပ်နိုင်ပါ့မလား။

ဖြေ။ ။ အဲဒီတော့ ဖက်ဒရယ်ဆိုတဲ့ကိစ္စပေါ့။ ယေဘု ယျကတော့ လက်ရှိအစိုးရ ခေါင်းဆောင်တွေကော လူ မျိုးစုခေါင်းဆောင်တွေကော ဖက်ဒရယ်ကို လက်ခံတယ် ဆိုတာတော့ တူညီချက်ရှိသွားပါပြီ။ သို့သော် ဘယ် လိုဖက်ဒရယ်မျိုးလဲ ဆိုတာကတော့ အငြင်းပွားမှုတွေရှိ နေပါတယ်။ ဒါကတော့ ညှိဖို့လိုလိမ့်မယ်။ သီအိုရီအရ ကို အငြင်းပွားမှုရှိတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ဆောင်း ပါးတစ်ပုဒ်ပေါ့။ ကြာပါပြီ။ Journal of Democracy မှာပါတာကြာပါပြီ။ ဆောင်းပါးနာမည်က Federalism US Model ဆိုတာ။ အခုနောက်ပိုင်း စစ်အေးခေတ် နောက်ပိုင်းမှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ကြိုးစားလာ ကြတာက နိုင်ငံတော်တော်များများက အမေရိကန်ပုံစံ ဖက်ဒရယ်ကိုသွားပြီး မျက်စိကျကြတယ်။ US ရဲ့ ကနဦး မော်ဒယ်ပေါ့ဗျာ အတိအကျပြောရရင်တော့ Coming together Federalism ပေါ့ဗျာ။ ဒါကဆိုလိုတာကတော့ ပေါ်ပေါက်လာတာကတော့ မူလပုံစံကိုမူတည်ပြီးတော့ ခွဲတဲ့နည်းလမ်းပါ။ သမိုင်းကြောင်းအရကြည့်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စု က တစ်သီးတစ်သန့်လွတ် လပ်တဲ့ ပြည်နယ်တွေ ကိုလိုနီဟောင်းပြည်နယ်တွေက စတာ။ အဲဒီအထဲမှာ ပြည်နယ်တချို့က Confederation နဲ့သွားချင်တယ်။ တချို့က ဖက်ဒရေးရှင်းနဲ့သွားချင်တယ်။ အဲဒီပဋိပက္ခကို စေ့စပ်ညှိနှိုင်းမှုနဲ့ ဖြေရှင်းတော့ အဖြေရ တယ်။ တစ်နည်းပြောရရင်တော့ ကွန်ဖက်ဒရေးရှင်းနဲ့ ဖက်ဒရေးရှင်းဂိုဏ်းအကြား ဆွေးနွေးညှိနှိုင်းပြီးမှရတဲ့ အဖြေ။ အဖြေရဲ့ထူးခြားချက်က ကြားအဖြေမရရင် ပြည် နယ်တွေခွဲထွက်နိုင်တဲ့ အန္တရာယ်ရှိတော့ တစ်ဖက်က အလျှော့ပေးစေ့စပ်ရတာရှိတယ်။ ဒီတော့ အဲဒီမှာ Decentralize Federal ပေါ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် တွေ ပိုပေးရတဲ့ပုံစံပေါ့။ အတူယှဉ်တွဲနေထိုင်ရေး coming together federal ဆိုပြီး ဒီပုံစံကို နာမည်ပေးကြတယ်။ တော်တော်များများက US မိုဒယ်အတိုင်း လိုက်ကြတယ်။ အထူးသဖြင့် ကျွန်တော်တို့လို လူမျိုးပေါင်းစုံစုစည်းနေ ထိုင်နေကြတဲ့ တိုင်းပြည်တွေမှာ တစ်ခါတစ်ခါ coming together မိုဒယ်နဲ့ ကိုက်ချင်မှ ကိုက်လိမ့်မယ်။ အဲဒီတော့ Alternative အနေနဲ့ ဘာစဉ်းစားလဲဆိုတော့ အဲဒါက အိန္ဒိယမိုဒယ်ပေါ့။ Holding together ပေါ့။ လူမျိုးစု အင်အားစုတွေမှာလည်း လက်နက်ကိုင်အင်အားစုတွေ ရှိနေချိန်မှာ တစ်ပြည်ထောင်စနစ် ကျင့်သုံးလိုက်ရင် ပြည် တွင်းစစ်တို့ ပဋိပက္ခတို့ ဖြစ်နိုင်တယ်ဆိုတာ အိန္ဒိယမှာ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေက သဘောပေါက်တယ်။ ဒါကြောင့် သူကလည်း Unitary မသုံးဘဲ ဖက်ဒရယ်သုံးတယ်။ အများစုလူမျိုးစုက ဦးစီးဦးဆောင် လုပ်သွားတဲ့အတွက်ကြောင့် သူဟာ အမေရိကန်ပုံစံနဲ့ မတူဘူး။ Decentralize မဟုတ်ဘဲ Centralize ပုံစံနဲ့ သွားတယ်။ အတူပေါင်းစည်းရေး ဖက်ဒရယ်လို့ သတ်မှတ်ကြတယ်၊ အဲဒီပုံစံမျိုးနဲ့ သွားတာက လက်တွေ့မှာ ပိုပြီး နီးစပ်နိုင်လိမ့်မယ် ထင်တယ်ဆိုတဲ့ ယူဆချက်တစ်ခု ရှိတယ်။ ဒါကတော့ သီအိုရီဆန်တာပေါ့။ အကျေအလည် ဆွေးနွေးကြမယ်ဆိုရင်တော့ ဘယ်လိုဖက်ဒရယ်လဲ ဆိုတာ ရမယ်ထင်ပါတယ်။ လက်တွေ့ကျကျ ပြောရရင်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့လေ။ ဖက်ဒရယ်သဘော ဆောင်တာတွေပါတယ်။ power sharing အဲဒီလို ပြောရရင်တော့ အခွန်နဲ့ ပတ်သက်တဲ့ ဇယားတွေလည်း ပါတာပေါ့လေ။ သဘာဝအရင်းအမြစ် သယံဇာတ ခွဲဝေမှုကတော့ မပါဘူး၊ အမှန်တော့ ပါသင့်တယ်ပေါ့လေ။ power sharing နဲ့ ပတ်သက်လို့ တရားဝင် ဖော်ပြထားတဲ့ အချက်တွေပါတယ်။ ဒါဟာ ဖက်ဒရယ်ရဲ့ လက္ခဏာတစ်ရပ်ပဲ။ ဒါပေမဲ့ အာဏာခွဲဝေမှုကို ဖော်ပြထားတဲ့ ဇယားတွေပေါ့ အဲဒီ ဇယားတွေက လူမျိုးစုအမြင်အရ တစ်ဖက်စောင်းနင်း ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါတွေကို ပေးထားချက်အရ ယူပြီးတော့ နှစ်ဖက်ညှိနိုင်ရင် နှစ်ဖက်သဘောတူတဲ့ အာဏာခွဲဝေမှု ရနိုင်ပါတယ်။ တိတိကျကျပြောရရင် ဇယား (၁)၊ (၂)နဲ့ ဇယား (၅) အခွန်ကောက်ခံခွင့်နဲ့ ပတ်သက်တဲ့ ဇယားတွေ။ သို့သော် ဟာနေတာက သယံဇာတခွဲဝေမှု မပါဘူး။ အဲဒါက ၂ဝဝ၈ လည်း မပါခဲ့ဘူး။ ၄၇ ဖွဲ့စည်းပုံမှာလည်း မပါခဲ့ဘူး။ အဲဒီ resources sharing ကို ကျွန်တော်တို့ ကြားသိသလောက်ကတော့ လက်ရှိခေါင်းဆောင်တွေ တင်းတင်းမာမာ ခုခံတဲ့သဘော မရှိဘူး။ ခုနက အာဏာခွဲဝေမှုမှာ Resources share တွေ ဇယားတွေကို အကျေအလည် ဆွေးနွေးပြီးရင် ညှိနှိုင်းလို့ရမယ် ထင်ပါတယ်။ နောက်တစ်ခုကတော့ အနည်းငယ် အငြင်းပွားမှုဖြစ်နိုင်မယ် ထင်ပါတယ်။ ပြည်နယ် (သို့မ ဟုတ်) တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို သမ္မတက ခန့်တဲ့ကိစ္စပါ။ လူမျိုးစုတွေရဲ့ အမြင်မှာ ဒါဟာ တစ်ပြည်ထောင် စနစ်ဘက်ကို ပြန်လည်သွားတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဒီကိစ္စ အတွက်လည်း နိုင်ငံတကာ အတွေ့အကြုံတွေကို အခြေခံပြီး တီထွင်မှုရှိရှိ စဉ်းစားပြီး ကိုယ့်တိုင်းပြည်နဲ့ ပြေလည်မှုရှိမယ့် နည်းလမ်းကို ရှာနိုင်မယ်လို့ ထင်ပါတယ်။ ဥပမာ အိန္ဒိယမှာ ပြည်နယ်လွှတ်တော်ကပဲ ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးခွင့်ပေးတယ်။ တစ် ဖက်က ဗဟိုအစိုးရကလည်း ဗျူရိုကရေစီနဲ့ ထိန်းထားတယ်။ သို့သော် ဒါက နည်းတစ်နည်းပေါ့။ တခြားနည်းတွေလည်း ရှိတယ်။ ပြောချင်တာက လက်တွေ့ကျကျ  စဉ်းစားရင် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြင်လို့ ရနိုင်ခြေရှိတဲ့ အချက်တွေကို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ပေးလိုက်နိုင်ရင် ပိုကောင်းမယ် ထင်တယ်။ ကျန်တဲ့ Controlersial issue တွေ အဖြေရဖို့ ခက်တာတွေကိုတော့ အလွတ်သဘော ညှိပြီး အချိန်တစ်ချိန်ကျမှ ပြန်စဉ်းစားတာ ကောင်းလိမ့်မယ်။ တပ်ကိစ္စတွေ လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါင်းစည်းရေးကတော့ အဆင့်တွေရှိတယ်။ အခုသွားနေတာက တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဒီမှာ တစ်ခံနေတာ။ ဒါပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ။ ဒီမှာ တစ်ခံနေ တာ။ လုပ်ရမှာက အရေးကြီးတဲ့ နိုင်ငံရေးပြသနာတွေ ရှင်းကြရမှာ။ အဲဒါတွေ ရှင်းပြီးလို့ တတိယအဆင့် ရောက်မှပဲ တပ်ပေါင်းစည်းရေး ကိစ္စတွေ လုပ်ရမှာ။ တပ်ပေါင်းစည်းရေးက နိုင်ငံတကာ အတွေ့အကြုံအရပြောရင် အနည်းဆုံး ဆယ်စုနှစ်ချီ ကြာနိုင်တယ်။ အဲဒီဟာတွေကို အဆောတလျင် မကိုင်တွယ်ဖို့ လိုလိမ့်မယ်။ အရင်ဆုံး အပစ်ရပ်ရမယ်။ အကုန်လုံး မရနိုင်ရင်တောင် ရသလောက်နဲ့ လက်မှတ်ထိုး ဆွေးနွေးပွဲ စရလိမ့်မယ်။ မထိုးနိုင်သူတွေကိုလည်း ပစ်မထားသင့်ဘူး။ လေ့လာသူတွေ အနေနဲ့ တက်ခိုင်းသင့်တယ်။ ပြေလည်နိုင်စရာရှိတဲ့ ဖွဲ့စည်းပုံနဲ့ ဆက်စပ်နေတာတွေကို အရင်လုပ်ပါ။ အဲဒါပြီးမှ DDR ကိုသွားတာ အကောင်းဆုံးပါပဲ။ ခုက ကျွန်တော်တို့က အခက်ခဲဆုံး အချိန်ယူရဆုံးကို အရင်ဆုံး စတင်သလို ဖြစ်နေတယ်။ လက်တွေ့မှာ အခက်အခဲ ရှိလိမ့်မယ်ထင်တယ်။ နိုင်ငံရေးမှာ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ကွင်းဆက်ကလည်း အရေးကြီးတယ်။ ဘယ်အချိန် ဘာလုပ်မယ်ဆိုတဲ့ Timeline ကလည်း အရေးကြီးတယ်ထင်တယ်။

မေး။ ။ လက်ရှိအနေအထားမှာ ပထဝီနိုင်ငံရေးအရကြည့်မယ် ဆိုရင်လည်း တရုတ်နဲ့နီးစပ်တဲ့ UWSA 'ဝ'လို အဖွဲ့တွေလည်း ရှိနေတယ်။ သူတို့ကလည်း ပစ်တာ မပစ်တာ အင်အားကလည်း တောင့်တင်းပြီး တစ်စုံတစ်ရာ ခြိမ်းခြောက်နိုင်တဲ့ အခြေအနေမှာလည်း ရှိနေတယ်။ နောက်တစ်ချက်က အခု ကချင်မှာဖြစ်ခဲ့တဲ့ သစ်ပြသနာတွေမှာဆိုရင် ပြေပြေလည်လည် လုပ်ဖို့ဆိုပြီး တရုတ်ဘက်က သတိပေးတာမျိုးတွေ တွေ့ရတယ်။ အဲဒီ အနေအထားမှာရော သူ့ အနေနဲ့ ဘာကြောင့် ဒီလိုပြောလာတာတွေ ဖြစ်နိုင်သလဲ။ ဒါမှမဟုတ် ဒီနိုင်ငံက အရင်လိုပဲ ငါတို့ အထက်စီးနဲ့ ဆက်ဆံလို့ရတယ်ဆိုတဲ့ အနေထားမျိုးနဲ့ ဆက်ဆံတာမျိုးရော မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ တရုတ်ရဲ့လိုအပ်ချက်ဆန္ဒကတော့ မှန်းဆ ကြည့်ရင် အနိမ့်ဆုံး လိုလားချက်ကတော့ သူမြန်မာပြည် အစိုးရကို အပြည့်မယုံဘူး။ အဲဒီအတွက် တရုတ်ပြည်နဲ့ မြန်မာနိုင်ငံကြားထဲမှာ ကြားခံနယ်မြေ Buffer zone တွေကို လုံခြုံစိတ်ချမှု အနေနဲ့ ရှိစေချင်တယ် ထင်ပါတယ်။ ဒါက သူ့ရဲ့အနိမ့်ဆုံး လိုလားချက်ပေါ့။ ဒီထက်မြင့်တဲ့ လိုလားချက်ကတော့ အရင်တုန်းက အနေအထားလိုပဲ မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီး မြန်မာနိုင်ငံက သူ့အတွက် လိုအပ်တဲ့ သယံဇာတနဲ့ လောင်စာကို ပေါပေါလောလောနဲ့ ရချင်တဲ့ ဆန္ဒလည်း ရှိနိုင်ပါတယ်။ အနိမ့်ဆုံး အချက်တော့ လောလောဆယ်မှာ အလောတကြီး မကိုင်တွယ်သင့်သေးဘူး။ တည့်တည့်ပြောရရင်တော့ အခု 'ဝ' UWSA ပေါ့။ 'ဝ'ဟာ Buffer သဘောမျိုး ဖြစ်နေတယ်။ လောလောဆယ် ကောင်းသည် မကောင်းသည် စံတွေနဲ့ ထည့်မတွက်ဘဲနဲ့ လောလောဆယ် ဒီအတိုင်း ထိန်းထားပြီး ဆက်သွားရမယ်။ စီးပွားရေး ဆက်ဆံမှုတွေမှာလည်း တစ်ဖက်စောင်းနင်းဖြစ်အောင် မလုပ်ဘဲနဲ့ ထိန်းထိန်းသိမ်းသိမ်း ညှိသွားရမယ် ထင်တယ်။ တရုတ်ဘက်က ဖြစ်နိုင်ခြေရှိတဲ့ လိုလားချက် Demand တွေကို စဉ်းစားကြည့်ပြီး ကျွန်တော်တို့ဘက်က ဘယ်လိုပြင်ဆင် သင့်သလဲဆိုတာကို စဉ်းစားကြည့်တာပါ။

မေး။ ။ ဒီကြားထဲမှာမှ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ညှိညှိနှိုင်းနှိုင်းမဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ဒီသစ်ထုတ်တဲ့ကိစ္စမှာမိတဲ့ တရုတ်တွေကိုပဲ အပြစ်ပေး ဖို့ဆိုပြီး မီဒီယာတစ်ခုကရေးသားတာတွေ့ရတယ်။ တစ်ဖက်မှာလည်း ဒီကိစ္စတွေက အာဏာပိုင်တွေနဲ့လည်း ပတ်သက်နိုင်တယ်။ မပတ်သက်နိုင်ဘူး ဆိုတာလည်း ယတိပြတ်မပြောနိုင်ဘူး။ တရားမဝင် နယ်စပ်ဖြတ်ကျော် ကိစ္စတွေ၊ မူးယစ်ကိစ္စတွေလည်း ရှိနေသလို တစ်ဖက်မှာလည်း တရုတ်နိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ပြောင်းရွှေ့အခြေချ နေထိုင်နေတာ နိုင်ငံသားတွေ ဖြစ်လာတာကလည်း အများကြီးပဲ။ ဒီအနေအထားတွေ အပေါ်မှာ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေးကို ခြိမ်းခြောက် မခံချင်ဘူးဆိုရင် ဖြစ်နေတဲ့ ပြသနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသင့်သလဲ။

ဖြေ။ ။ အစိုးရရဲ့ ပါဝါပေါ်လစ်တစ်ပေါ့ဗျာ။ Power politic မှာ ညှိနှိုင်းတာဆိုရင်တော့ Soft power ပေါ့လေ။ အလုပ်ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ တစ်ခါတစ်ခါ Hard power နဲ့ ပေါင်းစပ်ပေးရတာလည်း ရှိမှာပေါ့။ ဘယ်လို အချိုးညီအောင် ပေါင်းစပ်မလဲ Smart power ဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာက အဓိကကျတာပါ။ ဒါတွေက နည်းတွေမရှိဘူးဗျ။ ဖြစ်နိုင်ခြေရှိတာကို လည်း ထည့်တွက်ရမယ်။ ရနိုင်တဲ့အကျိုးကျေးဇူးတွေ လည်း ထည့်တွက်ရမယ်။ အဲဒီလို ဘက်စုံထည့်တွက် ပြီးတော့မှ Hard power နဲ့ Soft power ကိုပေါင်းစပ် နိုင်ရင်တော့ Smart power ဖြစ်မယ်။ ဒီနည်းနဲ့ပဲကျော် လို့ရလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူရဲ့ဆန္ဒကတော့ အရိုးခံအတိုင်းစဉ်းစားတယ်။ မခံချင်စိတ်က များတယ်။ အဲဒီအတိုင်းတော့ အစိုးရအနေနဲ့သွားလို့ရမယ်မထင်ဘူး။

မေး။ ။ ၂ဝ၁ဝနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးမှာ အမေ ရိကန် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းလာသ လို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာလည်း သတိထား ရမယ့်သဘောမျိုးဖြစ်လာတယ်။ တစ်ဖက်ကကြည့်ရင် လည်း တရုတ်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ဂျပန်တို့ ဘာတို့ ဆိုရင်လည်း မြန်မာနိုင်ငံမှာ အလုံးအရင်းနဲ့ ဝင်ရောက် ရင်းနှီး မြှုပ်နှံလာတာ တွေ့ရတယ်။ မြန်မာအနေနဲ့ အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးမှာရော ကိုယ့်ရဲ့ လုံခြုံရေးအရရော၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအရရော အားလုံး ဟန်ချက်ညီ ကောင်းမွန်ဖို့ အတွက်ဆိုရင် ဘယ်လိုဆောင်ရွက်သင့်သလဲ။

ဖြေ။ ။ ကျွန်တော်က အဲဒါကို သိပ်ထွက်တာ မကြာသေးတဲ့ ဟင်နရီကစ်ဆင်းဂျားရဲ့စာအုပ်ဖတ်ကြည့်ရင်းနဲ့ ကျွန်တော် စဉ်းစားမိတာလေးတွေပေါ့။ World Order သူ့ရဲ့အယူအဆက သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ There is no world order ကမ္ဘာ့အစီအစဉ် ဆိုတာမရှိဘူး။ အရင်ရှိခဲ့တဲ့ ကမ္ဘာ့အစီစဉ်တွေအားလုံး က ကိုယ့်တစ်ဦးချင်းရဲ့စံနှုန်းတွေနဲ့ တစ်ကမ္ဘာလုံးကို လိုက်နာအောင် ကြိုးပမ်းကြရမယ့် အစီအစဉ်တွေ၊ ဖြစ်စဉ်တွေပဲ။ ဒီကနေ့ကာလမှာ အဲဒါမျိုးတွေ လုပ်လို့မရတော့ဘူး။ အဲဒီတော့ ဒီကနေ့ကာလရဲ့လိုအပ်ချက်က တစ်ကမ္ဘာလုံး လက်ခံနိုင်တဲ့ World Order တစ်ခုပေါ်ဖို့ ဒါကလည်း အချိန်တို တစ်ခုအတွင်းမှာ မဖြစ်နိုင်ဘူး။ ကာလတစ်ခုအတွင်းမှာ တည်ဆောက်ယူရမယ်။ ဒီကြားကာလမှာ ဘယ်လိုသွားကြမလဲ။ ပုံသေနည်းတွေ မရှိပါဘူးတဲ့။ Case by case ပဲ စဉ်းစားဖို့ လိုလိမ့်မယ်တဲ့။ တည့်တည့်ပြောရင် အုပ်စုသဘော မဆောင်တဲ့ ပုံသေမဟာမိတ် မထားတဲ့ အရှင်ဆက်ဆံရေးမျိုး ဖြစ်ဖို့လိုလိမ့်မယ်။ ပြောချင်တာကတော့ ဂရိတ်ပါဝါ ယှဉ်ပြိုင်မှုတွေထဲမှာ ပါးပါးနပ်နပ် ကစားဖို့ လိုလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေဟာ ဝံပုလွေတွေ ကြားထဲမှာ ကနေတဲ့ သဘောမျိုး ရှိတယ်။ ဘယ်ဝံပုလွေနဲ့မှ ရန်ဖြစ်လို့ မဖြစ်သလို ဘယ်ဝံပုလွေနဲ့မှလည်း သိပ်ပူးလို့ မဖြစ်ဘူး။ ကြားထဲမှာ ပါးပါးနပ်နပ်နဲ့ ကခုန်နိုင်ဖို့ လိုလိမ့်မယ်လို့။ အရပ်စကားနဲ့ ပြောရရင်တော့ ဝိုင်းဝန်းပိုးပန်းသူတွေ များနေတဲ့ အပျိုအရွယ်ကလေးပေါ့။ ဘယ်သူ့ဘက်မှ မယိုင်ဘဲနဲ့ ကိုယ့်ရဲ့အပျိုရည်လည်း ထိန်းရင်းနဲ့ အီစီကလီ လုပ်တတ်ဖို့ လိုလိမ့်မယ်။ ဒါဟာ ဒီပလိုမေစီသဘောလို့ ကျွန်တော် နားလည်တယ်။ ဒီအတိုင်းပဲ သွားလို့ရလိမ့်မယ် ထင်တယ်။ အတိအကျ ဘာလုပ်ပါဆိုတာကတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး၊ ပြောခွင့်လည်း မရှိပါဘူး။
------------------------------------------------------------------------------------------------------------------ The Flower News ဂျာနယ်မှ စိုင်းထွန်းအောင်လွင် တွေ့ဆုံ မေးမြန်းသည်။

Thursday, January 22, 2015

အာဆီယံထဲက မြန်မာ


ကိန်းဂဏန်းအချက်အလက်တွေက ပြောပြတဲ့ မြန်မာနိုင်ငံအကြောင်းကို မြန်မာ့သွေးမိတ်ဆွေတွေအတွက် ပြန်လည်ဝေမျှပါတယ်။ တချို့အချက်အလက်တွေက လက်ခံဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့်လည်း လုံးလုံးကြီး လွဲသွားတာမျိုးတော့ မရှိဘူးလို့ ကျွန်တော်က မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဗဟုသုတအဖြစ် လေ့လာထားသင့်တယ်လို့ ထင်မြင်မိကြောင်းပါ။ ကိန်းဂဏန်းတွေက ခုနှစ်သက္ကရာဇ် တစ်ခုတည်းကဟာတွေ မဟုတ်တာကိုတော့ နားလည်ပေးစေလိုပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံး နောက်ဆုံး ၃ နှစ်အတွင်းက အချက်အလက်တွေနဲ့ ရေးဆွဲထားတဲ့ ပုံလေးတွေကိုပဲ ရွေးတင်ပေးထားတာပါ။ အာဆီယံနိုင်ငံတွေအကြောင်း လေ့လာရင်းနဲ့ ကိုယ့်မြန်မာအကြောင်းလည်း သိနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါ။















Monday, January 19, 2015

လူသားဆန်မှုတွေ ပျောက်ဆုံးကုန်ပြီလား



နည်းပညာ အံ့မခန်း တိုးတက်လာမှုက လူသားတွေရဲ့ ဘ၀တွေကို ပြောင်းလဲသွားစေခဲ့တယ်လို့ ဆိုကြပါတယ်။ နည်းပညာပစ္စည်းတွေကြောင့် ကျွန်တော်တို့တွေရဲ့ လူနေမှုအဆင့်တွေ မြင့်မားလာတယ်၊ အရာရာကို အလွယ်တကူ ဆောင်ရွက်လုပ်ကိုင်နိုင်လာတယ်။ သိချင်တာတွေကို ခဏချင်းအတွင်းမှာ ရှာနိုင်၊ ဖွေနိုင်၊ သိနိုင်နေကြပြီလို့ ဂုဏ်ယူကြတယ်။ အခန်းထဲက အပြင်မထွက်ဘဲ အိမ်ကနေ ဈေးဝယ်လို့ ရနေပြီ။ ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ရောက်နေတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဆက်သွယ်လို့ရနေပြီ၊ စကားပြောလို့ရနေပြီ၊ မျက်နှာမြင်လို့ရနေပြီ။ လူနေမှုပုံစံတွေ ပြောင်းလဲသွားတာကတော့ အမှန်ပါပဲလေ။ ဒါပေမယ့် အဲဒါနဲ့အတူ ကျွန်တော်တို့တွေ ရှောင်လွှဲမရဘဲ ရင်ဆိုင်ကြုံတွေ့ နေရတာတွေလည်း ရှိပါသေးတယ်။ လူသားက လူသားမဆန်တော့ဘူးလို့ ငြီးတွားသူတွေလည်းရှိရဲ့။ လူသားရဲ့ အနှစ်သာရတွေ ပျောက်ဆုံးကုန်ပြီလို့ ၀မ်းနည်းနေကြသူတွေလည်း မရှား။ ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ကုန်ကြတော့ သဘာဝတရားတွေကို ပစ်ပယ်လာကြပြီ၊ တန်ဖိုးထားရမှန်း မသိတော့ဘူးလို့ မချိတင်ကဲ ဖြစ်ကြသူတွေလည်း ဒုနဲ့ဒေးပေါ့။


ဒီနေ့ခေတ်ရဲ့ နည်းပညာတွေအကြောင်း အားလုံးက နောကျေအောင် သိထားပြီးသားမို့ အထူးအထွေ ပြောပြစရာ မလိုပါဘူးလေ။ ဒါပေမယ့် နည်းပညာတွေနဲ့အတူ ကျေနပ်မနေဘဲ ကျွန်တော်တို့တွေ ရင်ဆိုင်နေရတဲ့၊ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတဲ့ ကိစ္စရပ်လေးတွေကို ထောက်ပြဝေဖန်ထားသူတွေရဲ့ လက်ရာလေးတွေကို ကြည့်ရှုခံစားကြည့်ပါဦး။ အတွေးတစ်ခုခု၊ ခံစားမှုတစ်ခုခုတော့ ရကောင်းပါရဲ့ဗျာ။










Thursday, January 15, 2015

လူပြောများနေတဲ့ အနုပညာ


Cristina Guggeri ဆိုတဲ့ အမျိုးသမီး ပန်းချီပညာရှင်တစ်ဦး ဖန်တီးထားတဲ့ အနုပညာလက်ရာတွေဟာ အခုလောလောဆယ် အွန်လိုင်းပေါ်မှာ လူပြောများလို့ နေပါတယ်။ ဖန်တီးသူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အဲဒီပုံတွေကို The Daily Duty လို့ နာမည်ပေးထားတဲ့ အယ်လ်ဘမ်နဲ့ ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာတော့ အဲဒီဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုကြတာ သိပ်မတွေ့ရဘဲ အခြားလူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ချီးကျူးကြတာရော၊ ရှုံ့ချကြတာရော၊ ဝေဖန်ကြတာရော စုံလင်နေတာ တွေ့မြင်ရပါတယ်။ အချို့က ဆန်းသစ်တဲ့ ဖန်တီးမှုတွေအဖြစ် ချီးကျူးကြပြီး အချို့ကတော့ လက်ခံဖို့ အနည်းငယ် ခက်ခဲကြောင်း ဝေဖန်ကြပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်ကြသူတွေကတော့ ဘာသာရေးအမြင်နဲ့ ကြည့်ကြသူတွေပါ။ သူတို့တွေ ပြောတာကတော့ ပုပ်ရဟန်းမင်းကြီးလို၊ ဒလိုင်းလားမားလို ပုဂ္ဂိုလ်မျိုးတွေကို အခုလို ရေးဆွဲထားတာဟာ အနည်းငယ် စော်ကားသလို၊ လှောင်ပြောင်သလို ဖြစ်စေတယ်လို့ ထောက်ပြကြသလို စော်ကားသလို ဖြစ်စေတယ်လို့လည်း မြင်ကြသူတွေ ရှိကြပါတယ်။ အချို့တွေကတော့ ရယ်စရာတစ်ခု၊ ဆန်းသစ်မှုတဲ့ ဖန်တီးမှုတစ်ခုအဖြစ်သာ ရှုမြင်ကြတာကို တွေ့ရပါတယ်။

ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာသတင်းဌာနတစ်ခုက အဲဒီဖန်တီးမှုတွေကို ပြန်လည်ဝေမျှရာမှာ ကွန်းမန့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အပြိုင်အဆိုင် တိုက်ခိုက်နေကြတာကို မြင်တွေ့ရပါတယ်။ သတင်းဌာနက ရေးသားရာမှာလည်း မြန်မာနိုင်ငံမှာသာဆို ဒီလိုပုံမျိုးတွေ ရေးဆွဲခဲ့ရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ဖွ ပေးထားတာကို ဖတ်ရပါတယ်။ အဲဒါကို ထောက်ခံတဲ့လူတွေက မြန်မာနိုင်ငံက လူတွေက အနုပညာကို နားမလည်သလို၊ မခံစားတတ်သလို၊ အမြင်မကျယ်သလို အပြစ်တင် ဝေဖန်ကြပြီး မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးတွေလည်း အခုဖန်တီးမှုတွေမှာ ပြထားသလို နေ့စဉ်အလုပ်တွေ လုပ်နေကြတာပဲ။ သူတို့ကိုလည်း အဲဒီလိုဆွဲရင် လက်ခံရမယ်လို့ ပြောဆိုကြပါတယ်။ ဒီအမြင်ကို ကန့်ကွက်ကြသူတွေကတော့ အနောက်ယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုကို တန်းမညှိဖို့နဲ့ ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု အစဉ်အလာတွေ မတူညီတာကို နားလည်ကြဖို့ ပြန်လည်ဖြေရှင်းကြပါတယ်။ အချို့တွေကတော့ လူငယ်ပီပီ ပွင့်ပွင့်လင်းလင်းပဲ အဆိုပြု ကြပါတယ်။ ဒီလို ဖန်တီးမှု အနုပညာတွေကို လက်ခံတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပဲ အရင်ဆုံး ဆွဲကြည့်ပါလားတဲ့။

ကျွန်တော့်အမြင်ကတော့ အဲဒီဖန်တီးမှုတွေထဲက လူတွေနေရာမှာ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်ဇနီး၊ ကိုယ့်သမီးဖြစ်နေရင် ဘယ်လိုမျက်စိနဲ့ ကြည့်ကြမလဲလို့ မေးခွန်းထုတ်ချင်တာပါပဲ။ ဒီလိုပုံတွေကို ဧည့်ခန်းထဲချိတ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ကြည့်ရှုခံစားနိုင်လောက်တဲ့အထိ ကျွန်တော်ကိုဉာဏ် အနုပညာအခံ မရှိတာ၊ အမြင်မကျယ်တာ၊ ခေတ်မမီတာကိုတော့ နားလည်ပေးကြပါဗျာ။

လူပြောများနေတဲ့ အနုပညာ ဖန်တီးမှုလေးတွေကို ကြည့်ရှုခံစားကြည့်ပါဦး။ ပုံတွေအားလုံးကို မူလဖန်တီးသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ (Cristina Guggeri) ကနေ ကူးယူထားတာ ဖြစ်ပါတယ်။










Monday, January 05, 2015

ဦးနှောက်မုန်တိုင်းဆင်စေသော ဖန်တီးမှုများ


တစ်ခါတရံမှာ အာဏာရှင်တစ်ယောက်ကို ဖြုတ်ချလိုက်တာဟာ အခြားအာဏာရှင်တစ်ယောက်ကို ပေါ်ထွန်းလာစေတယ်လို့ ဆိုလိုချင်သလား။ ဒါမှမဟုတ် တစ်ပတ်လည်တတ်တဲ့ နိုင်ငံရေး အစဉ်အလာတွေကိုပဲ ရည်ညွှန်းချင်သလား။

ကျွန်တော်တို့တွေရဲ့ ဘ၀မှာ Facebook ရဲ့ အသုံးဝင်မှု၊ အရေးပါမှုက ငြင်းမရတဲ့ အချက်တစ်ခု ဖြစ်လို့လာပါပြီ။ ဒါပေမယ့် အရမ်းကာရော အလွန်အကျွံ အားထားလွန်းနေတယ်လို့များ ဒီပုံကို ဖန်တီးသူက ဆိုလိုချင်သလား။ တံခါးပေါက်ကလည်း စေ့ရုံလေးပဲ ကျန်တော့တယ်။ အဲဒါလေးကို ဖွင့်လိုက်တာနဲ့ တကယ့်အပြင်လောကကြီးကို ကိုယ်တွေ့မျက်မြင် ကြုံရမှာဖြစ်ပေမယ့် ကျွန်တော်တို့တွေက အတွင်းထဲမှာပဲ လှောင်ပိတ်မိနေပြီး တံခါးလေးတစ်ချပ်ပဲခြားတဲ့ ပြင်ပကမ္ဘာကို FB ကနေ တစ်ဆင့်များ ကြည့်နေကြသလားဗျာ။

ရပ်နေတဲ့လူက ဘာကို ကိုယ်စားပြုတယ်၊ ကျွဲက ဘာကို ကိုယ်စားပြုတယ်၊ ဒုံးလက်နက်က ဘာကို ကိုယ်စားပြုတယ်၊ မုန်လာဥနီက ဘာကို ကိုယ်စားပြုတယ် စတာတွေကို အထူးအထွေ ရှင်းပြစရာ မလိုတာမို့ ဒီပုံက ပေးချင်တဲ့ message က ဘာလဲဆိုတာ...။

ဘယ်နိုင်ငံက ရွေးကောက်ပွဲတွေပဲဖြစ်ဖြစ် ယေဘုယျအားဖြင့် အခုပုံမှာ ပြထားတဲ့အတိုင်းပဲဆိုတာ ငြင်းလို့မရပါဘူးလေ။ တုတ်ကိုင်ထားတဲ့ သိုးကျောင်းသား ရှိနေသလို၊ တစ်ခုခု အမှားအယွင်း လုပ်တာနဲ့ သခင့်အလိုကျ ပြေးကိုက်ပေးမယ့် သိုးထိန်းခွေးကလည်း အရန်သင့် ထိုင်စောင့်နေတာကို ကြည့်နေရင်းနဲ့ ရွေးကောက်ပွဲတွေရဲ့ သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်မိပါတယ်။

ကောင်းဘွိုင်ဆိုတာ အမေရိကန်ရဲ့ သရုပ်သကန်။ ကုလားအုတ်စီးနေတဲ့ အာရပ်တွေကတော့ အရှေ့အလယ်ပိုင်းဒေသကို ပြောချင်တာ ဖြစ်မယ်ထင်ပါရဲ့။ စွမ်းအင်လိုအပ်ချက်အတွက် အာရပ်ကမ္ဘာကို အသည်းအသန် အာရုံစိုက်နေတဲ့ အမေရိကန်တို့ရဲ့ လုပ်ရပ်ကို သရော်ချင်တယ်လို့ မြင်မိကြောင်းပါ။

အင်တာနက်ရဲ့ အမှတ်သင်္ကေတတစ်ခုလို့ ပြောနိုင်တဲ့ @ လေးကို နေမင်းသဖွယ် ရေးဆွဲပြထားတာက စိတ်ဝင်စားစရာပါ။ အင်တာနက်က လူတွေကို အလင်းရောင်ပေးနေတယ်လို့ ဆိုလိုချင်သလား။ အဲဒီ အင်တာနက်ကမ္ဘာကို ဆက်သွယ်တဲ့နေရာမှာ အတားအဆီးတွေ၊ အပိတ်အဆို့တွေ၊ အဖြတ်အတောက်တွေ ရှိနေတယ်လို့ ဆိုလိုချင်သလား၊ ဒါမှမဟုတ် လွတ်လပ်စွာ ဆက်သွယ်ခွင့် မရဘဲ အချိန်မရွေး ဖြတ်တောက်ခံရနိုင်တယ် ဆိုတာကိုများ ပြောချင်တာလား။ အချို့တွေကတော့ ဒါဟာ အင်တာနက် အသုံးပြုမှုနဲ့ အမျိုးသား လုံခြုံရေးကို သရုပ်ဖော်ချင်တာလို့ ဆိုကြပြန်တယ်။ အဲဒါဆိုရင် အစောင့်အကြပ်နေရာမှာ ဘာဖြစ်လို့ စစ်သားပုံကို သရုပ်ဖော်ထားတာလဲလို့ ကျွန်တော်က ပြန်မေးချင်မိပါရဲ့။ တွေးလို့ကောင်းတဲ့ ပုံတစ်ခုပါပဲ။

အခြားနိုင်ငံတွေမှာလည်း အဲဒီလို ဖြစ်နေလို့သာ ဒီလို သရုပ်ဖော်တယ်လို့ ကျွန်တော်က မြင်မိပါတယ်။ မြန်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က မြန်မာ့အရေးတွေနဲ့ နှိုင်းယှဉ်ပြီး တွေးမိပါတယ်။ ဒီနေ့ခေတ်ကာလမှာ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ မှန်သည် မှားသည် နောက်မှာထား အရင်ဆုံး FB ပေါ် ရောက်သွားတော့တာပါပဲ။ တစ်ခါတလေမှာ အဲဒီ အကြောင်းအရာတွေက မူလအဖြစ်အပျက်နဲ့ လုံးလုံး အံချော်သွားတဲ့အထိ ချဲ့ကားသွားတတ်ပြီး မလိုလားအပ်တဲ့ ပြသနာတွေ ဆိုးကျိုးတွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ အာရပ်နွေဦးဟာ ဆိုရှယ်မီဒီယာတွေကြောင့် ဖြစ်ပေါ်ခဲ့တာလို့ ပညာရှင်အချို့က သုံးသပ်ကြတာကိုလည်း ဒီပုံကိုကြည့်ရင်း ပြန်သတိရမိပါတယ်။ အချို့တွေကတော့ Facebook ဟာ တစ်ခါတရံမှာ လူတွေကို အထိနာစေတယ်၊ ထိခိုက်စေတယ်လို့ ပြောချင်တာဖြစ်နိုင်ကြောင်း ဆိုကြပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွေးစရာလေးပါ။

နိုင်ငံရေးသမားတွေ၊ ဒါမှမဟုတ် နိုင်ငံ့ခေါင်းဆောင်တွေကို သရော်ချင်တာလို့ ထင်ပါတယ်။ သူတို့တွေရဲ့ ကတိစကားတွေ၊ ပြောစကားတွေဟာ ဘာမှ အဖိုးမတန်တဲ့ အညစ်အကြေးတွေပဲလို့ ဆိုလိုချင်ဟန် ရှိပါတယ်။ သူတို့တွေ ဘာပဲပြောင်ပြော နောက်ဆုံးတော့ မြောင်းထဲရောက်ကုန်တယ်လို့များ ဆိုလိုချင်သလား မသိပါဘူး။

မြန်မာစကားပုံ (((ဆင်သေကို ဆိတ်သားရေဖုံး))) ဆိုတာနဲ့များ ဆင်တူရိုးမှား ဖြစ်မလား မသိပါဘူး။ နိုင်ငံကြီးတွေဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့် အပြုအမူတွေကို သူတို့ကိုယ်တိုင် လုပ်နေပေမယ့်လည်း အများအမြင်မှာ အဲဒီလို မထင်ရအောင် မီဒီယာတွေကတစ်ဆင့် ပုံပြောင်းပြီး လိမ်ညာနေကြတယ်လို့ ဖန်တီးသူက ပြောချင်သလား တွေးနေမိကြောင်းပါ။

ဒီပုံနဲ့ ပတ်သက်လို့တော့ အမြင်အမျိုးမျိုး ကွဲပြားကြပါတယ်။ တချို့ကလည်း နိုင်ငံတွေက ပိုက်ဆံတွေကို စစ်ပွဲတွေအတွက် အဓိက သုံးနေကြတာကို ဖော်ပြချင်တာလို့ ဆိုကြပါတယ်။ အချို့ကတော့လည်း ဒါဟာ အမေရိကန်ရဲ့ အခြေအနေမှန်ကို ဖော်ပြတာတဲ့။ သူတို့တွေ ပြောကြတာကတော့ အမေရိကန်ဟာ စစ်လက်နက်ပစ္စည်းတွေ အများဆုံး တင်ပို့ရောင်းချပြီး သူ့နိုင်ငံရဲ့ စီးပွားရေးကို ကျားကန်ထားရတာတဲ့။ အဲဒါကြောင့် အမေရိကန်ဒေါ်လာကို အားပေးတာဟာ စစ်ကို အားပေးတာနဲ့ အတူတူပဲလို့ ဆိုကြတယ်။ သူတို့တွေက သူတို့အမြင်နဲ့သူတို့ တွေးကြသလို ကျွန်တော်တို့လည်း ကျွန်တော်တို့ဘာသာ တွေးကြတာပေါ့ဗျာ။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဖော်ပြချင်တယ်လို့ အများစုက လက်ခံကြတယ်။ သစ်ပင် သစ်တောတွေနဲ့ ရေဆိုတာ အမြဲတမ်း စည်းနှောင်ထားတယ်လို့ ဆိုလိုချင်တယ်လို့ အများစုက မြင်ကြပါတယ်။ ရေဆိုတာ သက်ရှိလူသားတွေရဲ့ ပြယုဂ် ဖြစ်ပါတယ်။ ရေမရှိတဲ့အရပ်ဟာ သက်ရှိ မရှိနိုင်ပါဘူး။ ပုံမှာ ပြထားတာက လွင်တီးခေါင်ပြင်ထဲမှာ ထီးတည်းကြီး ဖြစ်နေတဲ့ သစ်ပင်တစ်ပင်ရယ် ရေငုတ်တစ်ခုရယ် ဖြစ်နေတာကလည်း စိတ်ဝင်စားစရာပါ။ ဖန်တီးသူ ပြောချင်တာက အခြားအဓိပ္ပါယ်များ ဖြစ်နေလေမလားလို့လည်း တွေးမိပါတယ်။

အချိန်နာရီတွေက ကျွန်တော်တို့ရဲ့ သင်္ချိုင်းကို စက္ကန့်နဲ့အမျှ တူးနေတယ်လို့ သတိပေးချင်တာများလားဗျာ။ လူတိုင်း မလွန်ဆန်နိုင်တဲ့ ဒီလမ်းကို သွားဖို့အတွက် စက္ကန့်နဲ့အမျှ နီးကပ်လာနေပြီလို့ ဆိုလိုချင်တယ် ထင်ပါရဲ့။ တရားသဘောပါတဲ့ ဖန်တီးမှုလေးလို့ ထင်မိပါတယ်။

ဒီနေ့ခေတ်ကြီးမှာ အဓိကနဲ့ သာမညကို ခွဲခြားမသိတော့တာကိုများ ဆိုလိုချင်သလား။ ဆေးသုတ်တံကိုင်လျက် ပြုတ်ကျသေဆုံးနေတဲ့ လူသာူးကို ဘယ်သူမှ စိတ်မ၀င်စားနိုင်ဘဲ မှောက်သွားတဲ့ ဆေးပုံးကို အလေးထားနေကြပုံက တွေးစရာပါ။ နောက်တစ်ခု ကျွန်တော် တွေးမိတာက အပြာရောင်ဆိုတာ ငြိမ်းချမ်းရေးရဲ့သရုပ်သကန်ပါ။ အနီရောင်ကတော့ စစ်ပွဲတွေ၊ အနိဌာရုံတွေရဲ့ သင်္ကေတပေါ့။ ဒီနေ့ ကမ္ဘာကြီးက ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး အသည်းအသန် ဆွေးနွေးကြ၊ အဖြေရှာကြ လုပ်နေကြပေမယ့် တကယ်တမ်း စစ်ပွဲတွေကြောင့် သေဆုံးရသူတွေ ခံစားရသူတွေကို လျစ်လျူရှု မေ့လျော့နေကြတာကိုများ သတိပေးချင်တာများလားလို့ပါ။ ကျွန်တော့်အတွေး သက်သက်ရယ်ပါ။

ကျွန်တော်တို့ကိုယ်တိုင်ရော အဲဒီလိုမျိုး ကိုယ့်အခွင့်အရေးတွေကို ကိုယ်တိုင်မီးရှို့ဖျက်ဆီးပြီး တဒင်္ဂ အဆင်ပြေဖို့အတွက် ဖြေရှင်းဆောင်ရွက်နေကြသလားလို့ မေးခွန်းထုတ်မိပါတယ်။

အောက်ခြေမှာ ပြထားတာက စစ်ပွဲတွေရဲ့ သရုပ်သကန်...တင့်ကားတွေ၊ အမြောက်တွေပေါ့။ အဲဒီ စစ်ပွဲတွေကနေ သေဆုံးသူတွေကို စားမယ့် ၀ါးမယ့် အကောင်တွေက သစ်ပင်ပေါ်မှာ စောင့်ကြည့်နေတဲ့ ဠင်းတကြီးတွေ။ ငြိမ်းချမ်းရေး ချိုးငှက်ကလေးခမျာ စစ်ပွဲတွေကြောင့် မလုံမခြုံ ဖြစ်နေရရှာတာကို အသားစား ဠင်းတကြီးတွေက အကာအကွယ် ပေးထားပုံက ရယ်ချင်စရာတောင် ကောင်းပါသေးရဲ့။ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံတကာ အရေးတွေကို စိတ်ဝင်တစား ဖတ်ရှုလေ့လာသူတွေ ဆိုရင်တော့ ဒီပုံလေးဟာ အင်မတန်မှကို သဘောကျစရာ၊ တွေးစရာ ဖြစ်ပါလိမ့်မယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်၊ တနင်္လာနေ့။
ည ၈ နာရီတွင်ပြီး၏။

Sunday, January 04, 2015

67th Anniversary Independence Day of the Republic of the Union of Myanmar


မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေးများဖြင့် ကြိုးစားရယူပေးခဲ့ကြသော ကျွန်တော်တို့ ဘိုးဘေးဘီဘင်များ၏ ကျေးဇူးကို ဦးစွာအောက်မေ့သတိရ ကျေးဇူးတင်မိပါသည်။

ရရှိပြီးသား လွတ်လပ်ရေးကို မဆုံးရှုံး မပျောက်ပျက်ရအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်မိပါသည်။

လွတ်လပ်ရေးကြိုးပမ်းမှု၊ လွတ်လပ်ရေးထိန်းသိမ်းမှု သမိုင်းအဆက်ဆက်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ကြရင်း အသက်စွန့်လွှတ်ခဲ့ကြရသူ၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ကြရသူ၊ မိသားစုဘ၀များ စွန့်လွှတ်ခဲ့ကြရသူများ အားလုံးကို အသိအမှတ်ပြု အောက်မေ့သတိရ ကျေးဇူးတင် ဦးညွတ်ရပါကြောင်း...။

Happy New Year 2015


ပြက္ခဒိန်နှစ်သစ် ၂၀၁၅ သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
မြန်မာ့သွေး မိတ်ဆွေများအားလုံး နှစ်သစ်တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိမိတို့၏ လုပ်ငန်းဆောင်တာများကို အခက်အခဲမရှိ အဆင်ပြေပြေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Monday, May 19, 2014

ဒေါ်စုကို ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ...



ပို့စ်ခေါင်းစဉ်ကို သာမန်အတိုင်း ဖတ်မည်ဆိုပါက NLD နှင့် အတိုက်အခံများကို မြင်ပြင်းကတ်နေသူများက သဘောကျစိတ်ဖြင့် ပြုံးသွားကျေနပ်သွားကြပါလိမ့်မည်။ ဒေါ်စုကို ထောက်ခံအားပေး ချစ်ခင်နှစ်သက်သူများက စိတ်ထဲတွင် (တချို့ဆိုလျှင် ပါးစပ်မှပင် အသံထွက်နိုင်ပါသည်) ထောင်းခနဲ ဒေါသထွက်၍ ရေးသူကျွန်တော့်အပေါ် ဆဲချင် ဆိုချင် ထိုးချင် ကြိတ်ချင် ရိုက်ချင် နှက်ချင် သတ်ချင် ဖြတ်ချင် အရေဆုတ်ချင် အခွံနွှာချင် ထုချင် ထောင်းချင် ဖြစ်သွားပါလိမ့်မည်။ မြန်မာ့နိုင်ငံရေးကို ဟက်ဟက်ပက်ပက် မရှိလှသူများကတော့ ဒီကောင် ဘာတွေများ ရေးထားပါလိမ့်ဟူသော စူးစမ်းစိတ် ဖြစ်သွားပါလိမ့်မည်။ ဤကား စာဖတ်သူများ နေရာမှနေ၍ ကျွန်တော်ဝင်၍ ခံစားကြည့်မိခြင်း ဖြစ်ပါသည်။ အခြားသူများ ရေးသားထားသော စာများကို ဖတ်သောအခါတွင်လည်း ကျွန်တော်သည် စာဖတ်သူ တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ခံစားမှုများထဲမှ တစ်ခုမဟုတ် တစ်ခုကို ခံစားဖတ်ရှုမိ၍ ဖြစ်ပါသည်။ ဤကား ခေါင်းစဉ်နှင့် ပတ်သက်၍ စကားချီးဖြစ်ပါသည်။ ဆက်ဖတ်စေလိုပါသည်။

ပထမဆုံး ထိုကဲ့သို့ ဖြစ်သူများအနေဖြင့် ကျွန်တော်ရေးသောစာကို ဦးစွာပထမ ဆုံးအောင်ဖတ်စေချင်သည့် အကြောင်း မေတ္တာရပ်ခံလိုပါသည်။ ကျွန်တော့်တင်ပြချက် ဆွေးနွေးချက် ပြီးဆုံးသွားချိန်တွင် မိမိအမြင်၊ မိမိခံစားမှု၊ မိမိထင်မြင်ချက်များကို လွတ်လပ်စွာ ဝေဖန်ပြောဆို ရေးသားနိုင်ကြပါသည်။

ခေါင်းစဉ်ကို ဖတ်ကြည့်လျှင်ပင် ကျွန်တော့်သဘောထားကို အထင်းသား မြင်နိုင်ပါလိမ့်မည်... ဟုတ်ကဲ့.. ကျွန်တော်မငြင်းပါ... ဘယ်တုန်းကမျှလည်း ဝေ့လည်ကြောင်ပတ် မလုပ်ခဲ့ပါ... ဒေါ်စုကို သမ္မတ မဖြစ်လိုသူတွေ စာရင်းထဲမှာ ကျွန်တော်သည်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ထိပ်ဆုံးက ပါသည်ဟု မပြောလိုပါ။ အခြားသူများ ဒေါ်စုအပေါ် မုန်းတီးသလောက် ကျွန်တော် မမုန်း၍ ဖြစ်ပါသည်။ ဒေါ်စုတွင် ကောင်းကွက်တွေရှိသည်ကို ကျွန်တော်လက်ခံပါသည်။ ဒေါ်စု တော်သည်ကို ကျွန်တော် အသိအမှတ်ပြုပါသည်။ ဤစကားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ ကျွန်တော် မချီးကျူးလျှင်လည်း ဒေါ်စုက အလုံးအရပ် လျော့သွားသည် မဟုတ်ပါ...။ ၎င်းအချက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ ကျွန်တော့် အယူအဆများကို ဆက်ဖတ်ကြည့်စေလိုပါသည်။

နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သောကြောင့်ဟူသော အကြောင်းပြချက်ဖြင့် ဒေါ်စုကို သမ္မတမဖြစ်စေလိုသူများ စာရင်းတွင် ကျွန်တော် မပါဝင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခင်ပွန်းဖြစ်သူသည် ကွယ်လွန်သွားခဲ့ပြီးဖြစ်ရာ ထိုအချက်သည် သမိုင်းမှတ်တမ်း တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော် ဒေါ်စု၏ သားများသည် နိုင်ငံခြားသားများ ဖြစ်နေခြင်းကိုတော့ ကျွန်တော်လုံးဝ သဘောမကျပါ။ သူတို့သည် သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံသားဟု ခံယူပါသလား၊ သူတို့ကိုယ်သူတို့ မြန်မာစိတ်အပြည့်ဟု ခံယူပါသလား၊ မြန်မာ့မြေ မြန်မာ့ရေ မြန်မာ့အလှကို ချစ်မြတ်နိုးစိတ် သူတို့တွင် မည်မျှရှိပါသနည်း။ အကယ်၍များ ဒေါ်စု သမ္မတဖြစ်လာလျှင် သူတို့သည် သမ္မတ၏ သားသမီးများ ဖြစ်ကြပါသည်။ အရေးကြီးပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မည်။ သမ္မတအိမ်တော်တွင် ၀င်ချည်ထွက်ချည် လုပ်ကြပါလိမ့်မည်။ မြန်မာလို မပီကလာ ပီကလာ ပြောတတ်ပြီး အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်သော သူတို့၏ သားသမီးများ တစ်နည်း ဒေါ်စု၏ မြေးများသည် သမ္မတ အိမ်တော်ဝင်းအတွင်း ပြေးလွှားဆော့ကစား ကြပါလိမ့်မည်။ ဒေါ်စု၏ အနီးကပ်လုံခြုံရေးများ၊ သက်ဆိုင်ရာ ၀န်ထမ်းများသည် ထိုသူတို့ကို ဂရုစိုက်ကြရပါလိမ့်မည်၊ သူတို့ခိုင်းသမျှ လုပ်ကြရပါလိမ့်မည်။ အခြားနိုင်ငံသားများကို မြန်မာတွေက အကြီးအကဲ၏ မိသားစုဝင်များအဖြစ် အရိုအသေပေးရမည်၊ ကာကွယ်ပေးရမည်ကို မြင်ယောင်ကြည့်စေလိုပါသည်။ (ဤနေရာတွင် နိုင်ငံခြားသံတမန်များ၊ ဧည့်သည်တော်များနှင့် နှိုင်းယှဉ်၍ စကားကတ် မပြောကြစေလိုပါ) အချို့က ပြောကြပါလိမ့်မည်။ ဒေါ်စုသည် စစ်ဗိုလ်ချုပ်တွေလို အခွင့်အရေး ယူတတ်သူမဟုတ်၊ အဲဒီလို ဘယ်တော့မျှ ဖြစ်မလာဘူးဟု...။ ရိုးရိုးလေးပဲ တွေးကြည့်စေလိုပါသည်။ NLD ရန်ပုံငွေပွဲအတွက် ဖျော်ဖြေပွဲတွေ အများကြီးလုပ်ပါသည်။ ထိုအခမ်းအနားများတွင် ဒေါ်စုတစ်ယောက် ပြည်သူတွေနဲ့အတူ ပလတ်စတစ် ထိုင်ခုံတွေမှာ ၀င်ထိုင်ကြည့်ပါသလား၊ သို့မဟုတ် ရှေ့ဆုံးတန်းက သူ့အတွက် အထူးသတ်မှတ်ထားသော နေရာမှာ ထိုင်ကြည့်ပါသလား။ ကျွန်တော် ကလေးဆန်နေခြင်း မဟုတ်ပါ။ ထိုသို့လုပ်ခြင်းကို ဝေဖန်ခြင်း မဟုတ်ပါ။ ထိုသို့ လုပ်ကိုလုပ်ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ပါတီတွင် အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်။ ထို့အတွက် သူ့ကို ဦးစားပေးမှု ရှိကိုရှိရပါမည်။ သမ္မတဦးသိန်းစိန်က ရန်ကုန်မှာလုပ်တဲ့ အခမ်းအနားမှာ ကုလားထိုင်ကြီး ခမ်းခမ်းနားနားနဲ့ သီးသန့်ထိုင်တာကို အပြစ်လုပ်ပြီး ဝေဖန်ကြတာမျိုး ကျွန်တော်မလုပ်တတ်ပါ။ ဒေါ်စုသွားလေရာမှာ သူ့ဘေးက အင်္ကျီအဖြူ ၀တ်ထားသူကြီးတွေက ပုသိမ်ထီးတွေ မိုးပေးတာကိုလည်း အပြစ်မပြောပါ။ သူတို့ချစ်သည့် သူတို့ခေါင်းဆောင်ကို သူတို့လုပ်ပေးတာ မနာလိုစရာ မရှိပါ။ သို့သော် မြန်မာနိုင်ငံတွင် အကြီးအမှူးဖြစ်သည့် သမ္မတကြီးက လုံခြုံရေးတွေနဲ့သွား သွားပြန်ပြီ၊ သီးသန့်ထိုင်ခုံမှာထိုင် ထိုင်ပြန်ပြီ၊ ဟိုဟာလုပ် လုပ်ပြန်ပြီး စသဖြင့် ဝေဖန်နေကြတာတွေသည် အဆင့်အတန်း ရှိ၊ မရှိ ဝေဖန်ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။ သမ္မတက ပုဆိုးအစုတ်၊ စွပ်ကျပ်ချိုင်းပြတ်နှင့် နွားလှည်းစီးပြီး ဘယ်သူမှမပါဘဲ တစ်ယောက်တည်း နိုင်ငံပတ်နေရလျှင်တော့ မဟုတ်သေးဘူးဟု ထင်ပါသည်။ စကားတွေ ဘေးရောက်သွားပါသည်။ လိုရင်းကို ပြန်ဆက်ကြပါဦးစို့။

ဒုတိယတစ်ချက် ဒေါ်စုကို သမ္မတမဖြစ်စေချင်သည့် အကြောင်းပြချက်မှာ အာဏာရှင်နိုင်ငံအဖြစ်ကို မရောက်စေလို၍ ဖြစ်ပါသည်။ စစ်အစိုးရအုပ်ချုပ်မှသာ အာဏာရှင်စနစ်ဟု ထင်နေကြသူများကို နိုင်ငံရေး သူငယ်နာ မစင်သူများအဖြစ် ကျွန်တော်က ရန်စကားလေး ဆိုလိုက်ချင်ပါသည်။ ဒီမိုကရေစီအာဏာရှင် အုပ်ချုပ်သော တိုင်းပြည်သည် စစ်တပ်အုပ်ချုပ်သော တိုင်းပြည်များထက် ပိုဆိုးလေ့ ရှိပါသည်။ နိုင်ငံတကာသမိုင်းကို အနည်းငယ် တီးခေါက်မိသူတိုင်း သိနိုင်သည့် ကိစ္စဖြစ်သဖြင့် ဘုန်းကြီးစာချ မလုပ်လိုတော့ပါ။ အာဏာရှင်နိုင်ငံ မဖြစ်စေလိုသည့် ကျွန်တော့်အကြောင်းပြချက်အတွက် ကျွန်တော့်ယူဆချက်များ၊ စိုးရိမ်ချက်များကို ပြောပြပါရစေ။

နိုင်ငံရေးဆိုသည်မှာ ကလေးတွေ တုပ်ဆီးတိုးသလို လွယ်သည့်အလုပ် မဟုတ်ပါ။ အန်စာတုံးလှည့်ပြီး ခွက်နှင့်အုပ်ကာ မည်သည့်အပွင့် ကျသည်ကို ခန့်မှန်းပြောဆိုရသလိုလည်း ဘက် ၆ ဘက်တည်း မဟုတ်ပါ။ သို့သော် အချို့သော သင်္ချာပုစ္ဆာများတွင် အဖြေမှန်ကို သိနေသည်ဆိုပါက နောက်ပြန်စဉ်းစားခြင်းဖြင့် ပုံသေနည်းများကို တွက်ချက်နိုင်သကဲ့သို့ ယခုလည်း ကျွန်တော်ကိုဉာဏ်က မြန်မာ့နိုင်ငံရေးကို နောက်ပြန်တွက်ကြည့်လိုပါသည်။

ယခုလက်ရှိ NLD ပါတီ၊ အတိုက်အခံများနှင့် ၈၈ မျိုးဆက်များ ဖြစ်စေလိုသည့် ကိစ္စရပ်များကို ဖြစ်မြောက်အောင်မြင်ပြီဟု ဆိုကြပါစို့။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်နိုင်သည်။
(၂) ဒေါ်စု သမ္မတဖြစ်ခွင့် ရှိသွားသည်။
(၃) တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးမှ ထွက်ခွာသွားကြသည်။
(၄) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။
(၅) ၂၀၁၅ ခုနှစ်တွင် NLD ပါတီ အများစုအနိုင်ရသွားသည်။
(၆) ဒေါ်စုကို သမ္မတအဖြစ် တင်မြောက်ကြသည်။
(၇) NLD ပါတီဝင်တစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြသည်။
(၈) ဒေါ်စုက အစိုးရဖွဲ့သည်၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ၀န်ကြီးဌာနအားလုံးတွင် အရပ်သားဝန်ကြီးများသာ ခန့်အပ်လိုက်သည်။
(၉) ပြည်ခိုင်ဖြိုးပါတီက အမတ်အင်အားအနည်းငယ်ဖြင့် လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ် ရောက်ရှိသွားသည်။

ကဲ... စာဖတ်သူမိတ်ဆွေ။ အထက်ပါ ၉ ချက်သည် ယခုလက်ရှိ ဒေါ်စုနှင့် ၈၈ မျိုးဆက်များ လိုချင်နေသည့် ပုံစံများ၊ ကြိုးစားနေသည့် ရလဒ်များ ဖြစ်ကြပါသည်။ အမှန်အားဖြင့် ကျွန်တော့်စိတ်ရင်းအတိုင်း ဆိုလျှင် ဤနေရာတွင် ကျွန်တော့်ရေးသားမှုကို ရပ်နားလိုပါသည်။ ထို ၉ ချက်ကို ဖတ်ရှုပြီးလျှင် စာဖတ်သူများက ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင် ဝေဖန်သုံးသပ် လုပ်ကြစေချင်ပါသည်။ အားလုံးက ဆင်ခြင်ပိုင်းခြားနိုင်သူများ ဖြစ်သည့်အားလျော်စွာ ကျွန်တော်က အလကားနေရင်း ဆရာဝင်လုပ်သည့် ပုံစံဖြင့် ဒီလိုဖြစ်သွားနိုင်တယ်... ဟိုလိုဖြစ်သွားနိုင်တယ်ဟု ပြောရမှာကို တကယ်ပင် ၀န်လေးလှပါသည်။ သို့သော် ကျွန်တော့်အမြင်များကို ပြောပြချင်စိတ်ကလည်း ထိန်းမရ၊ သိမ်းမရ ဖြစ်လျက်ရှိပါသည်။ စိတ်ထဲမှာ ပြောချင်တာတွေ ရှိပါလျက်၊ အမြင်တွေရှိပါလျက် မပြောခဲ့ရ၊ မရေးခဲ့ရသည့် နောင်တများ ကျွန်တော့်တွင် အပြည့်ဖြစ်သည့်အတွက် နောင်တစ်ချိန်ကျမှ ကျွန်တော်မပြောခဲ့ရလေခြင်းဟုလည်း နောင်တမရလိုပါ။ ထို့ကြောင့် စာဖတ်သူများက ယခုအချိန်တွင် မိမိတို့စိတ်ကြိုက် တွေးတောကြည့်စေလိုပါသည်။ ပြီးမှ ကျွန်တော့်အမြင်များကို ဖတ်ကြစေလိုပါသည်။ အမှန်ဆိုရပါလျှင် ကျွန်တော့်ပို့စ်သည် ဤနေရာတွင် ပြီးပြီဖြစ်ပါသည်။ အောက်တွင် ရေးသားဖော်ပြမည့် အကြောင်းအရာများသည် ကျွန်တော့်ကွန်းမန့်များဟုသာ သဘောထား၍ ဖတ်ရှုကြစေလိုကြောင်း မေတ္တာရပ်ခံလိုပါသည်ခင်ဗျား။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
ဒေါ်စုသမ္မတဖြစ်သွားလျှင် နိုင်ငံတကာထောက်ခံအားပေးမှုတွေ ထင်မှတ်မထားလောက်အောင် ရလာလိမ့်မည်ဟု ယူဆစရာ ရှိပါသည်။ သေချာသည်ကတော့ နိုင်ငံတကာမှ ကျော်ကြားသည့် နိုင်ငံရေး ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ အိမ်ဦးကြမ်းပြင် လာကြပါလိမ့်မည်။ ထို့အတွက် မြန်မာနိုင်ငံ၏ ဂုဏ်သတင်း တက်သည်ဟု အကောင်းဘက်က တွေးစရာရှိပါသည်။

အစိုးရအဖွဲ့ကို မည်သူတွေနှင့် ဖွဲ့မည်နည်းဟူသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ သေချာသည်ကတော့ သူမနှင့် နီးစပ်သည့်၊ ပလဲပနံသင့်သည့်၊ လူကြိုက်များသည့် ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့အဖြစ် ခန့်အပ်ပါလိမ့်မည်။ အဆိုပါပုဂ္ဂိုလ်များနှင့် လက်ရှိ ၀န်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအကြား ဆက်ဆံရေးအခြေအနေ မည်သို့ရှိမည်မှာ မသေချာလှပါ။ ယခုလက်ရှိ ၀န်ထမ်းများထဲမှ NLD ကို ထောက်ခံသူများက ထိုအချိန်တွင် နေရာရလာနိုင်သလို၊ သူတို့၏ အတို့အထောင် လုပ်မှုများကြောင့် ယခုလက်ရှိ NLD နှင့် ဒေါ်စုကို ကြည့်မရသူတို့သည် ထိုအချိန်တွင် အခက်ကြုံရပါလိမ့်မည်။ ၀န်ထမ်းဘ၀မှ နုတ်ထွက်ကောင်း နုတ်ထွက်ကြပါလိမ့်မည်။ ထိုသို့ဆိုလျှင် အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုပေါ် သက်ရောက်မှု ရှိလာနိုင်ပါသည်။ ဤကား ကျွန်တော့်မှန်းဆချက်သာ ဖြစ်ပါသည်။

လွှတ်တော်တွင် မည်သူပင် ဥက္ကဋ္ဌ ဖြစ်လာပါစေ... အဆိုပါ လွှတ်တော်ဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်နိုင်မည်ဟု မည်သို့သော အမိုက်အမဲများက မျှော်လင့်နေပါသနည်းဟု ကျွန်တော်က မေးခွန်းထုတ်လိုပါသည်။ ယခုလက်ရှိ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားက အားပြိုင်မှုမျိုး၊ ပွတ်တိုက်မှုမျိုး၊ ထိန်းကျောင်းမှုမျိုး ဖြစ်လာမည်ဟု ယူဆကြပါသလား။ ကျွန်တော်တို့တွေ စိတ်ကိုဖွင့်ပြီး လွတ်လွတ်လပ်လပ် စဉ်းစားကြည့်ကြရအောင်လား ခင်ဗျာ။ ဒေါ်စုကို ထိန်းကျောင်းဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌကို NLD က တစ်ဦးတစ်ယောက်ကို မခန့်အပ်ဘဲ အခြားတစ်ဦး (ပြည်ခိုင်ဖြိုးပါတီမှသော်လည်းကောင်း၊ အခြားပါတီတစ်ခုခုမှသော်လည်းကောင်း) ကို ခန့်အပ်သည်ပဲ ဆိုကြပါစို့။ သမ္မတက သဘောမတူသည့် ဥပဒေများအတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် သူ၏ လွှတ်တော်က အတည်ပြုပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြပါသလားခင်ဗျာ။ အဘယ်သို့သော NLD လွှတ်တော်အမတ်က သမ္မတကြီး ဒေါ်စုကို ဆန့်ကျင်လျက် လွှတ်တော်တွင် မဲပေးကြပါလိမ့်မလဲခင်ဗျာ။ ဥက္ကဋ္ဌက သမ္မတကို မရမက ထိန်းကျောင်းဖို့ ကြိုးစားပါလျှင် NLD လွှတ်တော်အမတ်များက ထိုဥက္ကဋ္ဌကို စွပ်စွဲပြစ်တင်ကြပါလိမ့်မည်။ ကျွန်တော်ဘာကို ဆိုလိုကြောင်း ဆ၀ါးနိုင်ကြလိမ့်မည် ထင်ပါသည်။

NLD ပါတီတွင် ဒေါ်စု ကောင်းသည်ဆိုးသည်ကို ဝေဖန်ရဲသူ မည်သူရှိပါသနည်း။ ဒေါ်စုကို လွန်ဆန်ရဲသူ မည်သူရှိပါသနည်း။ ထို့အတွက် ဒေါ်စု သမ္မတဖြစ်လျှင် သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်သည်များကို မည်သူက ထိန်းကျောင်းမည်နည်း၊ တည့်မတ်မည်နည်း။ ဒေါ်စုသည်လည်း လူသားတစ်ဦး ဖြစ်သည့်အတွက် အမှားအယွင်း ရှိမည်သာ ဖြစ်ပါသည်။ ဆုံးဖြတ်ချက် အမှားများ ရှိလာနိုင်သည်သာ ဖြစ်ပါသည်။ နိုဘယ်လ်ဆုရထားသည့်၊ ကမ္ဘာပတ်ခဲ့သည့်၊ နိုင်ငံခြားသားကို လင်တော်ခဲ့သည့်၊ ကမ္ဘာကျော်တက္ကသိုလ်မှာ ပညာသင်ကြားလာသည့်၊ အင်္ဂလိပ်စာကို မြန်မာလိုထက် ပိုကောင်းအောင်ပြောတတ်သည့် ဒေါ်စုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မင်းကိုနိုင်၊ ကိုကိုကြီး၊ ဇေယျာသော်၊ မြတ်ဉာဏစိုး စသည့် လူကြီးလူကောင်းများက ထိန်းမတ်ဝေဖန်ရဲမည်ဟု ထင်ပါသလား၊ ဦးကိုနီလို၊ဦးဉာဏ်ဝင်းလို၊ ဦးဝင်းထိန်လို ပုဂ္ဂိုလ်တွေက အကြံပေးနိုင်မယ်၊ တည့်မတ်နိုင်မယ်လို့ ထင်ကြပါသလား။

ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများဆီသို့ ဆက်ကြပါဦးစို့။ ဒီမိုကရေစီစံနှုန်းဟု တဖွဖွ ရွတ်သူများ အမြဲပြောနေသည့် အမေရိကန်ကဲ့သို့ မြန်မာသမ္မတသည် စစ်သေနာပတိချုပ် ဖြစ်သွားပါပြီ။ ကာကွယ်ရေးဝန်ကြီးသည်လည်း အရပ်သား ဖြစ်သွားပါပြီ။ စစ်ရေးအမြင် ရှိဖို့တွေ မလိုတော့ပါ။ ဒီမိုကရေစီ စံနှုန်းအရ သမ္မတသည် စစ်တပ်ကို အမိန့်ပေးမည်။ အရပ်သား ကာကွယ်ရေးဝန်ကြီး ပြောသည့်အတိုင်း တပ်ချုပ်နှင့် သူ၏တပ်က အမိန့်နာခံရမည်။ မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှုကို ဖျက်သိမ်းခံလိုက်ရသည့် ကာချုပ်နှင့် သူ၏တပ်မတော်အတွက် ဒေါ်စုနှင့် ဆက်ဆံရေးကို ကိုယ်တိုင် တွေးကြည့်စေလိုပါသည်။ ကျွန်တော်မပြောရဲပါ... မတွေးရဲပါ.. မပြောချင်ပါ... မတွေးချင်ပါ... မပြောလိုပါ... မတွေးလိုပါ... မြန်မာနိုင်ငံတွင် ၂၀၁၅ တိုင် မပြီးမပြတ် ဖြစ်နေဦးမည့် တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ အနောက်ဘက် အိမ်နီးချင်းနိုင်ငံက အခွင့်ကောင်းစောင့်နေသည့် ပြည်ပရန်အရေး၊ စသည့် စသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမည့် ကာကွယ်ရေးဝန်ကြီးသည် ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်ဟောင်းလည်း မဟုတ်၊ စစ်ရေးအမြင်ရှိသူလည်း မဟုတ်ပါလျှင် မည်ကဲ့သို့ စခန်းသွားကြပါမည်နည်း။ ကျွန်တော့်လက်တွေ ဆက်ရိုက်ရန် မ၀ံ့ရဲပါသဖြင့် ဤအကြောင်းအရာကို ဆက်မရေးလိုပါ။ ရင်လေးမိပါသည်... စိတ်ပူမိပါသည်... ကျောချမ်းမိပါသည်...။

ဒေါ်စုသမ္မတဖြစ်ပြီ၊ NLD က လွှတ်တော်တွင် အမတ်အများစု ဖြစ်သွားပြီဆိုတော့ မျိုးစောင့်ဥပဒေတွေလည်း မလိုတော့ပါ။ ဘာသာရေးပဋိပက္ခတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်အရေးယူ အပြစ်ပေးပါပြီ။ ဘင်္ဂလီတွေ ကိစ္စကလည်း လူ့အခွင့်အရေး ရှုထောင့်အရ လွတ်လပ်စွာ နေထိုင်ခွင့် ရရှိသွားပါပြီ။ OIC ရုံးလည်း မြန်မာပြည်မှာ ဖွင့်ခွင့်ရသွားပါပြီ။ ရခိုင်ဒေသမှ မွတ်စလင် ဒုက္ခသည်တွေအတွက် အာရပ်နိုင်ငံများ၏ အဓိကအထောက်အပံ့ဖြင့် UN ဦးဆောင်သည့် INGO အဖွဲ့အစည်းများက နေရာချထားမှုများ၊ ပြန်လည်ထူထောင်ရေးများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြပါမည်။ ဘာတွေဆက်ဖြစ်နိုင်သည်ကို ကျွန်တော်မရေးလိုတော့ပါ။ တွေးကြည့် ဆင်ခြင်ကြည့်စေလိုပါသည်။ အကယ်၍များ မမျှော်မှန်းနိုင်သည့် ပြဿနာတွေ အနောက်ဒေသမှာ ထပ်ဖြစ်ခဲ့ပါလျှင်၊ တပ်မတော်ကို သမ္မတကြီး ဒေါ်စု (စစ်သေနာပတိလည်းဖြစ်) က အမိန့်ပေးခဲ့ပါလျှင် တပ်မတော်သားများက မည်သို့ တုံ့ပြန်ကြမည်နည်း။ စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ် အစိုးရိမ်လွန်နေတာသာ ဖြစ်ပါစေလေ။

ဒီမိုကရေစီစနစ် ပြည့်ပြည့်၀၀ ရပြီဆိုတော့ Freedom of expression ရှိလာသည်မို့ ခွင့်ပြုချက် တောင်းစရာမလိုဘဲ လမ်းတွေပိတ်၊ ပလက်ဖောင်းတွေပိတ်ပြီး ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ကြပါလိမ့်မည်။ ဒေါ်စုမကောင်းကြောင်း၊ NLD ပါတီသည် ထောင်ထွက်ပါတီ၊ ထမီနားခိုစားသည့်ပါတီ၊ မွတ်ဒေါင်းပါတီ၊ လူမိုက်ပါတီသာဖြစ်ကြောင်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဟောပြောမှုတွေ၊ ဝေဖန်မှုတွေ လုပ်ကြပါလိမ့်မည်။ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်များကလည်း ဒေါ်စုသည် အနောက်နိုင်ငံများ၏ ရုပ်သေးရုပ်ဖြစ်ကြောင်း၊ သူ၏ ပေါ်လစီများသည် အနောက်အလိုကျများသာဖြစ်ကြောင်း၊ ဒေါ်စုသည် တိုင်းတစ်ပါးသားကို အိမ်ထောင်ပြုခဲ့သူ ဖြစ်သည့်အားလျော်စွာ နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များကို ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များထက် အရေးပေးကြောင်း၊ အခွင့်အရေးပေးကြောင်း လွှတ်တော်အစည်းအဝေးများတွင် ထည့်သွင်းပြောဆို ဆွေးနွေးကြပါလိမ့်မည်။ ထိုသောအခါ ဒီမိုကရေစီ အစိုးရပီပီ ဒေါ်စုသည် ဘာမျှမပြောဘဲ သည်းခံပါလိမ့်မည်။ အာဏာရပါတီဖြစ်သည့် NLD ကလည်း ဒီမိုကရေစီခေတ်တွင် ဝေဖန်ခံရဲရမည်ဟု နှလုံးပိုက်ကာ သည်းခံကြပါလိမ့်မည်။ ဂျာနယ်သစ်အချို့ ပေါ်လာပြီးနောက် ဒေါ်စုနှင့် ပါကစ္စတန်ကိုကို၊ မမစုအတွက် ရေကူးကောင်းတဲ့ ယက်တော၊ အမေစုနှင့် တစ်ခါတုန်းကတက္ကသိုလ်၊ ကိုယ်ရံတော်လေး ခပ်ငယ်ငယ်၊ စသည့် စသည့် အတည်ပြုရန် ခက်ခဲလှသည့် အကြောင်းအရာများကို ဓာတ်ပုံမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် သူ့ထက်ငါ ရေးသားထုတ်ဝေကြပါလိမ့်မည်၊ ပြည်ခိုင်ဖြိုးမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ်တွင်လည်း အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပင်တိုင်ကော်လံစားဖြင့် သွေးတောင်းတဲ့ဒေါ်စု၊ နိုင်ငံခြားသားနဲ့ ပျော်နေတုန်းက တိုင်းပြည်ကို သတိမရတဲ့မိစု၊ နိုင်ငံတကာပတ်ပြီး ဆုတွေလက်ခံရင်း ပိုက်ဆံတောင်းစားခဲ့တဲ့ ဒေါ်လာသူတောင်းစား စသဖြင့် ထိထိမိမိ စကားလုံးများ၊ တစ်တစ်ခွခွ စကားလုံးများဖြင့် ရေးသားဝေဖန်ပါလိမ့်မည်။ ထို့ပြင် အဆိုပါ စာရေးသူက NLD အစိုးရ မပြုတ်မချင်း စစ်ဆွယ်တာနှင့် စစ်ဘောင်းဘီကို မချွတ်တမ်း ၀တ်မည်ဟုလည်း ကြွေးကြော်ပါလိမ့်မည်။ (ဂျာနယ်အမည်များသည် စန္ဒာလ၀န်း၊ ဟိုလှိုင်း စသည်ဖြင့် ဖြစ်နိုင်ပါသည်) ယခုအရေးအသားများကို ဖတ်၍ ကျွန်တော့်ကို ကလေးဆန်သူ၊ အဆင့်မရှိသူဟု ဆန္ဒစော၍ မဝေဖန်ကြစေလိုပါ။ ကျွန်တော်ပြောခဲ့သည်များသည် အသစ်အဆန်းလုပ်၍ ရေလာမြောင်းပေး လုပ်နေသည့် စကားလုံးများ မဟုတ်ကြပါ။ အားလုံးသည် ကျွန်တော်တို့ သိရှိပြီး၊ ကြုံခဲ့ရပြီး အကြောင်းအရာများ ဖြစ်ကြပါသည်။

ပို့စ်လည်း အတော်ရှည်သွားပါပြီ။ ယခုအချိန်အထိ အချိန်ပေး၍ တလေးတစား စိတ်ရှည်လက်ရှည် ဖတ်ပေးသည့်အတွက် ကျေးဇူးတင်စကား ဆိုပါရစေ။ ဟုတ်ကဲ့.... ကျွန်တော့်ယူဆချက်ဖြင့် နိဂုံးချုပ်ပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေလိုပါ။ ဘာပုဂ္ဂိုလ်ရေး မကျေနပ်ချက်မျှ မပါပါ၊ ဘယ်လိုသော အမုန်းတရားများမျှ မပါဝင်ပါ။ ကျွန်တော်လို ပီဘိအသေးအမွှားကောင်လေးက ဒေါ်စုလို ပုဂ္ဂိုလ်မျိုးကို ခြေရာမတိုင်းဝံ့သလို၊ မနာလိုဖြစ်စရာလည်း အကြောင်းမရှိပါ။ သို့သော် တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်၊ တိုင်းပြည်ကို တိုးတက်စေလိုစိတ်များတွင်လည်း ဒေါ်စုထက် မလျော့ကြောင်း အသက်နှင့်ထပ်၍ အာမခံဝံ့ပါသည်။ စာဖတ်သူများလည်း ထိုနည်းနှင်နှင် ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ဒေါ်စုကို သိက္ခာရှိစေချင်ပါသည်၊ ထို့အတူ မြန်မာနိုင်ငံကိုလည်း ဒီမိုကရေစီအာဏာရှင်နိုင်ငံ မဖြစ်စေလိုပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မေလ ၁၉ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၀၇ မိနစ်တွင်ပြီး၏။

Sunday, May 18, 2014

လက်ရှိမြန်မာ့နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေကြသူတွေကို မုန်းတယ်...


လက်ရှိပါတီတွေအားလုံးကို ကျွန်တော် အယုံအကြည် မရှိဘူး...
အားလုံးဟာ ကိုယ့်ပါတီ အောင်နိုင်ရေး၊ အာဏာရရေးအတွက် ဘယ်နည်းကိုသုံးရသုံးရ သုံးမယ်ဆိုတဲ့ လူတွေချည်းပဲလို့ မြင်တယ်...
လက်ရှိ အာဏာရပါတီလည်း မဖြူစင်သလို၊ အတိုက်အခံပါတီတွေလည်း မရိုးသားဘူး...
အားလုံးရဲ့ တူညီချက်ကတော့ အရမ်းရိုးသားလွန်းတဲ့၊ အတွေ့အကြုံ နုနယ်လွန်းသေးတဲ့၊ ခံစားချက်ဦးစားပေးတဲ့ ပြည်သူတွေကို ခုတုံးလုပ်တာပါပဲ...
သူတို့အချင်းချင်း တွေ့ဆုံညှိနှိုင်းဖြေရှင်းလို့မရ၊ သဘောတူညီချက်မရ၊ လက်တွဲလို့မရ၊ သင်ပုန်းချေလို့မရ၊ ....မရ... စတဲ့ အခြေအနေတွေအားလုံးကို တိုင်တည်ဖို့အတွက်ပဲ ပြည်သူကို အသုံးချတယ်...
လက်ရှိအာဏာရပါတီရော အတိုက်အခံပါတီတွေရာ ပြည်သူတွေက တကယ်တောင်းဆိုလို့ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့အလုပ် တစ်ခုမျှ မရှိဘူး...
သူတို့လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို ပြည်သူ့ဆန္ဒဆိုပြီး ကြွေးကြော်ကြ၊ လှုံ့ဆော်ကြ လုပ်နေကြတယ်...
ပြည်သူတွေက ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးတို့၊ ပြည်သူတွေက သိပ်ပါးနပ်တယ်တို့၊ ပြည်သူတွေရဲ့ အသိရေချိန်က ကြောက်စရာကောင်းတယ်တို့၊ ပြည်သူတွေက အခြေအနေနဲ့ အချိန်အခါကို သဘောပေါက်တယ်တို့၊ စတဲ့ စတဲ့ စကားလုံးတွေဟာ ပါတီတွေအားလုံးက မုသားသုံးပြီး ပြောနေကြတဲ့ အလိမ်အညာ စကားတွေသာဖြစ်တယ်....
တကယ်တမ်း ပြည်သူတွေက နဝေတိမ်တောင် ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက ဝေခွဲမရ ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက နားမလည်နိုင် ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက လမ်းပျောက်နေကြတယ်....
တကယ့်ပြည်သူ့ဆန္ဒအမှန်က အခုအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ် ဖြစ်လာစေချငတယ်...
တကယ့်ပြည်သူ့ဆန္ဒအမှန်က စီးပွားရေးအခွင့်အလမ်းတွေ အခုအခြေအနေထက် ပိုကောင်းလာစေချင်တယ်....
တကယ့်ပြည်သူ့ဆန္ဒအမှန်က သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်လေး လုပ်ကိုင်စားသောက်ပြီး စားဝတ်နေရေး အဆင်ပြေပြေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရမယ့် ဘ၀မျိုးကို လိုချင်တယ်....
ပြည်သူတွေက ဘာဥပဒေတွေကြောင့် ဘာတွေဖြစ်နေတယ်ဆိုတာ စိတ်မ၀င်စားဘူး....
ဘယ်ပါတီနဲ့ ဘယ်ပါတီ အားပြိုင်နေကြတယ်၊ ရန်စောင်နေကြတယ်ဆိုတာကို ပြည်သူတွေက သေချာမသိဘူး...
ဖွဲ့စည်းပုံကို မပြင်ရင် ဘာတွေဖြစ်မှာလဲဆိုတာလည်း ပြည်သူတွေ သေသေချာချာ နားမလည်ဘူး....
ဘာကြောင့် ပြင်ချင်တယ်ဆိုတာလည်း ပြည်သူတွေ မသဲကွဲဘူး....
လက်ရှိ ကြုံတွေ့နေရတဲ့ စီးပွားရေးကြပ်တည်းမှုတွေ၊ နိမ့်ကျတဲ့ လူနေမှုအဆင့်အတန်းတွေ၊ မပြည့်စုံ မလောက်ငှတဲ့ ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှုစနစ်တွေကနေ ကင်းလွတ်ချင်တာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ပဲ...
အဲဒီတော့ အဲဒီလိုဖြစ်အောင် လုပ်ပေးမယ်လို့ ပြောတဲ့လူ၊ စည်းရုံးတဲ့လူကို သူတို့ယုံကြည်မှာ၊ အားကိုးမှာ သဘာဝပဲ...
ကိုယ့်ကို ထောက်ခံတဲ့ ပြည်သူတွေဟာ အသိပညာ မြင့်မားကြသူတွေ ဖြစ်ကြပြီးတော့...
အခြားပါတီတွေကို ထောက်ခံတဲ့လူတွေကတော့ အလကားကောင်တွေ၊ ဦးနှောက်မရှိတဲ့ ကောင်တွေလို့ မြင်နေကြတာဟာ ပါတီတွေအနေနဲ့ ပြည်သူတွေကို တကယ်ပဲ လေးစားတာ၊ အားကိုးတာ၊ ယုံကြည်တာ ဟုတ်ရဲ့လားလို့ ကိုယ့်ဘာသာကိုယ် ပြန်ပြီးတော့ မေးခွန်းထုတ်စေချင်တယ်....
ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကို အခုအချိန်မှာ မဆွေးနွေးချင်သေးဘူး....
အချိန်မကျသေးဘူးလို့ ယုံကြည်တယ်....
မယုံကြည်တဲ့လူတွေကိုလည်း အပြစ်မတင်ချင်တော့ဘူး... ငြင်းခုန်မှုလည်း မလုပ်ချင်ဘူး....
ပြောချင်တာတစ်ခုကတော့ တပ်မတော်အနေနဲ့ ပါတီနိုင်ငံရေးတွေနဲ့ ခပ်ကင်းကင်း နေစေချင်တယ်...
ပါတီနိုင်ငံရေးဟာ အရမ်းကို ရှုပ်ထွေးလွန်းသလို၊ အရမ်းလည်း ညစ်ပတ်လွန်းတယ်...
တပ်မတော်ရဲ့ သဘောသဘာဝက ရှင်းလင်းပြတ်သားတဲ့ မူဝါဒနဲ့ ရပ်တည်ရတာမျိုးဖြစ်တယ်...
ပါတီနိုင်ငံရေးနဲ့ တပ်မတော်ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ မြင်မိတယ်....
ပါတီတွေက တပ်မတော်ကို အသုံးချချင်ကြလိမ့်မယ်...
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ တပ်မတော်လောက် စုစည်းညီညွတ်တဲ့ အဖွဲ့အစည်း မရှိသေးလို့ပဲ...
စည်းကမ်း၊ စိတ်ဓာတ်၊ စည်းလုံးမှုတွေမှာ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကို မြန်မာနိုင်ငံထဲက ဘယ်အဖွဲ့အစည်းမှ လိုက်မမီဘူး...
အဲဒါကို ပါတီတွေအားလုံး နားလည်တယ်၊ သိတယ်....
လက်ရှိတပ်မတော်ဟာ ဟိုးအရင်တုန်းကလို ၃ ယောက်ပေါင်း ၄ တန်းတို့၊ ၄ ယောက်ပေါင်း ၆ တန်းတို့ဆိုတဲ့ တပ်မတော်မျိုး မဟုတ်တော့ဘူး....
အဲဒီတော့ ပါတီတိုင်းက တပ်မတော်ရဲ့ ထောက်ခံမှု၊ ကာကွယ်ပေးမှုကို လိုချင်ကြမှာပဲ..
မရတဲ့ပါတီက တပ်မတော်ကို သွေးခွဲဖို့ ကြိုးစားမယ်၊ ပြည်သူနဲ့ ရန်တိုက်ပေးမယ်...
ဒါတွေဟာ ဘာမျှ ထူးဆန်းတဲ့ သဘောတရားတွေ မဟုတ်ဘူး....
အဲဒါကို တပ်မတော်ခေါင်းဆောင်ပိုင်းက နားလည်ဖို့လိုတယ်...
ပြည်သူတွေအနေနဲ့ စစ်သားဘ၀ကို နားလည်ဖို့လိုတယ်...
အမိန့်နဲ့ဆောင်ရွက်ရတဲ့ စစ်သားဘ၀ကို နားမလည်နိုင်သ၍ ပါတီတွေက ပြောသမျှ အဟုတ်ထင်နေမှာပဲ...
ပါတီတွေက မြောက်ပေးတိုင်း စစ်သားဆိုတာ သုံးစားမရတဲ့လူတွေလို့ မထင်မှတ်စေချင်သလို...
ပါတီတွေက လိုအပ်လို့ပြောဆိုတဲ့ စစ်သားဆိုတာ ဘယ်လိုဘယ်ဝါ ဆိုတာတွေကိုလည်း တစ်ထစ်ချ မမှတ်ယူစေချင်ဘူး...
တပ်မတော်မှာမှ မဟုတ်ဘူး... နေရာတိုင်း အဖွဲ့အစည်းတိုင်းမှာ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေတာပဲ...
တပ်မတော်ဟာ လူသားတွေနဲ့ ဖွဲ့စည်းထားတာမို့ အမှားအယွင်းလုပ်တဲ့ လူသားတွေ တပ်မတော်မှာ ပါဝင်နေမှာ အသေအချာပဲ...
အဲဒါကို ပြည်သူတွေက နားလည်ဖို့လိုတယ်...
ဘယ်စစ်သားက ဘယ်လိုယုတ်မာတာ... ဘယ်စစ်သားက ဘယ်လိုဆိုးသွမ်းတာ... စသဖြင့် မကောင်းတဲ့ အချက်လေးတွေကို ထောက်ပြပြီး တပ်မတော်ဆိုတာ သုံးစားမရဘူးလို့ ပါတီတွေက ပြောလာခဲ့ရင် ချင့်ချိန်ကြစေချင်တယ်...
တပ်မတော်အင်အား ဘယ်လောက်ရှိလဲဆိုတာ ကျွန်တော်မသိဘူး...
ဒါပေမယ့် သိန်းဂဏန်းတော့ ရှိမှာပဲ...
တပ်မတော်သား လူသိန်းဂဏန်းထဲက တပ်မတော်သား တစ်သောင်းလောက်က မြန်မာပြည် တစ်နံတစ်လျားမှာ ခိုးဆိုးသောင်းကျန်း၊ လူသတ်၊ မုဒိန်းကျင့်၊ အကျင့်ပျက် လုပ်နေတယ်ဆိုရင် အဲဒီ တပ်မတော်ကို မကောင်းဘူးလို့ ပြောလာခဲ့ရင် ကျွန်တော်လက်ခံချင်သေးတယ်...
အဲလိုမှ မဟုတ်ဘဲ... လက်ချိုးရေလို့ရတဲ့ အရေအတွက်လောက်က စည်းကမ်းဖောက်ဖျက်ပြီး ကျူးလွန်နေကြတာတွေကို မုဒိန်းတပ်မတော်တို့၊ လူသတ်တပ်မတော်တို့ ကင်ပွန်းတပ်နေကြမယ်ဆိုရင် အပြစ်မရှိတဲ့ စစ်သားတွေစိတ်ထဲမှာ ဘယ်လိုခံစားရမလဲ တွေးကြည့်စေချင်တယ်...
အဲဒါမျိုးဟာ ပြည်သူနဲ့တပ်မတော် စည်းရုံးရေးပျက်ပြားစေသလို၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေကြား ယုံကြည်မှု ပျောက်ဆုံးစေတယ်...
တပ်မတော်အနေနဲ့ ဘယ်ပါတီဘက်မျှ မလိုက်ဘဲ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရင်း သိက္ခာရှိရှိ နေဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်...
ပါတီတွေ အပြိုင်အဆိုင် စစ်ကြေညာတာ အကြောင်းမဟုတ်ဘူး...
တကယ်တမ်းဖြစ်လာလို့ ခံကြရတာက ပြည်သူတွေ...
တကယ်တမ်းဖြစ်လာလို့ ပင်ပန်းကြရမှာက တပ်မတော်...
မြန်မာ့နိုင်ငံရေးမှာ တစ်ခုခုဖြစ်လာရင် ခိုင်ခိုင်မာမာ အားကိုးစရာ အဖွဲ့အစည်းဟာ တပ်မတော်ပဲရှိတယ်...
အဲဒီလိုပြောလို့ ကျွန်တော့်ကို တပ်မတော်လော်ဘီလို့ ပြောရင်လည်း ခံပါတယ်...
မျက်စိတ်ဖွင့်ပြီး စဉ်းစားကြည့်ရင် ကျွန်တော်ဘာကို ဆိုလိုမှန်း အားလုံးသိပါတယ်....
လက်ရှိမြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ဘေးဖယ်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်မှန်သမျှဟာ ပုစ္ဆာရဲ့ ပေးထားချက်ကို နားမလည်တာ၊ နိုင်ငံရေးပါးမ၀တာလို့ ကျွန်တော်က မှတ်ယူပါတယ်...
တဆိတ်ရှိရင်... အခြားနိုင်ငံတွေနဲ့ လာလာမနှိုင်းပါနဲ့...
ကျွန်တော်တို့ကြုံခဲ့ရတဲ့၊ ကြုံနေရတဲ့ အခြေအနေဟာ ဘယ်နိုင်ငံနဲ့မှ မတူပါဘူး...
မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ဘယ်လောက်ရှိသလဲဆိုတာ အရင်သိအောင် ကြိုးစားကြပါ...
မြန်မာပြည်မှာ အမြင်မတူ၊ ပူးပေါင်းလို့မရ၊ လက်တွဲလို့မရတဲ့ လက်ရှိပါတီပေါင်း ဘယ်လောက်ရှိသလဲဆိုတာ အရင်သိအောင် ကြိုးစားကြပါ....
မြန်မာ့နိုင်ငံရေးကို အခြားနိုင်ငံရေးပုံစံခွက်တွေနဲ့ ထည့်ပြီးတော့ ကြည့်နေသ၍ တလွဲတွေပဲ ဖြစ်နေပါဦးမယ်....
ပြည်သူတွေကို လမ်းပေါ်မထွက်ခိုင်းပါနဲ့တော့...
ပြည်သူတွေကို မဆူပူခိုင်းပါနဲ့တော့...
ပြည်သူတွေကို ဒေါသမထွက်ခိုင်းပါနဲ့တော့...
ပြည်သူတွေကို လက်သီးလက်မောင်း မတန်းခိုင်းပါနဲ့တော့....
နိုင်ငံရေးပါတီများအားလုံး ငြိမ်းချမ်းစွာ ဖြေရှင်းကြစေလိုသည့်အကြောင်းနှင့် တပ်မတော်အနေဖြင့် ကြားထဲမှ မှန်မှန်ကန်ကန် ရပ်တည်ပေးစေလိုသည့်အကြောင်း ဤနေရာမှ တောင်းပန်လိုက်ပါသည်....
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မေလ ၁၈ ရက်၊ တနင်္ဂနွေနေ့။
မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင်ပြီး၏။

Saturday, May 17, 2014

ဒေါ်စုရဲ့ စကားများအတွက် စိုးရိမ်မိပါသည်


ဒီနေ့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်အဖွဲ့တို့ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တယ်ဆိုတဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ အွန်လိုင်းပေါ်မှာ ဖတ်ရပါတယ်။ အသံဖိုင်နဲ့ ဗီဒီယိုဖိုင် လိုက်ရှာနေပေမယ့် အခုထိ နားမထောင်ရသေး၊ မမြင်ရသေးတဲ့အတွက် ကိုယ်တိုင်မြင်ကြားတာ မဟုတ်ဘဲ အခြားလူများ ရေးသားတင်ပြထားတာတွေကိုသာ ဖတ်ရှုရသေးကြောင်း ပထမဆုံး ၀န်ခံပါရစေ။ ရေးသားတင်ပြတဲ့ ပုဂ္ဂိုလ်အချို့ဟာ NLD အတွင်းသတင်းတွေကို အမြဲတစေ ခရေစေ့တွင်းကျ တင်ပြရေးသားနေသူတွေဆိုတော့ ယုံကြည်လောက်သော သတင်းရင်းမြစ်တွေအဖြစ် မှတ်ယူမိတာကြောင့် ဒီပို့စ်ကို ရေးပါတယ်။

အားလုံးလည်း အဲဒီမိန့်ခွန်း ကောက်နုတ်ချက်တွေကို ဖတ်ပြီးသား ဖြစ်ကြမယ်လို့ ယုံကြည်တဲ့အတွက် ဘာပြောခဲ့တယ်၊ ညာပြောခဲ့တယ် ဆိုတာတွေကို အသေးစိတ် မပြောလိုပါဘူး။ လိုရင်းကိုပဲ ပြောရမယ်ဆိုရင် အဲဒီလို ပြောဆိုခဲ့တာတွေအတွက် အရမ်းပင် စိုးရိမ်မိကြောင်း ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်စိတ်ကို ဖွင့်ဟပါရစေ။

ထိုင်းနိုင်ငံမှာ ဖြစ်နေသလိုမျိုး လူထုတွေ လမ်းပေါ်တက်ပြီး အစိုးရကို ဖိအားပေးတဲ့ပုံစံဖြစ်အောင် ကြိုးပမ်းနေတယ်ဆိုရင်တော့ ဒေါ်စုကို ဆက်မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်ဆိုတာ အခြေခံဥပဒေထဲမှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အခြေခံဥပဒေကို သဘောမကျတဲ့အတွက် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း မလိုက်နာနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါဟာ ဖြစ်သင့်၊ မဖြစ်သင့် စဉ်းစားကြစေလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်ရှိအသက်ဝင်နေတဲ့ တည်ဆဲဥပဒေ ဖြစ်ပါတယ်။ ဥပဒေအားလုံးရဲ့ အထွဋ်အခေါင် ဖြစ်ပါတယ်။ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး စသဖြင့် မဏ္ဍိုင်သုံးရပ် ရှိနေတယ်ဆိုတာ၊ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာ၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊ စုဝေးခွင့် ရှိတယ်ဆိုတာ၊ ပါတီစုံနိုင်ငံရေးကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်ဆိုတာ၊ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ အာမခံချက်တွေကြောင့် ဖြစ်ပါတယ်။

အခြေခံဥပဒေမှာ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ ရှိတယ်ဆိုတာ မြန်မာပြည်သူတိုင်း သိရှိသလို၊ တာဝန်ရှိသူတွေကလည်း ပြင်ဆင်သင့်တဲ့ အချက်တွေ ရှိပါတယ်လို့ ၀န်ခံသဘောတူထားကြပြီးသားပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်လုံးကို အစအဆုံး ပြင်ဆင်ပစ်မယ်၊ သဘောမကျတဲ့ အချက်တွေ အကုန်လုံးကို ကိုယ်တွေစိတ်ကြိုက် ပြင်ပေးရမယ် ဆိုတာကတော့ နိုင်ငံရေးမဆန်ဘူးလို့ ကျွန်တော်က မြင်မိတာပါပဲ။

ဒေါ်စုအနေနဲ့ လက်ရှိပကတိ အခြေအနေကို မှန်ကန်စွာ အကဲဖြတ်သုံးသပ်မှု မလုပ်နိုင်တာလား၊ တမင်ပဲ မြောက်ပေးမှုတွေကြား၊ ကြိုးဆွဲမှုတွေကြားမှာ ခေါင်းမာစွာ ဆက်တိုးနေတာလားဆိုတာ နားမလည်နိုင်ပါ။ NLD သည် လက်ရှိအာဏာရပါတီ မဟုတ်ပါ။ ထိုအချက်ကို မမေ့စေလိုပါ။ အတိုက်အခံသည် အတိုက်အခံသဘောသာ ဆောင်စေလိုပါသည်။ နိုင်ငံရေးကပ်ဆိုးများ၊ နိုင်ငံရေးမုန်တိုင်းများနှင့် မကြုံရဘူးဆိုပါက ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အထိုက်အလျောက် အာဏာရလာနိုင်ပါသည်။ ယခင်ကကဲ့သို့ အပြတ်အသတ်၊ တောင်ပြိုကမ်းပြို၊ ပက်ပက်စက်စက် နိုင်လိမ့်မည်ဟူသည်မှာ မသေချာသော အခြေအနေတစ်ရပ် ဖြစ်သည်ကို ဒေါ်စုကိုယ်တိုင် သိရှိနေပါသည်။ ယခုလို အတိုက်အခံ အခြေအနေမျိုးမှာပင် ထိုမျှအထိ သဘောထား တင်းမာနေပါလျှင် အာဏာရရှိသွားပါက ယခုထက် ပိုမိုတင်းမာသော အနေအထားမျိုး ဖြစ်လာနိုင်ပါသည်။

လိုရင်းကို ပြန်ဆက်ရလျှင် ဒေါ်စုသည် တပ်မတော်နှင့် ပြည်သူကို အတိအလင်းပင် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းပေါ်သို့ တင်ပေးနေပါသည်။ ပြည်သူနှင့် တပ်မတော်ကို အတိအလင်း သွေးခွဲနေပါသည်။ ထိုအချက်သည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းလှသည်မဟုတ်ပါ။ တွေးကြည့်လေ စိုးရိမ်ရလေ ဖြစ်ပါသည်။ တကယ်တမ်း ဖြစ်လာပြီဟေ့ဆိုလျှင် နစ်နာကြရသည်က ပြည်သူများ ဖြစ်ကြပါသည်။ ပြည်သူကို နောက်ထပ် ၈၈ အဖြစ်ဆိုးမျိုးထဲသို့ တွန်းမပို့ကြရန် တောင်းပန်လိုပါသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိထားသည့် ဒေါ်စုအနေဖြင့် မိမိနိုင်ငံ တပ်မတော်နှင့် မိမိပြည်သူများကို ရန်တိုက်ပေးခြင်းဖြင့် မည်သည့် နိုင်ငံရေးအကျိုးအမြတ်များ ရရှိနိုင်သနည်းဟု မေးခွန်းထုတ်လိုပါသည်။ ၂၀၁၅ ခုနှစ်တွင် မိမိအာဏာရရှိရေးအတွက် မဖြစ်နိုင်တော့သည့် အခြေအနေတစ်ရပ်အပေါ် မကျေနပ်သည့် စိတ်အခံဖြင့် နိုင်ငံရေးအသိ နည်းပါးနေသေးသည့် ပြည်သူများကို စစ်တုရင် နယ်ရုပ်များပမာ သဘောထား၍ ကစားကွက် မရွှေ့သင့်တော့ပါကြောင်း တောင်းပန်လိုပါသည်။

အချိန်အားရလျှင် ကျွန်တော့်အမြင်များကို ထပ်မံ၍ သီးသန့်ရေးသားလိုပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ် မေလ ၁၇ ရက်၊ စနေနေ့။
ညနေ ၆ နာရီ ၁၅ မိနစ်တွင်ပြီး၏။

Tuesday, April 22, 2014

 
Web Statistics