Thursday, December 20, 2012

ပညာရှိ နှင့် လူမိုက်


အပုဋ္ဌော ပဏ္ဍိတော ဘေရီ၊
ပဇ္ဇုန္နော ဟောတိ ပုစ္ဆိတော။
ဗာလော ပုဋ္ဌော အပုဋ္ဌောပိ၊
ဗဟုမ္ပိ ဘဏတေ သဒါ။

ပညာရှိသည် အမေးမခံရသောအခါ စည်ကြီးကဲ့သို့ ဆိတ်ဆိတ်နေ၏။
အမေးခံရသောအခါတွင်ကား မိုးသည်းကြီး ရွာချသကဲ့သို့ ပြောဆိုတတ်၏။
လူမိုက်သည်ကား အမေးခံရသည်ဖြစ်စေ၊ အမေး မခံရသည်ဖြစ်စေ အခါခပ်သိမ်း ရောက်တတ်ရာရာ မြောက်မြားစွာ ပြောဆိုတတ်၏။

Wednesday, December 19, 2012

အဋ္ဌာရသ အတတ်ပညာများ


သုတိ သမ္မုတိ သင်္ချာ စ၊
ယောဂါနီတိ ၀ိသေသကာ။
ဂန္ဓဗ္ဗာ ဂဏိကာ စေ၀၊
ဓနု ဗေဒါ စ ပူရဏာ၊
တိကိစ္ဆာ ဣတိဟာသော စ၊
ဇောတိ မာယာ စ ဆန္ဒတိ။
ကေတု မန္တာ စ သဒ္ဒါ စ၊
သိပ္ပါဋ္ဌာရသကာ ဣမေ။

အကြားအမြင် အတတ်
ဓမ္မသတ် အတတ်
ဂဏန်းသင်္ချာ အတတ်
တံစည်းစူးဆောက် အတတ်
နီတိကျမ်း အတတ်
ယာယီ ယတြာ စသော ဗျာကရိုဏ်း အတတ်
စောင်းညှင်း စသော အတီးအမှုတ် အတတ်
လက်သစ် အတတ်
လေး အတတ်
ရှေးစကား အတတ်
ဆေး အတတ်
ရယ်ရွှင်မှု အတတ်
ဗေဒင် အတတ်
လှည့်ပတ်တတ်သော အတတ်
ဆန်းကျမ်း အတတ်
သံတမန် အတတ်
မန္တန် အတတ်
သဒ္ဒါကျမ်း အတတ်
ဤသည်ကား တစ်ဆယ့်ရှစ်ရပ်သော အတတ်တို့ပေတည်း။ 

Tuesday, December 18, 2012

ညှို့ မဂ္ဂဇင်း နှင့် မြန်မာ့အလင်းအာဘော်


ကျွန်တော့်စိတ်ထဲမှာ ကြိုတင်မျှော်လင့်ထားပြီးသားမို့ မအံ့သြပေမယ့် စိတ်ထဲမှာ ၀မ်းသာသွားမိတာတော့ အမှန်ပါပဲ။ သြော်.... မြန်မာ့အလင်းသတင်းစာမှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်းကို ပြောနေတာပါ။ ညှို့မဂ္ဂဇင်းကို ဖတ်ရကတည်းက အဲဒီလိုတော့ ဖြစ်လာနိုင်တယ်လို့ တွေးမိပါတယ်။ ရေးလည်းရေးသင့်တယ်လို့ ထင်မိလို့ပါ။ အဲဒီအတွက်လည်း မြန်မာ့အလင်းသတင်းစာက စာတည်းအဖွဲ့ကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်လိုက်ပါရစေ။ ကိုယ့်ရဲ့ ကြိုတင်မှန်းဆချက် မှန်ခဲ့တဲ့အတွက်လည်း ကျေနပ်မိတာကို ၀န်ခံပါတယ်။

တစ်ဦးနဲ့တစ်ဦး အမြင်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးမို့ မင်းမှားတယ်၊ ငါမှန်တယ်လို့ ဒီနေရာမှာ အငြင်းမပွားလိုပါဘူး။ ကျွန်တော့်ရဲ့ မြန်မာ့သွေး စာဖတ်သူတွေအားလုံးဟာ အရွယ်ရောက်ပြီးတဲ့ ခေတ်ပညာတတ် လူငယ်တွေများတာမို့ ကိုယ့်အသိဉာဏ်နဲ့ကိုယ်၊ ကိုယ့်ဆင်ခြင်ဉာဏ်နဲ့ကိုယ် ဝေဖန်ပိုင်းခြားတတ်ကြလိမ့်မယ်ဆိုတာ လုံးဝ သံသယ မရှိမိပါဘူး။ အဲဒါကြောင့် ကျွန်တော်ကိုဉာဏ်ကတော့ ဒီလိုမြင်တယ်၊ ဒီလိုတွေးတယ်၊ ဒီလိုဝေဖန်တယ်လို့ မပြောလိုတော့ပါဘူး။ စာဖတ်သူတွေကပဲ နှိုင်းယှဉ်စဉ်းစားကြပါလို့ ပြောလိုပါတယ်။

ဒီနေရာမှာ ၀န်ခံချင်တာတစ်ခု ရှိပါတယ်။ မင်းလည်း အဲဒီမဂ္ဂဇင်းကို ဖတ်တာပဲ မဟုတ်လားလို့ မေးလာမယ့် လူတွေကိုပါ။ ဟုတ်ကဲ့ အမှန်အတိုင်း ကျွန်တော်ဝန်ခံပါတယ်။ အဲဒီမဂ္ဂဇင်းကို ကျွန်တော်ဖတ်ခြင်းသည် ဘာဗဟုသုတရမလဲ၊ ဘာပညာတွေ လေ့လာနိုင်မလဲဆိုတဲ့ စိတ်ကူးနဲ့ ဖတ်ခဲ့တာ မဟုတ်ပါဘူး။ ယောက်ျားတို့ရဲ့ တပ်မက်တဲ့စိတ်နဲ့ ဖတ်ခဲ့တာပါ။ ယောက်ျားတိုင်းကို ဆိုလိုတာမဟုတ်ပေမယ့် သာမန်ပုထုဇဉ်လူသား ယောက်ျားတစ်ဦးရဲ့ စိတ်ကိုဆိုလိုကြောင်း နားလည်ပေးစေလိုပါတယ်။ အဲဒီအတွက် ကျွန်တော် အဲဒီမဂ္ဂဇင်းကို မဖတ်ခဲ့ဘူးလို့ မငြင်းလိုပါ၊ ကြိုက်သလားဆိုရင် နှစ်ပိုင်းဖြေပါမယ်။ မြန်မာ့လူဘောင်အတွက် မကြိုက်ပါဘူး၊ ကျွန်တော့်အတွက်ကတော့ ယောက်ျားစိတ်နဲ့ ကြိုက်နှစ်သက်ကြောင်းပါ။ ဒါကြောင့် မကြိုက်ခြင်းသည် ကျွန်တော့်ဆင်ခြင်ဉာဏ်၊ ကျွန်တော့်ဦးနှောက်က မကြိုက်ခြင်းဖြစ်ပြီး၊ ကြိုက်ခြင်းကတော့ ကျွန်တော့်ရဲ့ တဏှာစိတ်၊ အကုသိုလ်စိတ်က ကြိုက်ခြင်းဖြစ်ကြောင်း အတိအလင်း ပြောလိုပါသည်ခင်ဗျား။

မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်၊ စာမျက်နှာ ၁၀ ပါ ဆောင်းပါး (စာလုံးများကို သေချာမမြင်ရပါလျှင် မိမိစက်အတွင်းသို့ ဦးစွာသိမ်းယူပြီးမှ မြင်ကွင်းချဲ့၍ ဖတ်ရှုနိုင်ပါသည်။)


ညှို့ မဂ္ဂဇင်း Download ယူရန်။

ကျွန်တော့်သူငယ်ချင်းတွေ ပြောသည့်စကားတစ်ခွန်းကိုလည်း မမေ့မလျော့ ပြောလိုပါသေးသည်။ ကျွန်တော်က စာအုပ်ဆိုင်တွင် ညှို့မဂ္ဂဇင်းကို သွားဝယ်ရာ မရှိတော့ဘူးဟုပြောကြောင်း၊ ရောက်တာနဲ့ ချက်ချင်းကုန်သွားသည်ဟု ဆိုင်မှပြောလိုက်သည့်အကြောင်းကို ပြောပြဖြစ်ပါသည်။ ထိုအခါ သူငယ်ချင်းများက အကြံပေးပါသည်။ အဲဒီမဂ္ဂဇင်းကို စာအုပ်ဝယ်ပြီး သို့မဟုတ် ငှားပြီး ဖတ်ဖြစ်အောင် ဖတ်ပါတဲ့။ အွန်လိုင်းမှာတင်ထားတဲ့ PDF ဖိုင်ထက် အများကြီး ပိုလန်းသည်ဟု ဆိုပါသည်။ ဟုတ်မဟုတ် စာအုပ်မူရင်းနှင့် ဖတ်ဖူးသူများက ပိုသိပါလိမ့်မည်။ ကျွန်တော်ကတော့ ယခုအချိန်အထိ PDF ဖိုင်ဖြင့်သာ ဖတ်ဖူးသေးကြောင်းပါခင်ဗျား။

မြန်မာအွန်လိုင်းရပ်ဝန်း ထုံးစံအတိုင်း ထိုမဂ္ဂဇင်း၏ မူလတင်ပေးသူသည် မည်သူမှန်း မသိတော့ပါ။ တစ်ယောက်တစ်ဆင့်ဖြင့် ကူးယူဖြန့်ဝေလာခဲ့ရာ ဟိုလူကလည်း သူတင်ခဲ့သလိုလို၊ ဒီလူကလည်း သူတင်ခဲ့သလိုလိုမို့ ဘယ်သူတင်ခဲ့ကြောင်းကို ကျွန်တော်သေချာမသိပါ။ သို့သော် အထောက်အထား အချက်အလက် အချို့အရ နှာသခင် (ဒို့တဏှာအစည်းအရုံး) က တင်တာလို့ သိရပါတယ်။ ဘယ်သူမှန်း မသိပေမယ့် အွန်လိုင်းမှာ ဖတ်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့အတွက်တော့ ကျေးဇူးတင်လိုက်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်၊ အင်္ဂါနေ့။
နံနက် ၆ နာရီ ၆၉ မိနစ်တွင်ပြီး၏။ 

ဖြည်းဖြည်း ဖြည်းဖြည်းပြု


သိံနေ သိပ္ပံ သိံနေ ဓနံ၊
သိံနေ ပဗ္ဗတမာရုဟံ။
သိံနေ ကာမဿ ကောဓဿ၊
ဣမေ ပဉ္စ သိံနေ သိံနေ။

အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏။
ပစ္စည်းဥစ္စာကို ဖြည်းဖြည်း ရှာရာ၏။
တောင်တက်သော သူသည် ဖြည်းဖြည်း တက်ရာ၏။
ကာမကိစ္စကို ဖြည်းဖြည်း ပြုကျင့်ရာ၏။
အမျက်ကို ဖြည်းဖြည်း ထွက်ရာ၏။
ဤအချက် ငါးချက်တို့ကို ဖြည်းဖြည်း ဖြည်းဖြည်းသာ ပြုကျင့်ရာ၏။

Friday, December 14, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၃)


အမှတ်စဉ် (၂) အထိ ရေးသားခဲ့သော်လည်း ကာလအတန်ကြာ ဆက်မရေးဖြစ်ဘဲ အဆက်ပြတ်သလို ဖြစ်သွားခဲ့ရပါသည်။ အလုပ်တာဝန်များနှင့် မအားလပ်သောကြောင့်ဟု အကြောင်းပြချက် မပေးလိုသော်လည်း မအားလပ်ခဲ့သည်ကတော့ အမှန်ဖြစ်ပါသည်။ ထို့ကြောင့်ပင် အစပျိုးခဲ့သော်လည်း ဆက်မရေးဖြစ်ဘဲ ပစ်ထားသလို ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။ ရေးမည့်အကြောင်းအရာများ၊ ပြောလိုသည်များကို စိတ်ထဲတွင် စဉ်ထားပြီးဖြစ်သော်လည်း စိတ်အေးလက်အေးနှင့် အချိန်ယူစဉ်းစားကာ ရေးသင့်သည်ဟု ထင်မြင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အလောတကြီး ရေးသားခြင်း မပြုခဲ့ဘဲ အခြားပို့စ်များကိုသာ ရေးသားဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ပို့စ်တစ်ခုဖြစ်ရင်ပြီးရော မရေးသားလိုသည့်အတွက် အမှတ်စဉ် (၂) နှင့် ယခု အမှတ်စဉ် (၃) အကြားတွင် အချိန် ၂ လခန့် ကွာခြားသွားခဲ့ရခြင်းကို အားနာမိပါကြောင်းနှင့် အနူးအညွတ်တောင်းပန်ပါကြောင်း။

ယခုပို့စ်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်များကိုပင် ကျွန်တော်တို့ လေ့လာကြမည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားချက် များစွာရှိရာ ထိုအချက်များအားလုံးကို သေသေချာချာ သဘောပေါက်မှသာလျှင် ဆက်စပ်စဉ်းစားမှုများ၌ အဆင်ပြေမည်ဟု ကျွန်တော်ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်အတွက် ဥပေဒကျောရိုးကို ရေးဆွဲခဲ့သူ(များ)၏ အတွေးအကြံများကို ထိုပေးထားချက်များမှတစ်ဆင့် မြင်တွေ့သိရှိနိုင်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ သိရှိခြင်းဖြင့် အချို့သော ပြဋ္ဌာန်းချက်များတွင် မူရင်းရည်ရွယ်ရင်းကို မှန်းဆနိုင်ပါသည်။

ကျွန်ုပ်အနေဖြင့် ဥပဒေပညာရှင်တစ်ဦး မဟုတ်သည့်အတွက် ဥပဒေရှုထောင့်မှ မည်သို့မည်ပုံဆိုသည်ကို သေသေချာချာ ရှင်းပြနိုင်ချင်မှ ရှင်းပြနိုင်မည်ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်များနှင့် ၎င်းပေးထားချက်များ၏ ရည်ရွယ်ရင်း၊ ဦးတည်ချက်၊ လမ်းကြောင်းကိုမူ မှန်းဆနိုင်သည်ဟုတော့ ဆိုချင်ပါသည်။ ၀တ္ထုစာအုပ်ထဲတွင် စိတ်နစ်သွားသည့်အခါ ၀တ္ထုရေးသူ၏ ခံစားချက်များ၊ အတွေးများ၊ စိတ်ကူးများသည် မိမိထံသို့ ကူးစက်လာသကဲ့သို့ဟု ဆိုချင်ပါသည်။ ထိုသို့ဆိုသည့်အတွက် ဝေဖန်စရာဖြစ်မည်ကိုလည်း ကျွန်တော်သိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၀တ္ထုစာအုပ် မဟုတ်ပါ။ ၎င်းအချက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ သို့သော် စာဖတ်သူများအနေဖြင့် သတိပြုမိစေချင်သည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သူများမှာ စက်ရုပ်များ၊ ဂြိုလ်သားများ မဟုတ်ကြပါ။ လူသားများဖြစ်ကြပါသည်။ လူသားများဖြစ်သည့်အတွက် ခံစားချက်များ ရှိကြပါသည်။ ဤနေရာတွင်လည်း ကျွန်တော်ပြောလိုရင်းကို နားလည်စေချင်ပါသည်။ ခံစားချက်အတိုင်း ရေးထားသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ လူဆိုသည်မှာ မိမိတွေ့ကြုံခဲ့ဖူးသည့် အတွေ့အကြုံများအပေါ်တွင် များစွာခံစားတတ်ကြသူများ ဖြစ်သည်ဟုဆိုလျှင် စာဖတ်သူများအနေဖြင့် အငြင်းပွားလိမ့်မည်မဟုတ်ဟု ကျွန်ုပ် ယုံကြည်ပါသည်။

အခြေခံဥပဒေကို ရေးဆွဲသွားသူများကို လှမ်းမျှော်မကြည့်ဘဲ မိမိဘာသာမိမိ ပြန်လည်ဆင်ခြင် ကြစေလိုပါသည်။ နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ ဆုံးဖြတ်လုပ်ကိုင်နေရသည်များမှာ ကျွန်တော်တို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ်တွင် အခြေပြုကာ ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ တစ်ခုသိထားသင့်သည်မှာ ထိုသို့ ဆုံးဖြတ်လုပ်ကိုင်ခြင်းများသည် မိမိအတွက် အမှန်တရားများ ဖြစ်ကောင်းဖြစ်နေမည်ဖြစ်သော်လည်း အခြားအခြားသော လူများအတွက်မူ ဟုတ်ချင်မှဟုတ်မည် ဆိုသည့်အချက် ဖြစ်ပါသည်။ သူတို့တွင်လည်း သူတို့အတွေ့အကြုံများအရ သူတို့ဘာသာ ပြဋ္ဌာန်းထားသည့် ကိုယ်ပိုင်အယူအဆများ၊ ခံယူချက်များ ရှိနေကြသည်ကို မမေ့ကြစေလိုပါ။ အဆိုပါ အချက်များသည် ကျွန်ုပ်တို့အနေဖြင့် ခံစားချက်များအပေါ်တွင် အခြေပြုကာ လုပ်ကိုင်ဆောင်ရွက်ကြခြင်း ရှိမရှိ ဆိုသည်ကို သိရှိနိုင်သည့် အချက်များဟု ကျွန်ုပ် ယုံကြည်ပါသည်။

မူလအကြောင်းအရာကို ပြန်ဆက်ရပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသွားသူများသည် လူသားများဖြစ်သည့်အတွက် သူတို့ခံစားချက်များသည် အခြေခံဥပဒေထဲတွင် ပျော်ဝင်နေပါလိမ့်မည်။ ထိုအချက်များကို ရှာဖွေတွေ့ရှိနိုင်ပါလျှင် အချို့သူများ ပြောဆိုနေကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အချို့သည် အဘယ်ကြောင့် ထိုသို့ ဖြစ်နေကြရသည်ကို နားလည်နိုင်လိမ့်မည်ဟု ဆိုချင်ပါသည်။ အနည်းဆုံးတော့ ဒီနေ့ဒီအချိန်မှာ ဒီလို အငြင်းပွားမှုတွေ၊ ဒီလို ဆုံးဖြတ်ချက်တွေ၊ ဒီလို အားပြိုင်မှုတွေ ဖြစ်လာအောင် ကြိုတင်ကြံရွယ်ခဲ့သလားဟု ထင်ရလောက်အောင် စနစ်ကျလှသည့် ပြဋ္ဌာန်းချက်များအကြောင်းကို လေ့လာခြင်းသည် စိတ်ဝင်စားစရာကောင်းနေလိမ့်မည်ဟု ယုံကြည်မိပါသည်။

ယခုပို့စ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အသက်ကန့်သတ်ချက်များနှင့် ပတ်သက်၍ ကျွန်တော်ကိုဉာဏ် လေ့လာမိသမျှကို စုစည်းဖော်ပြထားပါသည်။ မှားယွင်းချွတ်ချော်မှုများ မြင်တွေ့ခဲ့ပါလျှင်လည်း အားနာခြင်း မဖြစ်ဘဲ ကျွန်ုပ်ကိုယ်တိုင်နှင့် အခြားစာဖတ်သူများ၏ အကျိုးငှာ ထောက်ပြဝေဖန် ပြောဆိုကြစေလိုပါသည်။



အထက်တွင် ဖော်ပြထားသည့်အတိုင်း အသက်ကန့်သတ်ချက်များကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အထွေထွေ ဟူ၍ အပိုင်း ၄ ပိုင်းခွဲ၍ တင်ပြထားပါသည်။ စာဖတ်သူများအနေဖြင့် ဖတ်ရှုဝေဖန် သုံးသပ်မှုများ ပြုလုပ်နိုင်ပါသည်။ အသက်ကန့်သတ်ချက်နှင့် ပတ်သက်၍ ကျွန်တော့်တွင် ပြောစရာများစွာ ရှိသော်လည်း ဤနေရာတွင် ဥပဒေပြုရေးမဏ္ဍိုင်နှင့် ပတ်သက်၍သာ အလေးထား ပြောကြားလိုပါသည်။

စာဖတ်သူများ သတိထားမိလိမ့်မည်ဟု ယုံကြည်ပါသည်။ မဏ္ဍိုင်သုံးရပ် ရှိသည့်အနက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့တွင် တာဝန်ရှိသူ အဆင့်ဆင့်သည် အသက်ကန့်သတ်ချက်များ ရှိနေကြပါသည်။ ဤပို့စ်တွင် ကျွန်တော့်အနေဖြင့် အသက်ကန့်သတ်ချက်ကိုသာ အထူးပြုဖော်ပြခြင်း ဖြစ်သဖြင့် အခြားအကြောင်းအရာများ မပါဝင်သော်လည်း အသက်ကန့်သတ်ချက်နှင့်အတူ အခြားသော အရည်အချင်း ကန့်သတ်ချက်များ ပါရှိနေသည်ဆိုသည်ကို စာဖတ်သူများ သိရှိပြီးဖြစ်သည်ဟု ယုံကြည်ပါသည်။

ဥပဒေပြုရေးမဏ္ဍိုင်မှာမူ အင်မတန် ထူးခြားပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ အသက်ကန့်သတ်ချက်နှင့် ပြည့်စုံရမည့် အရည်အချင်းများ ရှိပါသော်လည်း လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများအား အသက်ကန့်သတ်ထားခြင်း မရှိသည်ကို တွေ့နိုင်ပါသည်။ ထို့ပြင် အမြဲတမ်းကော်မတီများ၏ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကိုလည်း အသက်ကန့်သတ်ထားခြင်း မရှိပါ။ ဆိုလိုသည့်သဘောမှာ လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် လွှတ်တော်ဥက္ကဋ္ဌ အဖြစ်သော်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ်သော်လည်းကောင်း၊ ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ အဖြစ်သော်လည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ်သော်လည်းကောင်း တာဝန်ထမ်းဆောင်နိုင်သည် ဟူသည့်အချက် ဖြစ်ပါသည်။ စဉ်းစားဖွယ် ဖြစ်ပါသည်။

ဖြစ်နိုင်ချေ အင်မတန်မှ နည်းပါးပါသော်လည်း ပေးထားချက်အရ၊ သင်္ချာနည်းအရ ဖြစ်နိုင်သည့်အချက်မှာ အသက် ၂၅ နှစ် သို့မဟုတ် ၃၀ နှစ် ပြည့်ပြီးသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း ဖြစ်ပါသည်။ ၂၅/၃၀ နှစ်ဆိုသည်က နမူနာ ပြောလိုခြင်းသာ ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရန်အတွက် အသက် ၂၅ နှစ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရန်အတွက် အသက် ၃၀ နှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဖြစ်ရန်အတွက် အသက် ၂၅ နှစ် ပြည့်မြောက်ရန်သာ လိုအပ်ပါသည်။ အခြားကန့်သတ်ချက် အရည်အချင်းများ လုံးဝ (လုံးဝ) မလိုအပ်ပါ။ ပညာရေးဆိုင်ရာ အရည်အချင်းများ မလိုပါ၊ မည်သည့်နယ်ပယ်တွင် လုပ်သက်မည်မျှ ရှိရမည်ဟူသည့် အရည်အချင်းမလိုပါ။ တစ်ခုသာ လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရန်တစ်ခုသာ ဖြစ်ပါသည်။

လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်သည့် နည်းလမ်းများအရ၊ ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ ခန့်အပ်သည့် နည်းလမ်းများအရ လွှတ်တော်အတွင်း အမတ်နေရာ အများဆုံး ရရှိသည့် ပါတီသည်လည်းကောင်း၊ ညွန့်ပေါင်းဖွဲ့နိုင်သည့် ပါတီများသည်လည်းကောင်း လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများကို ၎င်းတို့စိတ်ကြိုက် ရွေးချယ်တင်မြှောက်ခွင့် ရရှိကြလိမ့်မည် ဖြစ်ပါသည်။ (သမ္မတနှင့် အစိုးရအဖွဲ့သည်လည်း ဤလမ်းကြောင်းမှ သွားရသည်ကို သတိပြုစေလိုပါသည်) ထို့ကြောင့် အသက် ၂၅ နှစ် သို့မဟုတ် ၃၀ နှစ် ပြည့်ပြီးလျှင် လွှတ်တော်ဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်နိုင်သည်ဟု ကျွန်တော်ပြောခဲ့ခြင်း ဖြစ်ပါသည်။ မဏ္ဍိုင်သုံးရပ်အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများကို စာဖတ်သူများ ပြန်လည်စဉ်းစား ဆင်ခြင်ကြည့်စေလိုပါသည်။ အချို့သော ပြဿနာများသည် ယခု ဖော်ပြခဲ့သည့် အသက်ကန့်သတ်ချက်များနှင့် ဆက်စပ်နေသည်ကို တွေ့ရှိနိုင်သောကြောင့် ဖြစ်ပါသည်။

ကျွန်ုပ်အနေဖြင့် အခြားအရာများကို မပြောလိုသော်လည်း အသက်ကန့်သတ်ချက်များနှင့် ပတ်သက်၍ စဉ်းစားမိတိုင်း စိတ်ထဲတွင် ဖြစ်မိသည့်အရာတစ်ခု ရှိပါသည်။ အခြားမဟုတ်ပါ။ ဥပဒေပြုရေးမဏ္ဍိုင်မှ လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျောရိုးကို ရေးဆွဲခဲ့သူ(များ)ကို ကျေးဇူးတင်သင့်သည် ဟူသည့်အချက် ဖြစ်ပါသည်။ ထိုသို့ဆိုသည့်အတွက် ကျွန်တော်စိတ်ပူမိသည်မှာ စာဖတ်သူများအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများအတွက် အသက်ကန့်သတ်ချက် မထားခဲ့သောကြောင့်ဟု ယူဆသွားမည်ကို ဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် ထိုအချက်ကို ပြောလိုခြင်း မဟုတ်ပါ။ အခြေခံဥပဒေကို ရေးဆွဲခဲ့သူများ၏ ပြည်သူကိုလေးစားမှု၊ ပြည်သူအပေါ် ယုံကြည်မှု၊ ဥပဒေပြုရေးမဏ္ဍိုင်အပေါ် တန်ဖိုးထားလေးစားမှုတို့ကို ဖြစ်ပါသည်။ ချက်ချင်း သဘောမပေါက်ခဲ့ပါလျှင် ခေါင်းအေးအေးထား၍ စဉ်းစားကြည့်စေလိုပါသည်။ ကျွန်တော် ဘာကိုဆိုလိုသည်ကို စေ့စေ့တွေးလျှင် ရေးရေးပေါ်လာပါလိမ့်မည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်၊ သောကြာနေ့။
နံနက် ၃ နာရီ ၅၉ မိနစ်တွင်ပြီး၏။
ဆက်စပ်ဖတ်ရှုရန်များ
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
၂။ နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရမည်
၃။ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၁)
၎။ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၂)

သုတေသီ၏ တာဝန်


ပဏ္ဍိတော သုတသမ္ပန္နော၊
ယတ္ထ အတ္ထီတိ စေ သုတော။
မဟုဿာဟေန တံ ဌာနံ၊
ဂန္တဗ္ဗံဝ သုတေသိနာ။

အကြားအမြင် ပြည့်ဝစုံလင်သည့် ပညာရှိတစ်ဦး ရှိနေရာအရပ်ကို ကြားရသိရပါက အတတ်ပညာ ရှာဖွေ ဆည်းပူးလိုသော အမျိုးကောင်းသားသည် ထိုအရပ်သို့ မရောက်ရောက်အောင် ပြင်းထန်စွာ အားထုတ်၍ သွားရမည်သာတည်း။

သင်၏မွေးနေ့ရက်ကပြောသည့် သင့်အကြောင်း



စိတ်ဝင်စားဖို့ ကောင်းပါသည်။ ပထမဦးစွာ သင်၏ မွေးလနှင့်မွေးရက်အား မည်သည့်အကောင်က ကိုယ်စားပြုသည်ကို ရှာဖွေရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင်၏ မွေးနေ့သည် မတ်လ ၂၅ ရက်နေ့ ဆိုပါစို့။ အောက်တွင် ဖော်ပြထားသည့် အချက်များထဲတွင် ရှာဖွေသောအခါ မတ်လ ၂၅ ရက်သည် ကြောင် ဟူ၍ တွေ့ရပါလိမ့်မည်။ ရှင်းလင်းချက်များမှ ကြောင်နှင့်ပတ်သက်၍ ရှင်းပြထားသည့် အချက်များကို ဖတ်ရှုပြီး သင်၏ အမူအကျင့်များ၊ အကျင့်စရိုက်များနှင့် တိုက်ဆိုင်မှုရှိမရှိ စစ်ဆေးနိုင်ပါသည်။ ပျော်ရွှင်ဖွယ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ဇန်န၀ါရီလ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီလ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်

ရှင်းလင်းချက်များ
ခွေး
အကယ်၍ သင်၏မွေးရက်သည် ခွေးဖြစ်ပါက အလွန်သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသားဖြောင့်မတ်ကာ အလုပ်ကို လေးစားသူဖြစ်ပြီး ပင်ကိုစိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်းရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူဖြစ်သဖြင့် ခေတ်ပေါ်အ၀တ်အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓာတ်ကျလေ့ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်းအသင်းများနှင့်သာ ပေါင်းသင်းလေ့ရှိသူလည်း ဖြစ်သည်။

ကြွက်
အကယ်၍ သင်၏ မွေးရက်သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်းသဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတစ်ယောက်က စကားမှားပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူဖြစ်သည်။

ခြင်္သေ့
အကယ်၍ သင်၏မွေးရက်သည် ခြင်္သေ့ဖြစ်ခဲ့လျှင် သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလားနှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ရှိပြီး တင်းမာမှု အခြေအနေမျိုးကိုပါ လက်မခံတတ်သူဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင်ဗီဇရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်းအသင်းများအား အလုပ်တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံးသိမ်းသွင်းနိုင်သူလည်း ဖြစ်သည်။ သူတစ်ပါး၏ ချစ်ခင်မြတ်နိုးမှုကို လိုလားပြီး တစ်စုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူဂရုစိုက်တာထက် အဆပေါင်းများစွာ တုံ့ပြန်မှုပေးသည်။ စိတ်သဘောကောင်းလွန်းခြင်းကြောင့် အပေါင်းအသင်းများက မြှောက်ပင့်စေခိုင်းတတ်သည်ကို အထူး သတိပြုပါ။

ကြောင်
အကယ်၍ သင်၏ မွေးရက်သည် ကြောင်ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူဖြစ်သည်။ တစ်ခါတစ်ရံတွင် လိုအပ်သည်ထက်ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဉာဏ်ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက် နေရသည်များကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေစပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူလည်း ဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူတစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများနှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေးပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

လိပ်
အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်းရှိသူဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစ်စုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက်ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက်အကြောင်းကို နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူတစ်ဦး ဖြစ်သည်။

ချိုးငှက်
အကယ်၍ သင်၏ မွေးရက်သည် ချိုးငှက်ဖြစ်ခဲ့လျှင် သင်သည် ပျော်ရွှင်စွာ နေထိုင်တတ်လေ့ရှိပြီး ဘ၀တွင် ကံကောင်းသူတစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်ခတ်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းတွင် ကိုယ့်ပျော်ရွှင်မှုများကို မျှဝေတတ်သူဖြစ်သည်။ အပေါင်းအသင်းများကြားတွင် ကိုယ်က ခေါင်းဆောင်ဖြစ်သည်။ မိတ်ဆွေများ အရေးကြုံတိုင်း နှစ်သိမ့်အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူများနှင့် ဝေးအောင်နေတတ်သည်။ လုပ်ငန်းခွင်တွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူးသတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူတစ်ဦး ဖြစ်သည်။

ကျားသစ်နက်
အကယ်၍ သင်၏ မွေးရက်သည် ကျားသစ်နက်ဖြစ်ပါက သင်သည် လျှို့ဝှက်တတ်သူတစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင်ဖိအားများ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်းရှိသည်။ တစ်ခါတစ်ရံတွင် အပေါင်းအသင်းများနှင့် အတင်းပြောရသည်ကို ၀ါသနာပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့်ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေအချို့နှင့် ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူဖြစ်သည်။

မျောက်
အကယ်၍ သင်၏ မွေးရက်သည် မျောက်ဖြစ်ပါက သင်သည် စိတ်မရှည်တတ်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင်ဖြစ်ပြီး အများ၏ အာရုံစိုက်မှုကို ခံယူလိုသူလည်း ဖြစ်သည်။ မိမိလုံခြုံမှုကို အထူးဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိအစွန်း ရှိလာပြီဆိုလျှင် လူတိုင်းကို လိုက်ပြီးဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ်ကိုမဆို မလုပ်ခင်ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမအာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူများလည်း ဖြစ်သည်။

မှတ်ချက် 
FB တွင် ဝေမျှထားသည်ကို ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ အဆင့်ဆင့် ကူးယူလက်ဆင့်ကမ်း လာခဲ့ရာ မည်သူတင်ထားမှန်း မသိတော့သဖြင့် မည်သူ့ထံမှ ရရှိကြောင်းကို မဖော်ပြနိုင်သည့်အတွက် တောင်းပန်လိုပါသည်။ (ဖေဖော်ဝါရီလ ၂၉ ရက်အတွက် မပါသည်ကိုတော့ ကျွန်တော်ကိုဉာဏ်လည်း မပြောတတ်ကြောင်းပါခင်ဗျား။) 

Wednesday, December 12, 2012

နိုင်ငံရေး - အောင်ထွဋ်


နိုင်ငံတည်ဆောက်ရေးနှင့်ပတ်သက်၍ အရေးကြီးလှသော ယနေ့အခါသမယတွင် နိုင်ငံသားအများစု၏ နိုင်ငံရေးအပေါ် အဓိပ္ပာယ်ကောက်ယူပုံ၊ နားလည်ပုံ၊ တာဝန်ယူပုံတို့သည် များစွာအရေးကြီးသည်ဟု ဆိုချင်ပါသည်။ အဓိကအရေးကြီးသည်မှာ နိုင်ငံသားအများစုက နိုင်ငံရေးဟူသည် အစိုးရက သို့မဟုတ် လူတစ်စုကသာ လုပ်ဆောင်ရမည့် အရာအဖြစ် လွဲမှားစွာ မကောက်ယူမိစေရေးပင် ဖြစ်ပါသည်။ နိုင်ငံရေး ဆိုသည်မှာ နိုင်ငံတည်ဆောက်ရေးအလို့ငှာ ကွဲပြားခြားနားသောအမြင်၊ သဘောထား ရှိသူများက အမျိုးသား အကျိုးစီးပွားအလို့ငှာ ဖြစ်နိုင်ခြေရှိသည်များကို ပူးပေါင်းဆောင်ရွက်ကြခြင်းပင် ဖြစ်ပါသည်။

Politics means clash of values, interest and visions but its an art of possible not the art of ideal!

နိုင်ငံရေးဆိုသည်မှာ ကွဲပြားသောတန်ဖိုးများ၊ အကျိုးစီးပွားများ၊ ရည်မှန်းချက်များကြောင့် ဖြစ်ပေါ်လာခြင်း မှန်သော်လည်း ထိုကိစ္စများကို ဖြေရှင်းရန်အလို့ငှာ အတိုက်အခံလုပ်ရမည်ကို ဆိုလိုခြင်းမဟုတ်ပါ။ နိုင်ငံတည်ဆောက်ရေးသည် အတိုက်အခံလုပ်ငန်းစဉ် မဟုတ်ပေ။

The art of possible ဆိုသည်မှာ ဖြစ်နိုင်ခြေများကို အကောင်အထည်ဖော်ခြင်းအနုပညာကို ရည်ညွှန်းသည်ဖြစ်ရာ နိုင်ငံရေးမှာ အန္တရာယ်များသည်၊ ၀င်မပါသင့်ဆိုသော အယူအဆများမျာလည်း ဤရှုထောင့်မှကြည့်လျှင် မမှန်သည့်အပြင် တာဝန်မဲ့ရာရောက်ပေသည်။ ဖြစ်နိုင်ခြေဟု ဆိုခြင်းကပင် ပါဝင်ပတ်သက်နေသူ Stakeholder အားလုံးက လက်ခံနိုင်သော အဖြေဖြစ်ရာ ထိုဖြစ်နိုင်ခြေများအတွက် တိုက်ပွဲဝင်စရာ မလိုပါ။ ဖြစ်နိုင်ခြေဟု သုံးနှုန်းခြင်းကပင် အပြုသဘောဆောင်သောကြောင့် အန္တရာယ်များသည်ဟု ယူဆရန် အကြောင်းမရှိပေ။

အဓိက မီးမောင်းထိုးပြလိုသောအချက်မှာ နိုင်ငံရေးသည် မိမိနှင့် မတူညီသူများကို ဆန့်ကျင်ရသည့် လုပ်ငန်းစဉ်မဟုတ်ဘဲ မတူညီသော ရပ်တည်ချက်များ၊ သဘောထားများအကြားမှာ နိုင်ငံတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေ တစ်စုံတစ်ရာကို ရှာဖွေရေးသာဖြစ်သည်ဟူသော အချက်ပင် ဖြစ်ပါသည်။ နိုင်ငံရေးအမျိုးမျိုး၏ အန္တိမ ရည်မှန်းချက်သည် နိုင်ငံတည်ဆောက်ရေးသာဖြစ်ပေရာ ဖြစ်နိုင်ခြေ တစ်စုံတစ်ရာကို မရှာဖွေနိုင်လျှင် နိုင်ငံတည်ဆောက်ရေးသည် ဖြစ်နိုင်စရာမရှိချေ။

[အောင်ထွဋ်၊ နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ၊ စာ-၅၊ ၆၊ နိုင်ငံရေး] 

အဖိုးတန်လျှင် ရှားသည်


သေလေ သေလေ န မဏိကံ၊
ဂဇေ ဂဇေ န မုတ္တိကံ။
ဝနေ ၀နေ န စန္ဒနံ၊
ဌာနေ ဌာနေ န ပဏ္ဍိတံ။

ကျောက်တောင်တိုင်း ကျောက်တောင်တိုင်း၌ ပတ္တမြား မရှိ။
ဆင်တိုင်း ဆင်တိုင်း၌ အမြုတေ မရှိ။
တောတိုင်း တောတိုင်း၌ စန္ဒကူး မရှိ။
အရပ်တိုင်း အရပ်တိုင်း၌ ပညာရှိ မရှိ။

12-12-12



Tuesday, December 11, 2012

အသက်မွေးမှု တစ်ခုပညာ


ခုဒ္ဒေါတိ နာတိမညေယျ၊
ဝိဇ္ဇံ ၀ါ သိပ္ပမထ ၀ါ။
ဧကမ္ပိ ပရိယောဒါတံ၊
ဇီဝိတကပ္ပကာရဏံ။

နှုတ်မှုဆိုင်ရာ အတတ်ပညာဖြစ်စေ၊ လက်မှုဆိုင်ရာ အတတ်ပညာဖြစ်စေ မည်သည့် ပညာကိုမျှ သေးငယ်သည်၊ အဆင့်အတန်းနိမ့်သည် အထင်မသေးရာ။
အတတ်ပညာ တစ်ခုတည်းပင် ဖြစ်ပါသော်လည်း ပြောင်ပြောင်စင်စင် ကျွမ်းကျင်အောင် တတ်မြောက်ထားပါမူ အသက်မွေး၍ ရနိုင်ပေသည်။

ဂုဏ်ယူစွာဖြင့် ဖော်ပြသည်ဆိုသော်လည်း....


(၁)


၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က မြန်မာနေရှင်နယ်လိဂ် အင်တာနက်စာမျက်နှာမှာ တင်ထားခဲ့တဲ့ သတင်းပါ။ မြန်မာအမျိုးသမီး ယူ-၁၉ အသင်း အာရှခြေစစ်ပွဲအောင်တဲ့အကြောင်း ရေးထားတာပါ။ အဲဒီသတင်းကြောင့် ကျွန်တော်တို့တွေ ၀မ်းသာခဲ့ရပါတယ်။ ကိုယ့်မြန်မာအမျိုးသမီးအသင်း အာရှအဆင့်ကို ၀င်ပြိုင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ နာမည်ကြီးအသင်းတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့ အသင်းတွေနဲ့ ကန်ခွင့်ရမှာဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

(၂)


AFC Website မှာ ဖော်ပြထားတဲ့ မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းကို အနိုင်ရပြီး အာရှခြေစစ်ပွဲ အောင်မြင်သွားတဲ့ သတင်းပါ။

(၃)


ဒါကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ မြန်မာအမျိုးသမီး ယူ-၁၉ အသင်း အာရှခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ သတင်းပါ။ ဒီလိုမျိုး သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြတယ်ဆိုကတည်းက ကျွန်တော်တို့နိုင်ငံက အကြီးအကဲတွေ (အနည်းဆုံးတော့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေပေါ့) ဟာ မြန်မာအမျိုးသမီး အသင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် ဂုဏ်ယူတယ်၊ အလေးထားတယ်ဆိုတာ သိသာလှပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်တဲ့ ကိစ္စပါပဲ။ ကိုယ့်အသင်းကို ကိုယ်တွေကမှ အခုလို ဂုဏ်မပြုရင် ဘယ်သူက ဂုဏ်ပြုကြမလဲဗျာ။ မဟုတ်ဘူးလား။ သို့သော်.... ခက်တာက... သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာက ပြောစရာဖြစ်နေတာပါပဲ။ ပွဲချိန် ၆၇ မိနစ်မှာ သွင်းယူတဲ့ဂိုးဟာ မြန်မာ့အလင်းက ရေးတဲ့အချိန်ကျမှ ဘယ်လိုဖြစ်ပြီး ပထမပိုင်းမှာ သွင်းတဲ့ဂိုး ဖြစ်သွားရတယ် မသိပါဘူးဗျာ။ မဖြစ်စလောက်လို့ ဆိုပေမယ့်လို့ လုံးဝ မဖြစ်သင့်တဲ့ အမှားလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ သတင်းစာမှာ ရေးထားတဲ့ သတင်းဟာ ဘာမျှ ရှည်လျားလှတာ မဟုတ်ပါဘူး။ စာကြောင်းလေး ၄ ကြောင်းလောက်နဲ့ ရေးထားတဲ့သတင်းမှာ မမှားသင့်တဲ့အမှားကို မှားတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ သတင်းရေးတဲ့လူဟာ ဘောလုံးအကြောင်းကို နားမလည်လို့သော်လည်းကောင်း၊ သူများပြောတဲ့ သတင်းကို သေသေချာချာမသိဘဲ ရေးတာသော်လည်းကောင်း၊ မှားယွင်းဖော်ပြထားတဲ့ သတင်းရင်းမြစ် တစ်ခုခုကို ကူးယူဖော်ပြခဲ့တာသော်လည်းကောင်း တစ်ခုခု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုတာ အသွင်အပြင်ကိုပဲ ပြင်ရတာမဟုတ်ဘဲ အခြားပြင်စရာတွေလည်း ရှိနေသေးတယ်ဆိုတာကို ထောက်ပြလိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့ ဒီပို့စ်ကို ရေးပါတယ်၊ တင်ပါတယ်။ ပြောရရင်တော့ မြန်မာသတင်းစာတွေကို ကောင်းစေချင်လို့ပါ။ အမှားကင်းစေချင်လို့ပါ။ တွေ့တဲ့လူကို တွေ့တဲ့သတင်း ရေးခိုင်းလို့မရဘူးဆိုတာ သတင်းစာတိုက်က တာဝန်ရှိသူတွေ သဘောပေါက်သင့်တဲ့အချိန် ရောက်နေပါပြီ။ အင်တာနက်ကနေ သတင်းတွေကိုဖတ်ပြီး ရေးတတ်ရုံ၊ အင်္ဂလိပ်သတင်းတွေဖတ်ပြီး ဘာသာပြန်တတ်ရုံနဲ့ ရေးခိုင်းလို့မရဘူးဆိုတာ နားလည်သင့်နေပါပြီဗျာ။ အမှားပြင်ဆင်ချက် ပြန်ထည့်ပေးမလားဆိုတာ နက်ဖြန်ထွက်မယ့် သတင်းစာမှာပဲ စောင့်ဖတ်ကြည့်လိုက်ပါဦးမယ်။ အမှားပြင်ဆင်ချက် ထည့်ပေးခဲ့ရင်တော့ ကျွန်တော်ပြန်ပြီး ဖော်ပြပေးပါဦးမယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်၊ အင်္ဂါနေ့။
နံနက် ၃ နာရီ ၀၁ မိနစ်တွင်ပြီး၏။ 

ဥကြက်မနှင့်လိပ်မ


ငယ်စဉ်က အိမ်ခြံဝင်းထဲမှာ မွေးထားတဲ့ ကြက်မကြီး ကတော်-ကတော် အော်သံကြားလို့ ၀ပ်ကျင်းထဲသွားကြည့်တဲ့အခါ ကြက်ဥလေးတစ်လုံး ဥထားတာကို တွေ့ရပါတယ်။ တစ်ခါတစ်လေ ကြက်မကြီးသာမကဘဲ ကြက်ဖကြီးကပါ ၀င်အော်လို့ ကြက်အော်သံတွေ ကျွတ်ကျွတ်ညံနေတာဟာ ၀က်ဝက်ကွဲပါပဲ။

ကျောင်းသားဘ၀ သတ္တဗေဒဘာသာရပ် သင်ယူရတဲ့အခါ လိပ်တွေအကြောင်း သင်ယူရတော့ လိပ်တွေဟာ တစ်ကြိမ်ဥရင် ဥတွေအများကြီးဥတယ်။ ဘယ်သူမှမသိအောင် လူခြေတိတ်ချိန်မှာ တိတ်တိတ်လေး ကုန်းပေါ်ကိုတက်၊ ဥပြီးရင် သူ့ရဲ့ ခြေရာလက်ရာမကျန်အောင် စီစဉ်ပြီးမှ ရေထဲကို ပြန်ဆင်းသွားတယ်လို့ သင်ယူမှတ်သားခဲ့ရပါတယ်။ ဥသွားတာတော့ အများကြီးပါပဲ။ ဒါပေမယ့် ဘယ်သူမှ မသိလိုက်ရပါဘူး။

ကျောင်းသားဘ၀လွန်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရတဲ့အခါ ၀န်ထမ်းတွေထဲမှာ ကြက်မကြီးလိုဝန်ထမ်းနဲ့ လိပ်လိုဝန်ထမ်းတွေကို မြင်ရတွေ့ရပါတယ်။ တချို့က လုပ်တဲ့အလုပ်ဟာ ဘာမှမပြောပလောက်ပေမယ့် ဥတစ်လုံးတည်းဥတဲ့ ကြက်မကြီးလိုပါပဲ၊ ကိုယ့်ဘာသာအမွှမ်းတင်ပြီး ကြွားလုံးတွေ ပြောမဆုံးထုတ်တဲ့သူတွေ တွေ့မြင်ရသလို ရှိသမျှအလုပ်တွေအားလုံးကို တစ်ယောက်တည်း ဒိုင်ခံလုပ်၊ ဒါပေမယ့် ပြီးမြောက်သွားတဲ့ အလုပ်တွေအတွက် ကိုယ့်ဘာသာ ကျေနပ်ပြီး ခပ်မဆိတ်နေတဲ့ လိပ်မကြီးတွေလို ၀န်ထမ်းတွေကိုလည်း ကြုံတွေ့ရပါတယ်။ ဒီတော့ တာဝန်ထမ်းဆောင်ကြတဲ့အခါ ဥတစ်လုံးတည်းဥတဲ့ ကြက်မကြီးလို အလုပ်နည်းနည်း ကြွားလုံးများများ မလုပ်ကြဖို့နဲ့၊ အလုပ်တွေ အများကြီးလုပ်ပြီး ခပ်မဆိတ်နေတဲ့ လိပ်မကြီးလို ၀န်ထမ်းတွေကိုလည်း သက်ဆိုင်ရာက မျက်ကွယ်ပြု လျစ်လျူရှုမထားဘဲ အရည်အချင်းကိုကြည့်ပြီး ချီးမြှောက်ပေးကြပါလို့ တင်ပြလိုက်ရပါတယ်။
ရဲညွန့် (မန်း)


- * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - *-

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်၊ တနင်္လာနေ့၊ ၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၂ မှာပါတဲ့ သူ့အတွေး သူ့အမြင် ဆိုတဲ့စာပိုဒ်လေးကို သဘောကျတဲ့အတွက် ပြန်လည်ဝေမျှလိုက်တာပါ။

Monday, December 10, 2012

ခြတောင်ပို့နှင့် ရေစက်ရေပေါက်


အပၸကံ နာတိမေညယ်၊
စိတ္တေ သုတံ နိဓာပယေ။
ဝမ္မိကောဒက ဗိန္ဓုဝ၊
စိရေန ပရိပူရတိ။

အတတ်ပညာကို နည်းသည် သေးငယ်သည်ဟု မထင်မသေးရာ။
လေ့လာဆည်းပူး၍ ရရှိလာသော အတတ်ပညာကို မေ့ပျောက်မသွားအောင် စိတ်မှာသိုမှီး သိမ်းဆည်းထားရာ၏။
အနည်းငယ်မျှသော ထိုအတတ်ပညာသည် အချိန်ကြာကြာ လေ့လာဆည်းပူးလိုက်သောအခါ ခြတောင်ပို့ထဲက ရေစက်ရေပေါက်ကဲ့သို့ ပြည့်ဝလာပေ၏။

စိတ်ညစ်တယ်....... မပျော်ဘူး (သြရသ ညည်းတွားသည်)


သြရသ ဟုအမည်ရသော ကျွန်တော်သည် နေ့စဉ်နှင့်အမျှ နားမလည်နိုင်သော အော်ဟစ်ဆူပူ ဆွဲကိုင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများ၊ တစ်နေကုန် နေပူကြဲကြဲတွင် မစီမတန်းပဲ လူနည်းစု လမ်းလျှောက်ရာ အားပေးသူပေါင်းများစွာဖြင့် အမိမြန်မာပြည်အတွက် ကောင်းရာကောင်းကျိုး သယ်ပိုးနေကြသူများ၊ ကားခေါင်မိုးဖွင့်လျက် မတ်တတ်ရပ်ကာ ထီးနှစ်ချောင်း အပြိုင်ဆောင်းပြီး အောက်မှလူစုအား လက်ဆွဲနှုတ်ဆက်နေသော ရေပက်ခံထွက်သူများ၊ အသုဘနှင့် ဘုရားပွဲလှည့်ရာတွင် မည်သူက တာဝန်ပေးအပ်ထားမှန်း မသိသော မော်တော်ဆိုင်ကယ်တွင် အလံတပ်ကာ အုပ်စုလိုက်မောင်းနှင်၍ လမ်းရှင်းပေးတတ်သည့် တာဝန်သိ အစားခန့်ယာဉ်ထိန်းရဲများ၊ ဖတ်မိလိုက်သော အင်တာနက် သတင်းစာများတွင် ဗဟုသုတရဖွယ်ရာ အချက်များစွာဖြင့် ထောက်ခံခြင်းနှင့် ရှုတ်ချခြင်းဆိုသည့် ထပ်တလဲလဲ စာသားများ၊ နေ့စဉ်နေ့တိုင်း ကျင်းပပြုလုပ်လျက်ရှိသော သီဆိုသူနှင့် အစဉ်အစီ တင်ဆက်သူတို့၏ အင်္ကျီအဖြူနှင့် ၀တ်ဆင်သီဆို ယှဉ်ပြိုင်ရသည့် လေဟာပြင်မျိုးဆက်သစ် ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲများ၊ မည်သူများက မည်သို့ရွေးချယ်၍ ပေးမှန်းမသိ ဒို့မြန်ပြည်သား ဆုရသွားသည့်အခါ ဘာမှန်းမသိဘဲ ဂုဏ်ယူနေကြရမှုများ၊ မကြာမကြာ တွေ့နေရပါသော လွှတ်တော်အစည်းအဝေး ကျင်းပနေမှုများနှင့် ထ၍ထ၍ ရှင်းလင်းနေကြရမှုများ၊ ဖွဲ့စည်းလိုက်သည့် စုံစမ်းရေးအဖွဲ့များ၏ ရှောင်တခင်စစ်ဆေးနေမှုများ၊ ထွက်ရှိနေသော ဂျာနယ်ပေါင်းစုံ၏ အတွေးအမြင် အယူအဆ ပေါင်းစုံကြားက ထိုးဖောက်ပေါ်ထွက်လာသော မျက်နှာဖုံးရှင် ခပ်ချောချော မိန်းမပျိုလေးများနှင့် ၎င်းတို့ကို စိတ်ဝင်စားနေကြသူများ၊  ကမ္ဘာပေါ်တွင် လေယာဉ်ပျံစီးနင်းမှု အများဆုံးသမ္မတအဖြစ် ဂင်းနစ်စံချိန် တင်နိုင်လောက်သည့် သမ္မတကြီး ဦးသိန်းစိန်၏ ခရီးစဉ်များ၊ လင်းယုန်နဲ့နဂါး အားပြိုင်မှုကြားက မဟာပထ၀ီမြေကြီး လှုပ်ခတ်ပြီး အိမ်ရှိလျက်နှင့် ကွင်းပြင်တွင် တဲထိုးနေရသည့် ငလျင်ဒဏ်ခံ ပြည်သူများ၊ တစ်ခုခုဖြစ်တိုင်း စစ်စိမ်းရောင်ရဟတ်ယာဉ်နှင့် အထုပ်ထမ်း၍ ပြေးတက်ပြေးဆင်း ပြုလုပ်နေသောပုံရိပ်များ၊ ဆောင်းရာသီရဲ့ အအေးဓာတ်အောက်တွင် ဆင်းရဲတွင်း နက်နေကြသော ၀မ်းနည်းကြေကွဲဖွယ်ရာ စစ်ဘေးဒဏ်သင့် ပြည်သူများ၊ မိဝေးဘဝေး မျိုးဆွေဝေးဖြင့် ဆောင်းရာသီ အေးခဲမှုအောက်တွင် သေနတ်ကိုင်ကာ ရင်ဆိုင်နေရပြီး ခြေလက်အင်္ဂါများ ပြတ်တောက်နေကြသည့် စိတ်မချမ်းမြေ့ဖွယ် ညီနောင်သားချင်းများ၊ မကြာခဏ ဖတ်ရှုရပါသော ကြော်ငြာချက်များ၊ ကြေညာချက်များ၊ အစုလိုက် နုတ်ထွက်မှုများနှင့် ခန့်အပ်တာဝန်ပေးမှုများ ပါရှိသည့် သတင်းစာများ၊ ဒဏ်ရာဒဏ်ချက်များစွာဖြင့် နာကျည်းစွာ ကြွင်းကျန်ရစ်ခဲ့သော ရခိုင်ဒေသ အဖြစ်အပျက်များနှင့် ထိန်းသိမ်းပေးနေရသော တာဝန်ရှိပုဂ္ဂိုလ်များ၏ ရှင်းလင်းဖြေကြားသံ၊ မကျေနပ်သူတို့၏ ဝေဖန်သံ၊ ထောက်ခံမှု၊ ရှုတ်ချမှု၊ တောင်းဆိုမှု အသံများ၊ ဤသို့ဤသို့ နားမလည်မှု များစွာအနက် ကိုယ့်ထမင်းကိုယ်စားပြီး မိသားစုအရေး တွေးချိန်မပေးဘဲ အင်တာနက်ပေါ်တွင် မြို့မေတ္တာ ခံယူလျက်ရှိပါသော အနှီကိုဉာဏ်(ပန်းလောင်မြေ) ဆိုသည့် ဘလော့ဂ်ဂါတစ်ယောက် တင်ဆက်သည့် စာသားများအား ဖတ်ရှုလိုက်ရသောအခါ ကျွန်ုပ်သြရသသည် နိုင်ငံရေးရာ၊ နိုင်ငံတကာရေးရာများကို လေ့လာရမည်လော၊ လောကနီတိကိုပင် လေ့လာကျက်မှတ်ရမည်လော၊ အဆိုအမိန့်များအတိုင်း ကျင့်ကြံနေထိုင်ရမည်လော... လော..ပေါင်းများစွာဖြင့် တွေးမိသည့်အကြောင်း ပေါင်းကြည့်လိုက်တော့... စိတ်ညစ်တယ်.... မပျော်ဘူး။
သြရသ

- * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * 

ကျွန်တော့်အီးမေးလ်ထဲကို ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက ရောက်နေတဲ့ စာတစ်ပုဒ်ပါ။ အီးမေးလ် မစစ်ဖြစ်တဲ့အတွက် အခုမှပဲ ဖတ်ဖြစ်ပါတယ်။ အဲဒီအတွက် တောင်းပန်လိုပါတယ်။ သူ့စာကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်ကိုဉာဏ် အနည်းငယ်တောင် သိမ်ငယ်သွားသလို ခံစားလိုက်ရတယ်။ ကျွန်တော့်မှာက နေ့စဉ်ဖြစ်ပျက်နေသမျှကို ရှင်းပြလိုက်၊ ရေးပြလိုက်ရတာ တခမ်းတနား၊ တဖွဲ့တနွဲ့၊ တပင်တပန်း။ သြရသကတော့ အဲဒီအကြောင်းတွေကို ရေးပြလိုက်တာ စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်းတည်းနဲ့။ သူ့ရဲ့ တွေးတောနိုင်မှုနဲ့ ပုံဖော်နိုင်မှုကို မချီးကျူးဘဲ မနေနိုင်သလို မနာလိုလည်း ဖြစ်မိသားခင်ဗျ။ ကျွန်တော့်မှာ ဘာဖြစ်လို့ အဲဒီလို အတွေးတွေ၊ အဲဒီလို ကျစ်ကျစ်လျစ်လျစ် အရေးတွေ မရှိရတာလဲပေါ့။ သြရသဟာ ကျွန်တော်နဲ့ အတော်ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးပါ။ ယခင် ၂၀၀၅-၂၀၀၆ ခုနှစ်လောက်က မြန်မာ့သွေးဂျာနယ် လုပ်ဖြစ်တုန်းက ကျွန်တော့်ဂျာနယ်အတွက် ဆောင်းပါးတွေ ရေးပေးခဲ့ဖူးသူပါ။ စာတွေရေးပါဦးလို့ ကျွန်တော်က မကြာခဏ တိုက်တွန်းဖြစ်ပေမယ့် သူ့ခမြာ အလုပ်တာဝန်တစ်ဘက်၊ အိမ်ထောင့်တာဝန် တစ်ဘက်နဲ့မို့ မရေးနိုင်ဘူးထင်ပါရဲ့။ အခုလည်း မပြောမဆိုနဲ့ ကျွန်တော့်အီးမေးလ်ထဲကို ပို့ထားတာတွေ့တော့ ၀မ်းသာအားရနဲ့ ဖတ်မိပါတယ်။ စာဖတ်ပြီးတဲ့အချိန်မှာ ပြုံးရုံတင်မဟုတ်ဘဲ အသံထွက်ပြီး ရယ်မိကြောင်းပါခင်ဗျား။ စာလုံးပေါင်းအချို့နှင့် အသုံးအနှုန်းအချို့ကို ပြောင်းလဲထားသည်မှလွဲ၍ သြရသ ရေးသားပေးပို့သည့်အတိုင်း ပြန်လည်ဖော်ပြထားခြင်း ဖြစ်ကြောင်းပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်၊ တနင်္လာနေ့။ 

Friday, December 07, 2012

အဖိုးအတန်ဆုံး ဥစ္စာ


သိပ္ပ သမံ ဓနံ နတ္ထိ၊
သိပ္ပံ စောရာ န ဂဏှန္တိ။
ဣဓ လောကေ သိပ္ပံ မိတ္တံ၊
ပရလောကေ သုခါဝဟံ။

အတတ်ပညာနှင့် တူသော ဥစ္စာသည် မရှိ။
အတတ်ပညာကို လူဆိုးတို့ ခိုးဝှက်လုယူ၍ မရနိုင်။
ဤမျက်မှောက်လောက၌ အတတ်ပညာသည် မိတ်ဆွေကောင်း ဖြစ်၏။
တမလွန် လောက၌လည်း ချမ်းသာခြင်းကို ဆောင်ယူတတ်၏။

Wednesday, December 05, 2012

အီရတ်စစ်ပွဲ၊ မြန်မာပါးစပ်စစ်ပွဲ


အခုရက်ပိုင်းအတွင်း ကျွန်တော့်မှာဖြင့် ကိုယ့်အလုပ်နဲ့ကိုယ် ယားတဲ့နေရာကိုတောင် ထုံးတို့ထားရတယ်။ အဲဒီတော့ သတင်းတွေလည်း သိပ်မဖတ်ဖြစ်ဘူး။ သတင်းတွေ မဖတ်ဖြစ်တဲ့အတွက် ပြောစရာသိပ်မရှိဘူး။ ပြောစရာသိပ်မရှိတဲ့အတွက် သိပ်မရေးဖြစ်ဘူး။ သိပ်မရေးဖြစ်တဲ့အတွက် သိပ်အဆဲမခံရဘူး။ သိပ်အဆဲမခံရတဲ့အတွက် နေရထိုင်ရတာ သိပ်အဆင်မပြေဘူး။ :D

အချိန်အားလေးရတုန်း သတင်းလေး ၀င်ဖတ်မိပါတယ်။ မြင်ရဖတ်ရသမျှက သရုပ်ဆောင် ဇော်ဝင်းနိုင်ကြီး "အဲဒီအခန်းဖြတ်" ဇာတ်လမ်းတိုထဲမှာ ကြိမ်းသလိုမျိုး ကြိမ်းရမယ်ဆိုရင်တော့ "..... ငါလုပ်လိုက်ရင်တော့ ကျန်မှာကို မဟုတ်တော့ဘူး" ဆိုသလိုပါပဲဗျာ။ ကျွန်တော်ကိုဉာဏ်လည်း ကိုယ့်ထမင်းကိုယ်စားပြီး အလကားနေရင်း ငပွကြီးတစ်ပိုင်း ဖြစ်နေပါရောလားဗျ။ တတ်နိုင်ဘူးဗျို့။ ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုတာလည်း ရှိရဲ့မဟုတ်လား။ အဲဒီတော့ ရေးစရာရှိက ရေးအပ်လှ၏ပေါ့ဗျာ။ သည်းခံပြီး ဖတ်ရှုဝေဖန်ပေးကြပါဦး။

အီရတ်ကို အမေရိကန်က စစ်ဝင်တိုက်တာဟာ ဘာကြောင့်လဲဆိုတာကို ကျွန်တော်ကိုဉာဏ်က မိကျောင်းမင်း ရေခင်းမပြလိုပါဘူး။ ဒါပေမယ့် အချို့အချို့သော မျက်စိပိတ် နားပိတ်တွေအတွက် နည်းနည်းတော့ ခြေဆင်းလေး ပြောပြပါရစေ။ အီရတ်ကို စစ်တိုက်ရခြင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်ဟာ အမျိုးမျိုးဖြစ်နိုင်ပေမယ့် တကယ်တိုက်တဲ့အချိန်မှာ အမေရိကန်တွေ အကြောင်းပြချက် ပေးခဲ့တာက "အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ ဇီဝလက်နက်တွေရှိတယ်" ဆိုတာပါပဲ။ အဲဒီအတိုင်း အတိအကျကို အကြောင်းပြချက်ပေးပြီး ၀င်တိုက်ခဲ့တာပါဗျာ။ ဒါပေမယ့် စာဖတ်သူများ သိတဲ့အတိုင်းပဲ အီရတ်ကို သိမ်းပိုက်ခဲ့တာပဲရှိတယ်၊ အီရတ်ဟာ စစ်မြေပြင်၊ သုဿာန်တစပြင်၊ သွေးပင်လယ် ဖြစ်သွားခဲ့ရတာပဲ ရှိပါတယ်။ ဘာဇီဝလက်နက်မျှ တွေ့ရှိခဲ့ခြင်း မရှိပါဘူးဗျာ။

စိတ်ဝင်စားဖို့ကောင်းတာက အဲဒီလို လက်နက်တွေရှိပါတယ်လို့ သတင်းတွေ အတိအကျ ရခဲ့ပါတယ်လို့ ပြောခဲ့တာက အမေရိကန်နိုင်ငံ ဖြစ်နေတာပါပဲ။ ကမ္ဘာပေါ်မှာ ယခုအချိန်အထိ အင်အားအကြီးမားဆုံး စူပါ့စူပါပါဝါ နိုင်ငံကြီးရဲ့ ဒေါ်လာသန်းပေါင်း မရေမတွက်နိုင်အောင် အသုံးပြုထားတဲ့ ထောက်လှမ်းရေးကွန်ရက်က ပေးတဲ့သတင်းဟာ မှားယွင်းခဲ့တယ်ဆိုတာ အားလုံးအသိပါ။ ဒါဟာ ဖျောက်ဖျက်လို့ မရတော့တဲ့ သမိုင်းအမည်းစက်တစ်ခုပါ။ ထားပါတော့... ပြောလိုရင်းက အမေရိကန်က အီရတ်ကို ၀င်တိုက်တဲ့အကြောင်း မဟုတ်ပါဘူး။

သတင်းတစ်ခုမှာ ဖတ်လိုက်ရတယ်။ အခြားသတင်းမှာလည်း နောက်ပုံစံတစ်မျိုး ဖတ်လိုက်ရတယ်။ ထုံးစံအတိုင်းပေါ့။ အခုလောလောဆယ် ဟစ်အဖြစ်ဆုံးသတင်းဖြစ်တဲ့ လက်ပံတောင်းကိစ္စပါဗျာ။ သတင်းပေါင်းစုံထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက လက်ပံတောင်းကိစ္စမှာ ရဲတပ်ဖွဲ့က အသုံးပြုခဲ့တာဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာပါပဲ။ ပြောသမျှလူတွေ အားလုံးဟာ မုံရွာကိုသွားပြီး စစ်ဆေးခဲ့တာလည်း မရှိဘူး၊ ဒဏ်ရာရသူတွေကို သွားတွေ့တာ၊ သွားကြည့်တာ၊ ခံစားနေရတာကို မေးမြန်းတာ၊ ဆေးကုသပေးနေတဲ့ ဆရာဝန်တွေဆီက မှတ်ချက်မေးတာ၊ စသဖြင့် စသဖြင့် ဘာမျှ လုပ်ကိုင်တာ မရှိပါဘဲလျက် သူတို့ကျွမ်းကျင်တဲ့ ပညာရပ်တွေနဲ့ ဆင်ခြင်ပြီး အဖြေထုတ်ထည့်လိုက်တာများ အံ့သြဖို့တောင် ကောင်းလိုက်တာဗျာ။ အခုလို အချိန်မျိုးမှာ ကိုယ့်စကားတစ်ခွန်းဟာ ဘယ်လောက်တာသွားတတ်သလဲဆိုတာ စဉ်းစားကြစေချင်ပါတယ်။ နောက်တစ်ချက်ကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ထားပြီးသား ဖြစ်တဲ့အတွက် အစီရင်ခံစာ မထွက်ခင် အခုလိုတွေ ပြောနေတာဟာ ကော်မရှင်ကို စော်ကားနေတယ်လို့ မြင်ပါတယ်။ တကယ်လို့ ကိုယ့်ပညာအရ ပြောချင်တယ်ဆိုရင်လည်း ဒါမျိုးဖြစ်နိုင်တယ်လို့ ခန့်မှန်းတဲ့သဘော၊ မှန်းဆတဲ့သဘော ပြောသင့်ပါတယ်။ အခုတော့ အတိအကျကို ဘာဗုံးအမျိုးအစားဖြစ်တယ်၊ ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်၊ ဘယ်လိုအန္တရာယ်များတယ် စသဖြင့် အတိအကျကို လုပ်ချလိုက်တော့... ကျွန်တော်သော အန်တီစုဆိုရင်တော့ ရောက်တဲ့နေရာမှာ ထိုင်ငိုမိမှာပါပဲဗျာ။

ဓာတုဗေဒပညာရှင်လိုလို ဘာလိုလိုနဲ့ ကောက်ချက်တွေ တစ်ခုပြီးတစ်ခု ထုတ်နေတဲ့ ပြောနေတဲ့ လူတွေကို ကျွန်တော်ကိုဉာဏ် တစ်ခုလောက် မေးချင်ပါတယ်။

"ခင်ဗျားတို့ဟာ အီရတ်ကို အမေရိကန် စစ်တိုက်ဖို့အတွက် သတင်းမှားတွေပေးခဲ့တဲ့ လူတွေထဲမှာများ ပါခဲ့သလား။ အခုရော ဘယ်သူတွေ ၀င်ပါစေချင်လို့၊ ဘာဖြစ်စေချင်လို့ မသေချာသေးတဲ့ သတင်းတွေကို ပြောနေရသလဲ"

မုံရွာမှာဖြစ်တဲ့ဟာကို ရန်ကုန်ကနေ အဖြေထုတ်တာကတော့ မိုက်မဲလွန်းရာကျတယ်လို့ ကျွန်တော်ကိုဉာဏ် ထင်တာပါပဲဗျာ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်တဲ့အထိ ကျွန်တော်တို့ စောင့်ကြရအောင်ပါ။ တကယ်လို့များ အဲဒီအစီရင်ခံစာမှာ ရဲတပ်ဖွဲ့ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ မလျော်မကန် ပြုလုပ်ခဲ့တယ်၊ မသင့်မလျော် ကြံစည်ခဲ့တယ်ဆိုရင် ကျွန်တော်ကိုဉာဏ် ဒီနေရာကနေ အသေအချာကို ဝေဖန်ပါဦးမယ်ခင်ဗျာ။ အခုလက်ရှိတော့ တရားသူကြီးရဲ့ အမိန့်မချမှတ်မချင်း တရားခံအဖြစ် မသတ်မှတ်စေရ ဆိုတဲ့အတိုင်း ရဲတပ်ဖွဲ့ဟာ သူ့ရဲ့ ရဲလုပ်ငန်းကို သူ့အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့တယ်လို့ပဲ ကျွန်တော်မှတ်ယူထားပါကြောင်းခင်ဗျား။ 
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက်  ၄ နာရီ ၂၄ မိနစ်တွင်ပြီး၏။ 

တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး (Law and Order)


ကွန်ဆာဗေးတစ်များရော လစ်ဘရယ်များကပါ တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံးဟု လက်ခံကြသည်။ တရားဥပဒေစိုးမိုးရေး မရှိလျှင် မင်းမဲ့တိုင်းပြည်ဟု ဆိုကြသည်။ အစိုးရဟူ၍ရှိသော်လည်း အစိုးရက တရားဥပဒေစိုးမိုးရေးကို မဆောင်ရွက်နိုင်လျှင်၊ သို့တည်းမဟုတ် အစိုးရက တရားဥပဒေအပေါ်က လွှမ်းမိုးနေလျှင်လည်း မင်းမဲ့တိုင်းပြည်ပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး၏ အဓိကလက္ခဏာမှာ ပြစ်မှုဆိုင်ရာဥပဒေများနှင့် တရားမဥပေဒများနှင့်အညီ ပုံမှန်ဆောင်ရွက်မှုများ ရှိနေရမည်။ တရားရုံးများသည် လွတ်လပ်ရမည်။ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သော ရဲအဖွဲ့၏ လုပ်ငန်းများ ပုံမှန်လည်ပတ်နေရမည်။

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် တရားဥပဒေစိုးမိုးရေးရှိမှ အကောင်အထည်ပေါ်နိုင်သည်ဟု ဆိုသ်ည။ ၁၉၆၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အမေရိကန် အင်ဒီပင်းဒင့်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဂျော့ဝေါလေ့စ် ၀င်ပြိုင်ခဲ့ရာတွင် တရားဥပဒေစိုးမိုးရေးကို နိုင်ငံရေးကြွေးကြော်သံအဖြစ်တင်၍ မဲဆွယ်လှုံ့ဆော်ခဲ့သည်။ ဗြိတိန်တွင်လည်း ကွန်ဆာဗေးတစ်ပါတီသည် တရားဥပဒေစိုးမိုးရေးကို ရွေးကောက်ပွဲ ကြွေးကြော်သံအဖြစ်တင်၍ လှုံ့ဆော်လေ့ရှိသည်။

[မောင်ဝံသ၊ ခေတ်မီနိုင်ငံရေးဝေါဟာရအဘိဓာန်၊ စာမျက်နှာ-၂၉၉၊ ၃၀၀]

Tuesday, December 04, 2012

လောကနီတိ၊ ပျင်းရိခြင်း၏ အကျိုးဆက်များ


အလဟဿ ကုတော သိပ္ပံ၊
အသိပ္ပဿ ကုတော ဓနံ။
အဓနဿ ကုတော မိတ္တံ၊
အမိတ္တဿ ကုတော သုခံ။
အသုခဿ ကုတော ပုညံ၊
အပုညဿ ကုတော ၀ရံ။

ပျင်းရိသောသူသည် အဘယ်မှာ အတတ်ပညာ ရမည်နည်း။
အတတ်ပညာ မရှိသူသည် အဘယ်မှာ ဥစ္စာ ရမည်နည်း။
ဥစ္စာမရှိသောသူသည် အဘယ်မှာ မိတ်ဆွေ ရမည်နည်။
မိတ်ဆွေမရှိသောသူသည် အဘယ်မှာ ချမ်းသာ ရမည်နည်း။
မချမ်းသာသောသူသည် အဘယ်မှာ ကုသိုလ်ကောင်းမှု ပြုနိုင်မည်နည်း။
ကုသိုလ်ကောင်းမှု မပြုခဲ့သောသူသည် အဘယ်မှာ နိဗ္ဗာန် ရမည်နည်း။

Sunday, December 02, 2012

ကျွန်တော်နားလည်သလို ပြောဆိုပါမည်


(က) 
အင်္ဂလန်ပရီးမီးယားလိဂ်ကို တာဝန်ယူကျင်းပနေတဲ့ FA က တာဝန်ရှိသူတွေ မြန်မာပြည်ကို လေ့လာရေးခရီး လာမယ်လို့ သတင်းရရှိပါတယ်။ စာဖတ်သူများ အားလုံးသိရှိတဲ့အတိုင်းပဲ ဘောလုံးပွဲတွေကို စီစဉ်ရတာ သိပ်ပြီးတော့ ခေါင်းစားရတာကိုး။ ကလပ်အသင်းပွဲစဉ်တွေဖြစ်တဲ့ အမှတ်ပေးပွဲ၊ ရှုံးထွက်ဖလားပွဲ၊ လိဂ်ဖလား၊ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ် စတဲ့စတဲ့ ပြိုင်ပွဲပေါင်းစုံကို ချိန်ညှိပြီး ပွဲစဉ်ဇယား ရေးဆွဲရတာ အတော်ဦးနှောက်စားတဲ့ကိစ္စပါ။ ဒီကြားထဲ နိုင်ငံအသင်းတွေရဲ့ ခြေစမ်းပွဲတွေ၊ ခြေစစ်ပွဲတွေ၊ ရန်ပုံငွေပွဲတွေက အဆစ်ပါသေးတယ်။ ကလပ်အသင်းက တာဝန်ရှိသူတွေ၊ နည်းပြတွေ၊ မန်နေဂျာတွေနဲ့ FA ကလူတွေ မကြာခဏ ထိပ်တိုက်တွေ့ကြတာ အားလုံးအသိပဲ မဟုတ်လား။ ဟော... အခုကြည့်စမ်း၊ အင်္ဂလိပ်တွေက ပွဲစဉ်ရေးဆွဲဖို့ကို တကူးတက စဉ်းစားနေကြ၊ ကြံစည်နေကြ၊ သုတေသနတွေ လုပ်နေကြတာ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပွဲစီစဉ်သူတွေက တော်မှတော်ဗျာ။ ဒါမှ ငါတို့မြန်မာတွေကွလို့တောင် ကြံဖန်ဂုဏ်ယူမိသေးတယ်။ စဉ်းစားကြည့်လေ.... ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပွဲတွေ စီစဉ်လိုက်ကြတာများ အကွက်ကိုစေ့နေတာပဲ။ ပွဲစဉ်ထပ်တာမရှိဘူး၊ အကြောင်းအရာထပ်တာ မရှိဘူး၊ ကြွေးကြော်သံထပ်တာ မရှိဘူး၊ လက်ကိုင်ဆိုင်းဘုတ်တွေ ထပ်တာမရှိဘူး။ ကဲ... ဘယ်လောက် တော်လိုက်သလဲ။ မြန်မာပြည်မှာ ဆန္ဒဖော်ထုတ်ပွဲ မရှိတဲ့နေ့ဆိုတာ မရှိသလောက်ကို ဖြစ်နေပြီ။ ဒါတောင် ခွင့်ပြုချက်မရှိဘဲ လုပ်နေကြလို့။ ခွင့်ပြုချက်သာ တောင်းတိုင်းပေးထားရင် ရန်ကုန်ကလမ်းတွေလည်း ဘာကားမျှ သွားလို့ရမှာမဟုတ်ဘူး၊ နယ်တွေမှာလည်း ကိုယ့်အလုပ်ကိုယ် ဘာမျှလုပ်ရမှာ မဟုတ်ဘူး။ ကဲ... တွေ့တယ်မဟုတ်လား... အင်္ဂလိပ်တွေ လာလေ့လာမယ်ဆိုလည်း လေ့လာလောက်ပါတယ်။ မဟုတ်ဘူးလားဗျာ။

(ခ)
လက်ပံတောင်းတောင်ကိစ္စကို မကျေနပ်လို့တဲ့ မန္တလေးမှာ သင်္ကန်းဝတ်တွေ ဆန္ဒပြကြပြန်ပြီ။ စတုတ္ထမဏ္ဍိုင်လို့ သူတို့ကိုယ်သူတို့ ကင်ပွန်းတပ်ထားကြတဲ့ အကောင်းစားကြီးတွေ ရေးထားတဲ့သတင်းတွေ ဖတ်ကြည့်လိုက်တော့ သတင်းမဟုတ်ဘဲ ဟာသတွေဖြစ်နေတယ်။ ဘာတဲ့.... မန္တလေးတွင် သံဃာအပါး ၂၀၀ ကျော်က ဒီမိုကရေစီသံချပ်များတိုင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်တဲ့။ ကဲ... ကောင်းရောပေါ့ဗျာ။ ဆန္ဒပြတဲ့လူတွေက ဘုန်းကြီးတွေပါ၊ အဲဒီဘုန်းကြီးတွေက ဘာဖြစ်လို့ သံချပ်ထိုးနေကြတာလဲဗျ။ ခက်တော့ ခက်ချေပြီဗျို့။ ပွဲစီစဉ်သူတွေရဲ့ အကွက်က ဆန်းပါ့ဗျာ။ ဘုန်းကြီးဆိုရင် မေတ္တာသုတ်ရွတ်တာ၊ မေတ္တာပို့ပြီး ဆန္ဒပြတာကိုပဲ ကျွန်တော်ဆိုတဲ့ကောင်က အရိုးစွဲနေလေတော့ အခုလို ဘုန်းကြီးတွေ သံချပ်တိုင်တာကို ကိုယ်တိုင်ကိုယ်ကျ နားမထောင်ရလေခြင်းဆိုပြီး အတော်ကြီးတောင် ၀မ်းနည်းမိပါသေးခင်ဗျ။ နောက်ဆိုရင် ငြိမ်းချမ်းစွာ သံဗုံးတီးတာတွေ၊ ငြိမ်းချမ်းစွာ သီချင်းဆိုတာတွေ လာဦးမလားမသိ။

(ဂ)
ဘာပဲဖြစ်ဖြစ် ပွဲစီစဉ်သူတွေကိုတော့ မလေးစားပဲကို မနေနိုင်တော့ဘူး။ တကယ်ပြောတာပါဗျာ။ ကျွန်တော်က စန္ဒီမြင့်လွင် မဟုတ်လို့သာရယ်၊ နို့မို့ဆိုလို့ကတော့ ဘယ်ရလိမ့်မလဲ... "လေးစားပါတယ်... လေးစားပါတယ်..." လို့ ထအော်တာပေါ့ဗျာ။ :D ဘုန်းကြီးတွေက အခု နိုင်ငံရေးသံချပ်ကို သံပြိုင်ရွတ်ကုန်ကြပြီ။ နောက်ဆိုရင် ဘုန်းကြီးတွေက ပါဖောမင့်တွေ လုပ်ပြကြတော့မယ်။ နောက်တစ်ဆင့်ကျတော့ လမ်းပေါ်မှာအငြိမ့်ခုံထောင်ပြီး နိုင်ငံရေးပြက်လုံးတွေ ထုတ်ကြလိမ့်မည်။ အဲ.. ပြီးရင်တော့ နိုင်ငံရေးတရားတွေဟောလိမ့်မယ်၊ နိုင်ငံရေးသင်တန်းတွေ ဖွင့်လိမ့်မယ်။ ဘယ်လောက်အထိ ဖြစ်လာနိုင်သလဲဆိုရင် သံဃာ့ညီညွတ်ရေးပါတီတို့၊ သံဃာဒီမိုကရေစီတပ်ဦးပါတီတို့၊ ရွှေဝါရောင်ပါတီတို့၊ ထေရ၀ါဒပါတီတို့၊ အထက်မြန်မာပြည် ဘုန်းကြီးများပါတီတို့၊ ၂၀၀၇ မျိုးဆက်သံဃာများပါတီတို့ တည်ထောင်လာကြလိမ့်မယ်။ ဒီအတိုင်းသာ ဆက်သွားရင်တော့ အဲဒီလိုဖြစ်လာနိုင်မှာ အသေအချာပဲလို့ ကျွန်တော်ကိုဉာဏ်တော့ ဟောကိန်းထုတ်လိုက်ချင်တယ်ဗျာ။

(ဃ)
၂၀၂၁ ခုနှစ်လောက်ရောက်ရင် မြန်မာပြည်မှာ ထူးခြားမှုတွေဖြစ်လာနိုင်တယ်။ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အရှင်ဘာညာကွိကွ၊ နိုင်ငံခြားရေးဝန်ကြီး အရှင်အေဘီစီဒီ၊ ပြည်ထဲရေးဝန်ကြီး အရှင်ဘာညာဘာညာ စတဲ့ပြည်ထောင်စုဝန်ကြီးတွေ ရှိလာနိုင်တယ်။ လက်ရှိဖြစ်နေတာတွေကို သုံးသပ်ပြီး ကျွန်တော့်ရဲ့ မှန်းဆချက်တွေပါ။ အခုအချိန်အထိတော့ လူ/ဘုန်းကြီး မခွဲခြားဘဲ တန်းတူအခွင့်အရေးပေးရေး ဆိုတဲ့ လှုပ်ရှားဆန္ဒပြမှု၊ ဆန္ဒဖော်ထုတ်မှု မတွေ့ရသေးဘူးခင်ဗျ။ လူတွေ ဆန္ဒပြတာကိုတော့ သူတို့လည်း ကျင့်သုံးနေပြီဆိုတော့ နောက်ဆိုရင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ မြင်မိတယ်။

(င)
မန္တလေးမှာ သင်္ကန်းဝတ်တွေ ဒီမိုကရေစီသံချပ်တိုင်ပြီး စီတန်းလှည့်လည်တယ်။ ရန်ကုန်မှာလည်း ဆန္ဒဖော်ထုတ်ကြတာပဲ။ မြင်းခြံမှာလည်း သင်္ကန်းရောင်တထိန်ထိန်နဲ့ ဟိုလျှောက်ဒီလျှောက် လုပ်နေကြပြန်သတဲ့။ ဘာမှပူမနေနဲ့စိတ်ချ မနက်ဖြန်လောက်ဆိုရင် ပခုက္ကူတို့၊ စစ်တွေတို့ ပါလာလိမ့်မယ်။ ကောင်းတဲ့ဘက်က တွေးပေးလိုက်ပါတယ်။ တို့ကိုယ်တော်တွေ လမ်းလျှောက်ဖြစ်တော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ နိုင်ငံရေးအလုပ်တွေ လုပ်နိုင်တာပေါ့လို့။ မှုတ်ဖူးလား (စိုးမြတ်သူဇာလေသံဖြင့် မေးခြင်းဖြစ်ပါသည်။ :D)

(စ)
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေကိုတော့ အားနာပါတယ်ဗျာ။ တကယ်ပါ။ သူတို့တွေခမြာလည်း တပည့်ရဟန်းတွေ မလိမ္မာတော့ ဟိုလူက လာလျှောက်လိုက်၊ ဒီလူက လာလျှောက်လိုက်နဲ့ သနားဖို့တောင် ကောင်းသေးတော့တယ်။ အဲဒီတော့ ဆရာတော်ကြီးတွေခမြာ မေတ္တာရပ်ခံတာတွေလုပ်ရ၊ စုံညီအစည်းအဝေးလုပ်ပြီး ပန်ကြားလွှာတွေ၊ အသိပေးလွှာတွေ၊ ကြေညာချက်တွေထုတ်ရ လုပ်ကြရရှာတယ်။ မိမိအတွက် သံသရာပြတ်ကြောင်း၊ တပည့်ဒါယကာ၊ ဒါယိကာမတွေအတွက် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားအားထုတ်တာတွေ၊ တရားပြတာတွေ မလုပ်နိုင်ကြရှာဘူး။ ကိုယ်တော်တွေ ဆန္ဒမပြအောင် ဘယ်လိုထိန်းရမလဲ ဆိုတာတွေနဲ့ပဲ စိတ်နှလုံး မသာမယာ ဖြစ်နေကြရှာမှာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။ သေချာတာကတော့ အခုပုံအတိုင်းဆိုရင် ဓမ္မစက်နဲ့ လုံးဝ (လုံးဝ) ထိန်းလို့ မရနိုင်တော့ပါဘူး။ အာဏာစက်နဲ့ ဆောင်ရွက်ဖို့ အချိန်သင့်နေပါပြီ။ ပွဲစီစဉ်သူတွေကတော့ အကြိုက်နေမှာပါပဲနော်။ ခေါင်းစဉ်တစ်ခု ထပ်ရမှာကိုး။ ရတဲ့ခေါင်းစဉ်ကလည်း ရှယ်ပဲ... ပြည်လုံးကျွတ်အဆင့် လုပ်လို့ရတာကိုး။ (ဆရာကြီး မောင်စူးစမ်းကို ဒီနေရာကနေ ကန်တော့လိုက်ပါတယ်ဗျာ။ ဆရာပြောခဲ့၊ ဟောခဲ့၊ ရေးခဲ့၊ တွေးခဲ့တာတွေဟာ အခုထိ မှန်နေတုန်းပါပဲ။ နိုင်ငံရေးသူငယ်နာ မစင်သေးတာတွေရော၊ လမ်းပေါ်နိုင်ငံရေးရော အားလုံးကွက်တိပါပဲခင်ဗျား)

(ဆ)
သင်္ကန်းဝတ်ပြီး ဆန္ဒပြနေကြတဲ့ကိုယ်တော်တွေ၊ နဖူးစည်းတွေနဲ့ ဟိုအော်ဒီအော် အော်နေကြတဲ့ကိုယ်တော်တွေ၊ ဟိုစာတန်းကိုင် ဒီစာတန်းကိုင် လုပ်နေတဲ့ကိုယ်တော်တွေ၊ သံချပ်ထိုးပြီး လမ်းလျှောက်နေတဲ့ကိုယ်တော်တွေ၊ ဟိုနားထိုင်သပိတ်လုပ်လိုက်၊ ဒီနားထသပိတ်လုပ်လိုက် လုပ်နေတဲ့ကိုယ်တော်တွေ၊ စတဲ့စတဲ့ ကိုယ်တော်တွေကို မေးစမ်းပါရစေ။ ကိုယ့်ထက် သက်တော်အားဖြင့်၊ ၀ါတော်အားဖြင့်၊ ပညာအားဖြင့်၊ သိက္ခာအားဖြင့် ကြီးမြတ်တော်မူကြတဲ့ ဆရာတော်ကြီးတွေက မသင့်လျော်ပါဘူး၊ မအပ်စပ်ပါဘူး၊ မလုပ်ကြပါနဲ့၊ ၀င်မပါကြပါနဲ့လို့ တားမြစ်နေတာကို ဘာဖြစ်လို့ မလေးစားကြတာလဲ၊ မလိုက်နာကြတာလဲ။ အစိုးရက တားမြစ်နေတာမဟုတ်ဘူး၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းက တားမြစ်နေတာ မဟုတ်ဘူး၊ လွှတ်တော်က ဆုံးဖြတ်တာမဟုတ်ဘူး၊ ဆရာတော်ကြီးတွေက မိန့်ကြားနေတာဖြစ်တယ်။ အဲဒီလို ဆရာတော်ကြီးတွေရဲ့ ဆုံးမစကားကိုတောင် မနာယူတဲ့၊ မလိုက်နာတဲ့၊ မလေးစားတဲ့၊ သောက်ဂရုမစိုက်တဲ့၊ ဥပေက္ခာပြုထားတဲ့ သင်္ကန်းဝတ်ကိုယ်တော်တွေက လူတွေအတွက်၊ နိုင်ငံအတွက်ဆိုပြီး လျှောက်လုပ်နေတာကို ဘယ်လိုယုံရမှာလဲ၊ ဘယ်လိုအားပေးရမှာလဲ၊ ဘယ်လိုကိုးစားရမှာလဲ။ သောက်တလွဲမှ တကယ့်ကို သောက်တလွဲပဲ။ သူ့ဘာသာသူတောင် ဆရာတော်ကြီးတွေ၊ ကျောင်းထိုင်ဆရာတော်တွေ ပြောတာကို နားမထောင်တဲ့၊ အမိန့်မနာခံတတ်တဲ့ ကိုယ်တော်တွေကို ကိုးကွယ်နေတဲ့လူတွေ၊ ဆည်းကပ်နေတဲ့လူတွေဟာ ဘယ်အဆင့်ရှိသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြဗျာ။

(ဇ) 
အပေါ်ကအတိုင်းပြောခဲ့တော့ ကျုပ်ကို ကျေနပ်ချင်မှ ကျေနပ်ကြလိမ့်မယ်ဗျ။ ကျုပ်ကို ဆဲမယ်ဆိုလည်း စဉ်းစားပြီးမှဆဲ။ စာဖတ်သူဟာ လူပျိုဆိုရင်၊ အပျိုဆိုရင် ကျွန်တော်ပြောတာ နားလည်ချင်မှ နားလည်လိမ့်မယ်။ အိမ်ထောင်သည်တွေ ဆိုရင်တော့ သိပ်နားလည်သပေါ့ဗျာ။ ဘယ်လောက်ပဲ အလိုလိုက်ထားတဲ့ မိဘဖြစ်ပါစေ၊ ကိုယ့်သားသမီးက ကိုယ့်စကား နားထောင်တာ၊ ကိုယ့်ကို လေးစားတာကိုတော့ လိုချင်ကြသဗျ။ မိဘပြောစကား နားမထောင်တဲ့သားသမီး၊ ဆရာပြောစကား နားမထောင်တဲ့ တပည့်၊ အကြီးအကဲပြောစကားကို နားမထောင်တဲ့ လက်အောက်ငယ်သား၊ မန်နေဂျာပြောစကားကို နားမထောင်တဲ့ဝန်ထမ်း၊ အဲဒီလိုလူတွေဟာ ဘယ်လိုလူတွေလဲဆိုတာ စဉ်းစားကြည့်ကြစေချင်တယ်။ တွေးကြည့်ပါဗျာ... စေ့စေ့တွေးရင် ရေးရေးပေါ်လာပါလိမ့်မယ်။

(စ်)
ကျွန်တော်တို့ ဒါယကာ၊ ဒါယိကာမတွေက ဦးဦးဖျားဖျား စားစရာသောက်စရာကို ဆွမ်းကပ်တယ်ဆိုတာ၊ တပင်တပန်းရှာဖွေထားတဲ့ ချွေနှဲစာနဲ့ သင်္ကန်းတွေ ကပ်လှူတယ်ဆိုတာ၊ သိမ်တွေကျောင်းတွေ ဆောက်လှူတယ်ဆိုတာ ဗုဒ္ဓမြတ်စွာသာသနာကို လေ့လာကျင့်ကြံ ပွားများနိုင်အောင်နဲ့ သိလာတဲ့ အသိတွေ၊ တရားဓမ္မတွေကို ကျွန်တော်တို့တွေကို ပြန်ပြီး လမ်းညွှန်နိုင်အောင်၊ ဆုံးမနိုင်အောင်၊ ဟောပြနိုင်အောင် ဖြစ်တယ်ဗျ။ ရှင်းရှင်းပြောရရင် "အရှင်ဘုရားတို့လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကျင့်ကြံကြပါ၊ တပည့်တော်တို့ကိုလည်း စိတ်နှလုံးငြိမ်းအေးစေမယ့် ဘုရားရှင်ရဲ့ အမြိုက်ရေအေး တရားတော်တွေကို တိုက်ကျွေးပါ" လို့ စာချုပ်ချုပ်ထားတဲ့ သဘောပါပဲ။ အခုတော့ ကိုယ်တိုင်လည်း ကိစ္စပြီးအောင် မကျင့်ကြံဘူး၊ အားမထုတ်ဘူး၊ ဒါယကာ ဒါယကာမတွေကိုလည်း တရားမပြဘူး၊ သံသရာပြတ်အောင် မဟောနိုင်ဘူး၊ မပြောနိုင်ဘူး။ ဒါယကာ ဒါယိကာမတွေကပ်တဲ့ ဆွမ်းတွေစားပြီး အဲဒီ ဒါယကာ ဒါယိကာမတွေနဲ့ အတူလမ်းလျှောက်ပြီး တို့အရေး အော်နေတာကတော့ စဉ်းစားသာကြည့်ကြပါတော့ဗျာ။ ကိုယ်တော်တို့ လမ်းလျှောက်ဖို့အတွက်၊ ဆန္ဒဖော်ထုတ်ဖို့အတွက်၊ ဆန္ဒပြဖို့အတွက်၊ ထိုင်သပိတ်လုပ်ဖို့အတွက် တပည့်တော်တို့တစ်တွေက ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ရမယ် ဆိုတာကတော့ သိပ်မနိပ်လှဘူးဗျာ။ စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး။ သံသရာပြတ်အောင် ကျင့်ကြံရမယ့်လူတွေက ဆန္ဒပြပွဲဆက်အောင် လုပ်နေတာကတော့ တဆိတ် လွန်လွန်းပြီးထင်တယ်ဗျာ... နော့။

(ည)
ဘုန်းကြီးတွေကို ဝေဖန်ရအောင် မင်းကဘာကောင်လဲ၊ ဘုန်းကြီးတွေကို မလုပ်စေချင်ရင် မင်းကိုယ်တိုင် လာခဲ့ပါလား၊ မင်းက ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား၊ ဒါဟာ ဘုန်းကြီးတွေကို စော်ကားတာ၊ သံဃာတော်တွေကို ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းတာ စတဲ့စတဲ့ ဝေဖန်မှုတွေကို ကြိုဆိုနေပါတယ်ခင်ဗျ။ ကျွန်တော့်ကို ဘယ်လိုပြန်ဝေဖန်မလဲလို့ မှန်းဆပြီး စောင့်ဖတ်ရတာလည်း ဖီလင်တစ်မျိုးခင်ဗျ။ မြင်တဲ့အတိုင်း ဝေဖန်နိုင်ပါတယ်ဗျာ။ အမြဲတမ်း ကြိုဆိုလျက်ပါ။

(ဋ)
သင်္ကန်းဝတ်ထားတဲ့ လူတွေကို ကျွန်တော်ကိုဉာဏ်ကတော့ အားပါးတရ ဝေဖန်လိုက်ပါပြီဗျာ။ ငရဲကြီးလိမ့်မယ်လို့ သတိပေးမယ့် မိတ်ဆွေများကိုလည်း စေတနာစကားအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သို့သော် သင်္ကန်းဝတ်ထားတဲ့ လူတွေကို ဝေဖန်တာဟာ ငရဲမကြီးနိုင်ဘူးလို့ ကျွန်တော်တော့ ထင်တာပါပဲဗျာ။ ဥပမာပေးပါ့မယ်.... ရဲယူနီဖောင်းဝတ်ထားတဲ့ အယောင်ဆောင် လူတစ်ယောက်ကို အော်ဆဲတာဟာ ဘာပြဿနာမျှ မရှိနိုင်ပါဘူး။ စစ်ဝတ်စုံဝတ်ထားတဲ့ အယောင်ဆောင် စစ်သားတစ်ယောက်ကို သွားထိုးလို့လည်း ဘာပြဿနာမျှ မရှိနိုင်ပါဘူး။ အဲ... ရဲယူနီဖောင်းနဲ့ ရဲအစစ်ကို၊ စစ်ဝတ်စုံနဲ့ စစ်သားအစစ်ကို သွားစော်ကားရင်တော့ ပြဿနာရှိနိုင်တာပေါ့ဗျာ။ သံဃာတော်တွေကို စော်ကားရင်တော့ ကျွန်တော်ကိုဉာဏ် ငရဲကြီးမှာပေါ့ဗျာ၊ အကုသိုလ် ဖြစ်မှာပေါ့ဗျာ။ သင်္ကန်းဝတ်ထားတဲ့ သံဃာအယောင်ဆောင်တွေကို စော်ကားတာမျိုးကတော့ ငရဲကြီးခြင်း လုံးဝ (လုံးဝ) မရှိနိုင်ဘူးလို့ ယုံကြည်မိပါတယ်။ အဲ... တကယ်လို့များ ငရဲကြီးခဲ့မယ်ဆိုရင်လည်း ဒီလိုလူတွေ ရှိနေတဲ့ လူ့ပြည့်မှာ မနေချင်ပါဘူးဗျာ။ ငရဲပြည်မှာပဲ နိုင်ငံသားခံယူပြီး သွားနေလိုက်ချင်တယ်။ ဘယ်ငရဲသားကမျှ ငရဲပြည်ကို အေးအောင်လုပ်ပေးဖို့ ဆန္ဒဖော်ထုတ်တာ၊ စီတန်းလှည့်လည်တာ လုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်ဗျာ။

(ဌ)
ရဟန်းသံဃာများနှင့် လားလားမျှမအပ်စပ်သော နိုင်ငံရေးယောင်ယောင်၊ အမျိုးသားရေးယောင်ယောင်၊ ဘာသာရေးယောင်ယောင် လုပ်နေကြသော သင်္ကန်းဝတ်ထားသည့် လူစိတ်ပေါက်နေသူများကို ကျွန်ုပ်ကိုဉာဏ် ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါသည်။ ဝေဖန်လိုက်ပါသည်။ ပြစ်တင်လိုက်ပါသည်။

(ဍ)
နောက်ဆုံးအနေနဲ့ စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းတစ်ခုကို ပြောပါရစေ။ "ကျွန်တော်နားမလည်သော မေးခွန်းများ" ဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး ကွန်းမန့်တစ်ခုမှာ ကျွန်တော့်ကို ပယ်ပယ်နှယ်နှယ် တွယ်ထားတာကို ဖတ်ရပါတယ်။ ရေးတဲ့လူကလည်း အတော့်ကို ဒေါသဖြစ်နေတဲ့ လေသံနဲ့ပါ။ သူ့ကို အပြည့်အ၀ နားလည်ပေးပါကြောင်း ပြောပါရစေ။ ကျွန်တော်မကြိုက်တဲ့ အကြောင်းအရာတွေ ရေးထားတာ ဖတ်ရ၊ တွေ့ရရင် ကျွန်တော်လည်း အဲဒီလို ဖြစ်တတ်လို့ပါ။ မောင်နဲ့နှမ၊ သားနဲ့အမိ ဖတ်လို့မရတဲ့ စာလုံးလေး တစ်လုံးနှစ်လုံး ပါတာကလွဲရင် သူဝေဖန်ထားတာကို ကျွန်တော်အပြည့်အ၀ ခံယူပါတယ်။ လက်ခံပါတယ်။ ဒါဟာ စာဖတ်သူတစ်ဦးရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် မည်သို့မျှ ပြောရန်မရှိပါ။ သို့သော် ရေးသားထားပုံကို ဖတ်ခြင်းအားဖြင့် စာဖတ်သူဟာ အခုမှ ဒီဘလော့ဂ်ကို ဖတ်ဖူးသူ မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ယခင်ကတည်းက ကျွန်တော့်ဘလော့ဂ်ကို ဖတ်ရှုနေသူတစ်ဦးလို့ မှတ်ယူပါတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း မကြာသေးခင်ကမျှ ကျွန်တော်တင်ထားတဲ့ ပို့စ်တွေကို အတော်နှံ့နှံ့စပ်စပ် လိုက်ဖတ်ထားတဲ့လူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့ဂ်မှာ ရေးထားတဲ့စာတွေကို အများကြီးဖတ်ဖူးသူဆိုတာတော့ သေချာမယ်ထင်ပါတယ်။ အဲဒီအတွက် သူသည်လည်း ကျွန်တော့်ဘလော့ဂ်ရဲ့ မိတ်ဆွေတစ်ဦးပါပဲ။ ကျွန်တော့်ပို့စ်ကိုဖတ်ပြီး သူ့အတွက် စိတ်တိုရတယ်၊ ဒေါသထွက်ရတယ် ဆိုတဲ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ ကျွန်တော်ရေးတဲ့စာကို ဖတ်ပြီး လူတစ်ယောက် ဒေါသထွက်တယ်၊ စိတ်တိုတယ်ဆိုတာ မကောင်းပါ။ သူရေးထားသလို ကျွန်တော့်ဘက်က အစိုးရပိုင်း (ဒေသဆိုင်ရာအာဏာပိုင်များ)ရဲ့ အားနည်းမှုတွေကို ထောက်ပြဝေဖန်ဖို့ လိုသွားခဲ့တယ်ဆိုတာ လက်ခံပါတယ်၊ အမှန်ပဲဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်မှာလည်း လိုအပ်ချက်တွေ ရှိခဲ့တာအမှန်ပါပဲ။ အခုမှတော့ ချီးခြောက်ရေးနှူးမနေတော့ပါ။ တစ်ခုတော့ ပြောချင်သေးသားခင်ဗျ။ လိုအပ်တယ်ထင်လို့ပါ။ ကျွန်တော်ဟာ ပြည်ခိုင်ဖြိုးပါတီကို မကြိုက်သလို၊ အန်အယ်လ်ဒီပါတီကိုလည်း မကြိုက်ပါ။ ထိုနှစ်ပါတီမျှ မဟုတ်ပါ.. မည်သည့်ပါတီကိုမျှ မကြိုက်ပါ။ သို့သော် အဆိုပါ ပါတီများရှိ တိုင်းပြည်အတွက် အလုပ်လုပ်နေသူများ၊ ဒေသအသီးသီးအတွက် အလုပ်လုပ်နေသူများကိုတော့ ပါတီမရွေး သဘောကျပါသည်။ ထောက်ခံပါသည်။ (မမီ့တမီဉာဏ်လေးဖြင့် ထပ်ပြောရပါလျှင် ကျွန်တော်တို့တွေ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခဲ့ကြတာ၊ အားကိုးခဲ့ကြတာ ဘယ်ပါတီဝင်မို့၊ ညာပါတီဝင်မို့ မဟုတ်ကြပါ။ တိုင်းပြည်အတွက်၊ လူမျိုးအတွက် တကယ်အလုပ်လုပ်ခဲ့သဖြင့် ချစ်ခဲ့ကြခြင်း၊ လေးစားခဲ့ကြခြင်း ဖြစ်ပါသည်။) ကျွန်တော့်အတွက်ကတော့ ပါတီက အရေးမကြီးပါ၊ လုပ်တဲ့ အလုပ်တွေကပဲ အရေးကြီးပါသည်။ တိုင်းပြည်တိုးတက်အောင် အလုပ်လုပ်မှာလား၊ ပါတီနာမည်ကြီးအောင် အလုပ်လုပ်မှာလား ဒါကိုပဲ ကျွန်တော်စဉ်းစားပါသည်။ ယခုအချိန်အထိ မြန်မာနိုင်ငံတွင် လောက်လောက်လားလား အားကိုးရမည့် နိုင်ငံရေးပါတီစစ်စစ် ကျွန်တော်ဖြင့် မမြင်မိသေးပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၃၈ မိနစ်တွင်ပြီး၏။ 

 
Web Statistics