Sunday, October 31, 2010

ကြည်ညိုဖွယ်ရာ မြတ်သာသနာ - ဓမ္မစေတီဆရာတော် ဦးကောသလ္လ


အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ (၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၁ မိနစ်) မှာ ဗီစီဒီခွေနဲ့ နာယူမှတ်သားခဲ့တဲ့ တရားဖြစ်ပါတယ်။ ဖတ်ရှုဆင်ခြင်ပြီး အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
* * * * * * * * * * * * * * * * *
ဗုဒ္ဓ
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဝင် ဆိုပြီး ရှိရာမှာ...
တတိယအချက်ဟာ ပြောစရာရှိနေတယ်။

သာသနာတော်နှစ် ၂၃၈ ခုနှစ် (BC 306) မှာ ဗြဟ္မဇာလ သုတ္တန်ကြီး (မြတ်သောပိုက်ကွန်) ကို ဟောကြားခဲ့တယ်။

သာသနာတော်နှစ် ၂၃၁၂ ခုနှစ်မှ မြန်မာနိုင်ငံကို သာသနာ တိတိကျကျ ရောက်လာတယ်။

သံဃာယနာ တင်တဲ့အခါ
ပထမဆုံး ၀ိနည်း
ဒုတိယ သုတ္တန်ကို တင်ပါတယ်။
သုတ္တန်တွေထဲမှာမှ ဗြဟ္မဇာလသုတ်ကို အရင်ဆုံးတင်ပါတယ်။

မဟာဂန္ဓာရုံဆရာတော်
မင်းကွန်းဆရာတော်
စတဲ့ဆရာတော်တွေဟာ သုတဘုရားတွေ ဖြစ်ပါတယ်။

မင်းကွန်းဆရာတော်ကြီး ပေါ်ပေါက်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာရဲ့ သမိုင်းနဲ့ အခြားဘာသာတွေရဲ့ ဗုဒ္ဓဘာသာအပေါ်အမြင်တွေ ပြောင်းလဲလာရပါတယ်။

ဥပါလိ ဂါထာ (၁၀)ခု သိပ်လှတယ်။ ခက်လည်း ခက်တယ်။ ကမ္ဘာက သိပ်အံ့သြတယ်။

ရောဂါပြီးတဲ့ လူတစ်ယောက်ဟာ ဘယ်အဆိပ်ကိုကိုင်ကိုင် ဘာမှ မဖြစ်ဘူး။
အတွင်းကို မြင်အောင်ကျင့်ပါ။
အပြင်ပန်းကိုပဲ မကျင့်ပါနဲ့။

တရားကောင်းဆိုတာ စ၊ လယ်၊ ဆုံး သုံးပါးလုံး ကောင်းရပါတယ်။

ဓမ္မကထိက (၄) မျိုး ရှိတယ်။
၁။ နည်းနည်းဟောတယ်၊ အကျိုးရှိတယ်။
၂။ နည်းနည်းဟောတယ်၊ အကျိုးမရှိဘူး။
၃။ များများဟောတယ်၊ အကျိုးရှိတယ်။
၎။ များများဟောတယ်၊ အကျိုးမရှိဘူး။
နံပါတ် (၁) နဲ့ (၃) ကို ကိုးကွယ်ဆည်းကပ်ပါ။

မကောင်းတဲ့တရားဆိုတာ
၁။ မကောင်းသဖြင့်ဟော။
၂။ ကောင်းကောင်း မသိ။
၃။ သံသရာမှ မလွတ်မြောက်နိုင်။
၎။ ကိလေသာ ငြိမ်းအေးမှု မဖြစ်နိုင်။
၅။ ဘုရားမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ ဟောပြောထား။
၆။ တည်ရာ မှီရာ မဖြစ်။
၇။ သံသရာတစ်လျှောက်လုံးအတွက် မှီခိုအားထားရာ မဖြစ်။

ပစ္စည်းဆိုတာ....
သူများ မလိုချင်လို့ ပစ်လိုက်တဲ့ဟာတွေကို ကိုယ်က ဆီးပြီး ဖမ်းဖမ်းနေတာကို ပြောတာ။

နိဗ္ဗာနံ (နိဗ္ဗာန်) ဆိုသော စကားလုံးကို
(ကိလေသာများ ငြိမ်းအေးသည်ဟု အဓိပ္ပါယ်ရ)
သာသနာတော်ပြင်ပတွင် ဘယ်မှာမှ ရှာလို့မရဘူး။
၃၂၂၉ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၁၅၇ အုပ်မှာ တွေ့နိုင်တယ်။
မြတ်စွာဘုရားဟောကြားတာ ၈၃၇ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၄၀ မှာ ဟောခဲ့တယ်။
ပါဠိတော် ၄၀ မှာ ၈၃၇ ကြိမ်တိုင်တိုင် နိဗ္ဗာန်ဆိုတဲ့ စကားကို ဟောခဲ့ပါတယ်။

May they listen to the Dhamma.
May they understand to the Dhamma.
May they practice to the Dhamma.

Saturday, October 30, 2010

Gtalk အတွေးစာသားများ စုစည်းမှု (၁၇)


အတွေးစာသား (၁)
အိပ်မက် တစ်ပွဲပေးပါ..
မျှော်လင့်ချက် များများထည့်…
အတိတ်ဆိုးတွေ မထည့်နဲ့…
အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့…
ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်…
ကဲ… ဘယ်လောက်ကျလဲ???

အတွေးစာသား (၂)
သူရဲ့အပြောမှာ ရင်ခုန်သည်…
တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်…
အကြင်နာချစ်စကား ပြောခွင့်ပေးပါ အတည်….
သူ Block မှာလည်း စိုးရိမ်သည်….
သူ Sign Out မှာ သိပ်ကြောက်သည်…
အခုတော့သိပြီ သူ့ကို Q မိပြီ….။

အတွေးစာသား (၃)
ထမင်းကလွဲရင် အကုန်ချက်တယ်…
Gtalk နဲ့ Chat မယ်…
G-mail နဲ့ Chat မယ်…
Yahoo နဲ့ Chat မယ်….
VZO နဲ့ Chat မယ်….
Pfingo ပြောမယ်…

အတွေးစာသား (၄)
ဒီမယ် မောင်ရင်…
ဒါ မြန်မာပြည်ကွဲ့… မင်းဘာသာမင်း အဌာရသ ၁၈ ရပ်ကို မိုးပျံအောင်ပဲတတ်နေပါစေ…
ဂွင်ရယ်… လမ်းကြောင်းရယ်… အထာရယ် သဘောမပေါက်လို့ကတော့ ဘိန်းမုန့်တောင် ဖုတ်ရောင်းလို့ မရဘူးမှတ်။

အတွေးစာသား (၅)
စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တောင် မင်းနာမည်စာလုံးလေးတွေက ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ ကျန်ရစ်နေခဲ့ပါလိမ့်မယ်…

အတွေးစာသား (၆)
အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး…
အတည်ကြိုက်ရင် အသည်းကွဲတယ်…
ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ကျောခိုင်းထားချင်တယ်….

အတွေးစာသား (၇)
နိုင်ငံတော်အလံ ပြောင်းသွားပြီ…
မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း ပြောင်းတော့မယ်…
ဒါပေမယ့်…
ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

အတွေးစာသား (၈)
ငါတို့က…
မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ…
လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။

အတွေးစာသား (၉)
စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ
အဖြေရှာကြည့်တော့ ဝေဒနာအတိ
သေချာညှိ အဆင်မပြေမှုတွေများပါဘိ
သေရွာကိုပဲ သွားချင်မိ။

အတွေးစာသား (၁၀)
အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။ အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။

Friday, October 29, 2010

အလွမ်းရာသီ - ကိုဉာဏ် (ပန်းလောင်မြေ)


နေထွက်လေပြီ၊ စိတ်ကရည်သည်
တီတာငှက်ကျေး၊ တေးသံပေးလည်း
ဝေးလျက်ဖော်ကွာ၊ မပျော်ရှာခဲ့။

နွေနေ့လမ်းမ၊ ငရဲမျှသို့
ပူစွရာသီ၊ မှတ်မရည်ခဲ့
ရင်တွင်းလွမ်းမီး၊ ပိုလျှံငြီး၍။

မိုးစက်မိုးပေါက်၊ တဖြောက်ဖြောက်လည်း
စက်ပြောက်မထင်၊ ကျွန်မမြင်ခဲ့
ရင်လွမ်းမိုးဖွဲ၊ ပိုကာသည်း၍။

နှင်းငွေ့သိုင်းခြုံ၊ မြူမှိုင်းမှုန်လည်း
ရင်ခုန်ကြည်နူး၊ မပျော်မြူးခဲ့
ရည်စူးမျက်ရည်၊ ရင်တွင်းဝေ၍။

နေလုံးနီနီ၊ နောက်သို့မှီပြီ
ချိန်မီအိပ်တန်း၊ ငှက်ပျံသန်းတို့
ဒီအလွမ်းဒဏ်ရာ၊ ဝေဒနာကို
ချီကာပျံသန်း၊ ကူညီစမ်းပ
ရော်ရမ်းမျှော်မှန်း၊ ရင်ဝယ်လွမ်း၍။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

After You - ဦးဘုန်း (ဓာတု-မန္တလေး)


ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကို သွားမယ့်လေယာဉ်ကို ကျွန်တော်စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီ တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေးငါးယောက်လောက် ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကို မပြီးနိုင်ဘူး။ မိနစ် ၂၀ လောက် ကြာမှ နောက်တစ်ယောက် အလှည့်ရောက်တော့တယ်။ အဲဒီတစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့ လူတွေကိုကြည့်ပြီး “အားနာမှု မရှိလိုက်ကြတာ” လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကို သွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ” က ကြေညာပါတယ်။ မန္တလေးကိုသွားမယ့် ခရီးသည်တွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီးခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့ လေယာဉ်ဆီကို ကျွန်တော်ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနား အပေါက်က ကျွန်တော်တို့ တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ကိုယ် ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးက ထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက် အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကို တွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ်ပေါင်မုန့် တစ်လုံးစီ လိုက်ပြီးဝေတယ်။

ကျွန်တော့်ရဲ့ ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက် လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီး တစ်တန်း၊ တစ်ခုံပြီး တစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ် ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှ ယူရမှာ။ ဒါပေမယ့် ကျွန်တော်ကအရင် လက်ကို လှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you”

အဲဒီစကားကို ကြားကြားချင်း ကျွန်တော်နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော် စဉ်းစားမိတယ်။

“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
You ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့ “After you” ဆိုတာ “မင်းပြီးမှ” လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး” ပါတယ်။ “မင်းအရင်လုပ်” ပါ။ ဒီလိုသဘောဆောင်တဲ့ အင်္ဂလိပ် ခေတ်ပေါ်စကားတစ်ခုပါ။

ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ  “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ် တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကား စီးရင်လည်း ငါအရင်တက်ဖို့။ ငါအရင် နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါအရင် ကူးဖို့။ ငါအရင် ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါအရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါအရင် အလုပ်ရဖို့...။
ငါအဆင်ပြေဖို့...။
 “After me”....
 “After me”....
 “After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့ စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်း သဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်း သဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ် မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ များလေလေ” ဆိုရင် ဒါဟာ တော်တော် ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီး ရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေ နည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်း ပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”
ကိုယ်ကလည်း သူ့အပေါ် “After you”
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။

* * * * * * * * * *
Google Buzz မှာ ဖတ်လိုက်ရတဲ့ စာတစ်ပုဒ်ပါ။ သဘောကျလွန်းလို့ ပြန်လည်ဝေငှတာပါ။ ရွှေမန္တလေးဂျာနယ်၊ အမှတ် (၂၇၁) မှာ ပါတဲ့စာလို့ သိရပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖတ်ရတာမဟုတ်ဘဲ သူများတင်ပေးတာကို တစ်ဆင့်ပြန်ဖတ်ရတာ ဖြစ်တဲ့အတွက် ခေါင်းစဉ်တွေ၊ နေရာတွေ ကွဲလွဲနေခဲ့ရင်၊ လွဲမှားနေခဲ့ရင် နားလည်ပေးကြဖို့ တောင်းပန်ပါတယ်။ မိတ်ဆွေတွေအားလုံး ဖတ်သင့်တယ်ထင်လို့ ပြန်လည်ဝေငှခြင်းသက်သက်ပါ။ အများစုက ဖတ်ပြီးသားလည်း ဖြစ်ကောင်းဖြစ်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခေါက် ထပ်ဖတ်ဖြစ်တော့ နောက်တစ်ခေါက် အတွေးကောင်းလေးတွေ ရနိုင်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ အချို့သော စာလုံးပေါင်း အမှားလေးတွေနဲ့ စာကြောင်းအနေအထားတွေကို ပြင်လိုက်တာကလွဲလို့ Google Buzz မှာ ကျွန်တော်ဖတ်ခဲ့ရတဲ့အတိုင်း ပြန်လည်ဝေငှပါတယ်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။

Thursday, October 28, 2010

မာတောဝါဒ ဆုံးမစာ


ရွှေကျောင်းဆရာတော် ဦးပညာ (မြန်မာ ၁၁၄၀-၁၂၀၀) ရေးသည်။
(၁)
ရိုညွတ်ကြည်စွာ၊ မြတ်ဆရာ၌၊ မကွာထံပါး၊ ပျပ်ဝပ်တွားလျက်၊ တည်ကြားကြုံ့ကြုံ့၊ မယွင်းယုံ့လျှင်၊ နှုတ်တုံ့မလှန်၊ ပန်းသို့ပန်၍၊ နေဟန်ကျစ်လျစ်၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ မြုတေလျှံပြေး၊ ကျောက်ကောင်းသွေးသို့၊ ပြန်မေးပျော်မွေ့၊ မငြီးငွေ့ဘဲ၊ တစ်နေ့သုံးခေါက်၊ ၀င်ရောက်ခစား၊ ၀တ်ငါးပါးလည်း၊ မမှားကျင့်နေ၊ ပြည့်စုံစေမှ၊ ခွဲဝေစိတ်ဖန်၊ အတန်တန်ကို၊ မကျန်ထိုးထွင်း၊ သိစေလျင်းသော်၊ မယွင်းမချွတ်၊ ပုဒ်ပါဋ္ဌ်ဂါထာ၊ အလင်္ကာနှင့်၊ ကဗျာရတု၊ ဖတ်ရွတ်မူလည်း၊ ငါးခုရပ်ဋ္ဌာန်၊ ကာရန်ပိုဒ်ပြည့်၊ ဓိပ္ပါယ်ရှည်လျက်၊ မျှော်ကြည့်ဉာဏ်မြူး၊ သူ့ထက်ထူးအောင်၊ မလူးမလွန့်၊ စက်နှယ်ရွန့်၍၊ ကွန့်ကွန့်နှုတ်ဝယ်၊ ပြတ်စေမင်း။

(၂)
လူရေးလူရာ၊ အဖြာဖြာ၌၊ လိမ္မာသိစေ၊ တတ်ကြောင်းဖွေ၍၊ မနေကြိုးကုတ်၊ အားအန်ထုတ်လျက်၊ မယုတ်စေထ၊ ၀ီရိယနှင့်၊ လုံ့လပင်ခိုင်၊ သံကျောက်တိုင်သို့၊ ခက်ဆိုင်ပညာ၊ ချိုမြတ်စွာသား၊ ချမ်းသာသီးပွင့်၊ ထူးထက်မြင့်တည့်၊ ထပ်ဆင့်ပွားလှောင်၊ သားထွေးမောင်လျင်၊ မရှောင်မပြေး၊ ကြိုးနှယ်ထွေးလော့၊ လက်ရေးလက်သား၊ စသည်များလည်း၊ မလျားမထောင့်၊ မမျှောင့်မယွင်း၊ မချွန်းမရှည်၊ မလည်မယိမ်း၊ မတိမ်းမငဲ့၊ မရွဲ့မစောင်း၊ မပျောင်းမယွတ်၊ မပွတ်မတွန့်၊ မလွန့်မထွတ်၊ မယှက်မမြှေး၊ မထွေးမပူး၊ မလူးမနွဲ့၊ မကျဲမစိတ်၊ မလိပ်မခွေ၊ တင့်ကြောင်းဝေမှ၊ အနေရှုအီ၊ ရွဲလုံးစီသို့၊ တညီသေချာ၊ အက္ခရာနှင့်၊ ရှေ့လာအမြစ်၊ အရစ်အပင့်၊ အဆင့်အတင်၊ အငင်အဆွဲ၊ တံခွန်ဝှဲလည်း၊ မလွှဲနှိုင်းညှိ၊ စက်ဖြင့်တိသို့၊ တရှိပုံတူ၊ တတ်ကြောင်းမူ၍၊ မြင်သူနှလုံး ဆွတ်စေမင်း။

(၃)
လောကလူတွင်၊ လမ်းသို့ထင်သည်၊ ဂုဏ်အင်ပညာ၊ မရှိရှာက၊ စေပါလက်သုတ်၊ လွန်ညံ့ယုတ်သား၊ မှိတ်တုတ်မီးခဲ၊ မပြောင်ရဲသို့၊ ဖန်လဲခေါက်ခေါက်၊ သူ၏နောက်ဝယ်၊ ချွေးပေါက်ကျယို၊ ဖတ်ဖတ်စိုမျှ၊ သက်ဖိုပန်းပင်၊ မရွှင်ပြောင်းနွမ်း၊ တသမ်းသမ်းနှင့်၊ ၀န်ထမ်းလှေခတ်၊ ဖြစ်တို့တတ်ရှင့်၊ တမှတ်မယွင်း၊ ပညာကင်းက၊ ရွှေဟင်္သာလယ်၊ ဗျိုင်းသဖွယ်လျှင်၊ ပွဲလယ်မတ်လတ်၊ မလျှောက်မတ်ရှင့်၊ မြ၀တ်ဆံရည်၊ သို့ဖြစ်သည်ကြောင့်၊ အရှည်အတို၊ တတ်ထိုထိုဝယ်၊ ကော်ကျိုသောလား၊ မှုန့်မှုန့်တွားအောင်၊ ကြိုးစားမပျင်း၊ သင်မှတ်ခြင်းဖြင့်၊ ရှင်းလင်းသေချာ၊ အရာရာကို၊ လိုခါစမ်းတိုင်း ရစေမင်း။

(၄)
မကောင်းမှုညစ်၊ သူမိုက်စစ်နှင့်၊ အချစ်ဖွဲ့ငြား၊ ပေါင်းယှက်မှား၍၊ ကျေထွားပျက်စီး၊ ထုံးတသီးလည်း၊ အစီးငါးရာ၊ လှည်းများစွာတွင်၊ ဘဏ္ဍာရောင်းဝယ်၊ ကုန်စလယ်နှင့်၊ အကျယ်ဉာဏ်အား၊ ရှေ့တည့်သွားသည်၊ ယောက်ျားလှည်းမှူး၊ ငရဲဘူးကို၊ ဘီလူးဖမ်းစား၊ ရွတ်ရွတ်ဝါး၍၊ လှည်းသားငါးရာ၊ တူမကွာလျှင်၊ ခန္ဓာပျက်ရှုံး၊ အသက်ဆုံး၏၊ နှလုံးကြွပ်ဆတ်၊ ဇာတသတ်ကား၊ ဒေ၀ဒတ်ကြီး၊ ခင်ပွန်းမီးကို၊ ထံနီးတစိ၊ ပေါင်းယှက်မိ၍၊ သက်ရှိစိုးရိမ်၊ ခန္ဓာငြိမ်လည်း၊ ပါယ်အိမ်ခေါင်းအုံး၊ မီးလျှံဖုံး၏၊ ရှေးထုံးလမ်းပြ၊ သာဓကကို၊ ယူဆမြော်ထောက်၊ ထိတ်လန့်ကြောက်၍၊ ထပ်လှောက်တုန်ဧ မြစေမင်း။

Wednesday, October 27, 2010

စွမ်းရည်ပြည့်ဝ ထေရ၀ါဒ - ဓမ္မစေတီဆရာတော် ဦးကောသလ္လ


ပထမဆုံး နိဒါန်းပျိုးပါရစေ။
အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
* * * * * * * * * * * * * * * * * * * * * * * * * * * * * *
ဗိုလ် (၅) ပါး
၁။ သဒ္ဒါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ်

စွမ်းရည် (၄)ရပ်နှင့် ပြည့်ဝသော ထေရ၀ါဒ
၁။ ပညာစွမ်းရည် (ပညာ)
၂။ ၀ီရိယစွမ်းရည် (၀ီရိယ)
၃။ အပြစ်မရှိတဲ့စွမ်းရည် (အန၀ိဇ္ဇ)
၎။ ချီးမြှောက်တဲ့စွမ်းရည် (သင်္ဂဟ)

အပြစ်မရှိပေမယ့် ကောင်းကျိုးမဖြစ်ရင် “ကုသိုလ်” မဟုတ်ဘူး။
အပြစ်မရှိဘူး.... ကောင်းကျိုးပေးရင် မှီဝဲရမယ့်တရား ဖြစ်တယ်....။

ကောင်းတာရော ဆိုးတာရော နှစ်မျိုးလုံးကို သိရမယ်....
ပြီးမှ ကောင်းတာကို လုပ်ရမယ်....

မကောင်းမှုများ ရှောင်ရှားပယ်ခွာ
ကောင်းမှုအပေါင်း စုဆောင်းကြပါ
မိမိစိတ်ရင်း သန့်ရှင်စေရာ
ဤသုံးပါး ဘုရားသာသနာ...။

ကုသိုလ်က အစုန်လမ်း
အကုသိုလ်က အဆန်လမ်း။

စိတ်က (၂)ခုပဲ ဖြစ်တယ်။
1. I want to do good deeds.
2. I want to do evil deeds.

ကုသိုလ်ရနိုင်တဲ့ အကြောင်း (၅) ချက်
၁။ သင်ယူ
၂။ နာကြား
၃။ မေးမြန်း
၎။ ဆွေးနွေး
၅။ ကြံစည်

မင်းမြှောက် ခိုးယူ
မိုးကူ လေဖျက်
ပွဲမထွက်... (စရန်ပါဆုံးတယ်)

ဉာဏ် + ကာယကံ + ဉာဏ်
ဉာဏ် + ၀စီကံ + ဉာဏ်
ဉာဏ် + မနောကံ + ဉာဏ်
အဲဒီလို ပြု၊ ပြော၊ ကြံစည်တဲ့အခါ အပြစ်မရှိတော့ဘူး။

ပေးကမ်းရက်ရော ချစ်ဖွယ်ပြော၍
သူ့ကျိုးပြုမူ ကိုယ်တူထားမှု
ဤလေးခု မှတ်ရှုသင်္ဂဟာ။

အလှူအားလုံးထဲတွင် ဓမ္မဒါနသည် အမြတ်ဆုံး။

ထပ်ခါထပ်ခါ တရားဟောမှုသည် ချစ်ဖွယ်စကားထဲတွင် အမြတ်ဆုံး။

သဒ္ဓါမရှိတဲ့သူ ရှိလာအောင်
သီလမရှိတဲ့သူ ရှိလာအောင်
စွန့်ကျဲမှုမရှိတဲ့သူ ရှိလာအောင်
ပညာမရှိတဲ့သူ ရှိလာအောင်
အဲဒီလိုအလုပ်တွေကို လုပ်ပေးတဲ့သူဟာ သူများအကျိုးကို ဆောင်ရွက်သူများတွင် အမြတ်ဆုံးဖြစ်သည်။

ရဟန္တာ - ရဟန္တာ အချင်းချင်း
ဆရာ - ဆရာ အချင်းချင်း
သမ္မတ - သမ္မတ အချင်းချင်း
လူ - လူ အချင်းချင်း
အပြန်အလှန် လေးစားကြရမယ်။

အရိယာပုဂ္ဂိုလ်တွေကို ဆည်းကပ်ရင်/ စကားနားထောင်ရင် ဘေး (၅) မျိုး ကင်းတယ်။
၁။ အသက်မွေးမှုဘေး
၂။ ကျော်ဇောမဲ့တဲ့ဘေး
၃။ ပရိသတ်ကို ကြောက်ရွံ့တဲ့ဘေး
၎။ သေဘေး
၅။ ဒုက္ခဘေး

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်ထက် ပိုယူခွင့် ရှိသလား။
အဖြေ။
မိန်းမအဖို့ ယောက်ျားတစ်ယောက်ထက် ပိုယူခွင့်မရှိပေ။ တရားဝင် လင်ရှိမယားတစ်ယောက်သည် အခြား ယောက်ျားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်၍ မဖြစ်ပေ။


အမေး။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ထိမ်းမြားလက်ထပ်ရန်နှင့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြရန် နှစ်ဦးသဘောတူညီချက်နှင့် ရည်ရွယ်ချက်မရှိဘဲ သာမန်ထွက်ပြေးရုံမျှနှင့် တရားဝင်ထိမ်းမြားခြင်း ဖြစ်သလား။
အဖြေ။
သာမန်ထွက်ပြေးရုံမျှနှင့် တရားထိမ်းမြားခြင်း မဖြစ်ပေ။

အမေး။
လင်မယားနှစ်ဦးပိုင် ပစ္စည်းများကို လင်ဖြစ်စေ၊ မယားဖြစ်စေ တစ်ဦးဦး၏ ဆန္ဒမရရှိဘဲ ပေးကမ်းလျှင် အတည်ဖြစ်ပါသလား။
အဖြေ။
လင်မယားနှစ်ဦးပိုင် ပစ္စည်းများကို လင်ဖြစ်စေ၊ မယားဖြစ်စေ ခင်ပွန်းသည်၏ ဆန္ဒမရဘဲ ပေးကမ်းလျှင် အဆိုပါ ပေးကမ်းသည့် ပစ္စည်းတွင် ပေးသူ အကျိုးခံစားခွင့်ရှိသည့် အစုအတွက်သာ အတည်ဖြစ်ပေသည်။ သဘောတူညီချက်မပေးသည့် ခင်ပွန်းသည်၏ အကျိုးခံစားခွင့်ကို ထိခိုက်ခြင်းမရှိချေ။

အမေး။
သတင်းစာတွင် လင်မယားပြတ်စဲကြောင်း လင်ဖြစ်သူက ကြော်ငြာရုံဖြင့် လင်မယားပြတ်စဲခြင်း ဖြစ်သလား။
အဖြေ။
လင်မယားပြတ်စဲကြောင်း သတင်းစာတွင် ကြော်ငြာကာမျှနှင့် လင်မယား ပြတ်စဲပြီဟု မဆိုနိုင်။

အမေး။
ဦးဝမ်တင်သည် မိမိခြံမှထွက်သော အုန်းလက်များ၊ သစ်ကိုင်းခြောက်များ၊ သစ်ခက်သစ်ရွက်များကို သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားသည့် အမှိုက်ပုံတွင် စွန့်ပစ်ခြင်းသည် တားမြစ်ချက်ကို ကျူးလွန်ရာ ရောက်ပါသလား။
အဖြေ။
မည်သူမျှ ခြံထွက် အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက် အမှိုက်၊ ဆေးရုံစွန့်ပစ်ပစ္စည်းများနှင့် စက်ဆုပ်ဖွယ် အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် နေရာမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်းမပြုရ။
တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်းခံရမည်။

ဓမ္မပဒဂါထာ (၁၁၁)


ယော စ ၀ဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိယံ သေယျော၊ ပည၀န္တဿ ဈာယိနော။

သမာဓိပညာရှိမှ အနေမြတ်
စူးစိုက်တည်ငြိမ်မှု
သမာဓိလည်းမရှိ
နားလည်သိမြင်မှု
ပညာဉာဏ်လည်း မရှိသူရဲ့
နှစ်ပေါင်းတစ်ရာ
အသက်ရှင်ရခြင်းထက်
စူးစိုက်တည်ငြိမ်မှု
သမာဓိလည်းရှိ
နားလည်သိမြင်မှု
ပညာဉာဏ်လည်းရှိသူရဲ့
တစ်ရက်တာ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။

Tuesday, October 26, 2010

ရှင်လူထွက်သစ် - ရှင်ငြိမ်းမယ်


ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောင်းမတို့လေ၊ ရှင်လူထွက်သစ်၊ ဆယ့်သုံးနှစ်က၊ ချစ်တဲ့သူကို၊ အယူတခြား၊ မိထွေးများက၊ ဆီးတားဆို၊ ရစ်ကို ထောင်ကာထားရတယ်။

နွမ်းနယ်တစေ့၊ ရှေးကပါ ကြမ္မာငွေ့ကြောင့်၊ မတွေ့ရတာ၊ ကြာတောင်းကြာမှ၊ မျက်နှာတူရူ၊ သူလည်းအလာ၊ မယ်သာအမျှော်၊ နေ၀င်ကျော်၊ ဒွေးတော်အိမ်ပါး၊ တောင်ဆီနားသို့၊ ယာသွားပို့ပြန်၊ စောင်လျားခြံနှင့်၊ လက်ပံပင်ရှေ့၊ ကျဉ်းမြောင်းကွေ့ တွေ့သောခါ၊ ပုဝါယက်သစ်၊ မယ်ကပေးတဲ့၊ ပိုးသေးမည်းပါ၊ ခေါင်းပေါင်းပြာ၊ လည်မှာရစ်လို့၊ ဖွင့်လှစ်ကယ် မဆို၊ ပခုံးဘယ်တင်၊ မယ့်ကျောပြင်၊ လက်တင်ရပ်လို့၊ မတ်တတ်ကယ်ငို။

မောင့်ကိုစိမ်းကား၊ မယ်နှမက ဆိုသလား၊ တို့ချစ်ခြင်း ကွင်းအောင်တစေ၊ နေ့တိုင်းမွှေတဲ့၊ သက်ကြီးဝန်တို၊ မြင်တိုင်း မုန်းစရာ၊ ကုန်းမအို၊ ရေလို ခန်းခြောက်ပါစေသား။

ရယ်ရွှင်စရာဟာသပဒေသာ


အားကြီးချစ်တယ် – မောင်ကောင်းထိုက် (နှီးပဒေါ)
သမီးရည်းစားနှစ်ယောက် ချိန်းတွေ့ရင်း စကားပြောနေကြသည်။
“မောင်၊ မကို ချစ်ရဲ့လား”
“သိပ်ချစ်တာပေါ့”
“အာဒမ်က ဧ၀ကို ချစ်သလိုပဲလား”
“အဲဒီထက် ပိုတာပေါ့”
“ဟုတ်ရဲ့လား မောင်ရဲ့”
“သိပ်ဟုတ်တာပေါ့၊ အာဒမ်မှာ ရွေးစရာ မရှိခဲ့ဘူးလေ”

ငှက်တွေလို ပျံတတ်လို့လား - ဟာသဂျပိုး
သင်္ဘော ကပ္ပတိန်တစ်ယောက်သည် ၎င်းင်းတို့၏အသိုင်းအ၀ိုင်း၌ ရေးမကူးတတ်သူအဖြစ် လူသိများသူဖြစ်၏။
တစ်ရက်တွင် သတင်းထောက်တစ်ယောက်က ထိုသင်္ဘောကပ္ပတိန်ကို မေးလိုက်သည်။
ရေမကူးတတ်တဲ့ သင်္ဘောကပ္ပတိန်ဆိုတာ ခင်ဗျားလား”
ထိုကပ္ပတိန်က ပြန်ဖြေလိုက်၏။
ဟုတ်ပါတယ်၊ ကျုပ်ရေမကူးတတ်ပါဘူး။ ဒါပေမယ့်ဗျာ ငှက်တွေလို ပျံတတ်တဲ့ လေယာဉ်ပျံ ပိုင်းလော့ကိုရော ခင်ဗျားတို့ တွေ့ဖူးလို့လားဗျ”

အဓိပ္ပါယ်ရှိရှိပြောတတ်သူ – မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
ငါ့မိန်းမကကွာ၊ ငါနဲ့စကားများရန်ဖြစ်တိုင်း သူ့အမေအိမ်ပြန်မယ်ချည်းပဲ ပြောတယ်ကွ၊ အဲဒါ ငါ့ကို ခြိမ်းခြောက်တာလား၊ အကျပ်ကိုင်တာလား”
သူ့အမေအိမ် ပြန်သွားမယ်လို့ပြောရင် အဲဒါမင်းကို အကျပ်ကိုင်တာ၊ ဒါပေမယ့် သူ့အမေကို ခေါ်လာမယ်လို့ပြောရင်တော့ ဒါဟာ မင်းကို အကြီးအကျယ် ခြိမ်းခြောက်တာပဲ”

သင်ချင်တဲ့အပိုင်း - ကံချွန်
ပြင်သစ်စာသင်ရတာ ခက်သလား ဖေဖေ”
ပထမပိုင်းသာ ခက်တာပါ၊ နောက်ပိုင်းကျတော့ လွယ်သွားတာပါပဲ”
အဲဒါဆို နောက်ပိုင်းတစ်ဝက်ပဲ သင်ချင်တယ် ဖေဖေ”

သူ့မှတ်တမ်း - ခင်မောင်တိုး (မိုးမိတ်)
အမျိုးသားတစ်ဦး နေ့စဉ်မှတ်တမ်းရေးနေ၏။
ကျွန်တော်သည် စံပြယောက်ျားတစ်ဦး ဖြစ်၏။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ညကလပ်များသို့လည်း မသွား၊ ကျွန်တော့် မိန်းမအပေါ်တွင်လည်း သစ္စာရှိသူဖြစ်သည်။ သူများသားသမီးအပေါ် စိတ်ဖြင့်ပင် မပြစ်မှားပါ။ ည ၈ နာရီဆိုလျှင် ပုံမှန် အိပ်ရာ ၀င်၍ မနက်စောစောထပါသည်။ အချိန်မှန် လေ့ကျင့်ခန်းလုပ်၍ အချိန်မှန်လည်း အလုပ်လုပ်ပါသည်။”
အင်း၊ ဒီအပြုအမူတွေအားလုံး ကျွန်တော်ထောင်က လွတ်တာနဲ့ ချက်ချင်းပြောင်းသွားတော့မှာ အမှန်ပါပဲ” ဟုလည်း မှတ်တမ်း ရေးအပြီးတွင် ညည်းညည်းညူညူ ရေရွတ်လိုက်ပါသေး၏။

* * * * * *
ဖတ်မိတဲ့ စာအုပ်အမျိုးမျိုးထဲက သဘောကျတာလေးတွေကို ရွေးထုတ်ဝေမျှလိုက်တာပါ။ ရယ်မောပျော်ရွှင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့သစ်တစ်ခု ဖြစ်ကြပါစေဗျာ။

Monday, October 25, 2010

အိပ်မက်အကျိုးပေးအဟော (မြင်ခြင်းစသည်ကို စွဲ၍မက်ခြင်းအဟော-၂)


အုန်းသီး၊ ထန်းသီး မြင်မက်သော် လာဘ်ရရာ၏။
ပုဆိုးဖြူ၊ ပန်းဖြူဝတ် မက်သော် သူကြီးဖြစ်ရာ၏။
ပချုပ်တွင်း၌ မီးတောက်သည်ကို မြင်မက်သော်၊ ဓား၊ လှံ အရောင်တောက်မက်သော် ကျွန်သားသော်လည်း တော်လှန်အံ့။ မတော်လှန်မူ အမတ်ဖြစ်ရာ၏။ အမတ်မူ မင်းဖြစ်ရာ၏။
ကိုယ်တွင် လောက်တက်မက်သော် ကျွန်၊ နွားများ ရရာ၏။
ငှက်ဖမ်းသည်ဟု မြင်မက်သော် ကျွန်၊ နွားများရအံ့။
နဂါးဖမ်းသည်ဟု မြင်မက်သော် သတ္တရုရန်ပျောက်အံ့။
အိမ်ရာထောင်သည်ဟု မြင်မက်သော် လာဘ်ကြီးစွာရအံ့။
တီ၊ မျှော့ တွယ်သည်ဟု မြင်မက်သော် သူကြီးဖြစ်အံ့။
ကောင်းကင်သို့ ပျံတက်သည်ဟု မြင်မက်သော် ထင်ရှားအံ့။
စည်ကြီး၊ ကြေးနင်း၊ မောင်းခွက်၊ ခွင်း၊ ပတ်သာ၊ နရီ၊ ခရာ၊ ခေါင်းလောင်းသံကို ကြားရသည်ဟု မြင်မက်သော် နှစ်လိုဝမ်းသာ များအံ့၊ သတင်းကောင်းကြားအံ့။
မိုးကြိုးသံ၊ စည်သံ၊ ခရာသံ၊ နှဲသံကြားရသည်ဟု မြင်မက်သော် မင်းအမတ်ဖြစ်အံ့။

ကျန်းမာရေးအသိလွဲနေမှုများ (ကျန်းမာရေးအသိအမြင်)


ကျန်းမာရေးနဲ့ပက်သက်လို့ အများလက်ခံသိရှိထားတဲ့ အချက်နဲ့ တကယ့်အဖြစ်မှန်တို့ဟာ ကွဲလွဲနေတတ်ပါတယ်။ အောက်ဖော်ပြပါ အမေး၊ အဖြေများကို ကြည့်လိုက်ရင် အထင်နဲ့ အမြင် ကွဲပြားခြားနားနေတာကို သိရှိနားလည် သွားနိုင်ပါတယ်။

လက်ဆစ်တွေကို ချိုးဖန်များရင် အဆစ်အမြစ်ရောင်ရောဂါ ဖြစ်တတ်တယ်။
မဟုတ်ပါဘူး။ လက်ဆစ်တွေကို ချိုးလိုက်တဲ့အခါ ဂျွတ်ခနဲ၊ ဗျစ်ကနဲ မြည်သွားတာက အရိုးများအကြားမှာ ပိတ်မိနေတဲ့ ဓာတ်ငွေ့တွေ ထွက်သွားလို့ အသံမြည်ရခြင်းသာ ဖြစ်ပါတယ်။ အရိုးကြားက အခိုးအငွေ့တွေ ထွက်သွားလို့ ပေါ့ပါးတောင် သွားပါသေးတယ်။

ဆံပင်၊ အမွှေးအမှင်တွေကို မကြာခဏ ရိတ်ပေးရင် ဆံပင်၊ အမွှေးအမှင်တွေ သန်လာတတ်ပါတယ်။
မဟုတ်ပါဘူး။ ကတ်ကျေးနဲ့ဆံပင်တွေကို ဖြတ်ချလိုက်သလိုပါပဲ။ ဆံပင်နဲ့ အမွှေးအမှင်တွေကို ရိတ်ပေးနေတာဟာ ငုတ်စကလေးတွေ တိုသွားရုံသက်သက်ပဲ ဖြစ်စေပါတယ်။

အိပ်လွန်းအားကြီးရင် ပင်ပန်းနွမ်းနယ်သွားတတ်တယ်။
မှားပါတယ်။ ကျန်းမာပျော်ရွှင်နေသူတွေဟာ အလွန်အမင်းအိပ်နေလေ့ မရှိပါဘူး။ အိပ်ရာထဲမှာ အစွဲအမြဲအိပ်နေလေ့ ရှိသူတွေဟာ သူတို့မှာ ရောဂါတစ်ခုခု စွဲကပ်ဝင်ရောက်နေတဲ့ လက္ခဏာကို ပြနေပါတယ်။ ဖျားနာလို့ သော်လည်းကောင်း၊ စိတ်ကျဝေဒနာ ခံစားရလို့ သော်လည်းကောင်း အိပ်ရာထဲမှာ မထတမ်း အိပ်နေကြခြင်းသာ ဖြစ်ပါတယ်။

နှာချေချင်လျက်သားနဲ့ နှာမချေဘဲအောင့်ထားရင် အန္တရာယ်ဖြစ်တတ်ပါတယ်။
မှန်ပါတယ်။ နှာချေခါနီးမှ နှာမချေဘဲ အောင့်ထားလိုက်ရင် တိုးထွက်သွားမယ့် လေတွေ၊ နှပ်တွေ၊ သလိပ်တွေဟာ အလွန်နူးညံ့သိမ်မွေ့တဲ့ နားအစိတ်အပိုင်းတွေဆီကို ရောက်သွားပါတယ်။ နားနဲ့ပက်သက်တဲ့ ကူးစက်ရောဂါတွေ ဖြစ်တတ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ တစ်ခါတစ်ရံမှာ နားပင်းသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ချက်ပြုတ်ပြီး မုန်လာဥနီက ဘယ်လိုလုပ်ပြီး ဆေးဖက်ဝင်အာနိသင်တွေ ဖြစ်လာရသလဲ။
လူအများစုက ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်စားမှ ပိုကောင်းတယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် အာရ်ကင် ဆေးတက္ကသိုလ်မှ လေ့လာတွေ့ရှိချက်တွေအရကတော့ မုန်လာဥနီတွေကို ချက်ပြုတ်စားသောက်ရင် အာဟာရဓာတ်ပိုပြီး ထက်မြက်တယ်လို့ သိရပါတယ်။
မုန်လာဥနီတွေကို ချက်ပြုတ်လိုက်တဲ့အခါ အပူဓာတ်ရသွားလို့ မုန်လာဥနီတွေရဲ့ အမျှင်တွေဟာ နူးညံ့ပျော့ပြောင်း သွားပါ တယ်။ အမျှင်တွေပျော့ပြီး လျော့ရဲသွားတော့ ဖီနောလစ်ဓာတ်တွေဟာ ဥနီရဲ့ ကလာပ်စည်းတွေမှ ပိုမိုထွက်ခွင့်ရသွားပါတယ်။ ဖီနောလစ်ဓာတ်တွေ ပိုထွက်လာလို့ သွေးသန့်စေတဲ့ အာနိသင်တွေ ပိုမိုရရှိလာတာ ဖြစ်ပါတယ်။

ဒါကြောင့် မုန်လာဥနီကို အစိမ်းလိုက် စားတာထက် ချက်ပြုတ်စားတာက ပိုပြီး အကျိုးများပါတယ်။

ဓမ္မပဒဂါထာ (၁၁၀)


ယော စ ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလ၀န္တဿ ဈာယိနော။

သီလရှိမှ အနေမြတ်
ကိုယ်ကျင့်သီလလည်း မရှိ
စိတ်တည်ငြိမ်မှု
သမာဓိလည်း မရှိသူရဲ့
အနှစ်တစ်ရာပတ်လုံး
အသက်ရှင်နေရခြင်းထက်
ကိုယ်ကျင့်သီလလည်းရှိ
ကမ္မဌာန်းအာရုံပေါ်မှာ
စူးစိုက်ရှုပွားမှု
သမာဓိလည်း ရှိသူရဲ့
တစ်နေ့တစ်ရက် တစ်နံနက်မျှ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။

Sunday, October 24, 2010

အားနာနာနဲ့ တောင်းပန်ပါရစေ


ကာလတစ်ခုအတိုင်းအတာအထိ အပတ်စဉ်ထုတ် ဂျာနယ်တွေထဲက ကောင်းနိုးရာရာလေးတွေကို ပြန်တင်ပေးနိုင်ဦးမယ် မဟုတ်ပါ။ အဲဒီအတွက် ကျွန်တော်တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ စာဖတ်ချင်လို့ ရောက်လာကြတဲ့ မြန်မာ့သွေးမိတ်ဆွေတွေကိုလည်း တကယ့်ကို အားနာမိပါတယ်။ အပတ်စဉ်ထုတ် ဂျာနယ်တွေထဲက ကောင်းနိုးရာရာတွေကို ပြန်လည်ဝေမျှခြင်း မပြုနိုင်ပေမယ့် ဖတ်သင့်ဖတ်ထိုက်တာလေးတွေ၊ စိတ်ဝင်စားမယ် ထင်တာလေးတွေကိုတော့ နည်းနည်းချင်း ဖတ်လို့ရအောင် စီစဉ်ထားပါရဲ့ဗျာ။

လုပ်ငန်းတာဝန်အရ ခရီးသွားရမှာမို့ အင်တာနက်စာမျက်နှာတွေနဲ့ ခေတ္တခဏ ကင်းကွာနေပါလိမ့်မယ်။ မြန်မာ့သွေးဘလော့ဂ်ကို ကာလတစ်ခုအထိ ပစ်ထားရပါလိမ့်မယ်။ ဒါပေမယ့်လည်း အဲဒီလို ပစ်ထားရမယ့် ကာလတွေအတွင်းမှာ လူမရှိ သူမရှိနဲ့ ပိုးအိမ်စွဲ၊ ဖုန်တက်၊ ခြောက်ကပ် မဖြစ်ရအောင် အတတ်နိုင်ဆုံး ပြင်ဆင်ထားခဲ့ပါတယ်။

အင်တာနက်သုံးလို့ရတာနဲ့ ဘလော့ဂ်အတွက် ပို့စ်တွေ တင်ပေးဖြစ်မှာ အသေအချာပါ။ ဒါပေမယ့် ကျွန်တော့်အတွေးတွေ၊ အတွေ့အကြုံတွေပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဂျာနယ်တွေထဲကတော့ ထုတ်နုတ်တင်ပြနိုင်မယ် မထင်သေးပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင် သွားရမယ့်နေရာမှာ ဂျာနယ်တွေ ဖတ်ရပါ့မလားဆိုတာ မသိသေးလို့ပါ။ ကျွန်တော်လည်း စာဖတ်သမားကနေ စာငတ်သမား ဖြစ်တော့မယ်ထင်ပါရဲ့။

မြန်မာ့သွေးဘလော့ဂ်ကို ပုံမှန်လာရောက်ဖတ်ရှုကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ရပါကြောင်းနဲ့ ယခင်ကလို မြန်မာ့သွေး ထမင်းဝိုင်းစားပွဲမှာ ဖွယ်ဖွယ်ရာရာ စုံစုံလင်လင် ဧည့်မခံနိုင်တဲ့အတွက် အားနာရပါကြောင်း တောင်းပန်လိုပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
ည ၁၀ နာရီ ၁၀ မိနစ်။

အိပ်မက်အကျိုးပေးအဟော (မြင်ခြင်းစသည်ကို စွဲ၍မက်ခြင်းအဟော-၁)


၁။ မိမိ၏ အူကိုထုတ်၍ ပြည်ပတ်မက်သော် တိုင်းပြည်အစိုးရသော ဘုရင်မင်းဖြစ်အံ့။ ၎င်းမိမိအူကိုထုတ်၍ ရွာကိုပတ်မက်သော် ရွာသူကြီးဖြစ်အံ့။ သူတကာတို့ထက် အကြီးအကဲဖြစ်အံ့။
၂။ ကောင်းကင်၌ နေ၊ လ ကြတ်သည်ကို မြင်မက်သော် မင်းနှင့်တူသော သားကို ဖွားမြင်အံ့။
၃။ ဆင်းတုရုပ်ပွား တရားဟောသည်ကို ကြားရမက်သော် ကျော်စောအံ့။
၎။ ၎င်း ဘုရားသခင်ရုပ်ပွား ကြွသွားတော်မူသည်ကိုမက်သော် ဘုန်းကျက်သရေ တိုးအံ့။
၅။ တောင်ဖျားတက်မက်သော်၊ အရပ်လေးမျက်နှာကလာမက်သော် လာဘ်ရအံ့။
၆။ အသီးရှိသော သစ်ပင်ကိုတက်မက်သော် နောက်မှ ချမ်းသာရအံ့။
၇။  အမှုများသည်မက်သော်၊ ကျွဲနွားကြီးစွာမြင်မက်သော်၊ သူကောင်းချီမက်သော် အတုမရှိအောင် ကောင်းအံ့။
၈။ သူငယ်ချီမက်သော်၊ ရွှေငွေကို အစိုးရမက်သော် ချမ်းသာရအံ့။
၉။ ထီးဆောင်းမက်သော် ချမ်းသာရရာ၏။
၁၀။ အသီး၊ အရွက်နှင့် ပြည့်စုံသော သစ်ပင်မြင်မက်သော် ဥစ္စာများစွာ ရရာ၏။ ကျေးဇူးကြီးရာ၏။

Saturday, October 23, 2010

ဓမ္မပဒဂါထာ (၁၀၈)


ပေးလှူခြင်းထက် ရှိခိုးခြင်းကပိုမြတ်
လောကမှာ…
ကောင်းမှုကုသိုလ် လိုချင်လွန်းလို့
မင်္ဂလာအထိမ်းအမှတ်
အလှူပွဲကြီးတွေ၊
ဧည့်သည်ကို ဧည့်ဝတ်ပြုခြင်း
အစရှိတဲ့…
သဒ္ဓါအထိမ်းအမှတ်
အလှူပွဲလေးတွေနဲ့
အနှစ်တစ်ရာပတ်လုံး
လောကီလူသား ပုထုဇဉ်အများကို
ပေးလှူပူဇော်တာရယ်…
ဖြောင့်မတ်စွာကျင့်လို့
ဖြောင့်မတ်သူဖြစ်နေကြတဲ့
အရိယာပုဂ္ဂိုလ်တွေကို
ကြည်လင်တဲ့စိတ်ထားနဲ့
ဝပ်တွားရှိခိုးတာရယ်…
အဲဒီနှစ်မျိုးထဲမှာ
အနှစ်တစ်ရာပတ်လုံး
လှူဒါန်းရတဲ့
ဒါနကုသိုလ်အားလုံးဟာ
တစ်ကြိမ်တစ်ခါ
ရှိခိုးရတဲ့
ဝန္ဒနာကုသိုလ်ရဲ့
လေးပုံတစ်ပုံကိုတောင်
မမီပါဘူး။
အရိယာပုဂ္ဂိုလ်တွေကို
ရှိခိုးရတဲ့ကုသိုလ်က
သာမန်လူသားတွေကို
လှူဒါန်းရတဲ့ကုသိုလ်ထက်
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။
ပိုပြီး အကျိုးပေးကြီးကျယ်ပါတယ်။

အလွမ်းပင်လယ် - ကိုဉာဏ် (ပန်းလောင်မြေ)


ချစ်သူတွေ ဝေးနေရင် လွမ်းရမှာ…
ချစ်သူတွေ ဝေးနေရင် ဆွေးရမှာ…
ချစ်သူတွေ ဝေးနေရင် သတိရမှာ…
ချစ်သူတွေ ဝေးနေရင် ……………..
..… ….… ……
အချစ်တွေကို ခဏသိမ်းထား
အလွမ်းတွေကို ကြိတ်မှိတ်မြိုသိပ်
အခုတော့ အိပ်စက်လိုက်ကြဦးစို့…
အိပ်မက်ထဲမှာ ဆုံကြမယ်လေ…။
…… ……. ……
အိပ်မက်ဆိုတာ လက်တွေ့အတွက်
ပေါင်းကူးတံတားတစ်ခုပါ။
ယုံကြည်ချက်တွေ ခိုင်မြဲ
မျှော်လင့်ချက်တွေကိုင်စွဲလို့
အားတင်းကြဦးစို့ချစ်သူ
ရွှေရောင်လွှမ်းတဲ့တစ်နေ့
မလွဲမသွေရောက်လာလိမ့်မယ်
ကဲ… အခုတော့
အလွမ်းပင်လယ် ရေပြင်ကျယ်မှာ ကူးခတ်ကြဦးစို့ရယ်…။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၂ နာရီ ၅၃ မိနစ်တွင်ပြီး၏။

အိပ်မက်အကျိုးပေးအဟော (စီးသည်ကိုစွဲ၍ မက်ခြင်းအဟော)


၁။ ထမ်းစင်သံလျှင်းစီးမက်သော် လာဘ်ရရာ၏။
၂။ ပုခက်စီးမက်သော် ထင်ရှားရာ၏။
၃။ မိကျောင်းစီးမက်သော် သတ္တရုရန်ကို နိုင်ရာ၏။ (မင်းဖြစ်ရာ၏လည်းဟူ)
၎။ သင်္ဘော၊ လှေစီးမက်သော် သူတကာထက် မြတ်သည်ဖြစ်ရာ၏။
၅။ ဆင်ဖြူစီးမက်သော် မင်သားကား မင်းဖြစ်ရာ၏။ သူကြီးသားကား အမတ်ဖြစ်ရာ၏။
၆။ နွားလည်ပင်းစီးမက်သော် ချမ်းသာရာ၏။
၇။ လှေစီးလျက် နစ်မြုပ်သည်မက်သော် မကောင်း။
၈။ လှေစီးမက်သော် ချစ်သာရရာ၏။
၉။ ရထားစီးမက်သော် မယားကောင်းရရာ၏။
၁၀။ ဖိနပ်စီးမက်သော် ဖျားနာရာ၏။
၁၁။ ငန်းမြွေစီးမက်သော် ဖျားနာရာ၏။
၁၂။ ပတ္တမြားစီးမက်သော် သားကောင်းရရာ၏။
၁၃။ ကျွဲစီးမက်သော် ကျွန်ရရာ၏။

Friday, October 22, 2010

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
စိန်မဟုတ်ကြောင်း သိလျက်နှင့် ထိုပစ္စည်းကို စိန်ထည်အဖြစ်ဖြင့် ပေါင်နှံခြင်းသည် လိမ်လည်မှုဖြစ်သလား။
အဖြေ။
စိန်မဟုတ်ကြောင်း သိလျက်နှင့် ထိုပစ္စည်းကို စိန်ထည်အဖြစ်ဖြင့် ပေါင်နှံကာ တမင်လှည့်ဖြားပြီး ငွေချေးခြင်းသည် မရိုးမဖြောင့်သော သဘောနှင့် သွေးဆောင်ပြုရာရောက်၍ လိမ်လည်မှုဖြစ်သည်။


အမေး။
မောင်ဖြူသည် သေစေရန် ကြံရွယ်ချက်ဖြင့် လူသူမရှိသောအရပ်တွင် အသက်နုသောကလေးကို စွန့်ပစ်ထားသည်။ သို့သော် ကလေးမှာ မသေ။ ယင်းလုပ်ရပ်အတွက် မောင်ဖြူတွင် အပြစ်ရှိသလား။
အဖြေ။
ကလေးမသေစေကာမူ မောင်ဖြူသည် ဤပုဒ်မ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇) တွင် ဖော်ပြထားသည့် ပြစ်မှုကို ကျူးလွန်သည်မည်၏။

အမေး။
အိမ်တွင်းရှိလူကို နာကျင်စေရန်အကြံဖြင့် ပုလင်းတစ်လုံး ပစ်သွင်းခြင်းသည် မဆင်မခြင် ပေါ့ပေါ့ဆဆ ပြုလုပ်ရာရောက်သလား။
အဖြေ။
အိမ်တွင်းရှိလူကို နာကျင်စေရန်အကြံဖြင့် ပုလင်းတစ်လုံး ပစ်သွင်းခြင်းသည် မဆင်မခြင် ပေါ့ပေါ့ဆဆ ပြုလုပ်မှုမဟုတ်ဘဲ လက်ရောက်မှုသာ ဖြစ်သည်။

လက်ဆောင် - ဖေမြင့်


ဘတ်စ်ကားတစ်စီးပေါ်မှာ…
အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စည်း ကိုင်လျက် လိုက်ပါလာသည်။ သူနှင့် လူသွားလမ်းခြားလျက် တစ်ဖက်ထိုင်ခုံမှာ မိန်းကလေးတစ်ယောက် ထိုင်နေသည်။

ကောင်မလေး မျက်လုံးတွေက ပန်းတွေဆီပဲ တရစ်ဝဲ၀ဲ ဖြစ်နေသည်။

ခဏနေတော့ မှတ်တိုင်တစ်တိုင်မှာ ဘတ်စ်ကား ရပ်သည်။

အဘိုးကြီးက အလျင်စလို ထကာ ပန်းစည်းကို ကောင်မလေးလက်ထဲ ထိုးထည့်သည်။ “ယူပါကွာ… မင်း ကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ်၊ မင်းကို ပေးခဲ့တဲ့အကြောင်း သိရရင် အဘဇနီးကလည်း ၀မ်းသာမှာပါ။ အဘ သူ့ကို ပြောပြလိုက်ပါ့မယ်”

ကောင်မလေး ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်က ဆင်းသည်ကို လိုက်ကြည့်နေသည်။ ဘတ်စ်ကား ရပ်သည့်နေရာက သုသာန်တံခါးဝအနီးမှာ ဖြစ်သည်။ သုသာန်ထဲသို့ အဘိုးကြီး ၀င်သွားတာ သူမြင်လိုက်ရသည်။

မူရင်း - Bennet Cerf ၏ The Gift

 
Web Statistics