Friday, April 20, 2012

နိုင်ငံရေးအတွေးများ (ကြားဖြတ်ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တပ်မတော်နေ့မိန့်ခွန်း၊ အခြားပါတီများ)


(၁) ကြားဖြတ်ရွေးကောက်ပွဲ
ကြားဖြတ်ရွေးကောက်ပွဲပြီးသွားခဲ့လေပြီ။ ကျွန်တော် အတော်လေးကို ပျော်မိသည်။ NLD ကိုယ်စားလှယ်များ အနိုင်ရခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ဆိုသည့်အတွက် သို့လော၊ သို့လော မဖြစ်ကြပါနှင့်ခင်ဗျား။ ကျွန်တော်က အခြားလူတွေလို သာကူးမဟုတ်သလို၊ ဟိုအကောင်ရဲ့ ဟိုဒင်းလည်း မဟုတ်ရပါဘူး။ ကျွန်တော်ပျော်ရခြင်း အကြောင်းရင်းကတော့ စိတ်ပူပန်ကြီးစွာဖြင့် ထိတ်လန့်နေခဲ့ရသည့် အန္တရာယ်များမှ ကင်းလွတ်သွား၍ ဖြစ်ပါသည်။ မေးစရာရှိပါသည်၊ ဟေ့ကောင် ကိုဉာဏ်ရ… မင်းက ဘာတွေများ စိတ်ပူနေခဲ့ရလို့လဲဟု။ ဟုတ်ကဲ့၊ ဖြေပါမည်ခင်ဗျား။ တကယ်လို့သာ အန်တီစုတို့လူတစ်သိုက် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်မရခဲ့ပါမူ ဖြစ်လာနိုင်သည်များကို ကြိုတင်တွေးပူနေခဲ့ခြင်း ဖြစ်ကြောင်းပါခင်ဗျား။

စိတ်ကူးနှင့် မြင်ယောင်ကြည့်ပါ။ အန်တီစုတို့တစ်သိုက် ရှုံးနိမ့်ခဲ့ကြသည် ဆိုပါစို့။ နောက်တစ်နေ့ထုတ် ဂျာနယ်စာမျက်နှာများ၊ ပြည်ပအသံလွှင့်ဌာနများ၊ အင်တာနက်စာမျက်နှာများပေါ်တွင် မြန်မာတို့၏ ကြားဖြတ်ရွေးကောက်ပွဲသည် မဲမသမာမှုများရှိသည်၊ တရားမျှတမှုမရှိ၊ လွတ်လပ်မှုမရှိ၊ ဘယ်သူတွေက ဘယ်လိုလိမ်သည်၊ ဘယ်လိုမသမာမှုပြုသည် စသည့် စသည့် ခေါင်းစဉ်ပေါင်းများစွာဖြင့် သောသောညံအောင် ပြောကြပါလိမ့်မည်။ အန်တီစုကလည်း ပြည်ပအသံလွှင့်ဌာနများမှတစ်ဆင့် အသံဖြင့်တစ်မျိုး၊ ဌာနချုပ်မှ ကြေညာချက်များထုတ်၍တစ်ဖုံ၊ ဂျာနယ်စာမျက်နှာများမှ တစ်ဆင့်ခံ၍တစ်သွယ် အလွမ်းဇာတ်ကို နတ်သံနှော၍ ပြောပါလိမ့်မည်၊ ဘီလူးဆိုင်းတီး၍ ဆိုပါ၊ ကပါလိမ့်မည်။ အန်တီစုတို့ မနိုင်ရင် ဆူဆူပူပူလုပ်မယ်လို့ ဆုံးဖြတ်ထားကြသော လူတွေကလည်း မင်းမဲ့ဆန်ဆန် ပြုမူကြပါလိမ့်မည်။ မြန်မာ့အရေးကို ကကြီးမှအ သေသေချာချာ မသိဘဲ သိချင်ယောင်ဆောင်နေကြသော အနောက်နိုင်ငံမှ တာဝန်ရှိသူများ၊ ခေါင်းဆောင်များကလည်း အန်တီစုနှင့် ဇာတ်တိုက်ထားသည့် ဇာတ်ညွှန်းများအတိုင်း မတရားဘူး၊ မမျှတဘူး၊ မလွတ်လပ်ဘူး၊ မသမာမှုတွေရှိတယ် စသည်ဖြင့် ပြောကြပါလိမ့်မည်။

အဆွေစာဖတ်သူခင်ဗျား၊ အထက်တွင် ကျွန်တော်ပြောခဲ့သော မြင်ကွင်းများ ယခုတော့ မမြင်တွေ့ရတော့ပါ။ အန်တီစုတို့ လိုချင်သည့်အတိုင်း ရသွားခဲ့သည်ကိုး၊ လိုလားသည့်အတိုင်း ဖြစ်သွားခဲ့သည်ကိုး၊ မျှော်မှန်းသည့်အတိုင်း ပြည့်ဝသွားခဲ့သည့်ကိုး။ ဒီမိုကရေစီစနစ်သစ်ဆီသို့ စတင်လျှောက်လှမ်းကာစ မြန်မာနိုင်ငံအတွက် မလိုလားအပ်သည့် ဆူပူအုံကြွမှုများ၊ မင်းမဲ့စရိုက်ဆန်ဆန် လှုပ်ရှားမှုများ မဖြစ်ပေါ်ခဲ့ခြင်းသည် ပျော်ရွှင်ဖွယ်ရာ မဟုတ်ပါလော။ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဟူသည့်စကား ရှိပါသည်။ ပိုနေမြဲ ကျားနေမြဲဟုလည်း ပြောသည့်စကား ရှိပါသည်။ ခေတ်သစ်ပညာရှင်များ ပြောတတ်ကြတာကမူ win-win ဟူ၏။ သူနိုင်-ကိုယ်နိုင် ဟု ဘာသာမပြန်လိုပါ။ အဓိပ္ပါယ်လွဲသွားနိုင်ပါသည်။ သူမရှုံး-ကိုယ်မရှုံး ဟုသာ သုံးနှုန်းလိုပါသည်။ အန်တီစုလည်း လိုချင်တာရခဲ့သည်။ လက်ရှိအစိုးရလည်း မလိုလားအပ်သည့် ပြဿနာများမှ ရှောင်လွှဲနိုင်ခဲ့သည်။ ၀င်း-၀င်း မဟုတ်ပါလားခင်ဗျာ။ ပြည်ခိုင်ဖြိုးပါတီ အနေနှင့်လည်း ကျေနပ်သင့်ပါသည်။ လွှတ်တော်တွင်းနေရာ ၄၀ ကျော်နှင့် တိုင်းပြည်အေးချမ်းမှုကို လဲလှယ်လိုက်ရသည်ဟု ခံယူသင့်ကြပါသည်။ ဒါလည်း တိုင်းပြည်အကျိုး ဆောင်ရွက်ခြင်းတစ်မျိုးဟု ကျွန်တော်က တွေးမိပါသည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အန်တီစုတို့တစ်သိုက် အနိုင်ရခဲ့ခြင်းကို ကျွန်တော်ပျော်ပါသည်။ အခြားသူများလည်း ပျော်ကြမည် ထင်ပါသည်။ တစ်ဦးနှင့်တစ်ဦး ပျော်ပုံခြင်းတော့ မတူဘူးပေါ့ခင်ဗျား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကိုဉာဏ် ပျော်ပါသည်။ အန်တီစုကို ဂုဏ်ပြုလိုက်ပါသည်။

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေ
ဦးစွာပထမ ဘာမျှ မရေးခင် မေးခွန်းများ မေးခွင့်ပြုစေလိုပါသည်။
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်းပေါင်း မည်မျှရှိပါသနည်း။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မပေါင်း မည်မျှ ပါဝင်သနည်း။
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ဟူသည့် အခန်းတစ်ခန်း ပါဝင်ပြီး ပြင်ဆင်ရမည့် နည်းလမ်းများကို ဖော်ပြထားသည်ကို သိရှိပါသလား။
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် နိုင်ငံတော်သီချင်းကို သေသေချာချာ သိပါသလား၊ အလွတ်သီဆိုနိုင်ပါသလား။
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အမည်များကို ပြောင်းလဲနိုင်ကြောင်း ပြဌာန်းထားသည်ကို သိရှိပါသလား။ မည်သို့ပြောင်းလဲနိုင်သည်ဟု ပြဌာန်းထားကြောင်း သိရှိပါသလား။

စာဖတ်သူမိတ်ဆွေ - ဤသည်တို့သည် ဘာမျှမခက်ခဲသည့် သူသိငါသိ မေးခွန်းများ ဖြစ်ပါသည်။ ဘာမဟုတ်တာလေးတွေကို လာမေးနေရသေးတယ်ဟု မြင်ကြပါလိမ့်မည်။ တွေးကြပါလိမ့်မည်။ ပြစ်တင်ကြပါလိမ့်မည်။ ဟုတ်ကဲ့၊ စာဖတ်သူအနေဖြင့် အထက်ပါ မေးခွန်းများကို သိပြီးဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် မြန်မာနိုင်ငံသားအားလုံး၏ အများစုသော ရာခိုင်နှုန်းကမူ ထိုမေးခွန်းများ၏ အဖြေကို မသိရှိကြပါ။ ဟေ့ကောင်ကိုဉာဏ်၊ မင်းက အဲဒီလို တပ်အပ်ပြောရအောင် ဘယ်လိုသိတာလဲဟု မေးမြန်းကြပါလိမ့်မည်။ ဟုတ်ကဲ့၊ သာမန်ပြည်သူများကို ကျွန်တော်လေ့လာရန်၊ မေးမြန်းရန် မလိုပါခင်ဗျား။ စတုတ္ထမဏ္ဍိုင်ဟု အတင်းအော်နေကြသည့် အချို့သော ဂျာနယ်များကို ဖတ်ရှုခြင်းဖြင့် သိရှိပါသည်ခင်ဗျား။ ဖွဲ့စည်းပုံအခြေခံကိုပင် အစအဆုံး တစ်ခေါက်ပြည့်အောင် မဖတ်ဖူးသူများက ဟိုလူက ဒါပြောရင် ဒါရေး၊ ဒီလူက ဒါပြောရင် ဒါရေး လုပ်နေကြတာကို မမြင်ချင်အဆုံး မြင်နေရ၍ ဖြစ်ပါသည်။ မိမိရေးသည့် အကြောင်းအရာသည် မှန်၏၊ မှား၏ မသိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပါသည် မပါသည်ကို မလေ့လာဘဲ သူများပြောသမျှ လိုက်ရေးနေသော စာနယ်ဇင်းများကိုကြည့်၍ ကျွန်တော်ကိုဉာဏ် သိရပါသည်ခင်ဗျား။ စာဖတ်ပရိသတ် ပြည်သူများကို မျက်စိအလင်း ဖွင့်ပေးရမည့်၊ အသိဉာဏ်အလင်း ထွန်းညှိရမည့် စတုတ္ထမဏ္ဍိုင် ဆိုသူများကိုယ်တိုင်က သေသေချာချာ မသိဘဲ သူများပြောတိုင်း ဝေလေလေ လိုက်လုပ်နေတာကို တွေ့မြင်နေရ၍ ဖြစ်ပါသည်ခင်ဗျား။ ယနေ့အထိ မည်သည့်ဂျာနယ်တွင်မျှ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်ပုဒ်မသည် မည်သည့်အဓိပ္ပါယ်ဆောင်သည်၊ မည်သည့်လိုအပ်ချက်ရှိသည်၊ မည်သည့်ချို့ယွင်းချက်ရှိသည် စသည့် သိသင့်သိထိုက်သည်များကို စာဖတ်သူများအား ရှင်းလင်းတင်ပြခြင်း၊ အကြံဉာဏ်တောင်းခြင်း၊ ထောက်ပြဝေဖန်ခြင်း ပြုလုပ်ကြသည်ကို မတွေ့ရှိရပါ။ သူများတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရမယ်ဟူ၍ ဝေလေလေလိုက်၍ ပြင်ရမယ်ဟု လိုက်အော်နေကြခြင်းသာ ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုသူများခင်ဗျား၊ ကျွန်တော်ကိုဉာဏ် တောင်းပန်ပါရစေ။ ဦးစွာပထမ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစအဆုံး တစ်ခေါက်လောက်တော့ ဖတ်ကြစေချင်ပါသည်။ ထို့နောက် အကြိမ်ကြိမ် ထပ်ဖတ်စေလိုပါသည်။ လေ့လာစေလိုပါသည်။ ဆန်းစစ်စေလိုပါသည်။ ထို့နောက် ပြုပြင်လိုသည့် ဥပဒေပုဒ်မများကို စဉ်းစားကြစေလိုပါသည်။ ထိုသို့ စဉ်းစားရာတွင်လည်း ၃၆၀ ဒီဂရီပြည့်အောင် စဉ်းစားကြပါမည့်အကြောင်း တိုက်တွန်းတောင်းပန်ပါရစေခင်ဗျား။ ခေတ်စကားနှင့်ဆို ၀င်း-၀င်း ဖြစ်ပါစေပေါ့ခင်ဗျာ။

(၃) တပ်မတော်နေ့မိန့်ခွန်း
ဒီနှစ် တပ်မတော်နေ့ မိန့်ခွန်းက အတော်ကြီးကိုထူးခြားသည်။ ကျွန်တော်နားထောင်ဖူးသမျှ တပ်မတော်အကြီးအကဲများ၏ မိန့်ခွန်းများတွင် ခေတ်အမီဆုံးမိန့်ခွန်းဟု သတ်မှတ်လိုသည်။ ဒီမိုကရေစီ အနံ့အသက်များနှင့် ထုံးမွှမ်းနေသည့် မိန့်ခွန်းဟု ချီးကျူးလိုသည်။ တပ်မတော်တို့၏ သဘောသဘာဝအရ ဒီမိုကရေစီစနစ်ကို အလုံးစုံကျင့်သုံးနိုင်ခြင်း မရှိသော်လည်း ယခုနှစ်မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းကို လိုလားသည့်၊ ထောက်ခံသည့်၊ ကူညီမည်ဆိုသည့် သဘောထားများကို တွေ့ခွင့်ရလိုက်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် တပ်မတော်သားများကိုသာမကဘဲ မြန်မာပြည်သူပြည်သားအားလုံးနှင့် တစ်ကမ္ဘာလုံးသို့ တပ်မတော်၏ သဘောထား၊ တပ်မတော်၏ ခံယူချက်ကို အသိပေးတင်ပြလိုက်ခြင်းဟု မြင်ပါသည်။ သေချာသည်ကတော့ တပ်မတော်အကြီးအကဲသည် ခေတ်ကို ကျောခိုင်းကာ မျက်စိပိတ်နေသည့် စစ်ခေါင်းဆောင်တစ်ယောက် မဟုတ်ကြောင်းကို တပ်မတော်နေ့ မိန့်ခွန်းမှတစ်ဆင့် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကို အသိပေးလိုက်ခြင်းပင်။ ဒီမိုကရေစီအစိုးရ၊ ပြည်သူနှင့် တပ်မတော် ပူးပေါင်းအားဖြင့် အနာဂတ် ဒီမိုကရေစီနိုင်ငံဆီသို့ အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်နိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်းပါခင်ဗျား။

(၄) အခြားပါတီများ
မျက်မှောက်နိုင်ငံရေးပါတီများအကြောင်းကို ပြောမည်ကြံတိုင်း ရှေးမြန်မာကြီးများ၏ အမြော်အမြင်ကြီးမှု၊ ပညာဉာဏ်ရင့်သန်မှုကို အောက်မေ့မိသည်။ ချီးကျူးမိသည်။ နမူနာ ထုတ်ပြရလျှင် မြန်မာစကားပုံများ ဖြစ်သည်။ ဘုရားပြီး ငြမ်းဖျက်တဲ့။ ငါးစိမ်းမြင် ငါးကင်ပစ်တဲ့။ အမေကျော် ဒွေးတော်လွမ်းတဲ့။ ပြောလို့ကုန်မည် မဟုတ်။

ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် မည်သည့်ပါတီတွေ မည်သို့ ပြင်ဆင်ကြမည်၊ သုံးသပ်ကြမည်ကို မသိသော်လည်း ပါတီအများစုအတွက်တော့ တွေးစရာတွေ တစ်ပုံကြီး ရလိုက်မည်ထင်သည်။ သင်ခန်းစာတွေ မနည်းမနော ရလိုက်မှာသေချာသည်။ လက်ရှိအင်အားအတောင့်တင်းဆုံးနှင့် အာဏာအရှိဆုံး ပြည်ခိုင်ဖြိုး ပါတီလည်း ပြန်လည်သုံးသပ်သင့်တာတွေ၊ ပြင်ဆင်သင့်တာတွေ အများကြီးရှိမှာ သေချာသည်။ အခြားသော ပါတီတွေအတွက်တော့ ဆိုဖွယ်ရာမရှိ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ကြသော ပါတီတွေခမြာ ကြားဖြတ်ရွေးကောက်ပွဲတွင်တော့ ဂျာနယ်များ၏ ပညာပေးမှုကို လှလှကြီး ခံလိုက်ရသည်။ ၂၀၁၀ တုန်းက အင်တာဗျူးတွေကို မဖြေချင်အဆုံး ဖြေခဲ့ကြရပေမယ့် ကြားဖြတ်ရွေးကောက်ပွဲတွင်တော့ မေးမည့်သူဝေးစွ၊ သတင်းလာယူမည့်သူပင် မရှိကြတော့။ ကွာလိုက်သည့်ဘ၀။ လွှတ်တော်သတင်းမှန်သမျှကို ဂျာနယ်များ၏ သတင်းထောက်များအလား မဖြေချင်လည်းဖြေ၊ ဖြေချင်လည်းဖြေ ဖြေခဲ့ကြရသော လွှတ်တော်ကိုယ်စားလှယ်တွေခမြာ အခုတော့ လာမေးမည့်သူလည်းမရှိ၊ လာကပ်သည့်လူလည်း မရှိတော့။ သံဝေဂယူဖွယ်ပင်တည်း။

ပါတီများ သုံးသပ်သင့်ကြပါပြီ။ သတိပြုသင့်ကြပါပြီ။ သတိမူသင့်ကြပါပြီ။ ကျွန်တော်ပြောခဲ့ပါသည်။ ရှေးမြန်မာကြီးများကို လေးစားရသည်၊ အံ့သြရသည်၊ ချီးကျူးရသည်ဟု။ ဟုတ်ကဲ့၊ ပါတီများကိုလည်း အံ့သြနေရပါသည်၊ ချီးကျူးနေရပါသည်၊ လေးစားနေရပါသည်ခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဧပြီလ ၆ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၂၈ မိနစ်ပြီး၏။

Friday, March 30, 2012

ဒွေးချိုးများ (၃)


မဟာမြိုင်
မြူခိုးရယ်မှောင်၊ ငူရိုးတောင် ချောင်အလှည့်မှာလ၊
ထိုင်ခဲ့တယ် ဇလာအိုင်နှင့်၊ မဟာမြိုင်တန်း။
ရင်ခတ်ကယ်ဝေ၊ ဆင်တတ်သူ ပန်ယူခြွေလို့၊
ဖန်ဂူဗွေ မြေတလင်းမှာလ၊ ခြေဆင်းကာ မယ်မှိုင်စောပါတဲ့၊
နေခင်းသာ ဂနိုင်တောမှာလ၊
ငွေနှင်းညှာ ထိုင်ကာမောတော့တယ်၊
ဇော မပြတ်ပန်းတည့်မှ၊ တောမသတ် မှန်းနိုင်ဘူး၊
လောကဓာတ် ဆန်း။

မျက်နှာတော်
စက်မပျော်၊ မျက်နှာတော် ၀ါဝါ၀င်းကိုလ၊
မှိုင်ရင်း မြင်သာမြင်တော့၊
နေ မရွှင်ဘူး။
လှကေခိုင်၊ မယ့်စိတ် ဗျာပါလှိုင်၍
သည်းဆိုင်မှာ တုန်သာတုန်တော့၊ လစက်ခုံ ယုန်တံဆိပ်ကယ်နှင့်၊
ကျမျက်ရည် ယိုလို့ဖိတ်တယ်ရှင်၊
လွမ်း စိတ်နှင့်ရူး။

ဝါချက်
လမ်းမကြုံ၊ ပန်းတစ်ငုံ စံပယ်ဥကိုလ၊
မရှုချင်ဘူး။
မှာရက်ကယ်လွန်၊ ၀ါချက်ကို သည်မယ်ရွံလို့
စံသလွန် ကြာညောင်ရိပ်မှာ၊
လွမ်းစိတ်နှင့် ကူး။

သစ္စာဦး
ကမ္ဘာဋ္ဌီ၊ ငါးလီအင်ချစ်တဲ့၊
ရွှေ သစ္စာဦး။
ဆက်တိုင်းငယ်တည်၊ တဘုန်းဆွေ မေခြည်ကြောင့်၊
သေပေစေ လည်တညွန့်ကို၊
စိုး ရွံ့ပါဘူး။

စနည်း
ဘာမထီ၊ မချီလျှင် နေညွန့်မျိုး၊
စိုးရခေါင်က။
တသာကီ၊ စာမရီ ချီထွက်လျှင်၊
ရတက်တော် ပူဗျာငွေ့၊
တွေ့ရ နောင်တ။

Wednesday, March 28, 2012

ဒွေးချိုးများ (၂)


မယ်ဖွဲ့
ကြော့ကြော့ငယ်ယဉ်၊ ဖော့ပင် ငွေအုသို့၊
ကြွေလုဟန် မူရာနှင့်၊
သူဇာတရှိ။
ဣနြေ္ဒ ချိန်ကုဋေတန်လောက်ပေ့၊
စံကျောက်ကယ် ၀ဇီစိန်သို့၊
ပလီချိန် ရွယ်တော်သင့်မှာ၊
ဘုန်းပွင့်ပါဘိ။

ဖိုးရွှေလမင်း
ဗွေအာကာ ငွေတာရာကြယ်စုံသင့်ပေတဲ့၊
ယုန်မင်းသနင်း။
ဟိုဘက်ကျွန်းမှာဖြင့်၊ မထွန်း မသာလှပါနှင့်၊
ဖိုး ရွှေလမင်း။

နှင်းဆီနံ့ပြေး
ညနေချမ်း ဘယ်ပန်း ပန်လေသိ၊
မောင့်ထံမှာ မွှေး။
ခင်လေးမေ ကေသီဖြန့်ရော့ထင်၊
နှင်းဆီနံ့ ပြေး။

တံတို
ရှူသာရှူ မဖွာလိုက်နှင့်၊ ထွာမိုက်ကယ် တံတို၊
“ဂံ” ဆိုတဲ့ဆေး။
နန်းအိမ်ရှေ့ကျွန်၊ လွန်စေနှင့် တန်ရုံသုံးကွယ်၊
ခုံး မျက်ကလေး။

ဆေးတံတို
ဆေးတံတို တစ်ညိုလောက်၊
ရော့ သောက်တော့ပေး။
မယူလိုက်က မိုက်လို့ထင်၊
သောက်စေချင်၊ ခုတင်မှာ ထောင်ခဲ့ကွယ်၊
ညိုနွဲ့ငယ်လေး။

မဟာမြိုင်
မဟာမြိုင်မှာလေ ညာပိုင်သူနော်မလို့၊
မျှော်တ ယောင်မှား။
မာဂဓာ၊ ကဗျာသံချိုပျိုးလို့၊
ငှက်မျိုး ကေလာတောင်က၊
လွမ်းအောင်တဲ့လား။

Monday, March 26, 2012

ဒွေးချိုးများ (၁)


မုံရွာက ရုပ်သေး
ပတ်ဗေရယ်ထုံ
မုံရွာက ရုပ်သေး။
သင့်လျော်အောင် ငွေမပေးလို့၊
ပြန်တော့မယ်လေး။

ငွေလုပ်လို့စား
ခွေးတောက်က ချဉ်ချဉ်
ခါချဉ်က ခါးခါး။
အဘိုးအို ယာမခုတ်နှင့်
ငွေလုပ်လို့ စား။

ခြင်္သေ့
ဟေ၀န္တာ
နေပါတဲ့ခြင်္သေ့။
တစ်ဂူမှာ နှစ်ကောင်ပေါင်းမယ်၊
အောက်(အောင်း)မျှ မမေ့။

လွမ်းပါဘိ
ဒီဇမ္ဗူ သီတဂူပေါ်ထွန်းလို့
သြော်-လွမ်းပါဘိ။
တစ်နယ်နေ တစ်ပြည်ကျေးဆီက
ဝေးလို့ မသိ။

အုံ့ပုန်းပူ
မချမ်းသာ ပန်းမာလာနေသွေ့သို့
ကြေမြည့်ခြောက်ခန်း။
ကျုံ့ချုံးကာ ဆူ၊ အုံ့ပုန်းပူ လူ မသိတယ်၊
မီးညိမခန်း။

ဆွေးသူ့ကသိုဏ်း
ရုံးမလွယ်
ထုံးငယ်တည့် ပိုင်း။
မယုံပုံ ယုံပုံနှင့် ကမ္ဘာကုန် ညို မခုပါနှင့်၊
ဆွေးသူ့ကသိုဏ်း။

မယ်ဖွဲ့
ထုံးမတိမ်၊ ငုံး, အိမ်,ကျူ,လ နှင့်၊
တူမျှစံနှိုင်း။
နတ်တညီ၊ ကမ္ဘာ့ ဌီတင်ထိုက်ပေ့၊
ယဉ်သိုက်ဝင်ညာမေနှင့်၊
ငါးဆင့်သမိုင်း။

Sunday, March 25, 2012

Happy Birthday Ko Nyan


ဒီနေ့ ကျွန်တော်ကိုဉာဏ် အသက် (၃၂) နှစ် ပြည့်မြောက်ပြီ ဖြစ်ကြောင်းပါခင်ဗျား။ အသက်တစ်နှစ် ပိုကြီးလာကြောင်း သတိပြုမိပါတယ်။ မွေးကျွေးခဲ့တဲ့ မိဘနှစ်ပါး၊ ဒီနေ့အထိ သင်ယူမကုန်နိုင်သော ပညာများကို သင်ကြားပေးခဲ့ကြတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့ကို ဒီနေရာမှ လက်အုပ်ချီမိုး ရှိခိုးကန်တော့ပါတယ်။ ၃၂ နှစ်တာ ကာလအတွင်း သင်ယူစရာ အဖုံဖုံ၊ သင်ခန်းစာ မျိုးစုံကို နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်သင်ကြားခဲ့ကြတဲ့ ပေါင်းသင်းဆက်ဆံခဲ့ရသူ အားလုံးကိုလည်း ကျေးဇူးစကားဆိုပါတယ်။ မိသားစုဘ၀ မရှိသေးပေမယ့် မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးညာတိတွေကြောင့် သံယောဇဉ်၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားတို့ရဲ့ အရသာတွေကို ခံစားခွင့် ရခဲ့ပါတယ်။ နှလုံးသားမှာ ခေတ္တခဏ ၀င်ရောက်ခိုနားဖူး ခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကြုံခဲ့ရသမျှ အတွေ့အကြုံတွေဟာ ကျွန်တော့်ကို ရင့်ကျက်အောင် သင်ကြားပေးခဲ့တယ်လို့ ခံယူပါတယ်။ ၃၂ နှစ်တာ ကာလအတွင်းမှာ ကျွန်တော်အတွက် ကျေနပ်ပျော်ရွှင်စရာ၊ မက်မောတွယ်တာစရာတွေ အတော်များများ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးနဲ့ မတူတဲ့ ကျေနပ်မှုတစ်ခုကတော့ ကျွန်တော့်ရဲ့ မြန်မာ့သွေး ဆိုတဲ့ လုပ်ငန်းတွေ ရှိနေတာပါပဲ။ အချို့တွေက ထင်ကြပါလိမ့်မယ်။ ဘလော့ဂ်ရေးတာ၊ အီးမေးလ်ပို့တာ အားလပ်ချိန်မှာ အပျင်းပြေသဘော လုပ်ကြတာတွေပေါ့။ ကျွန်တော်မငြင်းပါဘူး။ အခြားလူတွေအတွက် ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မြန်မာ့သွေးဘလော့ဂ်၊ မြန်မာ့သွေးဂရု(ပ) ဆိုတာတွေဟာ လုပ်ငန်းတစ်ခုလိုပဲ သဘောထားပြီး အလုပ်လုပ်ပါတယ်။ ကျွန်တော့်မိတ်ဆွေတွေအတွက် အကောင်းဆုံးတွေ ပေးဆပ်ချင်ပါတယ်၊ ကျွန်တော်သိသလို သိစေချင်ပါတယ်၊ ကျွန်တော်သိထားတာတွေကို ပြန်လည်ဝေငှချင်ပါတယ်။ အဲဒါကြောင့်လည်း အခုအချိန်အထိ ကျွန်တော် ဒီ မြန်မာ့သွေးအလုပ်တွေကို အရူးအမူး လုပ်မိနေတာပါ။ အဲဒီအတွက် ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ မိတ်ဆွေအားလုံးကို မမေ့မလျော့ မှတ်တမ်းတင် ကျေးဇူးတင်စကား ဆိုပါရစေ။

ကျွန်တော့်မွေးနေ့အတွက် ၀ိုင်းဝန်းဆုတောင်းပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။
မိတ်ဆွေတွေ အားလုံးလည်း ကောင်းသောလိုအင်ဆန္ဒများအားလုံး ပြည့်ဝကြပါစေလို့....
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ မတ်လ ၂၅ ရက်။
၃၂ နှစ်ပြည့်မွေးနေ့။

Saturday, March 24, 2012

The members of the Union Election Commission


(၁) ဦးမြင့်နိုင်
(၂) ဦးအောင်မြင့်
(၃) ဦးသာဦး
(၄) ဒေါက်တာ ဒေါ်မြင့်ကြည်
(၅) ဦးဝင်းကြည်
(၆) ဦးညွန့်တင်

အထက်ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၂/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

The members of the Union Civil Services Board


(၁) ဦးခင်မောင်အေး
(၂) ဒေါက်တာ ၀င်းမြင့်
(၃) ဒေါက်တာ မြင့်အောင်
(၄) ဒေါက်တာ ကျော်ကျော်ဌေး
(၅) ဦးစိုးဦး

အထက်ပါ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၆/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

The members of the Nay Pyi Taw Council



(၁) ဦးသန်းဌေး
(၂) ဦးသန်းအောင်
(၃) ဗိုလ်မှူးကြီး မြင့်အောင်သန်း
(၄) ဦးကံချွန်
(၅) ဒေါက်တာ ပိုင်စိုး
(၆) ဦးစောလှ
(၇) ဦးမြင့်ဆွေ
(၈) ဦးမြင့်ရွှေ
(၉) ဦးမျိုးညွန့်

အထက်ပါ နေပြည်တော်ကောင်စီဝင်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၇/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

The members of the Constitutional Tribunal of the Union


(၁) ဒေါက်တာ တင်အောင်အေး
(၂) ဒေါ်ခင်လှမြင့်
(၃) ဦးထွန်းကြည်
(၄) ဦးစိုးသိန်း
(၅) ဦးခင်ထွန်း
(၆) ဦးဆန်းမြင့်
(၇) ဦးမြင့်ကြိုင်
(၈) ဒေါ်မိမိရီ

အထက်ပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၁/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

The Judges of the Supreme Court of the Union


(၁) ဦးသာဌေး
(၂) ဦးမြသိမ်း
(၃) ဦးစိုးညွန့်
(၄) ဦးမြင့်အောင်
(၅) ဦးအောင်ဇော်သိန်း
(၆) ဦးမြင့်ဟန်

အထက်ပါ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၀/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

Friday, March 23, 2012

The Deputy Ministers


ဗိုလ်ချုပ် ကျော်ညွန့်
ဒုတိယ၀န်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန

ဗိုလ်မှူးကြီး အောင်သော်
ဒုတိယ၀န်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန

ဗိုလ်မှူးချုပ် ကျော်ဇံမြင့်
ဒုတိယ၀န်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန

ဗိုလ်ချုပ် ဇော်ဝင်း
ဒုတိယ၀န်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန

ဦးမောင်မြင့်
ဒုတိယ၀န်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန

ဒေါက်တာ မျိုးမြင့်
ဒုတိယ၀န်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန

ဦးစိုးဝင်း
ဒုတိယ၀န်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန

ဦးအုန်းသန်း
ဒုတိယ၀န်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ဦးခင်ဇော်
ဒုတိယ၀န်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ဦးဝင်းသန်း
ဒုတိယ၀န်ကြီး
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန

ဦးစိုးတင့်
ဒုတိယ၀န်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန

ဦးကျော်လွင်
ဒုတိယ၀န်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန

ဒေါက်တာ ကံဇော်
ဒုတိယ၀န်ကြီး
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

ဒေါက်တာ ပွင့်ဆန်း
ဒုတိယ၀န်ကြီး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဦးတင့်လွင်
ဒုတိယ၀န်ကြီး
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန

ဦးဘုန်းဆွေ
ဒုတိယ၀န်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ဦးသန်းထွန်း
ဒုတိယ၀န်ကြီး
သမ၀ါယမ၀န်ကြီးဌာန

ဦးမြင့်သိန်း
ဒုတိယ၀န်ကြီး
အလုပ်သမားဝန်ကြီးဌာန

ဦးဝင်းရှိန်
ဒုတိယ၀န်ကြီး
ပို့ဆောင်ရေးဝန်ကြီးဌာန

ဦးဌေးအောင်
ဒုတိယ၀န်ကြီး
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန

ဦးသိန်းအောင်
ဒုတိယ၀န်ကြီး
အမှတ် (၁) စက်မှုဝန်ကြီးဌာန
(ယခု စက်မှုဝန်ကြီးဌာန ဖြစ်ပါသည်)

ဦးမျိုးအောင်
ဒုတိယ၀န်ကြီး
အမှတ် (၂) စက်မှုဝန်ကြီးဌာန
(ယခု စက်မှုဝန်ကြီးဌာန ဖြစ်ပါသည်)

သူရ ဦးသောင်းလွင်
ဒုတိယ၀န်ကြီး
ရထားပို့ဆောင်ရေးဝန်ကြီးဌာန

ဦးသန့်ရှင်း
ဒုတိယ၀န်ကြီး
ရထားပို့ဆောင်ရေးဝန်ကြီးဌာန

ဦးစိုးအောင်
ဒုတိယ၀န်ကြီး
စွမ်းအင်ဝန်ကြီးဌာန

ဦးမြင့်ဇော်
ဒုတိယ၀န်ကြီး
အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ဦးအောင်သန်းဦး
ဒုတိယ၀န်ကြီး
အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ဦးအေးကြူ
ဒုတိယ၀န်ကြီး
ပညာရေးဝန်ကြီးဌာန

ဦးဘရွှေ
ဒုတိယ၀န်ကြီး
ပညာရေးဝန်ကြီးဌာန

ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်
ဒုတိယ၀န်ကြီး
ကျန်းမာရေးဝန်ကြီးဌာန

ဒေါက်တာ ၀င်းမြင့်
ဒုတိယ၀န်ကြီး
ကျန်းမာရေးဝန်ကြီးဌာန

ဒေါ်စန္ဒာခင်
ဒုတိယ၀န်ကြီး
ယဉ်ကျေးမှုဝန်ကြီးဌာန

ဒေါက်တာ မောင်မောင်ဌေး
ဒုတိယ၀န်ကြီး
သာသနာရေးဝန်ကြီးဌာန

ဒေါက်တာ ကိုကိုဦး
ဒုတိယ၀န်ကြီး
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

ဦးကျော်ကျော်ဝင်း
ဒုတိယ၀န်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

ဦးအေးမြင့်ကြူ
ဒုတိယ၀န်ကြီး
အားကစားဝန်ကြီးဌာန

ဦးဟန်စိန်
ဒုတိယ၀န်ကြီး
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဦးချန်မောင်
ဒုတိယ၀န်ကြီး
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဦးခင်မောင်အေး
ဒုတိယ၀န်ကြီး
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန

အထက်ပါ ဒုတိယ၀န်ကြီးများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၃/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

Thursday, March 22, 2012

The Deputy Attorney-General, The Deputy Auditor-General


(နိဒါန်းစကားကို ဦးစွာဖတ်စေလိုပါသည်)

ဒုတိယရှေ့နေချုပ် - ဦးထွန်းထွန်းဦး
အထက်ပါ ဒုတိယရှေ့နေချုပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၄/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ဒုတိယစာရင်းစစ်ချုပ် - ဦးမျိုးမြင့်
အထက်ပါ ဒုတိယစာရင်းစစ်ချုပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၅/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

Wednesday, March 21, 2012

Chief Minister of the Region or State


(နိဒါန်းစကားကို ဦးစွာဖတ်စေလိုပါသည်)

ကချင်ပြည်နယ် - ဦးလဂျွန်ငန်ဆိုင်း
ကယားပြည်နယ် - ဦးခင်မောင်ဦး (ခ) ဦးဘူးရယ်
ကရင်ပြည်နယ် - ဦးဇော်မင်း
ချင်းပြည်နယ် - ဦးဟုန်းငိုင်း
မွန်ပြည်နယ် - ဦးအုန်းမြင့်
ရခိုင်ပြည်နယ် - ဦးလှမောင်တင်
ရှမ်းပြည်နယ် - ဦးအောင်မြတ် (ခ) စ၀်အောင်မြတ်
စစ်ကိုင်းတိုင်းဒေသကြီး - ဦးသာအေး
မကွေးတိုင်းဒေသကြီး - ဦးဘုန်းမော်ရွှေ
မန္တလေးတိုင်းဒေသကြီး - ဦးရဲမြင့်
ပဲခူးတိုင်းဒေသကြီး - ဦးဉာဏ်ဝင်း
တနင်္သာရီတိုင်းဒေသကြီး - ဦးခင်ဇော် (***) (ယခု ဦးမြတ်ကို)
ရန်ကုန်တိုင်းဒေသကြီး - ဦးမြင့်ဆွေ
ဧရာဝတီတိုင်းဒေသကြီး - ဦးသိန်းအောင်

အထက်ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၉/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
(***) တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် မူလက ဦးခင်ဇော် အား ခန့်အပ်တာဝန်ပေးခဲ့သော်လည်း ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားသဖြင့် ယခုအခါ ဦးမြတ်ကို အား ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ထားပါသည်။

Tuesday, March 20, 2012

The Attorney-General of the Union, The Auditor-General of the Union, The Chairperson of the Union Civil Services Board, The Chairperson of the Nay Pyi Taw Council


(နိဒါန်းစကားကို ဦးစွာဖတ်စေလိုပါသည်)

ပြည်ထောင်စုရှေ့နေချုပ် - ဒေါက်တာ ထွန်းရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၅/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် - ဦးလွန်းမောင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၆/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ - ဦးကျော်သူ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၇/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ - ဦးသိန်းညွန့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၈/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

Funny Political Cartoons (1)


ခေတ်အခြေအနေကို ထင်ဟပ်ဖော်ပြနိုင်တဲ့အထဲမှာ ကာတွန်းတွေလည်း အပါအ၀င် ဖြစ်ပါတယ်။ ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်ကို ပြောရမယ်ဆိုရင် ကာတွန်းတစ်ကွက်ဟာ စကားလုံးအနည်းဆုံးနဲ့ သမိုင်းမှတ်တမ်း တစ်ခုကို ရှင်းပြနိုင်တယ်လို့ ဆိုချင်ပါတယ်။ ဆောင်းပါးတစ်စောင်ရေးပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ ရှည်ရှည်လျားလျား ရေးရမယ့် အကြောင်းအရာတစ်ခုကို ကာတွန်းတစ်ကွက်တည်းနဲ့ ဖော်ပြနိုင်ပါတယ်။ ကာတွန်းဆရာရဲ့ နိုင်ငံရေးအမြင် ရှိလျှင်ရှိသလို၊ မြင်တတ်လျှင် မြင်တတ်သလို ကာတွန်းတွေဟာ အင်မတန်မှ ထိထိမိမိရှိတာကို တွေ့နိုင်ပါတယ်။ နေ့စဉ်ဖတ်ရှုနေတဲ့ ဂျာနယ်တွေထဲကမှ ကျွန်တော့်ရင်ကို လာထိတဲ့ ကာတွန်းအချို့ကို အပတ်စဉ် တင်ပြပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်။ အခုတစ်ပတ်မှာတော့ 7Day News Journal မှာပါတဲ့ ကာတွန်း နှစ်ကွက်ကို တင်ပြလိုက်ကြောင်းပါခင်ဗျား။ ကျေနပ်ပျော်ရွှင်နိုင်ကြပါစေ။

(၁)
တစ်ချိန်တုန်းက နိုင်ငံရေးဆိုတဲ့ စကားလုံးဆိုတာ မစားကောင်းတဲ့ အသီး၊ မပန်သင့်တဲ့ ပန်း၊ မကြည့်သင့်တဲ့ အရာ ဖြစ်ခဲ့တာပါ။ အခုများတော့ နိုင်ငံရေးဆိုတဲ့စကားလုံး ဘယ်လောက်များ စကားတွင်ကျယ် ဖြစ်နေလိုက်သလဲဆိုရင် နိုင်ငံရေးကြောင်း မပြောရင်တောင် ခေတ်မမီတော့သလို၊ ဉာဏ်မမီသလို၊ ဒိတ်အောက်နေသလို၊ ထုံထုံအအလို ဖြစ်နေပါပြီ။ တကယ့်နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေထက် ဘေးကနေ ကြည့်နေတဲ့လူတွေ၊ ဝေဖန်နေတဲ့လူတွေက နိုင်ငံရေးအကြောင်းကို ပိုပြောကြသလားလို့ပါ။ အိမ်ထဲမှာ ထိုင်နေရင်း ဖုန်းလေးတစ်လုံးနဲ့ ဟိုလူ့ကိုခေါ်ပြီး နိုင်ငံရေးအကြောင်း လေကန်လိုက်၊ ဒီလူ့ကိုခေါ်ပြီး မစားရ၀ခမန်း ဆရာကြီးဟန်ပန်နဲ့ ပြောလိုက်နဲ့ လုပ်နေတတ်ကြတာကို ကာတွန်းဆရာက မြင်ပုံရပါတယ်။ အဲဒါကြောင့်လည်း အောက်က ကာတွန်းကို ရေးဖြစ်တာ ဖြစ်ပါလိမ့်မယ်။ ကြည့်ရှုခံစားပါဦးခင်ဗျား။


 (၂)
နိုင်ငံရေးပါတီတွေအကြားမှာ ပဋိပက္ခအဖြစ်ရဆုံး၊ အငြင်းအပွားရဆုံး ကိစ္စရပ်တစ်ခုကတော့ ဟိုပါတီကနေ ဒီပါတီကိုကူး၊ ဒီပါတီကနေ ဟိုပါတီကိုပြောင်း လုပ်တာပဲ ဖြစ်ပါလိမ့်မယ်။ ရုရှားဟာသတစ်ပုဒ်ကို ချက်ချင်းပဲ ပြန်သတိရမိပါတယ်။ ဖောက်သည်ချပါရစေ။ သိပြီးရင်လည်း လူကြီးလူကောင်းစိတ်နဲ့ သည်းခံပြီး ပြန်ဖတ်ပေးပါဦးခင်ဗျ။

ပထမလူ။ တို့ပါတီကနေ ဟိုဘက်ပါတီကို ပြောင်းသွားတဲ့လူကို ဘယ်လိုခေါ်မလဲကွ။
ဒုတိယလူ။ သစ္စာဖောက်ပေါ့ကွာ။
ပထမလူ။ အဲဒါဆိုရင် ဟိုဘက်ပါတီကနေ တို့ပါတီကို ပြောင်းလာတဲ့လူကိုကျရော။
ဒုတိယလူ။ အမြင်မှန်ရတဲ့လူပေါ့။

ကဲ... တွေးဆဆင်ခြင်ကြည့်ကြပါခင်ဗျား။ နိုင်ငံရေးနယ်ပယ်မှာ အဲဒီလို ကိစ္စရပ်တွေဟာ ရှိကိုရှိနေမှာ ဖြစ်ပါတယ်ခင်ဗျား။ ဥပဒေအရ တရားဝင်တားမြစ်ထားတာ၊ ပိတ်ပင်ထားတာ မရှိရင်တော့ မျက်နှာပြောင်တိုက်ပြီး ဟိုကူး၊ ဒီကူး လုပ်လို့ရပါတယ်ခင်ဗျ။ ဥပဒေနဲ့ တားမြစ်ထားတာ မရှိဘူးလို့ ပြောမယ်ဆို ပြောနိုင်တာပေါ့ခင်ဗျ။ ဒါပေမယ့် လွှတ်တော်ထဲကို ရောက်တုန်းကတော့ အခြားပါတီတစ်ခုရဲ့ အရိပ်ကိုခိုပြီး ရောက်ခဲ့ပြီးကာမှ ဒီဘက်ပါတီကို ပြောင်းတယ်ဆိုတာကတော့ နည်းနည်းများ နည်းလမ်းမကျ ဖြစ်မနေဘူးလားလို့ တွေးကြည့်ကြစေချင်ပါတယ်။ လွှတ်တော်ထဲကို မရောက်ခင်၊ ရွေးကောက်ပွဲ မ၀င်ခင်မှာ ကြိုက်သလို ကူးပါ၊ ပြောင်းပါ။ အိုင်းစတိုင်းက ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး၊ ရူပဗေဒပညာရှင်ကြီး ဖြစ်ကာမှ ဟိုနိုင်ငံကလည်း သူ့နိုင်ငံသား၊ ဒီနိုင်ငံကလည်း သူ့လူမျိုး လုပ်နေတာကတော့ ဟာသမြောက်တယ်လို့ ကျွန်တော်ကတော့ ထင်တာပါပဲ။ ကဲပါဗျာ... စကားတွေ ရှည်နေပါ့မယ်။ ကာတွန်းဆရာရဲ့ အမြင်မတော်မှုကို ခံစားကြည့်ပါဦး။ အခြားလူတွေတော့ မသိပေမယ့် ကာတွန်းဆရာနဲ့ ကျွန်တော်ကတော့ ခံယူချက်ခြင်း တူညီပုံရပါတယ်ခင်ဗျ။ အပြည့်အ၀ အားပေးလိုက်ပါတယ်ခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ စနေနေ့။
ညနေ ၅ နာရီ ၁၃ မိနစ်တွင်ပြီး၏။

Monday, March 19, 2012

The Union Ministers


(နိဒါန်းစကားကို ဦးစွာဖတ်စေလိုပါသည်)

ဒုတိယဗိုလ်ချုပ်ကြီး လှမင်း
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန

ဒုတိယဗိုလ်ချုပ်ကြီး ကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန

ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး
ပြည်ထောင်စုဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန နှင့်
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဦးဝဏ္ဏမောင်လွင်
ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန

ဦးကျော်ဆန်း
ပြည်ထောင်စုဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန နှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန

ဦးမြင့်လှိုင်
ပြည်ထောင်စုဝန်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ဦးဝင်းထွန်း
ပြည်ထောင်စုဝန်ကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန *

ဦးလှထွန်း
ပြည်ထောင်စုဝန်ကြီး
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

ဦးခင်မောင်မြင့်
ပြည်ထောင်စုဝန်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန

ဦးတင်နိုင်သိန်း
ပြည်ထောင်စုဝန်ကြီး
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နှင့်
(မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန) **

ဦးဝင်းမြင့်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဦးသိန်းထွန်း
ပြည်ထောင်စုဝန်ကြီး
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန

ဦးအောင်ကြည်
ပြည်ထောင်စုဝန်ကြီး
အလုပ်သမားဝန်ကြီးဌာနနှင့်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ဦးသိန်းထိုက်
ပြည်ထောင်စုဝန်ကြီး
သတ္တုတွင်းဝန်ကြီးဌာန

ဦးအုန်းမြင့်
ပြည်ထောင်စုဝန်ကြီး
သမ၀ါယမ၀န်ကြီးဌာန
(မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန) **

ဦးဉာဏ်ထွန်းအောင်
ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးဝန်ကြီးဌာန

ဦးတင့်ဆန်း
ပြည်ထောင်စုဝန်ကြီး
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန နှင့်
အားကစားဝန်ကြီးဌာန

ဦးကျော်စွာခိုင် ***
ပြည်ထောင်စုဝန်ကြီး
အမှတ် (၁) စက်မှုဝန်ကြီးဌာန

ဦးစိုးသိန်း ****
ပြည်ထောင်စုဝန်ကြီး
အမှတ် (၂) စက်မှုဝန်ကြီးဌာန

ဦးအောင်မင်း
ပြည်ထောင်စုဝန်ကြီး
ရထားပို့ဆောင်ရေးဝန်ကြီးဌာန

ဦးသန်းဌေး
ပြည်ထောင်စုဝန်ကြီး
စွမ်းအင်ဝန်ကြီးဌာန

ဦးဇော်မင်း
ပြည်ထောင်စုဝန်ကြီး
အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ဦးခင်မောင်စိုး
ပြည်ထောင်စုဝန်ကြီး
အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ဒေါက်တာ မြအေး
ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန

ဒေါက်တာ ဖေသက်ခင်
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန

သူရဦးမြင့်မောင်
ပြည်ထောင်စုဝန်ကြီး
သာသနာရေးဝန်ကြီးဌာန

ဦးအေးမြင့်
ပြည်ထောင်စုဝန်ကြီး
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

ဦးခင်ရီ
ပြည်ထောင်စုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

ဦးသိန်းညွန့်
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန

ဦးစိုးမောင်
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန

အထက်ပါ ပြည်ထောင်စုဝန်ကြီးများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၄/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

(*) သစ်တောရေးရာဝန်ကြီးဌာန အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဟူ၍ ၀န်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

(**) စီမံ/စီးပွားဝန်ကြီး ဦးတင်နိုင်သိန်း အား မူလက မွေး/ရေ ကိုပါ ပူးတွဲတာဝန်ပေးအပ်ခဲ့သော်လည်း များပြားလှသည့် လုပ်ငန်းတာဝန်များကြောင့် စီမံ/စီးပွားတစ်ခုတည်းကိုသာ တာဝန်ယူဆောင်ရွက်ရန် တင်ပြခဲ့သဖြင့် မွေး/ရေ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအုန်းမြင့် အား တာဝန်ပေးအပ်ခဲ့ပါသည်။ ထို့ကြောင့် ဦးအုန်းမြင့် သည် သမ၀ါယမ၀န်ကြီးဌာနနှင့် မွေး/ရေ ၀န်ကြီးဌာန (၂)ခုကို ပူးတွဲတာဝန်ယူရပါသည်။

(***) အမှတ် (၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင် သည် ကျန်းမာရေး အခြေအနေအရ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ် တာဝန်ပေးအပ်ခဲ့ပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး အဖြစ်မှ အနားယူခဲ့ခြင်း ဖြစ်ပါသည်။

(****) စက်မှုဝန်ကြီးဌာန (၂) ခုအား တစ်ပေါင်းတစ်စည်းတည်း စက်မှုဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး ဦးစိုးသိန်း က ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခြင်း ဖြစ်ပါသည်။

Sunday, March 18, 2012

The Chief Justice of the Union, The Chairperson of the Constitutional Tribunal of the Union ,The Chairperson of the Union Election Commission


(နိဒါန်းစကားကို ဦးစွာဖတ်စေလိုပါသည်)

ပြည်ထောင်စုတရားသူကြီးချုပ် - ဦးထွန်းထွန်းဦး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ - ဦးသိန်းစိုး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၂/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ - ဦးတင်အေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၃/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

Saturday, March 17, 2012

နိုင်ငံရေးအတွေးများ (ဒေါ်စု၊ NLD၊ မြန်မာ့နိုင်ငံရေး၊ ဥပဒေပြုလွှတ်တော်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ)


မြန်မာ့ရုပ်မြင်သံကြားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေး ဟောပြောတာကို နားထောင်လိုက်ရပါတယ်။ သေချာမကြားလိုက်တာတွေ၊ မရှင်းလင်းတာတွေ ပြန်နားထောင်နိုင်အောင် ကျွန်တော့်ရဲ့ ဓာတ်ပုံကင်မရာမှာပါတဲ့ ဗီဒီယိုရိုက်တဲ့ လုပ်ဆောင်ချက်ကိုပါ အသုံးပြုပြီး ရိုက်ကူးယူထားလိုက်ပါတယ်။

မညာတမ်းဝန်ခံရရင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမှာကို အတော်လေးကို စိတ်ဝင်စားခဲ့ပါတယ်။ ရုပ်သံကတစ်ဆင့် တစ်နိုင်ငံလုံးကို ဟောပြောမှာဖြစ်တယ်၊ နိုင်ငံပိုင်ရုပ်သံကနေ တရားဝင် ဟောပြောစည်းရုံးခွင့်ရတဲ့ ရှားရှားပါးပါး အခွင့်အရေးဖြစ်တယ်၊ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း ပြောထားတာတွေက မနည်းမနော အများကြီးနဲ့ စုံစီနဖာမို့ပါ။ ဟောပြောခွင့်ရတဲ့ ၁၅ မိနစ်တာ အချိန်ကာလလေးမှာ ပြောချင်တာအားလုံးပါအောင် ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ အထိရောက်ဆုံး တင်ပြမလဲဆိုတာကိုပါ စိတ်ဝင်စားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စကားပြောကောင်းတယ်၊ ဟောပြောတာကောင်းတယ်လို့ တခြားလူတွေ ပြောကြတာကို ကြားဖူးနေတော့ ဒေါ်စုရဲ့ စကားပြောစွမ်းရည်ကို စောင့်ကြည့်အကဲခတ်တာလည်း ပါပါတယ်။

ဒေါ်စုဟောပြောတာကို နားထောင်ပြီးတဲ့အခါမှာ ကျွန်တော့်မျှော်လင့်ချက်တွေအားလုံး အငွေ့ပျံသွားခဲ့ပါတယ်။ စာစောင်တွေ၊ ဂျာနယ်တွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို အတင်းကာရော ကြော်ငြာပေးနေတဲ့၊ ပရိုမိုးရှင်း လုပ်ပေးနေတဲ့၊ အတင်းကို ပုံဖော်ပေးနေတဲ့ လူထုခေါင်းဆောင်ဆိုသူ၊ ဒီမိုကရေစီ သူရဲကောင်းလို့ ခံယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်မှ ဟုတ်ပါလေစလို့ သံသယဖြစ်မိပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း နမူနာယူစရာ၊ သင်ယူစရာတွေ မရခဲ့ဘဲ ဆင်ခြင်စရာတွေ၊ သင်ခန်းစာဖော်ထုတ်စရာတွေ၊ ရှောင်ကြဉ်သင့်တာတွေသာ ကျွန်တော့်အတွက် ရရှိခဲ့ပါတယ်။ ဒါလည်း ဆိုးတော့မဆိုးပါဘူးလေ။

ကျွန်တော့်အမြင်လေးတွေကို ပြန်လည်ဖောက်သည်ချပါရစေ…
(၁) ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါး မ၀ပါဘူး။
(၂) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေပါတယ်။
(၃) အခြေအနေ၊ အချိန်အခါအလိုက် မပြောနိုင်ပါဘူး။
(၄) နားထောင်တဲ့လူအတွက် တသသဖြစ်ပြီး၊ တစိမ့်စိမ့်တွေးပြီး ကျန်ရစ်အောင် မပြောနိုင်ခဲ့ပါဘူး။
(၅) သူပြောတာတွေနဲ့၊ သူလုပ်တာတွေဟာ တခြားစီ ဖြစ်နေတာဟာ အဆိုးဝါးဆုံးပါပဲ။

အမှတ်စဉ် (၁) အတွက် စာဖတ်သူအချို့က ကျွန်တော့်ကို ခါးခါးသီးသီး ငြင်းဆန်ကြပါလိမ့်မယ်၊ တုံ့ပြန်ကြပါလိမ့်မယ်၊ ဝေဖန်ကြပါလိမ့်မယ်၊ ဆော်နှက်ကြပါလိမ့်မယ်။ အားလုံးကို ကျွန်တော် မျှော်လင့်ထားပြီး ဖြစ်ကြောင်း ပြောပါရစေ။ ဒေါ်စုလို လူတစ်ယောက်ကို ကျွန်တော်ကိုဉာဏ်လို ဘာမဟုတ်၊ ညာမဟုတ် သာမန်လူတစ်ယောက်က အဲဒီလို မှတ်ချက်ချရမလားဆိုပြီး ဆန္ဒတွေစောပြီး ဒေါသတွေ မကဲပါနဲ့ဦးဗျာ။ ကျွန်တော်ဘာကြောင့် ပြောရသလဲဆိုတဲ့ အကြောင်းပြချက်လေးတွေတော့ ဖတ်ကြည့်ပေးပါဦး။ ဟေ့ကောင် ကိုဉာဏ်… မင်းက ဘယ်လောက်တောင် နိုင်ငံရေးပါး ၀လို့လဲကွ လို့ မေးလာကြရင်လည်း ကျွန်တော် ဖြေပါ့မယ်။ ဟုတ်ကဲ့ ကျွန်တော်ကိုဉာဏ်ဟာ နိုင်ငံရေးနဲ့ ပတ်သက်ရင် သူငယ်တန်းပါခင်ဗျာလို့ ပြန်ဖြေပါ့မယ်။ အဲဒီလိုကောင်က ဒေါ်စုကို နိုင်ငံရေးပါး မ၀ဘူးလို့ပြောတာ မလွန်လွန်းဘူးလား ဆိုရင်တော့ မလွန်ပါဘူးခင်ဗျာ လို့ ကျွန်တော် ပြန်ဖြေရပါလိမ့်မယ်။ ဒေါ်စုဟာ နိုင်ငံတကာအရေးတွေကို ကျွမ်းကျင်ရင် ကျွမ်းကျင်ပါလိမ့်မယ်၊ ကမ္ဘာပတ်ခဲ့သူမို့ နိုင်ငံစုံရဲ့ ဒီမိုကရေစီ အတွေ့အကြုံတွေ များကောင်းများပါလိမ့်မယ်၊ ဒါပေမယ့် မြန်မာ့နိုင်ငံရေးကိုတော့ မကျွမ်းကျင်ဘူးလို့ ကျွန်တော်သုံးသပ်လိုပါတယ်။ သူ့စိတ်ထဲမှာ အခုအချိန်အထိ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အခြေအနေမျိုးလို့ စိတ်ထဲမှာ ခံယူထားဆဲ ဖြစ်နေတယ်လို့ ကျွန်တော်မြင်မိပါတယ်။ ခေတ်ပြောင်း စနစ်ပြောင်းကို စတင်ကူးပြောင်းနေပြီဆိုတာ သူက ဥပေက္ခာ ပြုထားပါတယ်။ (မသိဘူးလို့ သုံးမလို့ပါပဲ၊ ဒါပေမယ့် မသိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာမို့ မသိချင်ယောင်ဆောင်ပြီး ဥပေက္ခာပြုထားတယ်လို့ပဲ သတ်မှတ်လို့ ဖြစ်ပါတယ်။) လက်ရှိ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဟာ ဒေါ်စုအပေါ် ဘာတွေများ မကောင်းတာပြော၊ မကောင်းတာလုပ်နေသလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။ သူပြောတဲ့ စကားတွေရဲ့ အဓိပ္ပါယ်ဟာ အစိုးရမှန်ရင် ဆန့်ကျင်မယ်ဆိုတဲ့ သဘောတွေချည်းပဲ ဖြစ်နေတာကိုတော့ အံ့သြမိပါတယ်။ ဒီမိုကရေစီလိုလားသူတွေလို့ ကိုယ့်ကိုယ်ကိုယ် အမည်တပ်ကြတဲ့ လူအများစုမှာလည်း အဲဒီသဘောမျိုး ရှိနေတတ်တာကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်။ သူတို့တွေက ပြောတတ်ကြပါတယ်။ အခုအစိုးရဟာ အရင်အစိုးရက လူတွေအများစုမို့ အရင်အစိုးရလိုပဲလို့ ပြောတတ်ကြတာပါပဲ။ ဒုက္ခပါပဲကွယ်လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။ လူ့ဘ၀မှာ ဘယ်လိုပဲ နေခဲ့၊ နေခဲ့ သင်္ကန်းဝတ်ပြီး သံဃာ့ကျင့်ဝတ်နဲ့အညီ ထေရ၀ါဒနဲ့အညီ နေထိုင်ကျင့်ကြံတယ်ဆိုရင် ကန်တော့အပ်တဲ့၊ ကိုးကွယ်ဆည်းကပ်အပ်တဲ့ ရဟန်းသံဃာပဲ မဟုတ်ဘူးလားလို့ မေးလိုပါတယ်။ အရင်တုန်းက ဘယ်လိုမို့ အခုလည်း ဒီလိုပဲ ဖြစ်မှာပဲလို့ အသေစွဲမှတ် ထားသူတွေကို ပြောချင်တာတစ်ခုကတော့ အဲဒီလိုစိတ်ဓာတ်နဲ့သာဆိုရင် တွေ့မရှောင် လူသတ်သမားကနေ ရဟန်းဖြစ်သွားခဲ့တဲ့ အင်္ဂုလိမာလတို့၊ ဒီနေ့ နာမည်ကြီး ဓမ္မကထိက ဒယ်အိုးဆရာတော်တို့၊ စစ်ဗိုလ်ချုပ် ဘ၀ကနေ နိုင်ငံရေးဘက်ကို လုံးလုံးလျားလျား ကူးပြောင်းပြီး အရပ်ဝတ်လဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ လူတွေသေစေနိုင်တဲ့ ဒိုင်းနမိုက်ကို တီထွင်မိလို့ ယူကျုံးမရ ဖြစ်ခဲ့ရဖူးတဲ့ နိုဘယ်လ်ဆုများရဲ့ မူလအလှူရှင် အဲဖရက်နိုဘယ်လ်တို့၊ မူလအရိုင်းဘ၀မှ စာပေဆုအလှူရှင်အထိ ပြောင်းလဲသွားခဲ့တဲ့ မခုက္ကူ ဦးအုန်းဖေ တို့သာဆိုရင် ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်၊ သံသယမျက်ဝန်းတွေထဲကနေ ဘယ်တော့မှ ပြေးထွက်ခွင့် ရခဲ့မှာ မဟုတ်ဘူးဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အခုအချိန်အထိ အစိုးရ မကောင်းကြောင်းပြောတာဟာ နိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ်ပဲလို့ စွဲစွဲမြဲမြဲ ခံယူပြီး ပြောဆိုမြဲ ပြောဆိုနေသေးတာ၊ လမ်းပေါ်မှာ လူတွေအများကြီး စုဝေးနိုင်ခြင်းဟာ ဒီမိုကရေစီပဲလို့ တလွဲဆံပင် ကောင်းနေတာတွေဟာ လက်ရှိ မြန်မာ့နိုင်ငံရေးပါး မ၀ဘူးလို့ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာ အချို့ပါပဲဗျာ။

အမှတ်စဉ် (၂) ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပတ်သက်လို့ကတော့ အထူးပြောရန် လိုမယ်မထင်ပါဘူး။ သူပြောနေတဲ့ စကားတွေအားလုံးဟာ သူနဲ့ သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သာလျှင် ဒီနိုင်ငံရဲ့ ကယ်တင်ရှင်၊ သူတို့သာလျှင် ဒီမိုကရေစီစံနှုန်းတွေကို အသေအချာသိတဲ့ ဒီမိုကရေစီကျမ်းကျေသူ၊ သူ့ပါတီသာလျှင် ဒီနိုင်ငံမှာ အကောင်းဆုံးပါတီ ဆိုတဲ့အချက်တွေကို မီးမောင်းထိုးပြနေခြင်းပဲ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ မဲဆွယ်ဟောပြောမှုထဲမှာ တပ်မတော်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်တဲ့သဘော ပြောခဲ့တာပါပဲ။ ဒေါ်စုဟာ အခုအချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်မပြိုင်ရသေးပါဘူး။ ကိုယ်စားလှယ်လောင်း အဆင့်မှာပဲ ရှိပါသေးတယ်။ လွှတ်တော်ထဲကို ရောက်ပါ့မယ်လို့ ဘယ်သူကမှ တပ်အပ်သေချာ မပြောနိုင်သေးပါဘူး။ သူ့ကို သဘောကျတဲ့လူတွေ ရှိသလို၊ သဘောမကျတဲ့လူတွေလည်း ရှိကောင်းရှိမှာပါပဲ။ အဲဒီ လူနှစ်မျိုးမှာ ဘယ်သူက ပိုများသလဲဆိုတာ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ထွက်မှပဲ သေချာသိရမှာပါ။ ဒါတောင်မှ သူ့ကို ထောက်ခံသူ၊ မထောက်ခံသူဆိုတာ သူဝင်ပြိုင်တဲ့ ကော့မှူးမြို့နယ် တစ်ခုတည်းမှာပဲ သိနိုင်တာမျိုးပါ။ အဲဒီလို လူတစ်ယောက်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲမှာ ပါဝင်နေတဲ့ တပ်မတော်သားတွေကို စိန်ခေါ်တဲ့စကား၊ မလိုလားတဲ့စကား ပြောခဲ့တာကိုတော့ အတော်ကြီးကို အံ့သြမိပါတယ်။ အချို့လူတွေအတွက်တော့ ဒေါ်စုက သတ္တိရှိရှိ ပြောရဲတယ်လို့ ထုံးစံအတိုင်း ချီးကျူးတာတွေ၊ သဘောကျတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားမလည်တဲ့လူတွေလို့ပဲ အတိအလင်း ပြောပါရစေ။ ကျွန်တော်ဘာကို ဆိုလိုတယ်ဆိုတာ နားလည်တဲ့သူတွေက ထောက်ခံကြပါလိမ့်မယ်။ နားမလည်တဲ့လူတွေက ကျွန်တော့်ကို ၀ိုင်းဝန်းမေတ္တာပို့ကြမှာကိုလည်း မျှော်လင့်ထားပြီး ဖြစ်ကြောင်းမို့ အထူးအထွေ မတုန်လှုပ်ပါခင်ဗျား။ မိမိစိတ်၊ မိမိအတွေး၊ မိမိခံယူချက်အတိုင်းသာ ဖြစ်ကြောင်းပါခင်ဗျား။

နံပါတ် (၃) အချက်မှာ အခြေအနေနဲ့ အချိန်အခါအလိုက် မပြောနိုင်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဟုတ်ကဲ့၊ ပထမဆုံးအချက်ကတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ အထွေထွေ ရွေးကောက်ပွဲကြီး မဟုတ်ပါဘူးခင်ဗျ။ ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုသာလျှင် ဖြစ်ပါတယ်။ လစ်လပ်တာကလည်း ၄၈ နေရာသာလျှင် ဖြစ်ပါတယ်ခင်ဗျ။ ကြားဖြတ်ရွေးကောက်ပွဲဆိုတာ လစ်လပ်သွားသော အချို့သော ကိုယ်စားလှယ် နေရာတွေအတွက် (တစ်နည်းပြောရရင် လွှတ်တော်ထဲက နေရာအချို့အတွက်) လုပ်ပေးခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်တာက တကယ့်ကို မစားရ၀ခမန်းပါပဲ။ ကျွန်တော်ဖြင့် ကြည့်နေရင်းနဲ့ အမေရိကန်သမ္မတလောင်းတွေ အပြိုင်မဲဆွယ် နေသလားတောင် ထင်မှတ်မိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်နေရာတွေမှာ ပြိုင်မယ်၊ ဘယ်သူတွေ ပြိုင်ကြမယ်၊ အနိုင်ရခဲ့ရင် လွှတ်တော်ထဲမှာ ဘာတွေလုပ်ဆောင်သွားမယ်၊ ဘာတွေဖြစ်အောင် လုပ်ပေးဖို့ အစီအစဉ်ရှိတယ် စသဖြင့် တစ်ခွန်းမှ မပြောဘဲ ဟိုအကြောင်းပြောလိုက်၊ ဒီအကြောင်းပြောလိုက်၊ ဟိုကဏ္ဍရောက်လိုက်၊ ဒီကဏ္ဍရောက်လိုက်နဲ့ တကယ့်ကို မြန်မာဗီဒီယိုတွေမှာ ကြည့်နေရတဲ့ ဇာတ်ကားကြော်ငြာ ကြည့်နေရသလိုပါပဲ။ ပြီးတော့မှ ကျွန်တော် ပြန်တွေးမိတာက သူ့ခမြာ အခြားပါတီတွေလို ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ထဲမှာ ဘာတွေလုပ်ပေးနိုင်ခဲ့တယ်၊ ဘာတွေ တောင်းဆိုပေးနိုင်ခဲ့တယ်၊ ဘာတွေတော့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်ဆိုတာ ပြောစရာမှ မရှိတာပဲဆိုတာ ဖြစ်ပါတယ်။ သူရဲ့ အမိန့်တစ်ခုတည်းနဲ့ မှန်သည်မှားသည် ပြောခွင့်မရဘဲ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေခမြာ သူတို့ဒေသတွေမှာ အပြောခံနေရတာကို ဘယ်လိုမှကို အခုထက်ထိ ပြန်မဖြေရှင်းနိုင်သေးပါဘူး။ ဒေါ်စုစကားကို သံယောင်လိုက်ပြီး ဒီအစိုးရက လုပ်ပေးတဲ့ ရွေးကောက်ပွဲတွေဟာ သန့်ရှင်းမျှတမှုမရှိဘူးတို့၊ လွှတ်တော်ထဲကို ရောက်သွားတဲ့ ကိုယ်စားလှယ်တွေဆိုတာလည်း လက်ညှိုးထောင်ခေါင်းညိတ်ပဲ လုပ်တတ်တဲ့လူတွေတို့၊ စတဲ့ စတဲ့ သူမပါရင် ဘယ်သူမှ မကောင်းဘူးဆိုတဲ့ မူနဲ့ ပြောခဲ့ဟောခဲ့ ကြေညာချက်တွေ အမျိုးမျိုး၊ ဝေဖန်ချက်တွေအဖုံဖုံ ထုတ်ခဲ့ပြီး အခုကျမှ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာအားလုံး မနိုင်နိုင်အောင် လိုက်ပြီး စည်းရုံးရ၊ ဟောပြောရ၊ မဲဆွယ်ရ လုပ်နေတာ ဘာကြောင့်လဲလို့ မေးလိုက်ချင်ပါတယ်။ နိုင်ငံအတွက် ကျွန်မတို့ကတော့ ဘာတွေ လုပ်ပေးခဲ့ပါတယ်၊ အခုဆက်ပြီး ဘာတွေလုပ်ပေးသွားပါမယ်လို့ သူဘာကြောင့် မပြောနိုင်ခဲ့သလဲ။ တကယ်ဆိုရင် သူဂုဏ်ယူစွာ ပြောသင့်တာတွေ အများကြီးရှိတာပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ မလာအောင် ကျွန်မလုပ်နိုင်ခဲ့တယ်၊ နိုင်ငံတကာက စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖြစ်ခဲ့အောင် ကျွန်မဆောင်ရွက်နိုင်ခဲ့တယ်၊ နိုင်ငံတော်သမ္မတကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုမှာ မြန်မာနိုင်ငံကို သံအမတ်ကြီးအဆင့်နဲ့ ပြန်လည်ဆက်ဆံမယ်လို့ ပြောခဲ့ပေမယ့် ကျွန်မက ဆိုင်းငံ့ထားပါဦး၊ စောင့်ကြည့်ပါဦးလို့ ပြောထားတဲ့အတွက် အခုထက်ထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မခန့်အပ်နိုင်သေးတာ၊ စတဲ့စတဲ့ အချက်တွေကို တကယ်ဆိုရင် ထည့်ပြောသင့်တယ်လို့ ကျွန်တော်ထင်တာပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ စနစ်အတွက် ရွေးကောက်ပွဲတွေဟာ ဥပဒေပြုအမတ်တွေကိုပဲ ရွေးချယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါကို အခုအချိန်အထိ ဒေါ်စု သဲကွဲပုံ မရဘူးလို့ ကျွန်တော်ယူဆပါတယ်။

ကျွန်တော်ပြောခဲ့တဲ့ နံပါတ် (၄) အချက်ကတော့ ရှင်းပါတယ်ဗျာ။ နားထောင်နေတဲ့ မြန်မာတစ်ပြည်လုံးက လူတွေက ဒေါ်စုရဲ့ ဟောပြောမှုကို နားထောင်ပြီးတဲ့အခါမှာ ငါတို့တော့ ဘာတွေမျှော်လင့်နိုင်ပြီ၊ ငါတို့တော့ ဘာတွေမှာ စိတ်ချနိုင်ပြီ၊ ငါတို့အတွက် ဘာအခွင့်အရေးတွေ ရှိပါ့လား၊ ဒေါ်စုဟာ ဒါတွေကို ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ငါတို့အတွက်တော့ အဲဒီကိစ္စတွေမှာ ဒေါ်စုနဲ့ သူ့ပါတီကို အားကိုးရနိုင်တယ် စသည်ဖြင့် မျှော်လင့်စရာ တစ်ခုမျှ မတွေ့ရပါဘူး။ သူ့ဟောပြောမှုဟာ နေရာလွဲနေတယ် ထင်ပါရဲ့ဗျာ။ သူ့စကားကို မြေ၀ယ်မကျ မှန်မှန်မှားမှား တင်ပါ့ဘုရား လုပ်ကြမယ့် သူ့စီအီးစီတွေ၊ သူ့အမာခံတွေကို ပြောရမယ့် စကားတွေဗျ။ သာမန်လူတစ်ယောက်အနေနဲ့ ကျွန်တော်ပြောရမယ်ဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုနဲ့ သူ့ပါတီက လူတွေကို မဲပေးသင့်ပါတယ် ဆိုတဲ့အချက် တစ်ချက်တစ်လေမျှ သူ့ဟောပြောမှုမှာ မပါဝင်ခဲ့ဘူးဗျ။ လက်ရှိ အုပ်ချုပ်ရေးတာဝန်၊ တရားစီရင်ရေးတာဝန်၊ ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ လူတွေကိုသာ မကျေမနပ် ပုတ်ခတ်ပြောသွားတယ်လို့ပဲ မှတ်ယူတယ်ဗျာ။ လောက်လောက်လားလား မှတ်သားစရာ မပါဘူး။ မဲပြာပုဆိုး ဆိုပါတော့ဗျာ။ အဲဒီခေတ်က လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ပြီးသွားခဲ့ပြီဗျ။

နံပါတ် (၅) အချက်မှာ သူလုပ်တာတွေနဲ့ သူ့အပြောတွေဟာ တစ်ခြားစီ ဖြစ်နေတယ်လို့ ကျွန်တော် ဆိုခဲ့ပါတယ်။ သူပြောတဲ့ သူ့ပါတီရဲ့ အဓိကရည်မှန်းချက် (၃) ခုဆိုတာကို လေ့လာကြည့်ရအောင်ပါ။
*** တရားဥပဒေစိုးမိုးရေးကို နံပါတ်တစ်နေရာမှာထားပြီး ပြောသွားခဲ့ပါတယ်။ အများကြီး မရှင်းပြလိုတော့ပါဘူး။ တစ်ခုပဲ မေးခွန်းလေး မေးပါမယ်။ အခုလတ်တလော သူသွားသမျှ ခရီးစဉ်တွေမှာ လိုက်ပါနေတဲ့ သူ့ဘေးက ပါတီဝင်တွေဟာ ဥပဒေနဲ့အညီ ဖြစ်ပါရဲ့လား၊ နေ့ခင်းကြောင်တောင်ကြီးမှာ ကားတွေကို မီးဖွင့်ပြီး မောင်းတာ၊ ကားဘေးမှာ မတ်တတ်တွေရပ်ပြီး တွဲခိုပြီးလိုက်တာ၊ ယာဉ်ကြောတွေ ပိတ်ဆို့ကုန်အောင် ဝေးလေးဝါးလေး လုပ်ကြတာ၊ ပတ်ဝန်းကျင် နားမခံသာအောင် ဟိုအော်ဒီအော် အော်ကြတာ၊ ဘယ်ကမှန်းမသိတဲ့ သင်္ဃန်းဝတ်တွေက လောကုတ္တရာနဲ့ လားလားမျှ မအပ်စပ်တဲ့ နဖူးစည်းတွေစည်းတာ၊ ကားမိုးပေါ်တက်ပြီး လက်သီးလက်မောင်း တန်းကြတာ၊ နဖူးတွေ၊ ပါးတွေမှာ တံဆိပ်စတစ်ကာတွေ ကပ်ကြတာ၊ ဆိုင်ကယ်တွေ တရုန်းရုန်း၊ ကားတွေတအုန်းအုန်းနဲ့ လမ်းပြောင်းပြန်မောင်းကြတာ၊ လမ်းဖြတ်သန်းခ ကောက်ခံတဲ့ဂိတ်တွေမှာ ဖြတ်သန်းခ မပေးဘဲ မင်းမဲ့စရိုက်ဆန်ဆန် ဖြတ်ချင်တိုင်း ဖြတ်ခဲ့ကြတာ၊ ဟွန်းတွေ နားမခံသာအောင် တီးခဲ့ကြတာ၊ မီးပွိုင့်တွေဘာတွေ နားမလည်ဘဲ NLD တံဆိပ်ပါတယ်ဆိုပြီး မီးနီကို ဖြတ်မောင်းတာ၊ အတင်းကာရော ဖြတ်ဝင်တာတွေကရော NLD အနေနဲ့ တရားဥပဒေစိုးမိုးရေးကို တစ်ဖက်တစ်လမ်းက ကူညီနေတာလားလို့ မေးချင်ပါတယ်။
*** နံပါတ်နှစ် အချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး တဲ့ခင်ဗျ။ နားထောင်လို့တော့ အတော်ကောင်းသားနော်။ အခုအစိုးရကရော ပြည်တွင်းငြိမ်းချမ်းရေးကို မလုပ်ဘဲ နေနေလို့လားဗျာ။ ဘာကိစ္စ အလကားနေရင်း ပဏ္ဍာဝင်ယူချင်နေတယ်ဆိုတာ နားမလည်နိုင်ဘူး။ ဒေါ်စုကို တိုက်တွန်းချင်တာကတော့ ပြည်တွင်းငြိမ်းချမ်းရေး မလုပ်ပါနဲ့ဦး သူ့ပါတီတွင်း ငြိမ်းချမ်းရေးပဲ အရင်လုပ်စမ်းပါဦးဗျာ။၊ ဟိုပါတီဝင်တွေက မကျေနပ်၊ ဒီပါတီဝင်တွေက အမြင်မကြည်၊ ဟိုလူက ခွဲထွက်လိုက်၊ ဒီလူက စွန့်ခွာလိုက်နဲ့ သူ့ပါတီထဲက လူတွေကိုတောင် စည်းလုံးညီညွတ်အောင်၊ ငြိမ်းချမ်းအောင် မလုပ်နိုင်ဘဲနဲ့များ ပြည်တွင်းငြိမ်းချမ်းရေးလေး ဘာလေးနဲ့ ရထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ပိုက်ဆံသုံးလို့ကောင်းအောင် လျှောက်ပြောမနေစမ်းပါနဲ့။ အခြားနိုင်ငံက တကယ်စွမ်းစွမ်းတမံ ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရခဲ့တဲ့ လူတွေကိုတောင် အားနာဖို့ကောင်းတယ်။ ဒေါ်စုထက်စာရင် တောင်ကတုံးကို သျှောင်ထုံးနေတဲ့ ဦးအုန်းကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးတာကမှ အများကြီး အကျိုးရှိလိမ့်မယ် ထင်ပါရဲ့ဗျာ။ လက်နက်ကိုင် တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးရအောင် မစေ့စပ်၊ မဖြန်ဖြေပေးပါနဲ့၊ ကိုယ့်သွေးသား အရင်းအချာဖြစ်တဲ့ ဦးအောင်ဆန်းဦးနဲ့ပဲ ငြိမ်းချမ်းရေးရအောင်၊ ပြေလည်အောင်၊ ခွင့်လွှတ်အောင် အရင်လုပ်ပါဦးလို့ ပြောချင်တယ်ဗျာ။ သူတို့ မောင်နှမချင်းတောင် မတည့်တဲ့ကိစ္စကို ပြည်တွင်းငြိမ်းချမ်းရေးကို လုပ်ချင်သေးသတဲ့။ အံ့ရောဗျာ။
*** ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုတာကိုလည်း သူက တတိယအချက်အနေနဲ့ ပြောသွားသေးတာကိုး။ မသိတဲ့လူတွေကများ သူ့စကားကို အဟုတ်မှတ်ပြီး နားယောင်မိလို့ကတော့ မြတ်စွာဘုရား၊ တကယ့်ကို ငါးပါးမှောက်မယ့် ကိန်းပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဒေါ်စုပြင်မှ၊ NLD ပြင်မှ ရမှာတဲ့လားဗျ။ ဒုက္ခပါပဲဗျာ။ မြန်မာပြည်သူပြည်သား အပေါင်းတို့ခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၂) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဆိုတဲ့အခန်း ဖြစ်ပါတယ်ဗျာ။ ဥပဒေနဲ့အညီ လွှတ်တော်ထဲမှာ ဘယ်အချိန်မဆို၊ ဘယ်သူမဆို ပြင်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေပါ။ ဒါကို မဟုတ်ကဟုတ်က ခုတုံးလုပ်ပြီး ဒေါ်စု နိုင်မှပဲ၊ သူ့ပါတီနိုင်မှပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မလိုလို လုပ်နေတာကတော့ တကယ့်ကို အပေါစားဆန်တယ်လို့ ကျွန်တော်မြင်ပါတယ်ခင်ဗျ။ ပြင်မယ်ပြင်မယ်သာ လူကြားကောင်းအောင် အော်နေတာ၊ ဘယ်အချိန် ပြင်မှာလဲဗျ၊ ဘယ်လိုပြင်မှာလဲဗျ၊ သေသေချာချာ ထည့်မပြောပါဘူးနော်။ ဒေါ်စု မေ့သွားတာ ထင်ပါရဲ့ဗျာ။ ကျွန်တော်ကပဲ အသေအချာ ပြောလိုက်ပါမယ်။ မြန်မာပြည်သူပြည်သား အပေါင်းတို့ခင်ဗျား၊ ဒေါ်စုနှင့် သူ့ပါတီဝင်များ ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၈ နေရာလုံး နိုင်ခဲ့ရင်တောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ မရသေးကြောင်းပါခင်ဗျား။ ဘယ်အချိန်မှာများ ဖြစ်နိုင်မလဲလို့ ကျွန်တော့်ကို မေးလာမယ်ဆိုရင်တော့ အခုပုံစံအတိုင်းသာ ဒေါ်စုနှင့် NLD အချိုးမပြောင်းဘဲ ဆက်လုပ်နေလျှင်ဖြင့် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေဦးမည် ဖြစ်ကြောင်းပါခင်ဗျား။

ကျွန်တော့်ပို့စ်လည်း အတော်ကြီးကို ရှည်လျားနေပါပြီ။ သီးခြားပြောကြားလိုသည်များကို ပြောပါရစေ။ အထက်တွင် ပြောခဲ့သမျှသည် ဒေါ်စုကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအရ ပြောခြင်းမဟုတ်ပါ။ သူလုပ်နေသည်များ တရားနည်းလမ်းမကျ၍၊ လက်ခံနိုင်စရာမရှိ၍ ဖြစ်ပါသည်။ နိုင်ငံရေးသမားဟူသည် အမြော်အမြင် ကြီးရသည်ဟု ကြားဖူး၊ ဖတ်ဖူး၊ မှတ်ဖူးပါသည်။ ဟုတ်ကဲ့၊ သူ့လိုမျိုး ကိုယ့်ကိုယ်ကိုယ် လူထုခေါင်းဆောင်ဟု ခံယူထားသူ တစ်ဦးဆိုလျှင် ထို့ထက်ပိုသင့်သည်ဟု ထင်ပါသည်။ အခုတော့ သူ့ပါတီအကျိုးတစ်ခုကိုသာ ရှေးရှုပြီး မပြောသင့်တွေပြော၊ မလုပ်သင့်တာတွေလုပ် ဖြစ်ချင်တိုင်းဖြစ်နေခြင်းသည် ကောင်းသောအလားအလာ မဟုတ်ပါ။ နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော်ဥက္ကဋ္ဌများက မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည် ဘယ်တော့မှ နောက်ပြန်လှည့်တော့မှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားထားကြပါသည်။ သို့သော် ဒေါ်စုကတော့ နောက်ကြောင်းပြန် လှည့်စေချင်ပုံ ရပါသည်။ သူလုပ်နေသမျှသည် နောက်ထပ် ၈၈ အရေးအခင်းတစ်ခု ဖြစ်စေချင်သလိုမျိုး သဘောဆောင်နေပါသည်။ လူထုတွေကို အုံကြွစေချင်သည့် လက္ခဏာတွေ မြင်နေရပါသည်။ လူထုကို သွေးဆူအောင် ဆွပေးနေသည်ဟု မြင်နေရပါသည်။ သူနှင့် သူ့ပါတီ၏ လုပ်ဆောင်ချက်၊ အားထုတ်မှု၊ သူကိုးကွယ်သည့် နိုင်ငံကြီးများ၏ ထောက်ခံမှု၊ ထောက်ပံ့မှု၊ အကူအညီ တစ်စုံတစ်ရာမပါဘဲ ယခုကဲ့သို့ မြန်မာဒီမိုကရေစီ ရေစီးကြောင်းကြီး အားကောင်းမောင်းသန် စီးဆင်းနေသည်ကို လိုလားပုံ၊ ကျေနပ်ပုံ မရပါ။ ထို့ကြောင့်လည်း ဦးသန်းညွန့်တို့၊ ဦးခင်မောင်ဆွေတို့ကို သူ့အနေဖြင့် မကျေနိုင်၊ မချမ်းနိုင် ဖြစ်နေပုံရပါသည်။ သေချာသည်ကတော့ ယနေ့လွှတ်တော်သည် ဒေါ်စုကြောင့်သော်လည်းကောင်း၊ NLD ကြောင့်သော်လည်းကောင်း၊ အမေရိကန်ကြောင့်သော်လည်းကောင်း၊ အီးယူကြောင့်သော်လည်းကောင်း ပေါ်ပေါက်လာခြင်း မဟုတ်ဆိုသည့်အချက် ဖြစ်ပါသည်။ ယခင် တပ်မတော်အစိုးရနှင့် မြန်မာပြည်သူအပေါင်း လက်တွဲညီညီဖြင့် လမ်းသစ်ထွင်ဖောက်ခဲ့ခြင်း၊ လျှောက်ခဲ့ခြင်း ဖြစ်ပါသည်။ မည်သည့်သွေးထွက်သံယိုမှုမျှ မရှိခဲ့ပါ၊ မည်သည့် ဆူပူမှုမျှ မဖြစ်ခဲ့ပါ၊ မည်သည့် အုံကြွမှုမျှ မပေါ်ပေါက်ခဲ့ပါ၊ သို့သော် ယနေ့အချိန်တွင် မည်မျှတာဝန်ကျေနေသည်ကို အားလုံးအသိ ဖြစ်ပါသည်။ အားလုံးအမြင် ဖြစ်ပါသည်။ အခြားမဏ္ဍိုင်များကို မပြောလိုသော်လည်း သေချာသည်ကတော့ ဥပဒေပြုရေး မဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်သည် သီးခြားစီရပ်တည်ပြီး အပြန်အလှန် ထိန်းကျောင်းနေပြီ ဆိုသည့်အချက် ဖြစ်ပါသည်။

ယနေ့ လွှတ်တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေပါသည်။ အလကားနေရင်း ၀င်ထိုင်နေကြခြင်း မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါဝင်ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ မြန်မာ့သမိုင်း လိုအပ်ချက်အရ ယခုအချိန်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ % ပါဝင်ရန် လိုအပ်နေသေးသည်ဟု ယူဆပါသည်။ အမြဲတမ်းအတွက်တော့ ကျွန်တော် မဆိုချင်ပါ။ သင့်လျော်သည့် အချိန်ရောက်လျှင် တပ်မတော်သား ကိုယ်စားလှယ်တွေပါဝင်မှု ရပ်ဆိုင်းသွားမည်ဟု ယုံကြည်ပါသည်။ မည်သည့် တပ်မတော်ခေါင်းဆောင်ကမျှ လွှတ်တော်တွေထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ အမြဲတမ်းပါဝင်နေအောင် ကြိုးပမ်းမည်ဟု ပြောဆိုခြင်း မရှိပါ။ အခြေအနေနှင့် အချိန်အခါ လိုအပ်ချက်အရ တပ်မတော်သားတွေ ပါဝင်ရန် လိုအပ်နေသေး၍သာ ပါဝင်နေခြင်း ဖြစ်ပါသည်။ နောက်တစ်ချက်မှာ လွှတ်တော်ထဲတွင် ပါဝင်နေသည့် တပ်မတော်သားတွေသည် ဒီအတိုင်းဝင်ထိုင်ပြီး လက်ညှိုးထောင် ခေါင်းညိတ် လုပ်နေကြသူများ မဟုတ်ကြောင်းကို လွှတ်တော်မှတ်တမ်းများတွင် ဖတ်ရှုနိုင်ပါသည်။ ဒေါ်စုအနေဖြင့် လွှတ်တော်သတင်းများကို စိတ်ဝင်တစား နားထောင်ပုံမရ၊ လေ့လာပုံမရဟု ကျွန်တော်သုံးသပ်ပါသည်။ နိုင်ငံရေးလုပ်မည့် ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံ့အရေး ဆောင်ရွက်နေသည်များကို စိတ်မ၀င်စားလျှင် ဘယ်အရာများကို စိတ်ဝင်စားနေပါသနည်း။ ဘီဘီစီက ဘာပြောသလဲ၊ ဗွီအိုအေက ဘာအော်နေသလဲ၊ အာအက်ဖ်အေက ဘာတွေဖွနေသလဲ၊ ဒီဗွီဘီမှာ ဘာတွေတက်နေသလဲ၊ ဧရာဝတီမှာ ဘာတွေအပုပ်ချထားသလဲ၊ စတဲ့စတဲ့ ဒါတွေကိုပဲ စိတ်ဝင်တစား ဖတ်နေသလား၊ နားထောင်နေသလား၊ သိချင်စမ်းလှပါသည်။ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် အကျိုးရှိမည့် ဥပဒေမှန်သမျှတွင် တပ်မတော်သားတွေ ပါဝင်ဆွေးနွေးနေတာ၊ ထောက်ခံနေတာ၊ ပြောသင့်တာပြောနေတာ ဒေါ်စု မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလား ဝေခွဲမရဖြစ်မိပါသည်။ နောက်ဆုံး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုပြီး ဦးသိန်းညွန့်က အဆိုတင်သွင်းတာကိုပင် တပ်မတော်သားအားလုံးက ထောက်ခံပေးခဲ့တာ ဒေါ်စု မသိတာလား၊ မျက်မှန်စိမ်း တပ်ထားတာလား။ ကိုယ့်ဘာသာကိုယ်ပင် ဖြေကြည့်စေချင်ပါသည်။ ဒီနေ့အထိ ပြည်သူတွေအတွက် အကျိုးရှိမည့် ဥပဒေတွေ၊ အဆိုတွေကို တပ်မတော်သားတွေက ကန့်ကွက်လိုက်လို့ဆိုတာ မကြားဖူးသေးပါ။ ဒေါ်စုခင်ဗျား၊ NLD ကိုယ်စားလှယ်လောင်းတွေကို ဒေါ်စုရွေးတာထက် တပ်မတော်ခေါင်းဆောင်က သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့နေရာမှာ ပိုပြီးတော့ အလေးဂရုထားတယ်၊ စိစစ်တယ်ဆိုတာကို မမေ့စေလိုပါ။ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုစွန့်ရန်ပင် သစ္စာပြုထားကြတဲ့ တပ်မတော်သားတွေဟာ လွှတ်တော်ထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းရာကောင်းကျိုး ပြုဖို့အတွက်ဆိုတာဖြင့် သံသယမြူမှုန်မျှ မထားသင့်ကြောင်း အကြံပြုလိုပါတယ်။

ကျွန်တော်တို့တွေအားလုံးက ဒေါ်စုကို အပြုသဘောဆောင်တဲ့၊ တိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းရာကောင်းကျိုးတွေကို ဆောင်ကြဉ်းပေးမယ့် အတိုက်အခံကောင်းအဖြစ် မျှော်လင့်ခဲ့ကြတာပါ။ အခုတော့ ဒေါ်စုနဲ့ သူ့ပါတီဟာ လက်ရှိအစိုးရ ဘာလုပ်လုပ် ကန့်ကွက်မယ်၊ ဝေဖန်မယ်၊ ပုတ်ခတ်မယ်၊ ထိပါးမယ်၊ ရန်စမယ်၊ NLD ကလွဲရင် အခြားပါတီတွေဟာ ဒီမိုကရေစီပါတီစစ်စစ်တွေ မဟုတ်ကြဘူး၊ အခွင့်အရေးသမားတွေ စတဲ့စတဲ့ အဆိုးမြင်မှုတွေနဲ့ တကယ့်ကို မကောင်းမြင် အတိုက်အခံ ဖြစ်နေတာကို တွေ့ရပါတယ်။ သူများကို ဝေဖန်တယ်ဆိုတာ သိပ်လွယ်တာပေါ့ဗျာ။ ဘယ်လိုကောင်းအောင် လုပ်သင့်တယ်ဆိုတဲ့ နည်းလမ်းနဲ့တကွ အကြံဉာဏ်ပေးတာကသာ ခက်တာကိုးခင်ဗျ။ ကျွန်မဆိုရင်တော့ ဘယ်လိုလေး လုပ်လိုက်ပါမယ်လို့၊ ဘယ်လိုနည်းလမ်းဆိုရင်ဖြင့် ပြည်သူတွေအတွက် ပိုပြီးတော့ အကျိုးရှိပါမယ်လို့ ဒေါ်စု ဘယ်နှခါများ ပြောဖူးပါသလဲ။ အားလုံးကို သိမ်းကျုံးပြီး ငါကလွဲရင် ငါ့ရန်သူလို့ မကောင်းမြင်နေရင်တော့ ဒေါ်စုဟာ ခေတ်သစ်ဒီမိုကရေစီအာဏာရှင် ဖြစ်လာတော့မှာ မလွဲဧကန် ဖြစ်ပါကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

အမြင်မတူတာတွေ၊ ခံစားချက်မတူတာတွေ ရှိခဲ့လျှင်လည်း လွတ်လွတ်လပ်လပ် ဝေဖန်နိုင်ပါတယ်။ ထောက်ပြနိုင်ပါတယ်။ ကျွန်တော်သည်လည်း ပြည့်စုံသူတစ်ဦး မဟုတ်တဲ့အတွက် အမှားတွေ တွေးမိကောင်း တွေးမိနိုင်ပါတယ်၊ အမှားတွေ ရေးမိကောင်း ရေးမိနိုင်ပါတယ်။ မြန်မာ့သွေးမိတ်ဆွေအပေါင်းက ထောက်ပြ ဝေဖန် အကြံပြုကြပါရန်လည်း တောင်းပန်လိုပါတယ်။

အင်း၊ ပြောသာပြောရတယ်၊ ကျွန်တော်ကိုဉာဏ်လို ဘာမဟုတ်၊ ညာမဟုတ် လူတစ်ယောက်က အန်တီစုလို လူထုခေါင်းဆောင်ဆိုတဲ့သူကို ဝေဖန်ရတာတော့ နည်းနည်းတော့ ခပ်လန့်လန့်ခင်ဗျ။ ဒါပေမယ့် တတ်နိုင်ဘူးလေ၊ ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား။ ပြောခဲ့တာတွေလည်း ပြောပြီးပြီဆိုတော့ ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၈၆ က ကာတွန်းလေးတစ်ကွက်နဲ့ နိဂုံးချုပ်ပါရစေ။ တွေးဆဆင်ခြင် ပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ မတ်လ ၁၇ ရက်၊ စနေနေ့။
မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင်ပြီး၏။

Saturday, March 10, 2012

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနများ


(နိဒါန်းစကားကို ဦးစွာဖတ်စေလိုပါသည်)

၁။ ကာကွယ်ရေးဝန်ကြီးဌာန
၂။ ပြည်ထဲရေးဝန်ကြီးဌာန
၃။ နယ်စပ်ရေးရာဝန်ကြီးဌာန
၎။ နိုင်ငံရေးခြားရေးဝန်ကြီးဌာန
၅။ ပြန်ကြားရေးဝန်ကြီးဌာန
၆။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၇။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၈။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၉။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၁၀။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၁။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၃။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
၁၅။ သတ္တုတွင်းဝန်ကြီးဌာန
၁၆။ သမ၀ါယမ၀န်ကြီးဌာန
၁၇။ အလုပ်သမားဝန်ကြီးဌာန
၁၈။ ပို့ဆောင်ရေးဝန်ကြီးဌာန
၁၉။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
၂၀။ စက်မှုဝန်ကြီးဌာန
၂၁။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၂။ စွမ်းအင်ဝန်ကြီးဌာန
၂၃။ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၄။ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၅။ ပညာရေးဝန်ကြီးဌာန
၂၆။ ကျန်းမာရေးဝန်ကြီးဌာန
၂၇။ ယဉ်ကျေးမှုဝန်ကြီးဌာန
၂၈။ သာသနာရေးဝန်ကြီးဌာန
၂၉။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၃၀။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၃၁။ အားကစားဝန်ကြီးဌာန
၃၂။ သမ္မတရုံးဝန်ကြီးဌာန
၃၃။ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံတော် သမ္မတ နှင့် ဒုတိယသမ္မတများ (၂၀၁၁-၂၀၁၅)


(နိဒါန်းစကားကို ဦးစွာဖတ်စေလိုပါသည်)

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် (၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်၊ သောကြာနေ့) တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး၊ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် နာယကအဖြစ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သိန်း က ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေစုစုပေါင်း (၆၅၉) ဦး ရှိရာမှာ (၆၅၉)ဦးလုံး ၁၀၀% ပြည့် တက်ရောက်ခဲ့ပါတယ်။

အဆိုပါ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ အစည်းအဝေးမှ အောက်ပါအတိုင်း ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ် -
နိုင်ငံတော် သမ္မတ - ဦးသိန်းစိန်
ဒုတိယသမ္မတ - သီဟသူရ ဦးတင်အောင်မြင့်ဦး
ဒုတိယသမ္မတ - ဒေါက်တာ စိုင်းမောက်ခမ်း (ခ) မောင်အုန်း

ကိုးကား
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး မှတ်တမ်း (၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ထိ)

 
Web Statistics