ပထမအကြိုဗိုလ်လုပွဲ (ဗီယက်နမ် နှင့် မြန်မာ)
ပွဲပြီးခါနီး ၈၈ မိနစ်ခန့်တွင် မြန်မာအသင်း အခွင့်အရေးတစ်ခု ရခဲ့သည်။ မြန်မာအသင်းမှ ရာဇာဝင်းသိန်းအား ဗီယက်နမ်ဂိုးသမား ဥပဒေပ ကစားခဲ့သောကြောင့် ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲပြီးဖို့ကလည်း ၂ မိနစ်ခန့်သာ လိုတော့သည်။ ထိုဂိုးဝင်သွားလျှင် ပြီးပြီ။ မြန်မာအသင်း နိုင်ပြီ။ ဗိုလ်လုပွဲသို့ တက်ရောက်ပြီ။ ရုပ်မြင်သံကြားရှေ့က ကျွန်တော်တို့တစ်တွေ အသက်ပင်မရှူရဲအောင် စိုက်ကြည့်နေမိကြသည်။ မြန်မာအသင်းမှ အောင်မျိုးသန့် ကန်သွင်းမည်ဖြစ်သည်။ မကန်ခင်ကတည်းက သိပ်တော့ ဘ၀င်မကျလှ။ ပင်နယ်တီကန်သွင်း၍များ ပြန်ထွက်လာခဲ့လျှင် ပြန်ပိတ်သွင်းမည့်ပုံစံမျိုး မြန်မာ အသင်းသားများတွင် မတွေ့ရ။ ကျွန်တော်တို့ အမြဲတမ်းအားပေးနေသည့် ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါ စသည်တို့တွင် ထိုကဲ့သို့ ပင်နယ်တီကန်ခွင့်ရသည့် အခွင့်အရေးများစွာကို ကြည့်ခဲ့ဖူး၊ မြင်ခဲ့ဖူး၊ ကြုံခဲ့ဖူးသည်။ ကန်မည့်သူက ကန်သွင်းသလို ၀င်ခါမှ ၀င်သွားရော့ ကျန်သည့် ကစားသမားများကလည်း တစ်ဖက်နောက်တန်းလူများနှင့်အပြိုင် ပြန်ထွက်လာပါက ပြေးဝင်ကန်သွင်းရန် အသင့်အနေအထားနှင့် ပြေးဝင်သွားခဲ့သည်ချည်းပင်။ တစ်ခါတည်းမ၀င်လျှင်တောင် ကန်သွင်းသူက ပြန်ကန်သွင်း၍ ဂိုးရသွားတာ၊ အခြားကစားတစ်ဦးဦးက ပြေးဝင်ပိတ်သွင်း၍ ဂိုးရသွားတာမျိုးကို မကြာခဏတွေ့မြင်ဖူးနေကျဖြစ်သည်။ သို့သော် မြန်မာအသင်းမှ ကစားသမားများ ထိုသို့ မရှိကြ။ ကန်သွင်းမည့်သူကို ယုံကြည်၍ပဲလားတော့ မသိပေ။ ထားပါတော့။ မြန်မာအသင်းမှ အောင်မျိုးသန့် ကန်သွင်းသည်။ ဂိုးသမား ပုတ်ထုတ်ကာကွယ် သွားသည်။ ဂိုးသမားတော်၍ မဟုတ်ပါ။ ကန်သူရှော်၍ ဖြစ်ပါသည်။ ပြောပြန်လျှင်လည်း ဂိုးမ၀င်၍ ထိုသို့ ပြောသည်ဟု ဆိုကြပါဦးမည်။ ထိုသို့ ဆိုလာလျှင်လည်း ဘာမှ ငြင်းဆိုရန် မရှိပါ။ ဂိုးဝင်သွားသည်နှင့် ပွဲက ပြီးသွားပြီ။ မြန်မာအသင်း ဖိုင်နယ်တက်မည်။ ထိုအခါ ကျွန်တော်ကလည်း မြန်မာအသင်း ဖိုင်နယ်တက်ကြောင်းသာ ရေးသားရန်ရှိပါသည်။
စကားစပ်၍ ပြောရလျှင် မကြာသေးခင်က ကျွန်တော် ရေးသားခဲ့သော ဆောင်းပါးများနှင့်ပတ်သက်၍ အသံများ ကျယ်ကျယ်လောင်လောင် ကြားရပါသည်။ ဒီကောင်က ဘယ်လောက် ဘောလုံးကန်တတ်လို့လဲ၊ ဘောလုံးအကြောင်းကို ဘယ်လောက်သိလို့လဲ၊ ကိုယ်တိုင်ဝင်ကန်ကြည့်ပါလားတို့၊ ဒီကောင်က ဘာကောင်လဲ စသည်ဖြင့် အသံမျိုးစုံကို ကြားရပါသည်။ တချို့လည်း ပွင့်ပွင့်လင်းလင်းပင် အီးမေးလ်များပေးပို့၍ မလိုလားသော သဘောထားများကို ပြောပြကြပါသည်။ ထိုသူတို့ကို ကျွန်တော်စိတ်မဆိုးသည့်အပြင် ပို၍ပင် လေးစားမိပါသေးသည်။ သူတို့သည် ကျွန်တော့်ကို မုန်းတီး၍ ပြောဆိုကြခြင်းမဟုတ်ပါ။ မြန်မာအသင်းအပေါ် မကောင်းမြင်စိတ် ရှိနေသည်ဟု ကျွန်တော့်အပေါ် သံသယရှိကြသောကြောင့်သာ ဖြစ်သည်ဟု ကျွန်တော်နားလည်ပါသည်။ ကိုယ့်မြန်မာအသင်းအပေါ် ကောင်းမွန်သည့်အကြောင်းအရာများကိုသာ ရေးသားစေလိုကြပါသည်။ ဖတ်ချင်ကြပါသည်။ ကျွန်တော်လည်း ထိုနည်းအတူသာ ဖြစ်ပါသည်။ သို့သော် မကောင်းတာကို မကောင်းဘူးဟု မပြောဘဲ ဖြည့်တွေးလေးများဖြင့် ကောင်းသည့်ဖက်မှသာ ပြောဆိုရေးသားခြင်းသည် အများပြောဆိုနေကြသလို မျိုးချစ်စိတ်ဓာတ်အစစ်အမှန် မဟုတ်ဟု ကျွန်တော်က ယူဆပါသည်။ ခံယူပါသည်။ မကောင်းတာကို မကောင်းတာပြော၊ တော်တာကို တော်တယ်ဟု ချီးကျူးမှသာ မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု ကျွန်တော်ခံယူပါသည်။ သို့မှလည်း မကောင်းတာကို မကောင်းတာမှန်း သိမြင်ပြီး ပြင်ဆင်ပါမှ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ကျွန်တော်က ယုံကြည်ပါသည်။ ထိုသို့ ဆိုသည့်အတွက် ကျွန်တော်ရေးထားတာမှန်သမျှ အမှန်တွေပဲဟု ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်တော်လည်း ဘာကောင်မှ မဟုတ်သည့် ပုထုဇဉ်တစ်ဦးသာဖြစ်သည့်အတွက် မှားနိုင်ပါသည်၊ မှားနေပါသည်။ မှားပါဦးမည်။ ထို့အတွက်လည်း ၀ိုင်းဝန်းဝေဖန် အကြံပေးကြစေလိုပါသည်။ လွတ်လပ်စွာ တံခါးဖွင့်ထားပါသည်။
မြန်မာအသင်းမကောင်းကြောင်းကိုပဲ ရေးနေကြသည်ဟု ပြောဆိုကြသူများကို ကျွန်တော် အထွေအထူး ပြန်လည်ရှင်းပြမနေတော့ပါ။ ကျွန်တော် ပုံမှန်ရေးသားခဲ့သော ဆောင်းပါးများကို ပြန်လည် ဖတ်ရှုစေလိုပါသည်ဟုသာ အကြံပေးလိုပါသည်။ ထိုအခါ ကျွန်တော့်သဘောထားအမြင်ကို ပွင့်ပွင့်လင်းလင်း သိနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်သည် မည်သည့်ဖက်ကိုမှ တစ်သမတ်တည်း ယိမ်းသော အယူဝါဒရှိသူတစ်ဦး မဟုတ်ပါ။ အဖြူကိုမြင်လျှင် အဖြူဟု ပြောပါသည်။ အမည်းကို မြင်လျှက်နှင့် အဖြူဟု ကျွန်တော်မပြောနိုင်ပါ။ ကဲ ဆက်ပါဦးမည်။
အောင်မျိုးသန့် ကန်သွင်းသည့် ပင်နယ်တီကို ဂိုးသမားတော်၍ မဟုတ်ဘဲ ကန်သွင်းသူ ရှော်၍ ဖြစ်ကြောင်း ကျွန်တော်ဆိုခဲ့ပါသည်။ ထိုအတွက် ဘောလုံးပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်စွာ တတ်မြောက်စရာ မလိုပါ။ ဘောလုံးနှင့် အနည်းငယ် ထိတွေ့ဖူးသူများ ဆိုလျှင်ပင် ကျွန်တော်ဘာကြောင့် ပြောရသည်ကို နားလည်ကြမည်ဟု ယုံကြည်ပါသည်။ ပို၍ မြင်သာအောင် ဥပမာ ပေးရလျှင် ထိုနေ့က ကန်သွားသည့် ပွဲကိုပဲ ဥပမာ ပေးရပါသည်။ အောင်မျိုးသန့် ကန်သွင်းသည့်ဘောလုံး၊ နံပါတ် ၁၁ (ထွန်းထွန်းဝင်း ဟု ထင်ပါသည်။ မသေချာပါ) ကန်သွင်းသည့်ဘောလုံး၊ ရာဇာဝင်းသိန်း ကန်သွင်းသည့် ဘောလုံးတို့ကို နှိုင်းယှဉ်ကြည့်လိုက်သည်နှင့် ကျွန်တော်ဘာကို ပြောလိုကြောင်း ထင်ရှားသွားမည်ဖြစ်ပါသည်။ အနည်းငယ် လေရှည်ပါဦးမည်။ ပွဲချိန်အတွင်း ကန်ခွင့်ရသော ဘောလုံးကို အောင်မျိုးသန့် ကန်သွင်းပါမည်။ ဂိုးသမား၏ အနေအထား၊ ပြင်ဆင်ထားမှု၊ လှုပ်ရှားမှုကို ကြည့်ရှုခြင်းမရှိဘဲ ခေါင်းငုံ့လျှက် သူဆုံးဖြတ်ထားသည့်အတိုင်း ကန်သွင်းနေသည့် သူ့ပုံစံကိုကြည့်၍ ကျွန်တော်သာ နည်းပြဆရာဆိုလျှင် ကရုဏာဒေါသနှင့် ခေါင်းကိုပင် ခေါက်လိုက်ချင်ပါသေးသည်။ အားလုံး တွေ့မြင်ခဲ့သည့်အတိုင်းပင် သူမကန်ခင်ကတည်းက ဗီယက်နမ်ဂိုးသမားသည် ဘယ်ဖက်သို့ ဒိုင်ဗင်ပစ်ပြီး ဖြစ်နေပြီဖြစ်ပါသည်။ သို့သော် ကိုယ်တော် အောင်မျိုးသန့်က ဆိုက်ဆိုက်မြိုက်မြိုက်ပင် ထိုဘယ်ဖက်သို့ တည့်တည့် ကန်ပါသည်။ လဲနေပြီဖြစ်သည့် ဂိုးသမားအတွက် ဘာမှ မခက်ခဲသော အလုပ်ဖြစ်ပါသည်။ ဘောလုံးကို ဘယ်ဖက်သို့ အသာအယာပင် ပုတ်ထုတ်လိုက်ပါသည်။ ဂိုးအောက်သွားခြင်း မရှိပါ။ သို့သော် မြန်မာအသင်းမှ ဘယ်ကစားသမားမှ ထိုဘောလုံးကို ပြေးဝင်ပိတ်သွင်းရန်အတွက် အသည်းအသန် လိုက်ပါကြိုးစားခြင်း မရှိပါ။ ကန်သွင်းတယ်၊ မ၀င်ဘူး၊ သြော် … ဆိုတာလောက်နှင့် ပြီးသွားကြပါသည်။ နှမြောစရာ ကောင်းလှပါသည်။ အဆိုပါ ဘောလုံးသည် ဘယ်လောက်အရေးကြီးမှန်း သူတို့ သိပါသည်။ ပွဲကလည်း ပြီးခါနီးနေပြီ။ ပြီးတော့ ဒါက အုပ်စုပွဲမဟုတ်။ အကြိုဗိုလ်လုပွဲ ရှုံးထွက်။ ဒီပွဲ နိုင်သည်နှင့် ဖိုင်နယ်ကို ရောက်ပြီ။ ဖိုင်နယ်ရောက်ပြီဆိုသည်နှင့် ဒုတိယငွေတံဆိပ်က သေချာပြီ။ အောင်မြင်မှုနှင့် ဝေးကွာနေသော မြန်မာတွေအတွက် အနည်းဆုံး ငွေတံဆိပ်ဆိုလျှင်ပင် ၀မ်းသာလိုက်မည့်ဖြစ်ခြင်း။ ဒါက အနည်းဆုံးအဆင့်ကို တွက်ထားတာဖြစ်သည်။ ဖိုင်နယ်တွင် အနိုင်ရ၍ ရွှေတံဆိပ်မရနိုင်ဟု မည်သူမျှ မပြောနိုင်တော့။ အခွင့်အရေးက ဆတူရှိသွားပြီ။ ထိုကဲ့သို့ အရေးကြီးနေသည့် ပင်နယ်တီကို ကန်သွင်းမည့် သူကို ဘာကြောင့် မှန်မှန်ကန်ကန် မရွေးချယ်နိုင်ခဲ့သလဲဆိုတာ စဉ်းစားလို့ မရပါ။ ထားပါတော့ ပြီးသွားပြီပဲ။ နောက်မဖြစ်အောင် သင်ခန်းစာယူဖို့သာ ရှိသည်။ သေချာသည်ကတော့ အောင်မျိုးသန့် ကို နောက်ပွဲများတွင် ပင်နယ်တီကန်ခိုင်းဦးမည်ဆိုလျှင် ကန်ခိုင်းသည့် နည်းပြဆရာ၏ အမှားသာဖြစ်တော့မည်။ ဘာပဲပြောပြောသူ့တွင် ပင်နယ်တီနှင့်ပတ်သက်သည့် စိတ်အနှောက်အယှက် တစ်ခုတော့ စွဲကပ်သွားပါပြီ။ နောက်ပွဲများတွင် ကန်ရမည်ဆိုလျှင်တောင် ကန်ခါနီး သူ့စိတ်တွင် အရင်လို မ၀င်ဘဲ နေဦးမယ်ဆိုသည့်စိတ်ကတော့ သေချာပေါက် ဖိစီးနေမှာသေချာပါသည်။ ပင်နယ်တီမ၀င်သည်မှာ အထူးအဆန်းမဟုတ်ပါ။ မြန်မာ့လက်ရွေးစင်အဆင့် မဆိုထားနှင့်။ ကမ္ဘာကျော်ဘောလုံးသမားကြီးများ တောင်မှ ပင်နယ်တီလွဲချော်ကြပါသည်။ အီတလီတို့၏ အသည်းနှလုံး ဘက်ဂီယို၏ ၁၉၉၄ ဖိုင်နယ်ပွဲမှ ပင်နယ်တီအလွဲ၊ အင်္ဂလိပ်တို့၏ အကျော်ကြားဆုံး ထွက်ကုန်ဖြစ်သည့် ဒေးဗစ်ဘက်ဟမ်း၏ ယူရို ၂၀၀၄ မှ ပင်နယ်တီအလွဲတို့နှင့် နှိုင်းယှဉ်လျှင် အောင်မျိုးသန့်၏ ပင်နယ်တီလွဲချော်မှုသည် ဘာမှ ပြောပလောက်သည် မဟုတ်ပါ။
ဗီယက်နမ်နှင့် မြန်မာအသင်းကစားခဲ့သော ပွဲအပေါ်တွင် အနည်းငယ် ပြန်ပြောင်းပြောပြလိုပါသည်။ ဗီယက်နမ်အသင်းသည် တစ်ဖက်အုပ်စုတွင် အုပ်စုပထမဖြင့် တက်ရောက်လာခဲ့သော အသင်းဖြစ်ပါသည်။ မြန်မာအသင်းကား အုပ်စုတွင်းပြိုင်ဖက် ထိုင်းအသင်း၏ ပရော်ဖက်ရှင်နယ်စိတ်ဓာတ်ကြောင့်သာ အကြို ဗိုလ်လုပွဲသို့ ရောက်လာခဲ့ရခြင်း ဖြစ်ပါသည်။ ထိုသို့ ဆိုသည်ကို အများစုက သဘောမကျပါ။ မနှစ်မြို့ကြပါ။ အများသဘောမကျလျှင်လည်း မတတ်နိုင်ပါ။ ကျွန်တော်ကတော့ ထိုသို့ပဲ ယုံကြည်ပါသည်။ ထိုင်းနှင့် အင်ဒို ပွဲသည် ထိုင်းအသင်းအတွက် ဘာမှ အရေးပါသောပွဲ မဟုတ်ပါ။ အင်ဒိုနှင့်မကန်ခင်ကတည်းက ထိုင်းအသင်းက အုပ်စုအဆင့်ကို ကျော်လွန်ပြီး ဖြစ်နေပါသည်။ အိမ်ရှင်ဖြစ်သည့် သူ့အတွက် အုပ်စုပထမ၊ အုပ်စုဒုတိယ စသည်တို့သည် ဘာမှ အရေးမပါလှပါ။ ကျွန်တော်တို့ ဒီလို စဉ်းစားကြည့်ရအောင်ပါ။ အကယ်၍များ ထိုင်းအသင်းနေရာတွင် မြန်မာအသင်းဆိုလျှင် ထိုပွဲကို မည်သို့ကန်မည်နည်းဆိုသည့် မေးခွန်းကို ဖြေကြည့်ရအောင်ပါ။ သေချာသည်ကတော့ မြန်မာအသင်းတွင် အရံဂိုးသမား၊ အရံကစားသမားများဖြင့် ပွဲထွက်လာမည်ဖြစ်ပါသည်။ ယခင်ကန်ခဲ့ဖူးသော ပွဲစဉ်များကို ပြန်လည် လေ့လာနိုင်ပါသည်။ ထိုကဲ့သို့ ကန်သည်ကိုလည်း မှားသည်ဟု မဆိုနိုင်ပါ။ အရံကစားသမားများအတွက် ရလာသော အခွင့်အရေးကို အပြည့်အ၀ပေးရမည်သာ ဖြစ်ပါသည်။ အရေးကြီးသည့် ကစားသမားများကိုလည်း သေချာပေါက် အနားပေးကိုပေးရပါမည်။ နောက်ဆုံး ခဏဖြစ်ဖြစ်ကစားစေလိုလျှင် ပွဲပြီးခါနီး ၁၀ မိနစ် ၁၅ မိနစ်ခန့်တွင် ထည့်သွင်းကစားကြလေ့ ရှိပါသည်။ ဤမျှ ဆိုလျှင် ကျွန်တော့်ဆိုလိုရင်းကို သဘောပေါက်ကြမည်ဟု ထင်မိပါသည်။ ကျွန်တော် ရေးခဲ့သည့် အတိုင်း အင်ဒိုနှင့်ပွဲကတည်းကသာ မြန်မာအသင်း အနိုင်ကစားထားခဲ့လျှင် ထိုပွဲကို စောင့်ကြည့်စရာ၊ စိတ်ဝင်စားစရာအကြောင်းပင် မရှိပါ။ ကိုယ့်ဘာသာ အကြိုဗိုလ်လုပွဲအတွက် အေးအေးဆေးဆေး ပြင်ဆင်နေရုံသာ ဖြစ်ပါသည်။ အခုတော့ ကိုယ့်မှာ ကမ္ဘောဒီးယားကို ဂိုးပြတ်နိုင်ထားပေမယ့်လည်း မပျော်နိုင်။ ကိုယ့်အခွင့်အရေးကို ကိုယ်မပိုင်သည့်အဖြစ်။ သူများကန်နေသည့်ပွဲကို စိတ်ဝင်တစား အားပေးနေရသည်။ ခါးသီးသောပြိုင်ဖက်ဖြစ်သည့် ထိုင်းအသင်းကို မြန်မာပရိသတ်တွေအားလုံး ၀ိုင်းပြီး အားပေးနေရသည်မှာ ဖြစ်သင့်၏ မဖြစ်သင့်၏ကို မြန်မာကစားသမားတွေ စဉ်းစားကြည့်ကြစေလိုပါသည်။ ထိုင်းအသင်းက ဂိုးသွင်းသောအခါ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုလျှင် ဟေးခနဲ ထခုန်သည်အထိ ဖြစ်ပါသည်။ ဘာမှမသိသည့် နိုင်ငံခြားသားတစ်ယောက်သာ သူ့ကို မြင်လျှင် ဘာကြောင့် အခြားပြိုင်ဖက် အသင်းတစ်သင်းကို အားပေးနေရသလဲဟု မေးမှာသေချာပါသည်။ ထိုင်းသည် မြန်မာတို့အတွက် မည်ကဲ့သို့သော ပြိုင်ဖက်ဖြစ်သည်ကို မိတ်ဆွေလည်းသိပါသည်။ ကျွန်တော်လည်း သိပါသည်။ ထို့အတူ မြန်မာကစားသမားတွေလည်း သိပါသည်။ ထိုကဲ့သို့သော အသင်းကို အားပေးနေရသည့် မြန်မာပရိသတ်တွေရဲ့ ရင်ထဲမှာ ဘာတွေရှိသလဲဆိုတာ ၀င်ကြည့်နေစရာ မလိုပါ။ ကိုယ်တိုင် ခံစားနိုင်ပါသည်။ စကားကြောရှည်နေသည့်အတွက် ဆောင်းပါးက ဘေးချော်သွားပါသည်။ ဆက်ပါဦးမည်။
ပထမပိုင်း တစ်ပိုင်လုံးလောက်နီးနီးကို ဗီယက်နမ်နှင့် မြန်မာတို့ ခြေရည်တူ ယှဉ်ပြိုင်နိုင်ကြပါသည်။ ဗီယက်နမ်ကပင် နည်းနည်းပိုကောင်းသည်ဟု ဆိုချင်ပါသည်။ ဗီယက်နမ်အသင်းမှ အသင်းခေါင်းဆောင် နံပါတ် ၉ ကို မြန်မာနောက်တန်း အတော်ကို ထိန်းခဲ့ရပါသည်။ သူနှင့် အတွဲအဖက်မိသည့် ကစားတစ်ယောက်လောက်သာ ပါလျှင် မြန်မာတွေ စောစောစီးစီး ဂိုးပေးရနိုင်ပါသည်။ ထိုနေ့ကပွဲတွင် ကျွန်တော်ပထမဆောင်းပါးများတွင် ရေးခဲ့သည့် မြန်မာအသင်း၏ အလယ်တန်းကို တွေ့ရပါသည်။ အလယ်တန်းအားသည် အဘယ်မျှ အရေးပါကြောင်း ထိုပွဲက ပြသသွားခဲ့ပါသည်။ ဗီယက်နမ်နှင့်ပွဲတွင် စကားပြောသွားသည်က ထိုအလယ်တန်းပဲ ဖြစ်ပါသည်။ မြန်မာတို့၏ အလယ်တန်းကစားကွက်ကို ဗီယက်နမ်တို့ လုံးဝ မယှဉ်နိုင်ပါ။ ဂိုးသမားချင်း ပြောပလောက်အောင် မကွာခြားပါ။ နောက်တန်း ဗီယက်နမ်နှင့် မြန်မာအတူတူလောက်ပင် ရှိပါသည်။ ရှေ့တန်းဆိုလျှင် ဗီယက်နမ်ကပင် ပိုကောင်းပါသေးသည်။ သို့သော် အလယ်တန်းကစားကွက်တွင် ဗီယက်နမ်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါ။ ခါးကျိုးနေသော သူတစ်ယောက်ကဲ့သို့ ဗီယက်နမ်အလယ်တန်းသည် ပျော့ပြောင်းလွန်းလှပါသည်။ ဘာမှ စွဲမက်လောက်စရာ မရှိပါ။ နောက်တန်းက တိုက်ရိုက် ကန်တင်ပြေး စနစ်ဖြင့် တင်ပေးသည့် ဘောလုံးများကိုသာ ဗီယက်နမ်တို့ အသုံးပြုခဲ့ရပါသည်။ မြန်မာအသင်းတွင် ပထမပွဲများနှင့် ဘာမှ မဆိုင်သည့်၊ ယခု ဆီးဂိမ်းကန်ပြီးသမျှတွင် အကောင်းဆုံးဟု ဆိုရမည့် အလယ်တန်းကစားကွက်ကို ရရှိခဲ့ပါသည်။ ထိုနေ့ကပွဲအတွက် အကောင်းကစားသမားများကို ရွေးချယ်ရမည်ဆိုလျှင် မိနစ် ၁၂၀ ပြီးသည်အထိ ရာဇာဝင်းသိန်း၊ စိုးသီဟအောင်၊ မိုးဝင်းနှင့် အောင်မျိုးသန့်တို့ကို ရွေးချယ်မိပါမည်။ ပင်နယ်တီမှသာ ဂိုးသမား ကျော်ဇင်ထက်က ကျော်တက်သွားခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်ပြောခဲ့သည့် အထဲတွင် နောက်တန်းကစားသည့် မိုးဝင်းမှလွဲ၍ ကျန်သူများသည် အလယ်တန်းကစားသမားများ ဖြစ်ကြပါသည်။ ဗီယက်နမ်အသင်း ဘောလုံးကို ထိခွင့်မရအောင်ပင် ထိုအလယ်တန်းကစားသမားတို့ ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါသည်။ အထူးသဖြင့် ရာဇာဝင်းသိန်းကစားဟန်ကိုကြည့်ရင်း မန်ယူအသင်းမှ စီရိုနယ်လ်ဒိုကို မြင်လာမိသည်ဟုဆိုလျှင် ကျွန်တော်က ပိုပြောသည်ဟု ထင်ကြပါဦးမည်။ သို့သော် ကိုယ်တိုင် ကြည့်ရှုခဲ့ကြသည့် ပရိသတ်များကို မေးမြန်းကြည့်နိုင်ပါသည်။ စဉ်းစားကြည့်ကြစေလိုပါသည်။ ထိုနေ့ကပွဲတွင် တစ်ပွဲလုံးကို ထိန်းသွားသည်က ရာဇာဝင်းသိန်းနှင့် စိုးသီဟအောင် ဖြစ်ပါသည်။ ဗီယက်နမ် နောက်တန်း ၃ ယောက်လောက် ထိန်းခဲ့ရသော ရာဇာဝင်းသိန်းသည် ထိုနေ့ကပွဲအတွက်တော့ တကယ့် စူပါ ဖြစ်ပါသည်။ သူအကွက်ဆင်ပေးသော၊ ဖန်တီးပေးသော ဘောလုံးတိုင်းကိုသာ ရှေ့တန်းတိုက်စစ်မှူးများ ပိုင်ပိုင်နိုင်နိုင် ကန်သွင်းနိုင်ခဲ့မည်ဆိုလျှင် ပင်နယ်တီကန်သွင်းရန်မဆိုထားနှင့် အချိန်ပိုပင် ကန်စရာမလိုပါ။ အနည်းဆုံး ၃-၄ ဂိုး ရနိုင်ပါသည်။ အပိုင်ကန်သွင်းနိုင်ရန် လွတ်လွတ်ကျွတ်ကျွတ် ဖန်တီးပေးခဲ့သော ဘောလုံးများကိုသာ ဆိုလိုပါသည်။ ရှေ့တန်းမှ စည်သူဝင်းတို့၊ စည်သူသန်းတို့၊ ပိုင်စိုးတို့ အခွင့်အရေးများကို မပိုင်နိုင်ခဲ့ကြပါ။
တစ်ဖန် အလယ်တန်း အဖျက်နေရာတွင် ကစားခဲ့သော စိုးသီဟအောင်ကို ကြည့်ပါမည်။ ထိုနေ့ကပွဲတွင် စိုးသီဟအောင်သည် အဓိက ကစားသမား ကီးပလေယာအဖြစ် ကစားသွားခဲ့ပါသည်။ အလယ်တန်းတွင် ဘောလုံးရသည်နှင့် သူ့ထံသို့ ပေးကြပါသည်။ သူကတစ်ဆင့်သာ ဘောလုံးများကို ဖြန့်ခွဲထုတ်ပေးပါသည်။ တစ်ပွဲလုံး မခိုမကပ်ဘဲ အတင်းဝင်အတင်းဖျက် ကစားနေသော၊ ဘောလုံးပေးပို့နေသော သူ့ကစားဟန်သည် အီတလီအသင်းမှ ဘောလုံးလူကြမ်းကြီး ဂတ်တူဆိုနှင့်ပင် ဆင်ပါသေးတော့သည်။ ဆံပင်ကြီးက ဘုတ်သိုက်နှင့် အရပ်က ကလန်ကလား၊ ကစားတာက အလှည့်၊ အလိမ်၊ အခေါက်တွေနှင့် ဟာခနဲ ဟင်ခနဲဖြစ်အောင် ကစားသွားခဲ့သော သူ့ကစားပုံကို ကျွန်တော့်မျက်စိထဲက မထွက်ပါ။ တစ်ပွဲလုံး ထိန်းကစားပေးနေသော သူ့ကို ဒုတိယပိုင်းတွင် နည်းပြဆရာက လူစားလဲလိုက်သောအခါ အနည်းငယ် စိတ်ပူမိသွားပါသည်။ တစ်ပွဲလုံး မခိုမကပ် ပြေးပြေးလွှားလွှား ကစားထားခဲ့ရသည့်အတွက် သူပင်ပန်းနေသည်မှာ သိသာပါသည်။ သို့သော် အချိတ်အဆက်မိနေသော သူ့ကို ထုတ်၍ အနားပေးလိုက်ခြင်းအတွက် နည်းနည်းတော့ စိုးရိမ်မိပါသည်။ လူစားဝင်လာသူသည် ဘယ်လောက်ပဲ ကောင်းနေပါစေ ချက်ချင်းတော့ ကစားကွက်နှင့် အသားကျမည် မဟုတ်ပါ။ ထိုအချိန်တွင် ဗီယက်နမ် အသင်းကများ ဂိုးရသွားရင်တော့ဟူသော စိတ်ဖြင့် စိတ်ပူမိခြင်း ဖြစ်ပါသည်။ သို့သော် သူ့ကို လူစားလဲလိုက်ချိန်တွင် သူ့နေရာသို့ ပြောင်းကစားသော ကစားသမားတစ်ဦးကြောင့် ပွဲက ဘာမှ ဖြစ်မသွားခဲ့ပါ။ စိုးသီဟအောင်ကဲ့သို့ပင် မခိုမကပ် လိုက်ပါကစားပေးခဲ့သော၊ စိုးသီဟအောင် ထွက်သွားခါမှ ခြေစွမ်းပြခွင့်ရခဲ့သော ကစားသမားကား အောင်မျိုးသန့် ဖြစ်ပါသည်။
စိုးသီဟအောင် ထွက်သွားပြီးသည့်နောက်ပိုင်း မြန်မာအသင်း၏ အလယ်တန်းကစားကွက်တစ်ခုလုံးကို အောင်မျိုးသန့်က ထိန်းကစားသွားခဲ့ပါသည်။ ၀ါရင့်ကစားသမားကြီးတစ်ဦးအလား ကစားခဲ့သော သူ့ကစားဟန်ကလည်း စွဲမက်ဖွယ်ဖြစ်ပါသည်။ ဘောလုံးရသည်နှင့် တောင်ပံနှစ်ဖက်သို့ ဘောလုံးများ ခွဲပေးတတ်သော သူ့ကစားဟန်ကို ကျွန်တော်အကြိုက်ဆုံး ဖြစ်ပါသည်။ ကွင်းလယ်တွင် အချိန်ဆွဲနေခြင်း၊ လိမ်ခေါက်နေခြင်းမရှိဘဲ ညာတောင်ပံရှိ ရာဇာဝင်သိန်းနှင့် ဘယ်တောင်ပံရှိ ပိုင်စိုးတို့ထံသို့ ဘောလုံးများ ခွဲပေးနိုင်သော သူ့အား မချီးကျူးဘဲ မနေနိုင်ပါ။
ဒုတိယပိုင်း တစ်ပိုင်းလုံးကို မြန်မာအသင်းက ထိန်းချုပ်ထားခဲ့ပါသည်။ ဗီယက်နမ်တို့အနေဖြင့် ခံစစ်သက်သက်ဖြင့်သာ ကစားရင်း တန်ပြန်တိုက်စစ်ဖြင့်သာ ထိုးဖောက်ခဲ့ရပါသည်။ မြန်မာအသင်းအနေဖြင့် ယခင်ကကဲ့သို့ တစ်ဖက်တည်းကိုသာ ကစားခြင်းမရှိတော့ဘဲ လွတ်နေသည့် ကစားကွက်များကို ဖော်ကစားခြင်း၊ လူပေးကစားခြင်း၊ တောင်ပံများသို့ ခွဲထုတ်ခြင်း၊ နောက်တန်းမှ ၀မ်းတူးတွဲလုံးလေးများဖြင့် ရှင်းထုတ်ခြင်း၊ တစ်ဖက်အသင်းမှ တိုက်စစ်ဆင်နေချိန်တွင် ခံစစ်ဇုန်ပြောင်းလဲ ကစားခြင်းများကို ကျွမ်းကျင်စွာ ကစားသွားနိုင်ကြသည်ကို တွေ့ရပါသည်။ အထူးသဖြင့် ဘောလုံးကို မိမိခြေထောက်ထဲတွင်ထားပြီး လိုအပ်သလို ကစားကွက်ဖော်ဆောင်ကာ ကစားသွားသည့် မြန်မာအသင်း၏ ကစားပုံသည် မြန်မာအသင်းမှ ဟုတ်ပါလေစဟုပင် မေးချင်လောက်ပါသည်။
သို့ရာတွင် သိသိသာသာမြင်သာသော အားနည်းချက်မှာ ရှေ့တန်းတိုက်စစ်မှူးများ ဂိုးပေါက်ပျောက်ခြင်း ဖြစ်ပါသည်။ နေရာယူတတ်မှုအားနည်းနေသည်ကို အထင်းသား တွေ့နေရပါသည်။ တောင်ပံနှစ်ဖက်မှ ဘောလုံများကို ဂိုးရှေ့သို့ တင်ပို့ပေးပါသည်။ သို့သော် ရှေ့တန်းတွင် မည်သူက ဂိုးသွင်းမည်နည်း ဆိုသည်ကို နားမလည်နိုင်ပါ။ တိုက်စစ်မှူးအားလုံးသည် တစ်ဖက်နောက်တန်းလူများ၏ နောက်တွင်သာ ရောက်နေသည်ကို တွေ့ရပါသည်။ ပထမဆုံး ထိုင်းနှင့်ပွဲတွင် ကျွန်တော်ဝေဖန်ခဲ့သည့် စည်သူဝင်းသည် သူ၏ တစ်ကိုယ်တော် ဂိုးသွင်းချင်သည့်စိတ်များကို ထိန်းချုပ်နိုင်မှု မရှိသေးကြောင်း တွေ့ရပါသည်။ သူဂိုးသွင်းမှ မြန်မာအသင်းနိုင်မည်မဟုတ်ပါ။ မြန်မာအသင်းမှ မည်သည့်ကစားသမားပဲ သွင်းသွင်း အနိုင်ရမည် ဖြစ်ပါသည်။ ထိုအချက်ကို နားလည်ဖို့လိုပါသည်။ မဟုတ်ပါက ဆင်ပေးသမျှဘောလုံးများကို သူကဖြုန်းတီး၊ ဘေးချော်ကန်၊ တစ်ကိုယ်တော် အစွမ်းပြလုပ်နေလျှင် နောက်ဆိုလျှင် အလယ်တန်းကစားသမားများက ဘောလုံးပေးတော့မည် မဟုတ်ပါ။ တစ်ကိုယ်ကောင်းဆန်သော ဘောလုံးသမားကို ကွင်းထဲတွင် ၀ိုင်းကျဉ်ရန် ကိစ္စသည် ဘာမှ ခက်ခဲသော အလုပ်တစ်ခုမဟုတ်မှန်း ဘောလုံးကစားဖူးသူတိုင်း သိကြပါသည်။ ထိုအခါ ဘောလုံးလည်းကိုယ့်ဆီမရောက်၊ လူပေးမယ့်လူလည်းမရှိဖြစ်ကာ ကွင်းထဲတွင် လူပိုကြီးဖြစ်လျက် ဟိုပြေး ဒီပြေးနှင့် မျက်နှာအလွန်ငယ်ရပါသည်။ ငယ်ရွယ်သေးသည့် သူ့လိုကစားသမားများအတွက် ပြင်ဆင်သင့်ပါသည်။ နောင်ပြိုင်ပွဲများစွာကို ကစားရဦးမည်ဖြစ်ပါသည်။
ဆိုခဲ့သည့်အတိုင်း ရှေ့တန်းအားနည်းနေသည်ကို မြန်မာနည်းပြအနေဖြင့်မည်သို့ အချိန်မီ ဖာထေးမည် ဆိုသည်ကို ဖိုင်နယ်ပွဲတွင် ကြည့်ရမည်ဖြစ်ပါသည်။ ထိုင်းအသင်းသည် တိုက်စစ် ထက်မြက်သော အသင်း ဖြစ်ပါသည်။ အသင်းလိုက်ကစားပုံလည်း အကောင်းဆုံးပုံစံကို ရရှိနေသော အသင်းဖြစ်ပါသည်။ ထိုသို့ ဆိုသည့်အတွက် ထိုင်းအသင်းကို ကြောက်ရန်ပြောနေခြင်း၊ ထိုင်းအသင်းကို အထင်ကြီးနေခြင်း မဟုတ်ပါ။ မိမိပြိုင်ဖက်အကြောင်းကို အဖက်ဖက်က သိထားပါမှ ဘယ်နေရာတွင် အားနည်းချက်ရှိသည်၊ ဘယ်နေရာက သူတို့အားသာသည်၊ ကိုယ်က ဘယ်လိုပြင်ဆင်ရမည်ကို တွက်ဆနိုင်မည် ဖြစ်ပါသည်။ သို့မှလည်း မြန်မာပရိသတ်များ မျှော်လင့်နေသော ဆီးဂိမ်းချန်ပီယံဆိုသော ဘွဲ့ကို ရရှိမည်ဖြစ်ပါသည်။
ကျွန်တော် သေချာပေါက်ပြောရဲပါသည်။ ဗီယက်နမ်အသင်းနှင့်ကန်စဉ်က ကစားကွက်၊ လူအခင်းအကျင်းနေရာတွင် တိုက်စစ်ကိုသာ နည်းနည်းလေးပြောင်းလဲလိုက်ပါ။ မြန်မာအသင်းအနေဖြင့် ထိုင်းအသင်းကို မနိုင်စရာအကြောင်း လုံးဝ မရှိပါ။ ဗီယက်နမ်အသင်းနှင့် ကစားခဲ့စဉ်ကအတိုင်းသာ ကစားပါမူ ဆီးဂိမ်းဘောလုံးပြိုင်ပွဲရွှေတံဆိပ်သည် မြန်မာအသင်းအတွက်သာ ဖြစ်ပါသည်။ ကျွန်တော်ပြောရဲပါသည်။ မြန်မာအသင်းသည် ထိုင်းနှင့်ပွဲတွင် ဗီယက်နမ်နှင့်ပွဲကထက် ပိုမိုအားထည့် ကစားပါလိမ့်မည်။ လက်တစ်ကမ်းသာ ရှိတော့သော ရွှေတံဆိပ်ဆုအတွက် သူတို့တွေက ကျွန်တော်တို့ထက် ပိုမို လိုချင်ပေလိမ့်မည်။ မြန်မာ့ဂုဏ်ကို ဆောင်ချင်ပေလိမ့်မည်။ ထိုအချက်ကို ယုံမှားသံသယ ရှိရန်မလိုပါ။
မြန်မာဘောလုံးအသင်းသည် မြန်မာတို့၏ မျှော်လင့်ချက်ဖြစ်ပါသည်။
အခြားဆုတံဆိပ်များကို မမက်မောပါ။ ဘောလုံးရွှေဆုကိုတော့ မက်ပါသည်။
မြန်မာတွေမညံ့ပါ။ မြန်မာတွေ မညံ့ကြောင်းကို မြန်မာဘောလုံးအသင်းက ပြသပါလိမ့်မည်။
ထိုင်းအသင်းသည် မြန်မာအသင်း၏ ခါးသီးသောပြိုင်ဖက်ဖြစ်ပါသည်။
ရာစုအတော်ကြာ ထိုင်းအသင်းကို မြန်မာတွေ မနိုင်ခဲ့သည်မှာ အမှန်တရားဖြစ်ပါသည်။
ထိုအမှန်တရားကို ယခုမြန်မာအသင်းက ချေဖျက်ပြီး ကမ္ပည်းမော်ကွန်းအသစ် ထိုးကြပါလိမ့်မည်။
မြန်မာကတော့ ငယ်နိုင်ပါပဲ ဟူသော ထိုင်းဘောလုံးအသင်း၏ စိတ်ဓာတ်ကို မြန်မာအသင်းက ရိုက်ချိုးပြလိမ့်မည်ဟု ယုံကြည်နေပါသည်။
တစ်နည်းဆိုသော် မြန်မာ နှင့် ထိုင်းအသင်းတို့၏ ဘောလုံးဗိုလ်လုပွဲသည် ဘောလုံးပညာပြိုင်ဆိုင်သည် ဆိုခြင်းထက် စိတ်ဓာတ်အင်အား ပြိုင်ဆိုင်ပွဲဟု ဆိုချင်ပါသည်။ မိမိနိုင်ငံနှင့် မိမိလူမျိုးအတွက် ထိုင်းတို့ကလည်း အားသွန်ခွန်စိုက် ပြိုင်ဆိုင်ပါလိမ့်မည်။ မြန်မာတို့ကလည်း ရေကုန်ရေခန်း၊ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ပါလိမ့်မည်။
ကောင်းမွန်သော ဆန္ဒမဟုတ်သော်လည်း မြန်မာတစ်ဦးဖြစ်သည့်အတွက် ဖြစ်မိသည့် ဆန္ဒတစ်ခု ရှိပါသည်။
“အိမ်ရှင် ထိုင်းပရိသတ်တို့ မျက်ရည်လည်ရွဲဖြင့် ငိုကြွေးနေသည်ကို ရုပ်မြင်သံကြားမှတစ်ဆင့် မြင်လိုပါသည်” ဟု ကျွန်တော့်ရင်ထဲတွင် ဖြစ်နေသောဆန္ဒကို မိတ်ဆွေက ကန့်ကွက်ရှုတ်ချလာပါလျှင် ကျွန်တော် ကျေနပ်စွာ ခံယူပါသည်။
အဘယ်ကြောင့်ဆိုသော်.....
မြန်မာအသင်း နိုင်စေချင်ပါသည်...................
မြန်မာနိုင်ပြီဟု သီကျူးလိုက်ချင်ပါသည်.....................
ချန်ပီယံမြန်မာကွဟု လက်မထောင်လိုက်ချင်ပါသည်............................
ကိုဉာဏ် (ပန်းလောင်မြေ)