ပြောရဦးမယ်။ ၁၆-၁၀-၂၀၀၈ ရက်နေ့က ရတနာပုံမြို့သစ်မှာ ကျင်းပပြုလုပ်တဲ့ အိုင်စီတီ ပြပွဲကို သွားခဲ့တဲ့အကြောင်းပါ။ သူငယ်ချင်းတွေက အတန်တန်တားတဲ့ကြားက ကျွန်တော်ကိုက တစ်ခါမှ မရောက်ဖူး၊ မကြုံဖူးတဲ့အတွက် သွားချင်လွန်းလို့ သွားခဲ့တဲ့ခရီးပါ။ သူတို့တွေက ယခင်နှစ် အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဘာမှဟုတ်တိပတ်တိမရှိဘူးတဲ့။ အဖြစ်ပဲများတယ်တဲ့။ ကျွန်တော်က လက်မခံပါဘူး။ ဒီလောက် အကုန်အကျခံပြီး တကူးတကလုပ်တဲ့ပွဲကတော့ အဲဒီလိုမဟုတ်လောက်ပါဘူးပေါ့။ အရင်နှစ်တွေကနဲ့ မတူဘဲ ဒီနှစ်မှာ ကောင်းရင် ကောင်းနေမှာပေါ့ဆိုပြီး သူတို့တွေကိုပါ ရအောင်မဲဆွယ်ပြီး ချီတက်ခဲ့ကြပါတယ်။ ပြင်ဦးလွင်ကနေ မိနစ်၂၀ လောက် ဆိုင်ကယ်နဲ့ ဆင်းရပါတယ်။ လမ်းကောင်းတော့ လူလည်းသက်သာပါတယ်။ ဟိုရောက်တော့ မနက် ၉ နာရီခွဲလောက်ရှိပါပြီ။ လူကျိုးတိုးကျဲတဲသာ တွေ့ရပါတယ်။ ဆိုင်ကယ်အပ်ရပါတယ်။ တစ်စီးကို ၅၀၀ိ/ ပေးရပါတယ်။ ပထမဆုံး ပြခန်းတွေပြတဲ့ အဆောက်အဦးကို ၀င်ကြည့်ကြပါတယ်။ အပြင်မှာတော့ LCD Screen အကြီးကြီးနဲ့ ဘာတွေပြနေမှန်းသေချာမသိပါ။ ဗီစီဒီထိုးပေးထားတာလား၊ တိုက်ရိုက်ပြနေတာလား ဘာမှ မကွဲပြားပါ။
ဝင်ပေါက်ရောက်တော့ လုံခြုံရေးက နည်းနည်းပါးပါးစစ်ပါတယ်။ အမှန်အတိုင်းပြောရရင် နည်းနည်းများ ပြီးစလွယ်ဆန်နေသလားလို့ပါ။ စစ်ချင်သလိုမစစ်ချင်သလိုနဲ့ ၀တ်ကျေတန်းကျေလုပ်နေရတဲ့ပုံပါ။ ဒီအဆောက်အအုံအတွင်းမှာ ဘာပြဿနာမှမဖြစ်ဖို့ ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်နဲ့ စစ်ဆေးတာမဟုတ်တာတော့သေချာပါတယ်။ စစ်ဆေးရေးကိရိယာလေးနဲ့ ဟိုရမ်းဒီရမ်းလုပ်ပြီး ဘာမှလည်း မမေးသလို ဘာမှလည်းမပြောပါဘူး။ တွေးလိုက်ပါတယ်။ စစ်ဆေးရေးကိရိယာက အင်မတန်ကောင်းတဲ့အတွက် တကယ်လို့ တစ်ခုခု အန္တရာယ်ရှိတာပါလာရင် သေချာပေါက်အချက်ပြမှာပဲလို့ ယုံကြည်လို့ဖြစ်မယ်လို့ပေါ့။ ဒါပေမယ့် နောက်ဘက်လှေခါးကနေ ပြန်ထွက်တဲ့အချိန်ကျမှ ရှေ့ပေါက်မှာသာစစ်ဆေးနေတာ နောက်က ထွက်ပေါက်မှာကျတော့ ဘယ်သူမှလည်းမရှိ၊ မစစ်ဆေးဘဲနဲ့ကိုး။ ဘာနဲ့တူသလဲဆိုတော့ မျက်နှာမှာသနပ်ခါး အဖွေးသားလိမ်းထားပြီး နောက်ကျောမှာ ရွှံ့တွေဖုန်တွေ ဗရပွနဲ့ ပေကျံနေတဲ့လူတစ်ယောက်လို ပါပဲ။ ထားပါတော့။ အထဲက ပြခန်းတွေကို လိုက်ကြည့်ကြတယ်။ ဘာတွေပြထားမှန်းတော့ သေချာမသိပါဘူး။ ဘယ်သူကမှလည်း ဒါကဘာပါတို့ ဒါကိုဘယ်လိုသုံးရတယ်တို့ ရှင်းမပြကြပါဘူး။ လက်ကမ်းစာရွက်တွေတော့ အများကြီးရခဲ့တယ်။ ဘယ်လောက်များဆိုးသလဲဆိုရင် အခုပဲ သူ့ဆီက လက်ကမ်းကိုယူခဲ့တယ်။ အဲဒီရှေ့က နောက်တစ်ခေါက်ထပ်ဖြတ်တော့ ထပ်ပေးတယ်။ ဒါနဲ့ မသင်္ကာလို့ တမင်ရွဲ့ပြီးကို နောက်ထပ်ဖြတ်လျှောက်တယ်။ အောင်မယ်လေးဗျာ။ အဲဒီ ကိုကိုမမတို့က ထပ်ပေးတာပဲဗျ။ ပေးပြီးပြီလေလို့ ဆိုတော့ ရယ်ရယ်မောမောပဲ။ ရပါတယ်။ ယူသွားပါတဲ့။ တော်သေးတာပေါ့။ အခြားလူတွေကို ပေးလိုက်ပါဆိုပြီး ကိုယ့်ကို ပြန်ပြီး လက်ကမ်းမဝေခိုင်းလို့။ လက်ကမ်းတွေကို ဖတ်လိုက်တော့လည်း အမှားတွေက ဗရပွနဲ့။ ပြီးတော့ အဖြစ်ပဲ လုပ်ထားလိုက်တာများ။ တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေများမြင်ရင် ရယ်လိုက်မယ့်ဖြစ်ခြင်းဗျာ။ ရှက်စရာကောင်းပါတယ်။ Beginner Course ကို Begineer Course ဆိုပြီး ရေးလို့ရေး။ British English နဲ့ American English ကို တွဲပြီးရေးလို့ရေးနဲ့။ ဘာတွေမှန်းကို မသိတော့ပါဘူး။ သူငယ်ချင်းပြောသလိုပါပဲ။ ကွန်ပျူတာကျွမ်းကျင်တဲ့လူတွေက အင်္ဂလိပ်စာကို သိပ်ပြီးအလေးမထားတော့ဘူး။ သိပ်ပြီး ဂရုမစိုက်တော့ဘူးတဲ့။ သူကဟာသပြောတာပါ။ ဒါပေမယ့် ကျွန်တော်တွေးစရာရလိုက်တယ်။ ထားပါတော့။ ဒါက ဘာမှမဟုတ်တဲ့အကြောင်းလေးတွေကို ကြုံလို့ပြောတာပါ။ အရေးမကြီးပါဘူး။ အရေးကြီးတာက အဲဒီပြခန်းတွေကို ၀င်ကြည့်ပြီး မေးလိုက်ရင် ဘာမှသေသေချာချာ ဂဃနဏရှင်းမပြနိုင်တာပါ။ ကိုယ်တင်ထားတဲ့ပစ္စည်းအကြောင်းကိုတောင် ကိုယ်သေချာမသိပါဘူး။ ဟိုလူ့ကို လှမ်းခေါ်လိုက်၊ ဒီလူ့ကိုလှမ်းခေါ်လိုက်နဲ့။ လိုချင်တဲ့ပစ္စည်းကိုမေးရင်လည်း ပါမှန်းမပါမှန်း မသိပြန်ဘူး။ လှမ်းမေးရပြန်ရော။ အဲဒီပစ္စည်းပါသလားပေါ့။ ဟိုကလည်း ပါတယ်မပါဘူး သေချာစဉ်းစားပြီး မပါဘူးချည်းပဲ လုပ်နေတော့တာပါပဲ။ ကျွန်တော် အတော်လေးကို လန့်သွားပါတယ်။ ဒီလူတွေ ဒီပြခန်းတွေလာလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ အဲဒီရည်ရွယ်ချက်တွေ အောင်မြင်ရဲ့လားဆိုတာကို တွေးမိလို့ပါ။
ဒါနဲ့ပဲ ဘာကိုမှ မမေးတော့ဘဲ ဆိုင်ခန်းတွေကို တစ်ခန်းဝင်တစ်ခန်းထွက် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပဲ လုပ်ရတော့တယ်။ လက်ကမ်းစာရွက်တွေကတော့ ဘာရသလဲမမေးနဲ့။ အရေးထဲမှာ ဒုတိယထပ်ရောက်တော့ ကွန်ပျူတာသင်တန်းတက်ဖို့ လာဆွယ်နေသေးတယ်။ ဘယ်နှရာခိုင်နှုန်းလျှော့ဈေးနဲ့ အခုစာရင်းသွင်းလို့ရပါတယ်ဘာညာ လာလုပ်နေသေးတယ်။ လူက အတော်ကို စိတ်အချဉ်ပေါက်နေတာမို့ သင်တန်းမတက်ချင်ဘူး။ သင်တန်းနည်းပြဆရာလိုရင်တော့ အလုပ်လျှောက်ချင်ပါတယ်ဆိုပြီး ဘုတောလိုက်တော့မှ မရွှေချောက ပါးစပ်ဗျစ်တောက်ဗျစ်တောက်လုပ်ပြီး ကျန်ခဲ့လေရဲ့။
အပေါ်ဆုံးထပ်မှာတော့ ဖျော်ဖြေရေးခန်းမဆိုပြီး လူတွေပြည့်နေတာတွေ့ရတယ်။ သြော် လူတွေက ပြခန်းတွေကို လာကြည့်ကြတာမှ မဟုတ်ဘဲကိုး။ ဖျော်ဖြေရေးလာကြတာကိုး။ များလိုက်တဲ့လူတွေမှ တိုးမပေါက်အောင်ပါပဲ။ စင်ပေါ်မှာလည်း ဘာတွေကနေမှန်း မသိပါဘူး။ ညီလည်းမညီညာဘဲနဲ့ ကနေလိုက်ကြတာကို အားပေးနေတဲ့ပရိသတ်ကိုလေးစားလောက်ပါတယ်။ လူလည်း အတော်လေး စိတ်အိုက်လာတာမိုး အောက်ဆုံးထပ်ကို ပြန်ဆင်းလာခဲ့တယ်။ မြေညီထပ်နောက်ဖက်ကို ရောက်တော့မှ အဲဒီမှာ အင်တာနက်ကဖေး ဖွင့်ထားတာကို တွေ့ရတယ်။ စက်သုံးနေတဲ့လူတွေကတော့ သူတို့ဘေးကလူ ဘာလုပ်နေတယ်ဘာတွေရေးနေတယ်ဆိုတာကို မသိသလို သူတို့ရေးနေတာ၊ လုပ်နေတာတွေကိုလည်း မမြင်ရပါဘူး။ ဒါပေမယ့် နောက်ကျောဘက်ကနေ လာကြည့်တဲ့လူတွေက ဘယ်သူမဆို သူတို့ စာရေးနေတာတွေ၊ အင်တာနက်စာမျက်နှာတွေ ဖတ်နေတာတွေကို အတားအဆီးမရှိ မြင်နေရ၊ တွေ့နေရတော့ ရယ်ချင်သွားမိတယ်။ နည်းနည်းလေးနောက်ချင်တာနဲ့ Chatting လုပ်နေတဲ့ ကလေးမလေးတစ်ယောက်ကို ဟိတ်..ဘာတွေညာနေတာလဲဆိုပြီး လှမ်းနောက်လိုက်တော့ မရွှေချောက အဲဒီတော့မှ minimize တွေဘာတွေလုပ်လို့။ ဟားဟား။ ပါးစပ်ကဘာတွေရွတ်နေမှန်းမသိခင် အမြန် ထွက်လာခဲ့ရတယ်။
Stage Show လုပ်တဲ့စင်ကိုကြည့်ပြီး အဆိုတော်တွေကို အတော်လေးသနားသွားမိတယ်။ သူတို့တွေ ဒီလောက်နေပူကြီးထဲမှာ နေကိုမျက်နှာမူပြီး ဘယ်လိုများ ခံစားပြီးသီဆိုဖျော်ဖြေကြသလဲမသိဘူး။ စင်ကြီးက နေပူကြီးထဲမှာ ဟီးနေတာပဲ။ ပူလိုက်အိုက်လိုက်မယ့် ဖြစ်ခြင်းဗျာ။ ထားပါတော့။ နေ့လည် ၁ နာရီမှာ ပွဲစမယ်လို့ကြေညာနေတာ ကြားနေရတယ်။ စောင့်မကြည့်တော့ပါဘူး။ ပြင်ဦးလွင်ဂီတပွဲတော် ကိုယ်တွေ့လေးတွေက ရှိထားတော့ တော်ကြာ ကိုယ်ပါကြားထဲကနေ ဟိုရှောင်ရ၊ ဒီပြေးရ လုပ်နေရဦးမယ်။ ဂီတပွဲကို ကြည့်ရတာကနည်းနည်း စိတ်မချမ်းသာတာ၊ စိတ်တိုရတာက များများဆို မတန်ပါဘူးဆိုပြီး ပြန်လာခဲ့ကြကြောင်းပါ။
အမှတ်တရ
ကိုဉာဏ်(ပန်းလောင်မြေ)
(P.S. ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ စတေ့ခ်ျရှိုးမှာ ရန်ဖြစ်ကြတာမှ အကြီးအကျယ်ပဲလို့ ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ပြန်ပြောပြတော့ စိတ်မတိုနိုင်ဘဲ ရယ်မိပါတယ်)
Monday, December 22, 2008
ရတနာပုံအိုင်စီတီပွဲတော်သို့တစ်ခေါက်
Posted by Ko Nyan Posted Time 10:35 AM 0 Comment(s)
Labels ကိုယ်တွေ့
Monday, December 15, 2008
ပြင်ဦးလွင်ပန်းပွဲတော်နှင့်ဂီတပွဲတော်ကိုယ်တွေ့
မအားသည့်အတွက် ကြည့်ခွင့်မရခဲ့ပါသည်။ ဂီတပွဲတော် နောက်ဆုံးနေ့တွင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ရောက်အောင်သွားမည်ဟုဆိုကာ သွားခဲ့သဖြင့် ရောက်ခဲ့ရခြင်းဖြစ်ပါသည်။ ကျွန်တော်ရယ် သူငယ်ချင်း ယဉ်ထွန်းရယ်၊ ဇော်လှိုင်ထွန်းရယ် သုံးယောက်သွားကြပါသည်။ အနယ်နယ်အရပ်ရပ်မှ တက်လာကြသော ပရိသတ်များဖြင့် စည်းကားသည်ကို တွေ့ရပါသည်။ ပထမဆုံး National Landmark ကိုသွားပါသည်။
ထိုနေရာတွင် မြို့မတီးဝိုင်းဖြင့် ဖျော်ဖြေရန် ပြင်ဆင်ထားသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ရောက်တာ စောနေသေးသည့်အတွက် အစီအစဉ်များ မစသေးပါ။ ထို့ကြောင့် ဂီတပွဲတော်ကျင်းပရာ ကန်တော်ကြီးသို့ ချီတက်ကြပါသည်။ ဆိုင်ကယ်များ၊ ကားများဖြင့် ရှုပ်ရှက်ခတ်နေသောကြောင့် အတော်ကို သတိထားပြီး
ဆိုင်ကယ်စီးရပါသည်။ ၀င်ပေါက်ကိုရောက်တော့ ဆိုင်ကယ်အပ်ရပါသည်။ တစ်စီးလျှင် ၁၀၀၀ိ/- ပေးရပါသည်။ ပုံမှန် ဆိုင်ကယ်အပ်ခတစ်စီးလျှင် ၂၀၀ိ/- သာပေးရပါသည်။ ဘယ်လိုဖြစ်ပြီး...........။ ကျွန်တော်ဆက်မတွေးတော့ပါ။ ပေးလိုက်ပါသည်။ ကန်တော်ကြီးထဲသို့ ၀င်ခွင့်လက်မှတ်ဝယ်ရပါသည်။ ဥယျာဉ်တွင်းသို့ ၀င်ကြေးသက်သက်ဟု ဆိုပါသည်။ ဂီတပွဲတော် စတေ့ခ်ျရှိုးကြည့်ဖို့က လက်မှတ်သတ်သတ်ဝယ်ရမည်ဟု ဆိုပါသည်။ ဟုတ်ကဲ့ပါပေါ့။ ၀င်ကြေးက တစ်ဦးလျှင် ၁၀၀၀ိ/- ပေးရပါသည်။ ပေးလိုက်ပါသည်။ လမ်းကျတော့ ဂီတပွဲတော်လက်မှတ်ရောင်းသော နေရာလေးတစ်ခု တွေ့ရပါသည်။ လက်မှတ်တစ်စောင်လျှင် ၃၀၀၀ိ/- ပေး၍ ၀ယ်ရပါသည်။ ယနေ့ နောက်ဆုံးနေ့အဖြစ် Hip Hop ဖျော်ဖြေပွဲဖြစ်သည်ဟု သိရပါသည်။ ဘာပဲဖြစ်ဖြစ် ကြည့်ရတာပေါ့လေ။ ဂီတပွဲတော် ကျင်းပြပြုလုပ်သည့်နေရာက ကန်တော်ကြီးအတွင်းရှိ မျှော်စင်အောက်မှာ ဖြစ်ပါသည်။ ပြင်ဦးလွင်တစ်မြို့လုံးကို မြင်နိုင်သော မျှော်စင်အောက်တွင် စင်ထိုး၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ Main စပွန်ဆာအဖြစ် ဒဂုံဘီယာမှ ပံ့ပိုးပေးထားသည်ဟု သိရပါသည်။ ကျွန်တော်တို့ရောက်တော့ အနည်းငယ်စောနေသဖြင့် ပွဲမစသေးပါ။ ပရိသတ်လည်း အတော်နည်းနေသည်ကို တွေ့ရပါသည်။ ဘယ်လိုဖြစ်တာလဲပေါ့။ မေးမြန်းကြည့်ရာ ပရိသတ်က အဓိက စိုင်းစိုင်းခမ်းလှိုင်ကို လာကြည့်ကြခြင်းဖြစ်ကြောင်း။ စိုင်းစိုင်းက နောက်ဆုံးမှ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ပရိသတ်များက အေးအေးဆေးဆေးမှ လာကြမည်ဖြစ်ကြောင်း သိရပါသည်။ သြော် ဂလိုကိုးဟုသာ မှတ်ချက်ချရပါသည်။ တကယ်လည်း နောက်ပိုင်းတွင် ကွင်းတစ်ခုလုံးအပြည့် ပရိသတ်များဝင်လာသည်ကို တွေ့ခဲ့ရပါသည်။ နေ့လည် ၁ နာရီတွင် ပွဲစမည်ဟု လက်မှတ်တွင်ရေးထားသော်လည်း ၁၀ မိနစ်ခန့်နောက်ကျပြီးမှ ပွဲကိုစတင်ပါသည်။
ကျွန်တော်ကိုယ်တိုင်က ဟစ်ဟော့ပ်နှင့် အလှမ်းဝေးသူမို့ ဘယ်သူတွေ တက်ဆိုနေကြမှန်း သေချာမသိပါ။ သေသေချာချာ သိသည်ကတော့ မြန်မာလူမျိုးများ၏ အကျင့်စရိုက်ဖြစ်ပါသည်။ စင်ပေါ်သို့ ရေသန့်ဗူးများ၊ တုတ်ချောင်းများ၊ ခဲလုံးများဖြင့် ပစ်ပေါက်ကြခြင်း ဖြစ်ပါသည်။ အတော်ကို အကြည့်ရဆိုးပါသည်။ ထို့ထက်ပိုဆိုးသည်က ရန်ပွဲများဖြစ်ပါသည်။ ကျွန်တော်ရေတွက်ခဲ့တာ မမှားလျှင် အနည်းဆုံး ရန်ပွဲ ခုနစ်ပွဲလောက် ကြည့်ခဲ့ရပါသည်။ မည်ကာမတ္တရန်ပွဲများမဟုတ်ပါ။ နှာခေါင်းကျိုး၊ ခေါင်းကွဲ၊ ဒူးပြဲ၊ နားထင်ပေါက်နှင့် တကယ့်ကို သွေးသံရဲရဲဖြင့် ဖြစ်ကြသော ရန်ပွဲများဖြစ်ပါသည်။ သို့သော် မည်သည့်လုံခြုံရေးမှ လာရောက်ဖျန်ဖြေခြင်း၊ ဖျန်ဖြေပေးခြင်း၊ ဖမ်းဆီးအရေးယူခြင်း ပြုလုပ်သည်ကို မတွေ့ရပါ။ အတော်လေးအံ့သြမိပါသည်။ ဖြစ်နေကျပဲလေဟု သဘောထားကြလေသလား မတွေးတတ်ပါ။ သေချာသည်ကတော့ ဘေးမှ ငြိမ်းချမ်းစွာ အားပေးနေသော ပရိသတ်ကိုတော့ ထိခိုက်သည်မှာ အမှန်ဖြစ်ပါသည်။ ရန်ဖြစ်ပြီဆိုသည်နှင့် ဟိုပြေးရဒီပြေးရ၊ သူတို့ပစ်ပေါက်သော တုတ်ချောင်းများ၊ ခဲများကိုလည်း ရှောင်ရတိမ်းရနှင့် အတော်ကို အနေအစားပျက်ရပါသည်။ ထားပါတော့။ ဖျော်ဖြေပွဲကို ပြန်ဆက်ပါမည်။ ဘယ်သူတွေမှန်းမသိ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်လာကြ၊ ဆိုကြ၊ ဆင်းသွားကြဖြစ်ပါသည်။ ထိုအထဲတွင် ပြင်ဦးလွင်သားနှစ်ယောက်အဖွဲ့ဆိုပြီး တက်ဆိုသော နှစ်ယောက်ကိုတော့ အတော်ကို မျက်မုန်းကျိုးသွားပါသည်။ စင်ပေါ်သို့ တက်လာကတည်းက သူများတွေလို မင်္ဂလာပါ ဘာညာမပြောဘဲ အင်္ဂလိပ်လို ဆဲဆိုပြီး တက်လာပါသည်။ သူတို့ကို ဘယ်သူတွေမှန်း ကျွန်တော်မသိပါ။ ကျွန်တော်သိသည်က လက်ထဲတွင် မိုက်ကရိုဖုန်းရသွားသည်နှင့် သူတို့လုပ်ချင်ရာကို လုပ်ခွင့်ရပြီဆိုသည့်ပုံစံနှင့် သီချင်ဆိုသွားသည်ကို တွေ့ရပါသည်။ ဘာတွေဆိုမှန်းလည်းမသိပါ။ တစ်ခါမှလည်း မကြားဖူးပါ။ ဘေးက လူငယ်တွေကို မေးကြည့်တော့လည်း သူတို့လည်း ထိုအဖွဲ့ကို မသိကြောင်း။ ထိုသီချင်းကို တစ်ခါမှ မကြားဖူးကြောင်း သိရပါသည်။ အတော်လေးကို ရိုင်းစိုင်းသည့်အဖွဲ့ဖြစ်ပါသည်။ စင်ပေါ်မှ ဆင်းကာနီးတွင် တစ်ခါထပ်ဆဲသွားပါသေးသည်။ ကျွန်တော့်မှာ စင်ပေါ်သို့တက်၍ ပြေးထိုးချင်စိတ်ကို အတော်ကိုထိန်းရပါသည်။
ကျွန်တော်သိသော အဆိုတော်များ တက်လာတော့ လူက နည်းနည်းတော့လန်းသွားပါသည်။ သီချင်းလေးတွေ လိုက်ဆိုလို့ရသည်။ စည်းချက်ဝါးချက်နှင့်အညီ လိုက်လှုပ်လို့ရသည်ကိုး။ ငယ်ငယ်က သီချင်း (၄)ပုဒ်ဆိုသွားသည်။ ဂျင်းနီက (၄)ပုဒ်။ ပြီးတော့ ဒီဂျေဂျေးက သီချင်း (၄)ပုဒ်ကို ဒီဂျေပွတ်ပြီး ပရိသတ်ကို ကခိုင်းသည်။ သူ့ဟာနဲ့သူတော့ ဟုတ်နေကြသည်။ ရဲလေးတက်လာတော့ ပရိသတ် နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ရဲလေးပရိသတ်အတော်များကြောင်း တွေ့ရသည်။ ရဲလေးဆိုသမျှကို အောက်ကနေ လိုက်ဆိုကြသည်။ ရဲလေးပြီးတော့ ဂျောက်ဂျက်ဆိုတာ တက်လာသည်။ စတက်လာကတည်းက အငြိမ်တက်မလာ။ ခုန်ပေါက်ပြီး ထွက်လာတာ တွေ့ရသည်။ ပရိသတ်ကလည်း အတော်လေးအားပေးသည်ကို တွေ့ရသည်။ ကျွန်တော့်မှာ အမှန်အတိုင်းပြောရလျှင် ဂျောက်ဂျက်ဆိုသည့်အဆိုတော် ရှိမှန်းပင်မသိ။ သူ့သီချင်းတွေ ကြားဖူးဖို့ဆိုတာ ဝေလာဝေး။ သို့သော် ပရိသတ်က သူဆိုသမျှ လိုက်ဆိုကြသည်ကိုတွေ့ရသည်။ ဟုတ်လှချည်လားပေါ့။ သူ့သီချင်းများတွင် စကားလုံးကြမ်းကြမ်းတမ်းတမ်းများ ပါနေသည်ကိုတွေ့ရသည်။ လူငယ်တွေက ထိုစကားလုံးတွေကိုပဲ ခုံမင်နေသလားဟု ရင်လေးစွာတွေးရင်း ဘုရားတမိသည်။ ပရိသတ်က ယောက်ျားလေးတွေချည်းပဲ မဟုတ်။ မိန်းကလေးပရိသတ်တွေလည်းအများကြီး။ သူဆိုသည့် စကားလုံးတွေက သေချာပေါက် မောင်နှင့်နှမ၊ သားနှင့်အမိ နားထောင်လို့ရသော စကားလုံးများမဟုတ်ချေ။ ခေတ်ကိုပဲ ပုံချရတော့မည်ထင်သည်။ ကျွန်တော်တို့တွေကိုက ခေတ်မမီတော့တာ ဖြစ်မည်။ နောက်ဆုံးဖျော်ဖြေသူက စိုင်းစိုင်းခမ်းလှိုင်။ ပရိသတ်အားလုံး ၀ရုန်းသုန်းကား အားပေးကြသည်။ စိုင်းစိုင်းခမ်းလှိုင်က သစ္စာတော် (၇) ဖြင့် စတင်ဖွင့်လှစ်သည်။ ထို့နောက် ကြေငြာရန်မလိုဖြင့် ပရိသတ်ကို လီဗာမြှင့်သည်။ သူ့သီချင်းတွေအားလုံးနီးပါးက လူတိုင်းရကြတော့ လိုက်ဆိုကြ ကကြနှင့် ပျော်စရာကြီးပဲဖြစ်သည်။ တစ်ခုရှိသည်က သူနှင့်အတူဆိုသည့် တစ်ယောက်က ယခင်ဆိုသည့် Litကောင်းမြတ်လို အဆိုမညက်ညောခြင်းဖြစ်သည်။ သူ့အသံကြီးက စူးပြီးထွက်ထွက်လာတော့ သီချင်းကို ခံစားရတာ အတော်ကို ရသပျက်စေသည်။ ထို့နောက် စိုင်းစိုင်းခမ်းလှိုင် နောက်ထွက်မည့် အဲဗားဂေါ်လီစီးရီးထဲက တိမ်တွေပေါ်မှာ သီချင်းကို ဆိုပြသည်။ သီချင်းအသစ်ဖြစ်သည့်အတွက် ပရိသတ်က ငြိမ်သွားသည်။ ဒါကို စိုင်းစိုင်းခမ်းလှိုင်က လူကြမ်းလေး သီချင်းဖြင့် ပြန်ဆွဲတင်သွားသည်။ `ပြင်ဦးလွင်နှင့် SAI ´ ဆိုပြီး ပရိသတ်ကို အော်ခိုင်းသွားသည်။ စိုင်းစိုင်းခမ်းလှိုင်က ``ကဲအားလုံး ထော်လာဂျီပေါ် တက်ကြမယ်´´ ဟု ပြောလိုက်တော့ ကွင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဘယ်လိုမှ ထိန်းမရတော့။ တစ်ကွင်းလုံး အားလုံးကကုန်သည်။ ကျွန်တော်တို့နောက်နားတွင် ရေသန့်ဗူးခွံလိုက်ကောက်နေသော ကလေးတွေအားလုံး အိတ်တွေကိုပစ်ပြီး ပြေးထွက်လာကြသည်။ ဟိုက်ရှားပါ။ ကျွန်တော်အတော်ကို မျက်လုံးပြူးသွားသည်။ အံ့သြသွားသည်။ ကလေးတွေက သီချင်းကို အပီအပြင်လိုက်ဆိုပြီး ကနေကြသည်မှာ ကွေးနေသည်။ တစ်ချိန်က ဗဒင်၏ နေရာစီးရီးအောင်မြင်မှုကို ပြန်တွေးမိသည်။ ယခုဟာက ထို့ထက် ပိုသည်ထင်သည်။ စိုင်းစိုင်း၏ တောဂေါ်လီသည် ကလေးရောလူကြီးပါမကျန် လိုက်ဆိုနိုင်သော Icon သီချင်းတစ်ပုဒ်ဖြစ်နေပြီလားဟု ကျွန်တော်တွေးမိသည်။ စိုင်းစိုင်းက သီချင်းတွေဆက်ဆိုနေသည်။ အားလုံးပြီးမှထွက်လျှင် ဘယ်လိုမှ ဒီလူအုပ်နှင့်တိုးလို့မရနိုင်မှန်း သိသဖြင့် ကြည့်ချင်သေးသော်လည်း ပြန်ထွက်လာခဲ့ရသည်။ လမ်းမှကြားနေရသည်။ စိုင်းစိုင်းက ပရိသတ်နှင့် မိုက်တယ်၊ မိုက်တယ်တို့ အော်နေသံများ။ ပန်းပွဲတော်အတွက် ပြင်ဆင်ထားသည်များမှာ အင်မတန်လှပပါပေသည်။ ဂီတပွဲတော်အတွက် ဖျော်ဖြေမှုများကလည်း အဆင့်မီပါပေသည်။ သို့သော် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ပွဲလမ်းသဘင်တွင် ပြုမူတတ်သော အပြုအမူများ၊ အပြောအဆိုများကမူ အဆင့်မီရန် များစွာလိုအပ်နေပါသေးသည်။ ပိုက်ဆံရလျှင်ပြီးရောသဘောဖြင့် ပွဲစီစဉ်ရုံသက်သက်မလုပ်ဘဲ ပွဲကြည့်ပရိသတ်အားလုံး စိတ်အေးချမ်းသာစွာ ကြည့်ရှုခံစားနိုင်ရန်အတွက် လုံခြုံရေးအစီအမံများ သေသေချာချာပြုလုပ်၍ ထိန်းသိမ်းပေးလျှင် အရုပ်ဆိုးအကျည်းတန်သော မြင်ကွင်းများ ပပျောက်၍ ပိုမိုအဆင့်အတန်းမြင့်မားသော ဖျော်ဖြေပွဲများ၊ ပွဲလမ်းသဘင်များ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။
ကိုဉာဏ် (ပန်းလောင်မြေ)
Posted by ကိုဉာဏ် Posted Time 2:29 PM 0 Comment(s)
Labels ကိုယ်တွေ့
ပြောချင်လွန်းလို့ပါ
ကျွန်တော့်သူငယ်ချင်းတွေက မေးကြပါတယ်။ ဘယ်လိုဖြစ်ပြီး ဘလော့ဂ်က တင်လိုက်၊ မတင်လိုက် ဖြစ်နေတာလဲတဲ့။ အတော်ကို အဖြေရခက်တဲ့ မေးခွန်းပါ။ အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာ ဘလော့ဂ်မှာတင်ဖို့ပို့စ်တွေ အများကြီးရှိပါတယ်။ ကျွန်တော် ကိုယ်ပိုင် တွေးခေါ်မိတာတွေရော၊ ဖတ်မိသမျှထဲကနေ ပြန်ပြီးတင်ပေးချင်တာတွေရောပေါ့။ ဒါပေမယ့် အများကြီးကို ဆင်ခြင်နေရပါတယ်။ ကိုယ်က အပြုသဘောနဲ့ပြောတာဖြစ်ပေမယ့် အခြားလူတွေအတွက် တစ်ခုခုနစ်နာသွားတာမျိုး ဖြစ်မှာကို မလိုလားတဲ့အတွက်ပါ။ နောင်များ အခွင့်အလမ်းတွေရလာခဲ့ရင် ကျွန်တော်ပြောချင်တာတွေကို ရေးထားတာတွေရှိပါတယ်။ တင်ပေးပါ့မယ်။ အခုတော့ ဆန္ဒကိုချိုးနှိမ်ပြီး အခြားတင်ချင်တာလေးတွေ (စာအုပ်တွေဖတ်ပြီးပြန်ရေးတာတွေပါ)ကိုပဲ တင်ပေးနေပါဦးမယ်။ ပြောတဲ့လူတွေကလည်း ပြောကြပါတယ်။ အလကားကောင်တဲ့။ ကိုယ့်ဘာသာအဖြစ်ရှိအောင်တော့ ပို့စ်တွေဟုတ်တိပတ်တိမရေးတတ်ဘူးတဲ့။ စာအုပ်တွေထဲကနေပဲ ကူးချပြီး တင်ပေးနေတာတဲ့။ ကျွန်တော်အတော်လေးကို ရယ်ချင်သွားမိပါတယ်။ ဒါပေမယ့် ဘာမှမပြောတော့ပါဘူး။ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာခံရပါတယ်။ အီးမေးလ်တွေပို့ပြီး ချီးကျူးထောပနာကပြုလိုက်ပါသေးတယ်။ ကျွန်တော်က ပြန်ပြီးအီးမေးလ်ပို့တော့ ပြန်ပြီး မဖြေရှင်းပါဘူး။ ကျွန်တော်က တစ်ခုပဲမေးလိုက်ပါတယ်။ ကိုယ်ပိုင်အရေးအသား၊ ကိုယ်ပိုင်ပို့စ်ဆိုတာ ဘယ်လိုအရည်အချင်းတွေနဲ့ ကိုက်ညီရသလဲလို့ပါ။ ပြန်မဖြေပါဘူး။ နောက်ပြီးတော့ ကျွန်တော့်ရဲ့ဘလော့ဂ်ဟာ ဟိုအဖွဲ့အစည်းရဲ့ ခိုင်းစေချက်အရလုပ်ရသလိုလို၊ ဒီအဖွဲ့အစည်းကပဲ ကျောထောက်နောက်ခံပြုနေသလိုလိုပြောပြန်ရော။ ကျွန်တော်အတော်ကို ဒေါသထွက်ပါတယ်။
တစ်ခါတည်း ပွင့်ပွင့်လင်းလင်းကျွန်တော်ပြောပါတယ်။ ကျွန်တော့်ဘလော့ဂ်ဟာ ဘယ်အဖွဲ့အစည်း၊ ဘယ်အသင်းအဖွဲ့ရဲ့ ထောက်ခံချက်၊ အားပေးချက်နဲ့မှ လုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော့်ဝါသနာအရ ကျွန်တော်လုပ်ချင်တာကို လုပ်နေတာဖြစ်ပါတယ်။ အစကနေ မြေလှန်ချင်တယ်ဆိုရင်တော့ ရာဟုဂရု(ပ်)ကိုသာ ပြဖို့ရှိပါတယ်။ မြန်မာ့သွေးရာဟုဂရု(ပ်)နဲ့အတူ ကျွန်တော်အများကြီး တတ်နိုင်သလောက် လုပ်ပေးခဲ့ပါတယ်။ ဘလော့ဂ်ဆိုတာကိုတော့ အတော်ကြီးကို နောက်ကျပြီးမှ ကျွန်တော်မြီးစမ်းခွင့်ရခဲ့တာပါ။ ဘယ်သူကမှ ကိုယ့်ကို မကူညီခဲ့သလို အကြံဉာဏ်ပေးခဲ့တာ၊ နည်းပညာအကူအညီပေးခဲ့တာ မရှိပါဘူး။ ကိုညီလင်းဆက်ရဲ့ဘလော့ဂ်က ကုတ်ဒင်းတွေကို အကုန်ကူးယူပြီး ဟိုပြောင်းဒီပြောင်းနဲ့ စခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ အရိုးသားဆုံး ၀န်ခံတာဖြစ်ပါတယ်။ အဲဒီလို လုပ်ခဲ့ရတဲ့ ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ဟိုပြောဒီပြော ပြောတာခံရတော့ ဘယ်လောက်ဒေါသထွက်မလဲဆိုတာကို စဉ်းစားကြည့်ပါတော့ဗျာ။ အခုဖြစ်နေတာက မြန်မာပြည်အကြောင်း အကောင်းရေးရင် အစိုးရဘက်တော်သားလို့ နာမည်တပ်ကြတယ်။ ဟော... မြန်မာပြည်အကြောင်း မကောင်းရေးပြန်တော့ နိုင်ငံရေးသမားလို့ တံဆိပ်ကပ်ကြပြန်ရော။ ကျွန်တော်ဘယ်လိုမှကို နားမလည်နိုင်ပါ။
ပွင့်လင်းစွာပြောပါသည်။ ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါ။ ထို့အတူ မြန်မာပြည်အကြောင်းမှန်သမျှ အကုန်ကောင်းပါတယ်ဟု မျက်မိမှိတ်ရေးနေသူလည်း မဟုတ်ပါ။ ကျွန်တော်မြင်သမျှ ကြုံသမျှကို မြင်သလို ကြုံသလိုသာ ရေးပါသည်။ မြင်သမျှကို မြင်သလို ရေးရန် အခွင့်မသာလျှင် ကျွန်တော်မရေးပါ။ ကျွန်တော်ရေးခဲ့သော ပို့စ်အားလုံးအတွက် ကျွန်တော်တာဝန်ယူပါသည်။
ထပ်မံ၍ပြောပါမည်။ ကျွန်တော်ဘလော့ဂ်ရေးနေပါသည်။ ရေးချင်၍ ရေးနေခြင်းဖြစ်ပါသည်။ သို့သော် ထိုရေးသားမှုများတွင် ရည်ရွယ်ချက် ပါပါသည်။ အကြောင်းမဲ့ရေးနေခြင်းမဟုတ်ပါ။ ဖတ်မိသမျှ စာအုပ်တွေထဲမှ ကောင်းနိုးရာရာများကို ကျွန်တော် ပြန်လည်ဝေငှပါသည်။ ထိုဝေငှမှုများတွင် ဘယ်သူပဲဖတ်ဖတ် အကျိုးယုတ်စေသော အကြောင်းအရာများ မပါပါ။ ကိုယ်ပိုင် ဘာမှမရေးတတ်ပါဘူးဟု ပြောသော မိတ်ဆွေကိုလည်း ပြောချင်ပါသေးသည်။ ကိုယ်ပိုင်ပို့စ်ဆိုတာ ဘာကိုပြောတာလဲ အရင်ရှင်းပြစေချင်ပါသည်။ တစ်နေ့တစ်နေ့ ကိုယ်ဘာလုပ်သည် ဘာတွေချက်စားသည် ဘယ်သူနဲ့တွေ့သည် စသည်ဖြင့် ရေးပြနေခြင်းသည် ကိုယ်ပိုင်ပို့စ်ဟု ယူဆပါသလား။ ကလေးတောင် ရေးတတ်ပါသည်။ ထိုအရေးအသားမျိုးကို (၁၄)နှစ်သားလောက်ကတည်းက ကျွန်တော်ရေးတတ်ပါသည်။ ဒိုင်ယာရီထဲတွင် ကျွန်တော်ရေးခဲ့သော နေ့စဉ်မှတ်တမ်းများသည် မိတ်ဆွေပြောတဲ့ ကိုယ်ပိုင်ပို့စ်ဆိုတာတွေထက် အများကြီးသာပါသည်။ ကျွန်တော် ရန်တွေ့နေခြင်း မဟုတ်ပါ။ လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကဘာမှန်း၊ ဘာလုပ်နေမှန်း သေသေချာချာ ဂဃဏနမသိပါဘဲ ဝေဖန်တတ်သည့် မြန်မာလူမျိုးအများစု၏ အကျင့်ကို မကြိုက်သောကြောင့် ရေးရခြင်းဖြစ်ပါသည်။
ကျွန်တော်၏ မြန်မာ့သွေးဘလော့ဂ်မှ ပို့စ်များကို အကုန်လုံးပြန်ဖတ်ပါ။ ပြီးမှ ကျွန်တော့်ကို ဘယ်လိုလူမျိုးလဲဟု မှတ်ချက်ချပါ။ ဝေဖန်ပါဟု ကျွန်တော်ပြောလျှင် လွန်အံ့မထင်ပါ။ ကျွန်တော်၏ ဒေါသသံစွက်သော အရေးအသားများအတွက် စာဖတ်သူအားလုံးကို တောင်းပန်ပါသည်။ အားလုံးပဲ စိတ်ဝမ်းနှလုံး ရွှင်ပြုံးနိုင်ကြပါစေ။
( အခုလောလောဆယ် ကျွန်တော်အင်တာနက်သုံးရန် အခက်အခဲရှိပါသည်။ ဘလော့ဂ်များသို့ ၀င်ရန် နည်းလမ်းပေါင်းစုံကို သုံးနေရသည့်အတွက် ဘလော့ဂ်ရေးချင်စိတ်ကို မြိုသိပ်ထားရပါသည်။ အခွင့်အရေးရလျှင်ရသလို ကျွန်တော် တင်ပေးသွားပါမည်။ စောင့်မျှော် ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါသည် )
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
Posted by Ko Nyan Posted Time 12:44 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ