Saturday, July 18, 2009

ငါတို့မျက်ရည်သည် - ကိုဉာဏ် (ပန်းလောင်မြေ)


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် ဆောင်ရွက်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးတို့သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်ရုံး၌ လျှို့ဝှက်အစည်းအဝေး ကျင်းပနေစဉ် မြန်မာ့သစ္စာဖောက် လောက်ထွက် ဂဠုန်ဦးစောနှင့် အပေါင်းအပါတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ကြရသည်။

ထိုကိစ္စအတွက် မြန်မာတစ်နိုင်ငံလုံး အံ့သြတုန်လှုပ်ခဲ့ရပြီး များစွာ ယူကြုံးမရ ၀မ်းနည်း ခဲ့ကြသည်။ ထိုကိစ္စကို ``နိုင်ငံတော်လုပ်ကြံမှုကြီး´´ဟု ခေါင်းစဉ်တပ်ပြီး အမှုဖွင့်ခဲ့ကြသည်။ ထိုကဲ့သို့ ခေါင်းစဉ်တပ်ခဲ့ခြင်းကြောင့် တစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသော ကြီးမားလှသည့် လုပ်ကြံမှုကြီး ဖြစ်ခြင်းကြောင့်တစ်ကြောင်းတို့ကြောင့် လူသတ်သမားများမှာ ဒိတ်ဒိတ်ကြဲ နိုင်ငံပုန်ကန်သူများအဖြစ် တစ်မဟုတ်ချင်း နာမည်ကြီးသွားခဲ့ရသည်။ အမေရိကန် သမ္မတကြီး အေဘရာဟယ်လင်ကွန်း အား လုပ်ကြံခဲ့သည့် အမှုနှင့်ပင် ပြောဆိုခိုင်းနှိုင်းခဲ့ကြသည်။

အမှုစစ်သော တရားသူကြီးတို့သည် ``အမှုမှန်မပေါ်မချင်း မသင်္ဂြိုဟ်နိုင်ပါ။ ဗိုလ်ချုပ်တို့၏ ၀ိဥာဉ်များက တရားခံအမှန်ကို ဖော်ထုတ်ပေးကြပါ´´ဟု အဓိဌာန်၍ အလောင်းများကို ဆေးထိုး၍ထားပြီး အမှုကိုပြီးဆုံးအောင် စစ်ခဲ့ကြသည်။

၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နံနက် ၀၆၃၀ နာရီတွင် ဈာပနအခမ်းအနားကို စတင် ကျင်းပသည်။ ထိုစဉ်က ရန်ကုန်မြို့တွင် လူ ၆၀၀၀၀ ခန့် နေထိုင်ရာတွင် ဈာပနအခမ်း အနားသို့ လူ ၄၀၀၀၀ ကျော် လိုက်ပါပို့ဆောင်ခဲ့ကြသည်။ လူအုပ်ကြီးမှာ များပြားလွန်းလှပြီး အချို့မှာ အလောင်းများ ဘယ်မှာရှိမှန်းပင် မသိခဲ့ကြချေ။ လိုက်ပို့သူ ပြည်သူ အပေါင်းတို့၏ ငိုကျွေးသံမှာ ဘ၀ဂ်ညံခဲ့လေသည်။ အချို့မှာ မူးမေ့၍လဲကျသွားသဖြင့် ကြက်ခြေနီနှင့် သူနာပြုများ၊ ရဲတပ်ဖွဲ့ဝင်များမှ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရရာ ဆေးရုံများ၌ လူလျှံခဲ့ရသည်။ ထို့နောက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် အာဇာနည်ကုန်း၌ ဂူသွင်းခဲ့ကြသည်။

ထိုသို့ ဂူမသွင်းမီ ဗိုလ်မှူးအောင် က ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအတွက် မြန်မာပြည်သူတို့၏ ``အဓိဌာန်စာတမ်း´´ ကို ဖတ်ကြားပေးသည်-

(၁) အို - ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့သည် မြန်မာ့လွတ်လပ်ရေးလမ်းစဉ်ကို ချမှတ်ရေးဆွဲနေစဉ်အတွင်း မသမာသူ လူယုတ်မာတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည့်တိုင် ဗမာ့လွတ်လပ်ရေးကြီးကို ရရှိအောင် ဆက်လက်ဆောင်ရွက်သွားနိုင်စေရန် ငါတို့အား ခေါင်းဆောင်ကြီးတို့၏ သွေးရောင်ခြည်သည် ငါတို့၏ မီးရှူးတန်ဆောင်အဖြစ် ထွန်းတောက်ခဲ့ချေပြီ။

(၂) အို - ဗမာ့သားကောင်းရတနာ ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့ ကိုယ်ခန္ဓာ အတွင်းမှ သက်ဆင်းခဲ့ရသော သွေးရောင်ခြည်တို့ဖြင့် ထွန်းတောက်နေသည့် လွတ်လပ်ရေး မီးရှူးပန်းပမာ ညွှန်ပြရာသို့ တစ်သွေမတိမ်း ငါတို့ လိုက်နာကျင့်ဆောင်ခဲ့ခြင်းအားဖြင့် ယခုအခါတွင် ဗမာ့လွတ်လပ်ရေးကြီးသည် တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါ အကောင်အထည် ပေါ်ပေါက်လာခဲ့ပြီ။

(၃) အို - ဗမာ့အာဇာနည် ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့၏ တိုင်းပြည်အတွက် သွေးနှင့်ဆက်၍ အသက်ကို စွန့်လွှတ်ခဲ့သော အာဇာနည်စိတ်ဓာတ်များအား ငါတို့သည် မရပ်မနား အကြိမ်ကြိမ် အဖန်ဖန်ထပ်ပြန်တလဲလဲ အမြဲတစေ ချီးကျူးကြပါကုန်၏။ လေးစားကြပါကုန်၏။ အစဉ်ထာဝရ သတိရပြီး တမ်းတပူဆွေး မိကြပါကုန်၏။

(၄) အို - ဗမာ့သူရဲကောင်း ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့၏ သွေးဖြင့် ရေးမှတ်ခဲ့သော ဗမာ့လွတ်လပ်ရေးကြီးကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက် ထားရန်နှင့် ဗမာ့လွတ်လပ်ရေး၏ ရန်သူမှန်သမျှ တွန်းလှန်ချေမှုန်းကြပါမည်ဟု ယနေ့ ဤကုန်းတော်ပေါ်တွင် လာရောက်စုဝေးနေကြသော လူထုကြီးက ခေါင်းဆောင်ကြီးများ ရှေ့မှောက်တွင် အဓိဌာန်ပြုကြပါကုန်၏။

(၅) အို - ဘ၀တစ်ပါးပြောင်းသွားကြသော ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့ အတွက် ရည်မှန်းတမ်းတပြီး လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ် အဖို့မှန်သမျှကို အမျှ ပေးဝေကြပါကုန်၏။ ဘ၀တစ်ပါးသို့ ပြောင်းသွားပြီး လားရာသုဂတိမှနေ၍ သာဓုအနုမော ဓနာ ပြုကြပါကုန်လော့…။ ခေါင်းဆောင်ကြီးတို့၏ ၀ိဥာဉ်အပေါင်းသည် ငါတို့၏ ဤအဓိဌာန်ချက်ကို မပျက်မကွက် ဖောက်ဖျက်သွေဖည်မှု မရှိစေရန် အလင်းရောင် ပေးနိုင်ကြပါစေကုန်သတည်း - ဟူ၍ ဖြစ်လေသည်။

ကျွန်ုပ်တို့ တစ်နိုင်ငံလုံးက အလေးအမြတ် ချစ်ခင်လေးစားကြရသော နိုင်ငံခေါင်းဆောင်ကြီးများအား လုပ်ကြံသွားသည်မှာ ကြက်ကလေး၊ ငှက်ကလေး သတ်သလို လွယ်ကူလွန်းလှသည်။ ပို၍ ခံပြင်းမိသည်မှာ ကိုယ့်မြန်မာထဲက ဂဠုန်ခေါင်းဆောင်တစ်ဦး၏ လုပ်ဝံ့မှု၊ လုပ်ရက်မှု၊ လုပ်ရဲမှုပင် ဖြစ်သည်။ ကျွန်ုပ်သည် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း စာအုပ်များကို ဖတ်တိုင်း ထိုနေရာသို့ရောက်လျှင် စာအုပ်ကို အလိုလို ပိတ်မိသည်။ တက်ခေါက်မိသည်။ အံကြိတ်မိသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။ ခံပြင်းဒေါသနှင့်အတူ မျက်ရည်စတို့ ဝေ့၀ဲလာတတ်သည်။ ``ကိုယ့်မြန်မာနိုင်ငံအတွက် အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးအချင်းချင်း လုပ်ရက်လေခြင်းကွာ´´ ဆိုပြီး ယူကြုံးမရ ဖြစ်မိသည်။

မဖြစ်နိုင်တော့ပါ။ သို့သော် ``ဗိုလ်ချုပ်သာ ယခုအချိန်ထိရှိခဲ့ရင်´´ဆိုသည့် အတွေးသည် ကျွန်ုပ်ရင်ထဲ၊ နှလုံးထဲ၊ ဦးနှောက်ထဲ၌ တွေးမိနေဆဲပင်။ ကျောင်းသားဘ၀ကပင် လူငယ်အခွင့်အရေးများကို လက်လွှတ်၍ အခြေအနေအရ လူကြီးဆန်ခဲ့ရသော ဗိုလ်ချုပ်၊ တက္ကသိုလ်ပညာအစား နိုင်ငံရေးအလုပ်များနှင့် ပျော်မွေ့ခဲ့ရသော ဗိုလ်ချုပ်၊ ကိုယ့်မြေနှင့် ဝေးရာ တစ်နယ်ရပ်ခြားတိုင်းတစ်ပါးတွင် ရဲဘော်ရဲဖက်များနှင့်အတူ နေပူ၊ မိုးရွာ မရှောင်၊ အစားဆင်းရဲ၊ အနေဆင်းရဲ၊ ပါးရိုက်ခံ၊ အဆဲခံ၍ စစ်ပညာသင်ခဲ့သော ဗိုလ်ချုပ်၊ မိမိမှာ အ၀တ်အစား ဘယ်နှစုံရှိမှန်းပင် မသိခဲ့သော ဗိုလ်ချုပ်၊ အိမ်တွင် မိသားစုနှင့် နေရချိန်ထက် ရုံး၌သာ စာရွက်စာတမ်းများနှင့် အလုပ်များခဲ့သော ဗိုလ်ချုပ်၊ လွတ်လပ်ရေးရပြီးရင် မိသားစုနှင့်အတူနေရင်း စာရေးဆရာလုပ်ချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်ကို အခုအချိန်မှာ ရှိနေစေချင်ပါသေးသည်။

လွတ်လပ်ရေးအရသာကို ဗိုလ်ချုပ်ခံစားစေချင်ပါသေးသည်။ ဗိုလ်ချုပ်၏ ရဲရဲတောက် မိန့်ခွန်းများကိုလည်း နားထောင်ချင်ပါသေးသည်။ မိသားစုနှင့်အတူ ဗိုလ်ချုပ်ကို ပျော်စေချင်ပါသေးသည်။ ဗိုလ်ချုပ်ရေးသော စာများကိုလည်း တခုတ်မက်မက် ဖတ်ချင်ပါသေးသည်။ သြော်… ဗိုလ်ချုပ်ရယ်.. မြန်မာပြည်သူတွေ လွတ်လပ်အောင် အချိန်တွေပေး၊ ဘ၀တွေစတေးပြီး ကြိုးစားခဲ့ရပေမယ့် လွတ်လပ်ရေးကို ဗိုလ်ချုပ် မြင်မသွားခဲ့ရဘူး။ လွတ်လပ်ရေးအရသာကို မခံစားသွားခဲ့ရဘူး။ ဗိုလ်ချုပ်ဟာ ကွယ်လွန်ခါနီးအချိန်အထိ ``ငါ့နိုင်ငံအတွက်တော့ ငါ ဘာမှ လုပ်မပေးနိုင်တော့ပါလား၊ ငါတို့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးခရီးလမ်းက ဘယ်လိုပါလိမ့်၊ ဘယ်သူတွေဆက်ပြီး ခေါင်းဆောင်ကြမှာပါလိမ့်´´ ဆိုတဲ့ အတွေးတွေနဲ့ မလွတ်လပ်သေးတဲ့ မြန်မာနိုင်ငံအတွက် ဗိုလ်ချုပ် နောက်ဆံတင်းခဲ့မှာပါပဲ။ လွတ်လပ်ခဲ့ပါပြီ ဗိုလ်ချုပ်ရယ်။

မိုးဖွဲလေးတွေက တဖြောက်ဖြောက်ကျနေသည်။ သြော် ဒီနေ့ ရောက်ပြီဆိုရင် ဘယ်နှစ် ဘယ်အချိန်ခါပဲ ဖြစ်ဖြစ် မပျက်မကွက် မိုးဖွဲလေးတွေ ရွာတတ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက သတိရလွမ်းဆွတ်နေတဲ့ ဒီလိုနေ့မျိုးမှာ ရွာတဲ့မိုးတွေဟာ ပြည်သူတွေရဲ့ကိုယ်စား မျက်ရည်မိုးတွေပါ။

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာ (၆၂)နှစ်တောင် ရှိခဲ့ပြီနော်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးရဲ့စိတ်ထဲမှာ ဒီနေ့ ရောက်ပြီဆိုတာနဲ့ မနေ့တစ်နေ့ကလို ခံစားနေရဆဲပါ။ ဗိုလ်ချုပ်တို့ အကြောင်းတွေကို ၀မ်းနည်းစွာ ပြောနေကြတုန်းပါပဲ။ ပြည်သူတွေအပေါ်မှာ အလွန်ချစ်ခဲ့တဲ့၊ စေတနာထားခဲ့တဲ့ ဗိုလ်ချုပ်ကို ကျွန်ုပ်တို့ မေ့မရတာဟာ သဘာဝ ကျပါတယ်။

အာဇာနည်ဗိမာန်ကြီးကိုကြည့်ရင်း ဘယ်လောက်ကြာအောင် အတွေးနယ်ချဲ့နေမိတယ် မသိပါဘူး။ ဘေးက ဇနီးဖြစ်သူက ``မိုးတွေစိုပြီး ဖျားနေဦးမယ်၊ ပြန်ကြရအောင်လေ´´ ဆိုတော့မှ အသိပြန်ဝင်လာပါတယ်။ ကျွန်တော့်မှာလေ ကျလာတဲ့ မျက်ရည်ပေါက်လေးကို ဇနီးဖြစ်သူ မမြင်အောင်သုတ်ရင်း ဂူဗိမာန်ကို အလေးပြုလိုက်ပါတယ်။ စိတ်ထဲကတော့ ``ကျွန်တော်ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအစုစုကို ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အမျှပေးဝေပါတယ်´´ ဟု တီးတိုးရေရွတ်ကာ အမျှပေးဝေလိုက်ပါတယ်။

မိုးဖွဲဖွဲလေးတွေက လူကို တပေါက်ပေါက်နဲ့။ တိုင်ဝက်လွှင့်ထူထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကိုကြည့်ရင်း ကျွန်တော့်မျက်နှာမှာတော့ မိုးရေတွေနဲ့ မျက်ရည်တွေ ရောလို့ပေါ့ဗျာ။

ဇူလိုင် ၁၉ မို့ မျက်ရည်မိုးတို့ ဖြိုင်နေချေပြီ…။

ဘယ်မေ့နိုင်မှာလဲ ၁၉ ဇူလိုင် ရယ်…။

(အထူးကျေးဇူးတင်ပါသည် - ဤစာလေးတစ်ပုဒ် ဖြစ်လာဖို့အတွက် အတွေးမျိုးစေ့နှင့် အကြောင်းအရာ မြေသြဇာ ပေးခဲ့သော အစ်ကိုကြီး သွေးသစ်ဝေ (ဧရာဝတီ)အား မမေ့မလျော့ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်)

No comments:

Post a Comment

 
Web Statistics