Saturday, July 18, 2009

အာဇာနည်ခေါင်းဆောင်များကို အလေးထားမြတ်နိုးကြပါလျှင် - ဇာနည်ဘွား


နိုင်ငံတိုင်း နိုင်ငံတိုင်း၊ လူမျိုးတိုင်း လူမျိုးတိုင်းသည် မိမိနိုင်ငံ မိမိလူမျိုးကို ချစ်မြတ်နိုးကြသူများချည်းသာ ဖြစ်ကြသည်။ မိမိနိုင်ငံကို ကျူးကျော်စွက်ဖက်သူများ၊ ၀င်ရောက်ခြယ်လှယ်သူများကို မျိုးချစ်စိတ်ဓာတ်ရှိသူ နိုင်ငံသားတိုင်းက တွန်းလှန်ချေမှုန်းဖယ်ရှားကြမည်ဖြစ်သည်။ အမျိုးမချစ် မျိုးမစစ်သည့်သူများကမူ အမေကျော်ဒွေးတော်လွမ်းပြီး သူခိုးဓားရိုးကမ်းကာ ပြည်ပကို အားကိုးကြပေလိမ့်မည်။ ကျူးကျော်စွက်ဖက်လိုသူများကို မျှော်ကိုးကြပေလိမ့်မည်။

မြန်မာနိုင်ငံသည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် အစဉ်အလာကြီးမားသော နိုင်ငံဖြစ်သည်။ တိုင်းတစ်ပါးကျူးကျော်မှုကို လက်မခံကြသော မြန်မာတိုင်းရင်းသား ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် ညီနောင်သွေးချင်းများက ကျူးကျော်စွက်ဖက်သူများကို လက်တွဲခုခံတိုက်ခိုက်ခဲ့သည့် သမိုင်းအစဉ်အလာများရှိခဲ့သည်။ ထိုပြောင်မြောက်ရဲစွမ်းသော သမိုင်းဖြစ်စဉ် သာဓကများကို ၁၈၂၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ၊ ၁၈၅၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ၊ ၁၈၈၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲတို့တွင် တွေ့မြင်နိုင်ပါသည်။ ထို့ပြင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်လုံးတွင်လည်း မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ကို မှတ်ကျောက်တင်နိုင်ခဲ့ပါသည်။

ဆက်လက်၍ မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း အစဉ်အလာသည်လည်း တောက်ပြောင်ခဲ့သည်။ ဆုံးရှုံးသွားသော မြန်မာ့လွတ်လပ်ရေးကို ပြန်လည်တိုက်ယူခဲ့သည်။ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ၊ လွတ်လပ်ရေးအတွက် ၀ိုင်အိမ်ဘီအေ (ခေါ်) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ ဂျီစီဘီအေ (ခေါ်) မြန်မာအသင်းချုပ်ကြီး၊ ဒို့ဗမာအစည်းအရုံး၊ ရဲဘော်သုံးကျိပ်၊ ဖတပလ၊ ဘီအိုင်အေ၊ ဘီဒီအေ၊ ဗမာ့တပ်မတော်၊ ဖဆပလ စသည့် မျိုးချစ်ပြည်ချစ် အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် မြန်မာပြည်သူတို့အကြား အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ ဇာတိမာန်စိတ်ဓတာ်၊ လွတ်လပ်ရေးစိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ အရှိန်အဟုန်မြင့်မား တိုးပွားခဲ့သည်။

သမိုင်းကြောင်းအစဉ်အလာ ကြီးမားခဲ့သော မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေးသဘောထားများ၊ အမြင်များ၊ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကား ရေးဖွဲ့၍ပင် ကုန်နိုင်ဖွယ်မရှိချေ။ မြန်မာပြည်သူလူထုကြီး၏ နယ်ချဲ့ဆန့်ကျင်ရေး သဘောထား၊ အမြင်များနှင့် တစ်သဘောတည်းထင်ဟပ်စေသည့် မြန်မာ့မျိုးချစ်အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတိတ်က စွမ်းဆောင်မှုများမှာလည်း မြန်မာ့သမိုင်းတွင် ကမ္ပည်းမှတ်ကျောက် တင်ခဲ့ပြီးဖြစ်သည်။

ထိုသမိုင်းကြောင်းကောင်းသည့် အာဇာနည်ခေါင်းဆောင်များစွာ ရှိခဲ့သည်။ နယ်ချဲ့သမားနှင့် ပေါင်းဖက်မိပြီး မျိုးချစ်ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် သမိုင်းဖြစ်ရပ်ဆိုးအကြောင်းကိုလည်း ပြန်ပြောင်းတင်ပြလိုပေသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသား ခေါင်းဆောင်ကြီးများ ယုတ်မာပက်စက်စွာ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရသည်မှာ ယခု ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဆိုလျှင် ၆၂ နှစ် ပြည့်မြောက်ခဲ့ပေပြီ။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ တော်တည့်၊ ဖြောင့်မတ်၊ မှန်ကန်သော တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိသော၊ မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော၊ ဇွဲလုံ့လရှိ၍ ဆင်းရဲပင်ပန်းခံနိုင်သော၊ အနစ်နာခံနိုင်သော စသည့် ဂုဏ်ပုဒ်များနှင့် ပြည့်စုံသည့် ထူးခြားသော သတ္တိစွမ်းအင်တို့သည် ချီးကျူး၍မကုန် ဂုဏ်ယူ၍ မဆုံး ရှိချေသည်။

ဤသို့အရည်အချင်းနှင့် ပြည့်ဝသည့် အာဇာနည်ခေါင်းဆောင်ကြီးများ ဆုံးရှုံးရသောအခါ ပြည်သူတို့ရင်ဝယ် ကြိမ်မီးအုံးသကဲ့သို့ ယူကြုံးမရ တသသ ခံစားရသည်။ လုပ်ရပ်လေခြင်း၊ ရက်စက်လေခြင်းဟု အမျက်ဒေါသ ခြောင်းခြောင်းထွက်ကြသည်။ အာဇာနည်ခေါင်းဆောင်တို့ကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြသူတို့မှာ ဂဠုန်ဦးစောနှင့် အပေါင်းပါတို့ ဖြစ်သည်ဟု ပြောကြမည်ဖြစ်သော်လည်း နောက်ကွယ်တွင် ပံ့ပို့အားပေးနေသူများက ရှိနေလေသည်။ ဤအချက်မှန်ကန်ကြောင်း ခိုင်မာသော သမိုင်းဖြစ်ရပ် အထောက်အထားများလည်း ရှိသည်။

ဖက်ဆစ်တော်လှန်ရေးကြီးပြီးသည့်နောက် မြန်မာတစ်မျိုးသားလုံးသည် တော်လှန်ရေးအလံတော်အောက်တွင် စုစည်းမိခဲ့ကြသည်။ တော်လှန်ရေး၏ အဓိကပန်းတိုင်သည် နယ်ချဲ့ကို တိုက်ခိုက်ရန်မျှသာမဟုတ် တစ်မျိုးသားလုံး စုစည်း၍ လွတ်လပ်ရေးအောင်ပန်းကို ဆင်မြန်းနိုင်သည်အထိ ဆက်လက်ချီတက်သွားရန်လည်း ဖြစ်သည်။

ဘုရင်ခံဆာဒေါ်မန်စမစ်သည် စစ်ပြီးသည့်နောက် ရန်ကုန်သို့ ပြန်လာသည်။ ဘုရင်ခံက ဗိုလ်ချုပ်တို့အဖွဲ့နှင့် လက်တွဲ၍ မြန်မာနိုင်ငံ ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်သွားရန် စည်းရုံးခဲ့သည်။ ဘုရင်ခံနှင့်အတူ အိန္ဒိယမှ ပါလာသော ဆာပေါ်ထွန်းစသည့် နိုင်ငံရေးသမားများက ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းကို ကောင်းစွာမသိ၊ ရာထူးပေးလျှင် ဗိုလ်ချုပ်က လက်ခံမည်ဟု ထင်သည်။ ရာထူးနှင့်ချော့မရလျှင် အာဏာနှင့်ခြောက်ရမည်ဟု ဆာဒေါ်မန်စမစ်ကို အကြံပေးသည်။

သို့သော် ဗိုလ်ချုပ်က ရာထူးကို မမက်။ ဘုရင်ခံက ရာထူးဖြင့် မြူ၍မရသောအခါ အကြံတစ်မျိုးထုတ်ပြန်သည်။ ဥပဒေပြုကောင်စီတွင် အမှုဆောင် ၀န်ကြီးတစ်ဦးက ဗိုလ်ချုပ်သည် ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ချီတက်စဉ်က စစ်မြေပြင်တွင် လူတစ်ဦးကို ကွပ်မျက်ပြီး တရားစီရင်ခဲ့သည်ဟု စွပ်စွဲသည်။ သို့သော်လည်း မအောင်မြင်ခဲ့။ ကြာသော် ဆာဒေါ်မန်စမစ်သည် ဗိုလ်ချုပ်ကို တပည့်မွေး၍ မရသောအခါ သူ့သြဇာခံမည့် တပည့်တစ်ဦးကို ရှာတော့သည်။ ယူဂန္ဓာနိုင်ငံတွင် အကျယ်ချုပ်ပို့ထားသည့် ဦးစောအား ဘုရင် ဆာဒေါ်မန်စမစ်က ပြန်လည်ထုတ်ယူကာ မြန်မာ့နိုင်ငံရေးနယ်ပယ်တွင်းသို့ သွတ်သွင်းပေးခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အရင်းရှင်နယ်ချဲ့တို့၏ ယုတ်မာညစ်ထွေးမှုကို ကွက်ကွက်ကွင်းကွင်း သိလောက်ပေသည်။ ယခုလည်း ဤသို့ပင်ဖြစ်သည်။ စေ့စေ့တွေးလျှင် ရေးရေးပေါ်လာပေလိမ့်မည်။

လန်ဒန်တွင် ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုပြီးနောက် ထိုအကြောင်းကို မြန်မာပြည်သူများ ၀မ်းသာအားရ ကြားသိစေရန် ဘီဘီစီအသံလွှင့်ဌာနမှတစ်ဆင့် အသံလွှင့်ရန် စီစဉ်ခဲ့သေးသည်။ သို့ရာတွင် ဗိုလ်ချုပ် အသံလွှင့်ရုံရောက်ခါမှ ဘီဘီစီက ကသိကအောက်ဖြစ်အောင် လုပ်ခဲ့သဖြင့် အသံလွှင့်အစီအစဉ် ဖျက်ခဲ့ရသည့် မမေ့နိုင်စရာဖြစ်ရပ် ကြုံခဲ့ဖူးသည်။

ထို့အပြင် လွတ်လပ်ရေးကြေညာပြီးလျှင် အင်္ဂလန်သို့ ပြန်ကြရမည့် အင်္ဂလိပ်အရာရှိကြီးများလည်း ရှိသေးသည်။ အချို့က စေတနာမမှန် ခြေရှုပ်လိုကြသည်။ အင်္ဂလန်သို့ပြန်ရန် စောင့်နေသောတပ်များတွင် နိုင်ငံရေးကစားလိုသော အင်္ဂလိပ်စစ်ဗိုလ်အချို့လည်း ရှိသည်။ လွတ်လပ်ရေးနီးကပ်လာလေလေ ခြေရှုပ်လေလေ ဖြစ်လာကြသည်။ ထိုသူတို့မှာ ဦးစောထံ အ၀င်အထွက်ရှိလာခဲ့သည်။ ရန်ကုန်တွင် ထိုအချိန်က ကောလာဟလများ ဖြစ်ပေါ်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံရန် ကြံစည်နေကြသည်။ အင်္ဂလိပ်စစ်တပ်၏ လက်နက်တိုက်မှ လက်နက်အလက် ၂၀၀ ခိုးထုတ်သွားသည်။ သစ္စာဖောက်သူများကို နိုင်ငံခြားအဖွဲ့အစည်းများက ကူညီမည်စသည့် သတင်းများ ပေါ်ထွက်လာသည်။

ဇူလိုင်လ ၁၉ ရက်နေ့ နံနက်တွင် ၀န်ကြီးများအစည်းအဝေးရှိသည်။ ထိုအစည်းအဝေးတွင် လက်နက်များ ခိုးထုတ်ခြင်းကိစ္စကို ဆွေးနွေးကြမည်။ သို့ရာတွင် ဆွေးနွေးဖို့ အချိန်မရလိုက်၊ ထိုနေ့နံနက် ၁၀ နာရီ မိနစ် ၃၀ တွင်ပင် ဗိုလ်ချုပ်နှင့် ၀န်ကြီးများမှာ ဦးစောနှင့် အပေါင်းပါတို့၏ လက်ချက်ဖြင့် လုပ်ကြံခြင်း ခံလိုက်ကြရလေသည်။ ဤသို့ဖြင့် မျိုးချစ်ခေါင်းဆောင်များ ရေတိမ်နစ်ခဲ့ကြရသည်။ ရင်နာဖို့ ကောင်းခဲ့ရသည်။ ဦးစောက သူ့အိမ်တွင် အောင်ပွဲခံသည်။ ဇူလိုင်လ ၁၉ ရက် တစ်မနက်လုံး ဘုရင်ခံထံမှ အစိုးရဖွဲ့ရန် ဖိတ်ကြားချက်ကို စောင့်မျှော်ခဲ့ဟန်တူသည်။ အဘယ်ကြောင့်ဆိုသော် ဦးစောသည် ခြေရာမဖျောက် သူ့လူများကို မဖြန့်၊ ဣနြေ္ဒရရ စောင့်နေခဲ့သောကြောင့်ဖြစ်၏။ သို့သော် ထိုနေ့ညနေ ၃ နာရီခန့်တွင် ဦးစောနှင့် အပေါင်းပါ လူသတ်သမားများမှာ သက်ဆိုင်ရာ၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်။

ဦးစောကိုယ်တိုင်ပင် သူ၏ မြောက်မြားစွာသော အင်္ဂလိပ်စစ်ဗိုလ် အသိမိတ်ဆွေများအနက်မှ မေဂျာယန်းဆိုသူအား လက်နက်များ ရယူလိုကြောင်း ဆက်သွယ်ခဲ့သည်။ မေဂျာယန်းက လက်နက်အရာရှိ ကပ္ပတိန် ဗီဗီယန်းနှင့် တိုင်ပင်သည်။ ၁၉၄၇ ခုနှစ် မေလက ဦးစောနှင့် ဗီဗီယန်း လက်နက်ကိစ္စများ ဆွေးနွေးသည်။ ဇွန် ၂၄ ရက်နေ့တွင် ဗိုလ်တစ်ထောင်လက်နက်တိုက်မှ လက်နက်ခဲယမ်းများ ထုတ်ယူခဲ့သည်။ ထို့နောက် မေဂျာယန်းနှင့် ကပ္ပတိန် ဗီဗီယန်းတို့ကို ရုံးတင်တရားစွဲဆိုလိုက်သည်။ ထိုအခါမှသာ ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများသည် နယ်ချဲ့လက်ပါးစေ လူမသမာတစ်စုတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဘူးပေါ်သလို ပေါ်ခဲ့သည်။ အာဏာမက်မောသူသည် နယ်ချဲ့သမားတို့နှင့် ပေါင်းဖက်မိသောအခါ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဆိုသကဲ့သို့ လုပ်ကြံမှုဖြစ်သည်အထိ ကြံစည်လာရခြင်းဖြစ်သည်။

နယ်ချဲ့တို့သည် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု လျော့နည်းအောင် နည်းလမ်းမျိုးစုံသုံး၍ တစိုက်မတ်မတ် ကြိုးပမ်းခဲ့ကြသည်။ စည်းလုံးညီညွတ်မှုရှိနေလျှင်လည်း ပြိုကွဲအောင် ကြံဆောင်ကြသည်။ ပြည်တွင်းက ပုဆိန်ရိုးများကိုလည်း အားပေးအားမြောက် လုပ်ပေးကြသည်။ ယနေ့ မျက်မှောက်ကာလတွင်လည်း ဆက်လက်ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ မမေ့မပျောက်ကောင်းသော အာဇာနည်နေ့အခမ်းအနားကိုပင် ခုတုံးလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်ရန် လုပ်ဆောင်ကြသူများသည် နယ်ချဲ့က အားပေးသူများ၊ နယ်ချဲ့၏ လက်ဝေခံများပင် ဖြစ်သည်။

နိုင်ငံကိုချစ်သူတိုင်းသည် အာဇာနည်ခေါင်းဆောင်ကြီးများ မြင်လိုတွေ့လိုသော ညီညွတ်ရေး၊ အေးချမ်းတည်ငြိမ်ရေးကို အလေးထားကြရမည်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ထက်သန်နေရမည်ဖြစ်သည်။ ပြည်ပကျူးကျော်စွက်ဖက်မှုကို ညီညီညွတ်ညွတ် ခုံခံကာကွယ်ကြရမည်ဖြစ်သည်။ ပြည်ပသွေးထိုးသပ်လျှိုမှုကို ဂရုပြုကြရမည်ဖြစ်သည်။ ညီညွတ်ရေးကို အလေးဂရုပြုသော လူ့အဖွဲ့အစည်းတစ်ရပ်သည် သာယာစိုပြည်မည်၊ ရွှင်ပျချမ်းမြေ့မည်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိမည်၊ တိုင်းပြည်အင်အား ပြည့်ဖြိုး၍ မည်သည့်ပြည်ပ ပယောကကိုမဆို တုံ့ပြန်အနိုင်ယူနိုင်မည်ဖြစ်သည်။

ညီညွတ်ရေးပြိုကွဲ၍ ဖရိုဖရဲဖြစ်လျှင်ကား တစ်ယောက်ကိုတစ်ယောက် မနာလိုဝန်တိုစိတ် အားကြီးလာမည်။ တစ်ဦးကောင်းစားသည်ကို တစ်ဦးက မရှုဆိတ် အတွင်းကြိတ်ထိုးနှက်မည်။ လောဘ၊ ဒေါသ၊ မောဟမီးများ ဖုံးလွှမ်းမည်။ မိမိအင်အား ချည့်နဲ့လျှင် သူတစ်ပါးကို အားကိုးမည်။ ဖိတ်ခေါ် မှီခိုမည်။ ပြည်ပအကူအညီကို လက်ကမ်း၍ လှမ်းလင့်မည်။ ဤသို့သော လူ့အဖွဲ့အစည်းတွင် ဆုတ်ယုတ်မှုများ ရှိလာမည်မှာ သေချာသည်။

ထို့ကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးထားမြတ်နိုးကြပါလျှင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ တော်တည့်၊ ဖြောင့်မတ်မှန်ကန်သော၊ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာရှိသော၊ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သော၊ ဇွဲ့လုံ့လရှိ၍ ဆင်းရဲအပင်ပန်းခံနိုင်သော၊ အနစ်နာခံနိုင်သော စသည့်ဂုဏ်ပုဒ်များကို လေးစားအတုယူ ကြိုးပမ်းကြရမည်သာဖြစ်သည်။ သမိုင်းကပေးသော သင်ခန်းစာများကို ရယူ၍ နယ်ချဲ့၏ ပရိယာယ်၊ နယ်ချဲ့၏ သွေးထိုးသပ်လျှိုမှု၊ ပြည်တွင်းသစ္စာဖောက် ပုဆိန်ရိုးများ၏ လုပ်ကြံမှုများကို သတိပြုကာကွယ်သွားကြရမည်သာ ဖြစ်သည်။

တိုင်းပြည်မတည်ငြိမ်အောင်၊ တိုင်းပြည်ယိုယွင်းပျက်ပြားအောင် လုပ်သူသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရန်သူ၊ တိုင်းသူပြည်သားတို့၏ ရန်သူသာဖြစ်သည်။ နယ်ချဲ့ပရိယာယ်ကြောင့် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးထားမြတ်နိုးကြပါလျှင် အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်စေလိုသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်အေးချမ်းသာယာဖွံ့ဖြိုးရေးတို့ကို ခိုင်မာတောင့်တင်းအောင် ကြိုးပမ်းတည်ဆောက်သွားကြရမည်ဖြစ်သည်။ ထို့အတူ တိုင်းပြည်ကို ထိခိုက်နစ်နာစေမည့် နယ်ချဲ့လက်သစ်နှင့် ပြည်တွင်းသစ္စာဖောက် ပုဆိန်ရိုးတို့၏ ပရိယာယ်အသွယ်သွယ်တို့ကို အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိဖြင့် ၀ိုင်းဝန်းကာကွယ်တားဆီး သွားကြရမည်သာ ဖြစ်ပေသည်။

Source: မြန်မာ့အလင်းသတင်းစာ၊ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ ကြာသပတေးနေ့၊ အတွဲ(၄၆)၊ အမှတ် (၂၈၇)

No comments:

Post a Comment

 
Web Statistics