လွတ်လပ်ခါနီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲများနှင့် ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသော နှစ်တစ်နှစ် ဖြစ်သကဲ့သို့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ ပြီးဆုံးခါနီး အခြေအနေသို့ပင် ရောက်ရှိနေချိန်ဟု ဆိုနိုင်ပါသည်။ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယသဘာပတိအဖြစ် မြန်မာနိုင်ငံ ဗြိတိသျှအစိုးရ၊ ဘုရင်ခံ၏ အလုပ်အမှုဆောင်ကော်မတီ (အစိုးရအဖွဲ့)တွင် ၀င်ရောက်ခွင့်ရရှိခဲ့ရာ မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံးသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် အဆင်သင့်ဖြစ်ခဲ့ကြသည်။ ဘုရင်ခံ၏ အလုပ်အမှုဆောင်ကောင်စီတွင် ဒုတိယသဘာပတိ (ဒုတိယ၀န်ကြီးချုပ်) အဖြစ် တာဝန်ရယူထားသည့် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ် နိုဝင်ဘာလတွင် တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးရန်နှင့် မြန်မာ့လွတ်လပ်ရေးနှင့် ပတ်သက်၍ ဗြိတိသျှအစိုးရက အဖြေသဲသဲကွဲကွဲ မပေးပါက မိမိဦးဆောင်သည့် အစိုးရအဖွဲ့တစ်ဖွဲ့လုံး အစိုးရအဖွဲ့အတွင်းမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ရာ မြန်မာပြည်သူလူထု ယုံကြည်အားထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်မှ ခေါင်းဆောင်များအား အစိုးရအဖွဲ့ဝင်များအဖြစ် ခန့်အပ်ပေးရုံဖြင့် မြန်မာလူထုတစ်ရပ်လုံး ယုံကြည်ထားသည့် လွတ်လပ်ရေးလမ်းကြောင်းမှ သွေဖည်သွားမည်ဟူသော ယုံကြည်ချက်သည်လည်း ပျက်ပြယ်သွားခဲ့ရသည်။
ယင်းသို့သော အခြေအနေမျိုးတွင် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီက အခုအခါ အုပ်ချုပ်ရေးသည် ဘုရင်ခံ၏ အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော မြန်မာအမျိုးသားများ လက်တွင်းမှာ ရောက်ရှိနေပါပြီ။ လွတ်လပ်ရေးပန်းတိုင်သို့ ချီတက်သည့်အခါ လျင်လျင်မြန်မြန် ချီတက်ရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားအလို့ငှာ စည်းကမ်းတကျ ချီတက်နိုင်ကြဖို့ အထူးအရေးကြီးပါသည် ဟူသည့် ကြေညာချက်တစ်ခုကို ဗြိတိသျှလွှတ်တော်မှတစ်ဆင့် ကြေညာပေးခဲ့သည်။ ယင်းကြေညာချက်ကို လက်ခံပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ သွားရောက်ရန် ဖဆပလ အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့ကြသည်။
၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မှစတင်၍ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့လွတ်လပ်ရေး ဆွေးနွေးရန်အတွက် အင်္ဂလန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြသည်။ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါသော စာချုပ်တစ်ခုဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ယင်းနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးအရယူရန်အတွက် အရေးကြီးသည့် စာချုပ်တစ်ရပ်ဖြစ်သော ပင်လုံစာချုပ်ကို တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ကာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြန်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ဗြိတိသျှတို့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာလူထုတစ်ရပ်လုံး၏ လွတ်လပ်ရေးအရယူလိုစိတ် ပြင်းပြနေမှု၊ လွတ်လပ်ရေးပေးရန် အခြေခံကောင်းများဖြစ်သည့် သမိုင်းဝင်စာချုပ် အဆင့်ဆင့်ကို လက်မှတ်ရေးထိုးထားနိုင်သည့် အနေအထားကို တုန်လှုပ်အံ့သြခဲ့ကြရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂဠုန်ဦးစော
၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ဒုတိယသဘာပတိ (ဒုတိယ၀န်ကြီးချုပ်) အဖြစ် ဆောင်ရွက်သည့် ဘုရင်ခံ၏ အလုပ်အမှုဆောင်ကောင်စီ (အစိုးရအဖွဲ့)တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး အဖြစ် ဂဠုန်ဦးစော ပါဝင်ခွင့် ရရှိလာခဲ့သည်။ ဂဠုန်ဦးစောသည် မြန်မာ့လွတ်လပ်ရေးဆွေးနွေးရန်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်သို့ သွားရောက်စဉ်ကလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် လိုက်ပါခွင့်ရရှိခဲ့သူဖြစ်သည်။ သို့သော် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ကန့်ကွက်ခဲ့သူလည်းဖြစ်သည်။ ဂဠုန်ဦးစောသည် ၁၉၃၈ ခုနှစ်တွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့ပြီး ယင်းပါတီ၌ ဂဠုန်တပ်ဖွဲ့ကို ဖွဲ့စည်းကာ သာယာဝတီတစ်ဝိုက်တွင် နိုင်ငံရေးလှုပ်ရှားခဲ့သူဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်တွင် ဗြိတိသျှအစိုးရလက်အောက်ခံ နန်းရင်းဝန် (၀န်းကြီးချုပ်)အဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်မှ ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဂဠုန်ဦးစော၏ မျိုးချစ်ပါတီလက်အောက်ခံ ဂဠုန်တပ်ဖွဲ့တို့အကြား နိုင်ငံရေးပြိုင်ဆိုင်မှုများ ပြင်းထန်ခဲ့သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် ဂဠုန်ဦးစောသည် မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် တွေ့ဆုံပြီး ပြန်အလာတွင် သေနတ်ပစ်ခတ်ခံခဲ့ရ၍ မျက်လုံးတွင် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပစ်ခတ်မှုကို ဦးစောအနေဖြင့် ပြည်သူ့ရဲဘော်အဖွဲ့၏ လက်ချက်ဟု ယူဆခဲ့မှုများကြောင့်လည်း ပဋိပက္ခပိုမို ပြင်းထန်လာခဲ့သည်။ ယင်းဖြစ်ရပ်နောက်ပိုင်း ဦးစောသည် ဖဆပလအဖွဲ့ချုပ်ကို အတိအလင်းဆန့်ကျင်သူအဖြစ် ရပ်တည်လာသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် အောင်ဆန်း-အက်တလီ စာချုပ်ကို အယုံအကြည်မရှိဟုဆိုကာ ဂဠုန်ဦးစောင်နှင့် သခင်ဗစိန်တို့ အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့်လည်း အောင်ဆန်း-အက်တလီစာချုပ်နှင့် ပတ်သက်၍ ဦးစောနှင့် ၎င်းတို့အကြား ၀ိဝါဒကွဲပြားခဲ့ပုံကို အတိအလင်းပြောဆိုခဲ့ဖူးသည်။ သို့သော် ဂဠုန်ဦးစော သေနတ်ဒဏ်ရာဖြင့် ဆေးရုံတက်ကုသစဉ် သခင်နုနှင့်အတူ သွားရောက်သတင်းမေးမြန်းခဲ့သေးသည်။
ထွက်ပေါ်နေသည့် သတင်းဂယက်
၁၉၄၇ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ဘီအိုဒီခေါ် ဗြိတိသျှစစ်ဘက် ပင်မလက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း အလက် ၂၀၀၊ မဂ္ဂဇင်းကျည်ကပ် ၈၀၀ တို့ကို ပစ္စည်းထုတ်ယူခွင့်လက်မှတ် အတုများဖြင့် မသမာသူများက ထုတ်ယူသွားကြောင်း မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ) က သတင်းရရှိခဲ့သည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည်ဆန်တစ်သိန်း၊ စတင်းကျည်ဆန် ၂၅၆၀၀၀ နှင့် လက်ပစ်ဗုံးအလုံး ၂၀၀ တို့ကို ၁၆ မိုင်ရှိ မင်္ဂလာဒုံ အခြေစိုက်လက်နက်တိုက်မှ ထုတ်ယူသွားကြောင်း ထပ်မံသတင်းရရှိခဲ့ပြန်သည်။ ရရှိသောသတင်းများကို ပြည်ထဲရေး ၀န်ကြီးမှတဆင့် ၀န်ကြီးအဖွဲ့သို့ ချက်ချင်းတင်ပြရာ အရေးပေါ်အစည်းအဝေးခေါ်ယူပြီးနောက် လုံခြုံရေးအတွက် အန္တရာယ်စိုးရိမ်ရသည်ဟု ဆုံးဖြတ်ကာ တပ်ဖွဲ့အသီးသီးအား အထူးသတိထားရန် တပ်လှန့်ထားခဲ့သည်။ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေတ္တပြည်ထဲရေးဝန်ကြီး ပျော်ဘွယ်ဦးမြ (ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းမှာ ဗြိတိန်သို့ ရောက်ရှိနေသည်)တို့ ဘုရင်ခံနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး စစ်လက်နက်ပစ္စည်းတပ်မှ လက်နက်များ ပျောက်ဆုံးသတင်းကို ဘုရင်ခံထံ တင်ပြပြောဆိုခဲ့ကြသည်။ ထို့ပြင် ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နုတို့ ဘုရင်ခံနှင့် ထပ်မံတွေ့ဆုံပြီး လက်နက်များပျောက်ဆုံးမှုကို ဆွေးနွေးခဲ့ကြသည်။
ချိုးဖျက်ခဲ့သည့် လုံခြုံရေးအစီအမံများ
ထိုသို့သော အခြေအနေများတွင် ၀န်ကြီးဦးမြသည် ဗိုလ်ချုပ်အောင်ဆန်းအတွက် အထူးစိုးရိမ်မိသဖြင့် ဗိုလ်ချုပ်အား အသိမပေးဘဲ ကျန်ဝန်ကြီးများနှင့်သာ တိုင်ပင်ပြီး အတွင်းဝန်ရုံး (နောင် ၀န်ကြီးများရုံး) အပေါ်ထပ် ဗိုလ်အောင်ကျော်လမ်း မျက်နှာပြုသော ဗိုလ်ချုပ်၏ ရုံးခန်းအပြင်ဘက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော ပြည်ထောင်စု စစ်ရဲတပ်ရင်းမှ တပ်စိတ်တစ်စိတ်ကို လက်နက်အပြည့်အစုံနှင့် လုံခြုံရေးအစောင့်ချထားလေသည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း မမြင်နိုင်ရန် ကင်းပုန်းဝပ်သည့် သဘောမျိုးဖြင့် သင့်လျော်သည့်နေရာများတွင် စနစ်တကျ နေရာယူထားရန်လည်း ၀န်ကြီးဦးမြက အမိန့်ပေးထားသည်။ သို့သော် ဇူလိုင်လ ဒုတိယပတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုံးတက်လာစဉ် လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးချထားသည်ကို တွေ့မြင်သွားသဖြင့် လုံခြုံရေးအဖွဲ့ရုပ်သိမ်းရန် အမိန့်ပေးခဲ့သည်။
မြန်မာနိုင်ငံ၏ သွေးစွန်းသော နေ့တစ်နေ့ (သို့မဟုတ်) အာဇာနည်နေ့
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ စနေနေ့တွင် အတွင်းဝန်များရုံး၌ ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပနေစဉ် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဂဠုန်ဦးစော၏ အိမ်နေတပည့်များ ဖြစ်ကြသည့် စိန်ကြီး၊ မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်တို့သည် အစည်းအဝေးခန်းသို့ ၀င်ရောက်ပစ်ခတ်လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးခုနစ်ဦး၊ အတွင်းဝန်တစ်ဦးနှင့် သက်တော်စောင့်တစ်ဦး ကျဆုံးခဲ့ရသည်။
ကျဆုံးခဲ့သူများမှာ- (၁) ဗိုလ်ချုပ်အောင်ဆန်း (ဘုရင်ခံ၏ အလုပ်အမှုဆောင်ကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယ၀န်ကြီးချုပ်)၊ (၂) သခင်မြ (ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး)၊ (၃) ဒီးဒုတ်ဦးဘချို (ပြန်ကြားရေးဌာန၀န်ကြီး)၊ (၄) ဦးဘ၀င်း (ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၀န်ကြီး)၊ (၅) မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း (တောင်တန်းဒေသရေးရာဌာန ၀န်ကြီး)၊ (၆) ဦးရာဇတ် (ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၀န်ကြီး)၊ (၇) မန်းဘခိုင် (စက်မှုလက်မှုနှင့် အလုပ်သမားဌာန ၀န်ကြီး)၊ (၈) အိုင်စီအက်စ် ဦးအုန်းမောင် (လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်)၊ (၉) ရဲဘော်ကိုထွေး (ပညာရေးဝန်ကြီး၏ သက်တော်စောင့်) တို့ ဖြစ်ကြသည်။ ယင်းနေ့ ညနေ ၃ နာရီတွင်ပင် နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစောနှင့် လက်ပါးစေများကို လက်နက်များနှင့်အတူ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကျဆုံးခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကို ရန်ကုန်မြို့ ဂျူဗလီဟော (ယခု စစ်သမိုင်းပြတိုက်နေရာ)သို့ ပြောင်းရွှေ့ဂါရ၀ပြုခံစေခဲ့သည်။ ယင်းနေ့တွင်ပင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ ရုပ်ကလာပ်များကို ဂျူဗလီဟောမှ တာမွေကင်းဘဲလ်လမ်း (ယခု ငါးထပ်ကြီးဘုရားလမ်း)ရှိ မွတ်စလင်သင်္ချိုင်းတွင် မြှုပ်နှံ သင်္ဂြိုဟ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျဆုံးသွားခဲ့သည့် ခေါင်းဆောင်ကြီးများကို ၀မ်းနည်းတသသည့် အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၌ အလုပ်များရပ်စဲကာ အစိုးရရုံးအားလုံးနှင့် ပျော်ပွဲ၊ ရွှင်ပွဲများအားလုံး ပိတ်ထားပြီး အစိုးရ အဆောက်အအုံများနှင့် နေအိမ်များတွင် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူစေခဲ့သည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက် တနင်္ဂနွေနေ့တွင်မူ ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကို ဂျူဗလီဟောမှ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်သို့ ပြောင်းရွှေ့သင်္ဂြိုဟ်ခဲ့ပါသည်။
( ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ(၁)၊ အမှတ် (၁၈)မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )

No comments:
Post a Comment