မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၁၃ ရက်၊ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ တနင်္ဂနွေနေ့သည် မြန်မာနိုင်ငံ၏ အာဇာနည်နေ့ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ခေါင်းဆောင်ကြီးများအား နောက်လာနောင်သားများ အမြဲသတိရ အမှတ်ရနေစေရန်အလို့ငှာ ဂုဏ်ပြုသတ်မှတ်ခဲ့သည်မှာ (၆၂)နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်အနေဖြင့်တော့ အာဇာနည်နေ့သည် မြန်မာ့သမိုင်းစာရွက်ပေါ်မှ အမည်းစက် စွန်းထင်းနေသော အကွက်တစ်ခုအဖြစ်သာ မြင်မိပါသည်။ တိုင်းပြည်အတွက် အလုပ်လုပ်နေသော ခေါင်းဆောင်ကြီးများကို နယ်ချဲ့အင်္ဂလိပ်အချို့နှင့် ပူးပေါင်းကာ ကိုယ့်မြန်မာအချင်းချင်းကပင် လုပ်ကြံသတ်ဖြတ်ခဲ့သည့် အမည်းကွက်ကြီးသည် ကမ္ဘာတည်သရွေ့ ပျောက်ပျက်တော့မည်မဟုတ်ပါ။
မိမိကိုယ်ကျိုးတစ်ခုတည်းကိုသာကြည့်၍ ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဖြင့် ကျူးလွန်ခဲ့သော ဖြစ်ရပ်တစ်ခုသည် မိမိအတွက် အကျိုးမဖြစ်ရုံသာမက လွတ်လပ်ရေးအတွက် မိုးထဲရေထဲတွင် ကြိုးပမ်းနေသည့်ကာလ၀ယ် တိုင်းပြည်အတွက် များစွာနစ်နာခဲ့ရသည်။ တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ ဆုံးရှုံးခဲ့ရသလို ခရီးလမ်းတွေလည်း ဖင့်ခဲ့ရသည်ဟု ဆိုချင်ပါသည်။
ယခုအချိန်သည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် လွန်စွာအရေးကြီးသည့် အချိန်ကာလဖြစ်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာအောင် အားလုံးက ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေသည့် ယခုလိုအချိန်မျိုးတွင် မိမိကိုယ်ကျိုးတစ်ခုတည်းကိုသာ ရှေးရှုပြီး နည်းလမ်းမှား၊ အားကိုးမှား၊ ခံယူချက်မှားများဖြင့် အမည်းစက်များ မရေးခြယ်မိကြစေရန် သတိပြုသင့်လှပါသည်။ အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာရယူကာ မိမိတို့၏ ပကတိလက်ရှိ အခြေအနေကို အကောင်းဆုံးအလှဆုံး ရေးခြယ်နိုင်အောင် အစိုးရနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားသင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။
ယခုကဲ့သို့ အာဇာနည်နေ့အခါသမယတွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးအမြတ်ဂါရ၀ပြုအပ်ပါသည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်၊ စနေနေ့။
၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်၊ စနေနေ့။
No comments:
Post a Comment