အာဇာနည်ဟူသည် အာဇာနီယ၊ အာဇာနေယျဟူသော ပါဠိက ဆင်းသက်လာခြင်းဖြစ်သည်။ အာဇာနည်ကို မြန်မာအဘိဓာန်က အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူဟု ဖွင့်ဆိုထားသည်။
ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန်က ခြင်္သေ့အာဇာနည်၊ မြင်းအာဇာနည်၊ ဆင်အာဇာနည်၊ နွားလားဥဿဘအာဇာနည်၊ ယောက်ျားအာဇာနည်၊ ရဟန္တာပုဂ္ဂိုလ်ဟု အာဇာနည်ခြောက်မျိုးရှိကြောင်း သရုပ်ထုတ်ပြသည်။ အဖွင့်အားလုံးကတော့ ဘုရာေးဟာစာပေကို အခြေခံထားကြသည်ကို တွေ့ရသည်။
အာဇာနည် ပုဂ္ဂိုလ်ဟူသည် အကြောင်းဟုတ်၊ မဟုတ်၊ အကောင်း၊ အဆိုး၊ အမှား၊ အမှန်ကို မှန်မှန်ကန်ကန် ခွဲခြားသိနိုင်စွမ်ေးသာ ပုဂ္ဂိုလ်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်ဟူသည် သာမန်ပုဂ္ဂိုလ်တို့ထက် လက်ရုံးရည်လည်း သာလွန်ရမည်။ နှလုံးရည်လည်း သာလွန်ရမည်။ အများအတွက်ဆိုလျှင် ကိုယ့်အသက်ပင် စွန့်ဝံ့သူ၊ စွန့်ရဲသူ ဖြစ်ရမည်။
တစ်နေ့မှာ အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီး၏ စိတ်ထဲမှာ အတွေးတစ်ခုဝင်လာသည်။ "ဆင်အာဇာနည်ဆိုတာ ဆဒ္ဒန္တဆင်မျိုး သို့မဟုတ် ဥပေါသထဆင်မျိုးမှာ မွေးဖွားသည်။ မြင်းအာဇာနည်ဆိုတာ သိန္ဓောမြင်းမျိုး သို့မဟုတ် ၀လာဟက မြင်းမျိုးမှာ မွေးဖွားသည်။ နွားအာဇာနည်ဆိုတာ ဒက္ခိဏပထတိုင်းမှာ မွေးဖွားသည်ဟု ဘုရားမိန့်ဖူးသည်။ ယောက်ျားအာဇာနည်ကတော့ ဘယ်အရပ်မှာများ မွေးဖွားပါလေသနည်း" ဟု စိတ်ထဲမှာ တွေးမိသည်။ ကိုယ်တိုင် အဖြေမှန် မထုတ်နိုင်သဖြင့် ဘုရားထံသို့ သွားရောက်မေးမြန်း လျှောက်ထားလေသည်။
ထိုအခါ ဘုရားရှင်က "အာနန္ဒာ... ယောက်ျားအာဇာနည်ဆိုတာ နေရာတိုင်းမှာ မွေးဖွားသည်မဟုတ်။ အဖြောင့်ယူဇနာ ၃၀၀၊ အကျယ်ယူဇနာ ၂၅၀၊ အ၀န်းယူဇနာ ၉၀၀ ရှိသော မဇ္ဈိမဒေသမှာပဲ မွေးဖွားသည်။ ယောက်ျားအာဇာနည်တစ်ယောက် ပေါ်ပေါက်လာလျှင်လည်း ထိုနေရာသည် ချမ်းသာဖို့ရာ သေချာသွားပြီ" ဟု မိန့်တော်မူသည်။ ဘုရားဆိုလိုသော အာဇာနည်က သမ္မာသမ္ဗုဒ္ဓ အာဇာနည်ကို ဆိုလိုသည်။ ထို့အတူပင် လူ့လောကက သမုတ်သော အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ပေါက်လာလျှင်လည်း လူသားအားလုံး ချမ်းသာနိုင်သည်။ ပါဠိတော်မှာတော့ ဘုရားရှင်က မြင်းအာဇာနည်ကို ဥပမာပေး ဟောကြားသည်က များ၏။ ဘုရားက "မြင်းအာဇာနည်ဆိုတာ အဆင်းလှရမည်။ ခွန်အားကောင်းရမည်။ အရှိန်အဟုန် ကောင်းရမည်။ အရပ်အမောင်း ကောင်းရမည်။ ထို့အတူပဲ ယောက်ျားအာဇာနည်ဆိုတာ ဥပဓိကောင်းရမည်။ ခွန်အားဗလကောင်းရမည်။ လျင်မြန်သွက်လက်၇မည်။ အရပ်အမောင်းကောင်းရမည်" ဟု မိန့်တော်မူသည်။
ဥပဓိကောင်းရမည်ဆိုတာ ကိုယ်ကျင့်သီလကောင်းရမည်ဟု ဆိုလို၏။ ခွန်အားဗလ ကောင်းရမည်ဆိုတာ ၀ီရိယကောင်းရမည်ဟု ဆိုလို၏။ အရှိန်အဟုန်ကောင်းရမည်ဆိုတာ ဉာဏ်ပညာနှင့်ပြည့်စုံပြီး ထက်ထက်မြက်မြက် သွက်သွက်လက်လက်ရှိရမည်ဟု ဆိုလို၏။ အရပ်အမောင်းကောင်းရမည်ဆိုတာ စားဝတ်နေရေး ကျန်းမာရေးအတွက် စားစရာ၊ ၀တ်စရာ၊ နေစရာ၊ ဆေးဝါး၊ ဓာတ်စာ ပြည့်စုံရမည်ဟု ဆိုလို၏။ ဘုရားရှင် ဆိုလိုသော အာဇာနည်ကတော့ ရဟန္တာ အရှင်မြတ်အာဇာနည်ကို ဆိုလို၏။
အာဇာနိယပုဒ်ကို ပါဠိ သဒ္ဒါဆရာများက "အာ ဘုသော ကာရဏာကာရဏံ ဇာနာတီတိ အာဇာနီယော"ဟု ၀ိဂြိုဟ်ပြုကြ၏။ အဓိပ္ပါယ်က အကြောင်းဟုတ်သည်၊ မဟုတ်သည်၊ အမှား၊ အမှန်ကို ပြင်းပြင်းထန်ထန်သိသူဟု ဆိုလို၏။ အာ ကို ဘုသော ဟု ဖွင့်၏။ ဘုသော၏ အနက်က ပြင်းပြင်းထန်ထန်ဟုဖြစ်၏။ သာမန်သိခြင်းမျိုးမဟုတ်။ ပြင်းပြင်းထန်ထန် သိခြင်းမျိုးဖြစ်၏။ ထို့ကြောင့် အာဇာနည်ဆိုတာ အကြောင်းဟုတ်၊ မဟုတ်၊ အမှား၊ အမှန်ကို ပြင်းပြင်းထန်ထန်သိသူဖြစ်၏။ သူများတကာထက် ပိုပြီးသိ၏။ သူများတကာထက် ပိုသိသဖြင့် ကောင်းမြတ်မှန်ကန်သော အလုပ်ကို သူများတကာထက် ပို၍ လုပ်၏။
ဘုရားရှင်က ပညာသတ္တ-ပညာဓား၊ ပညာဝုဓ-ပညာလက်နက်ဟု ပညာကို ဓားတို့၊ လက်နက်တို့နှင့် တင်စားထား၏။ ဓားဆိုတာ လှီးဖို့၊ ဖြတ်ဖို့၊ သတ်ဖို့ဖြစ်၏။ လက်နက်ဆိုတာလည်း ရိုက်ဖို့၊ သတ်ဖို့ပင်ဖြစ်၏။ ပညာတည်းဟူသော အသိဉာဏ် ဓားလက်နက်တို့ဖြင့် ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့နီးစပ်ရာ၊ ငါ့အသိုင်းအ၀ိုင်းဟု ခံယူထားသော အတ္တကို လှီးရမည်၊ ဖြတ်ရမည်၊ သတ်ရမည်၊ နှိမ်နင်းရမည်၊ အတ္တကို လှီးနိုင်၊ ဖြတ်နိုင်၊ သတ်နိုင်၊ ခွာနိုင်၊ နှိမ်နင်းနိုင်လေ ပရအတွက်၊ ပရကောင်းကျိုးကို ပိုပြီးပြုနိုင်လေ၊ ကြိုးပမ်းဆောင်ရွက်နိုင်လေဖြစ်၏။ အမှန်ကလည်း အာဇာနည်ဆိုတာ ကိုယ်ကျိုးမငဲ့ကွက် ပရဟိတအများကောင်းကျိုးကို သူမတူစွာ ထူးထူးကဲကဲ ဆောင်ရွက်သူများကို ခေါ်ဆိုခြင်းဖြစ်၏။
ပညာပါရမီပါလာသဖြင့် အသိဉာဏ်ပညာကြီးမားသော ဉာဏ်ကြီးရှင် အာဇာနည်ပုဂ္ဂိုလ်တို့သည် ပြင်းပြင်းထန်ထန်သိသဖြင့် ပြင်းပြင်းထန်ထန်ကြိုးစားကြ၏။ ပြင်းပြင်းထန်ထန် အလုပ်လုပ်ကြ၏။ ထိုသို့ ပြင်းပြင်းထန်ထန် ကြိုးစားအလုပ်လုပ်ကြသဖြင့် ပြင်းပြင်းထန်ထန် အောင်မြင်ပြီး အများ၏ အကြည်ညိုခံ၊ အကိုးကွယ်ခံ၊ အမြတ်နိုးခံ၊ အလေးစားခံ ထူးမြတ်သော ပုဂ္ဂိုလ်ကြီးတွေအဖြစ် မော်ကွန်းတင်ရစ်ကြ၏။
သာသနာရေးဘက်ကကြည့်လျှင် ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရား၊ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးတို့သည် အများတကာထက် ထူးကဲသော ပညာပါရမီရှင်၊ ဉာဏ်ကြီးရှင်များ ဖြစ်သဖြင့် ဆိုင်ရာ သာသနာအလုပ်တွေကို ပြင်းပြင်းထန်ထန် လုပ်သွားတော်မူကြသော ပုဂ္ဂိုလ်ကြီးများဖြစ်၏။ ထို့ကြောင့် သာသန အာဇာနည် ပုဂ္ဂိုလ်ကြီးတွေအဖြစ် မော်ကွန်းတင်ရစ်၏။ အာဇာနည်ဟူသည် လူမြင်ကောင်းရုံ၊ လူကြားကောင်းရုံ၊ အောင်မြင်ကျော်ကြားမှုကို အလေးဂရုပြု၍ ဟန်ပြအလုပ်လုပ်သော ပုဂ္ဂိုလ်တို့နှင့် မတန်မရာသော ဝေါဟာရဖြစ်သည်။
ဘုရားဟော ပါဠိတော်ကို ပြန်ကောက်လျှင် အာဇာနည်ပုဂ္ဂိုလ်ဆိုတာ ကိုယ်ကျင့်သီလ ပြည့်စုံရမည်။ ကိုယ့်ကျင့်တရား ကောင်းရမည်။ စာရိတ္တမဏ္ဍိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်ရမည်။ တရားမျှတရမည်။ ဘက်လိုက်မှုကင်းရမည်။ အဂတိတရား ကင်းရှင်းရမည်။ လောဘ၊ ဒေါသ၊ မောဟစသည့် အစွန်းများမထွက်စေရ၊ အနစ်နာခံနိုင်ရမည်။ ကိုယ်ကျိုး စွန့်နိုင်ရမည်။ အတ္တကို နှိမ်နင်းနိုင်ရမည်။ ပရကို ဦးစားပေးရမည်။ အာဇာနည်တို့၏ အဓိကအချက်သည် အနစ်နာခံနိုင်ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ ပရကို ဦးစားပေးခြင်းဖြစ်၏။ ဒါက ပထမအချက်ဖြစ်သည်။
ဒုတိယအချက်က ၀ီရိယကောင်းရမည်။ ဦးတည်ချက်ပန်းတိုင် ထားရှိပြီး ထိုပန်းတိုင်ကို မရောက်မချင်း၊ မဖြစ်မချင်း။ မရမနေ ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ရမည်။ တတိယအချက်က အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတိ ပြည့်စုံရမည်။ တတ်ရမည်၊ သိရမည်၊ ဗဟုသုတကြွယ်ရမည်၊ အမြင်ကျယ်ရမည်၊ စာပေဗဟုသုတ လိုက်စားရမည်၊ စာဖတ်အားကောင်းရမည်၊ ပညာဟူသည် အမှန်တရားကိုသိ၍ အမှန်တရားကို မြတ်နိုးသည်။ အမှန်တရားကို တန်ဖိုးထားသည်။ အမှန်နှင့်အမှားဟူသည် ကြားနေ၀ါဒမရှိ၊ ကြားနေ၍မရ၊ တစ်ဖက်ဖက်သာ နင်းရမည်။ အာဇာနည်သည် အမှန်တရားဘက်၌သာ ခြေစုံရပ်ထားသည်။
မိမိလုပ်ရပ်တိုင်းသည် အမှန်တရားနှင့် ညီညွတ်ရမည်။ အမှန်တရားဘောင်အတွင်းမှာပဲ ရှိရမည်။ မိမိအမြတ်နိုးဆုံးအရာသည် အမှန်တရားသာ ဖြစ်ရမည်။ မိမိသိုမှီးစုဆောင်းနေသောအရာသည် အမှန်တရားသာ ဖြစ်သည်။ အမှန်တရားအတွက်ဆိုလျှင် အသက်စတေးနိုင်သူဖြစ်ရမည်။ ဒါမှ အာဇာနည်မည်သည်။
စတုတ္ထအချက်က ကိုယ့်အတွက်ရော၊ ကိုယ်နှင့် သက်ဆိုင်သူတွေအတွက်ပါ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ဖူလုံအောင်၊ ပြည့်စုံအောင် ဖန်တီး ဆောင်ရွက်ပေးနိုင်ရမည်။ ဘုရားဟောစာပေအရဆိုလျှင် အာဇာနည်ဟူသည် ဆိုခဲ့သည့် အချက်ကြီးလေးချက် ပြည့်စုံဖို့လိုသည်။

( ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ(၃)၊ အမှတ် (၃၉)တွင် ပါရှိသည့် အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏ ဇူလိုင် ၁၉ အာဇာနည်နေ့ ဆောင်းပါးမှ ထုတ်နုတ်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် )
No comments:
Post a Comment