Wednesday, July 15, 2009

ဒီဆောင်းပါးလေးဖတ်ကြည့်ပါဦး


ဒီအပတ်ထုတ် Weekly Eleven ဂျာနယ်ကတော့ ကျွန်တော့်အတွက် အတော့်ကို ကျေနပ်မှုပေးတယ်လို့ အရင်ဆုံး ပြောလိုပါတယ်။ အင်း... မသိတဲ့လူတွေများ ကျွန်တော့်ပို့စ်တွေကို အပေါ်ယံဖတ်မိရင် ကျွန်တော်က Weekly Eleven ဂျာနယ်အတွက် ကြော်ငြာပေးနေသလား တွေးထင်မိကြမယ်ထင်ပါတယ်။ အဲဒီလိုတွေးမိကြရင်လည်း မဟုတ်ပါဘူးဗျာလို့ အရင်ဆုံး ဖြေရှင်းချင်ပါတယ်။ ဒီအပတ်ထုတ် အဲဒီဂျာနယ်ကို ချီးမွမ်းခန်းဖွင့်နေရတာက ဆောင်းပါးတွေအများကြီး ပါလာလို့ပါ။ ဆောင်းပါးတွေအများကြီးပါတာများ အဆန်းလားလို့ မေးမယ်ဆိုရင်လည်း မေးနိုင်ပါတယ်။ ဆောင်းပါး မကြိုက်တဲ့လူတွေကတော့ ကျွန်တော့်ရဲ့ အကဲပိုမှုကို နှာခေါင်းရှုံ့ချင်စရာဖြစ်ပေမယ့် ကျွန်တော့်လို ဆောင်းပါးတွေကြိုက်တဲ့ သူအတွက်ကတော့ တကယ့်ကို အချိုရှာ သကာတွေ့ပါပဲ။ ဆောင်းပါးတွေများလို့တင် ကျွန်တော်ကျေနပ်မိတာ မဟုတ်ပါဘူး။ ဒီအပတ်ပါလာသမျှ ဆောင်းပါးအားလုံးကို ကျွန်တော်ခံတွင်းတွေ့သွားလို့လည်း ပါပါတယ်။ နိုင်ငံရေးဆောင်းပါးကလည်း ဖတ်လို့ကောင်း၊ သမိုင်းဆောင်းပါးတွေကလည်း ဖတ်လို့ကောင်း၊ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးကလည်း ပြောစရာမလိုအောင် ဖတ်လို့ကောင်းဆိုတော့ ကျွန်တော်ကြိုက်မိတာ ပိုတယ်မဆိုသာဘူးလို့ ထင်ပါတယ်။
အဲဒီဆောင်းပါးတွေထဲကမှ ကျွန်တော့်ကို အတွေးတွေပေးပြီး တသသဖြစ်နေအောင် လုပ်ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်က ပြန်ပြောပြချင်၊ ပြန်မျှဝေပေးချင်တာပါ။ နန္ဒ၀င်း (ဆေး-၁) ရဲ့ အသက်အရွယ်၊ ပတ်ဝန်းကျင်၊ ပြောင်းလဲခြင်းနှင့် တည်ငြိမ်မှု ဆိုတဲ့ ဆောင်းပါးပါ။ ဘာတွေ ဘယ်လိုကောင်းတယ်လို့ ကျွန်တော်က ပြောပြနေ၊ ချီးမွမ်းပြမနေတော့ပါဘူး။ ကိုယ်တိုင်သာ ဖတ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ အစကတော့ အဲဒီဂျာနယ်ဆောင်းပါးကို Eleven Web Site မှာ တင်ပေးထားတဲ့ ဓာတ်ပုံဖိုင်ကိုပဲ လင့်ခ်ပေးပြီး တင်ပေးဖို့ပါ။ ဒါပေမယ့် အင်တာနက်ကွန်နက်ရှင်း နှေးတဲ့လူတွေအတွက်၊ နည်းပညာအခက်အခဲရှိတဲ့လူတွေအတွက် မဖတ်ဖြစ်ဘဲ ကျော်မသွားစေချင်လို့ အပင်ပန်းခံပြီး ပြန်ရိုက်ပေးလိုက်ပါတယ်။

အသက်အရွယ်၊ ပတ်ဝန်းကျင်၊ ပြောင်းလဲခြင်းနှင့် တည်ငြိမ်မှု
နန္ဒ၀င်း (ဆေး-၁)
အချိန်ကာလတစ်ခုသည် လူကို ပြောင်းလဲစေပါသည်။ အမှန်စင်စစ်မူ ကျွန်တော်သည် မကြာခဏ ပြောင်းလဲတတ်ခြင်းကို ပင်ကိုအားဖြင့် မနှစ်သက်ပါ။ သို့သော် ထို ကျွန်တော်သည်ပင် အချိန်ကာလတစ်ခုတွင် ပြောင်းလဲစွာခံယူမိသည့် အချက်တစ်ချက်ကို မကြာခင်ကမှ သတိပြုမိခဲ့ပါသည်။ ဆိုရသော် ကျွန်တော်အသက်နှစ်ဆယ်ကျော်၊ သုံးဆယ်အတွင်း ကာလက ကျွန်တော့်စိတ်ကူးထဲမှ သူရဲကောင်းမှာ လဂွန်းအိမ်ဖြစ်ခဲ့သည်။ အသေခံတိုက်ရမည့် တိုက်ပွဲမတိုက်မီ ဘုရင်မှ ၎င်းအား မည်မျှ ချစ်သည်ဟု သိလိုစွာဖြင့် မိဖုရားကိုပင် တောင်း၍ အချစ်စမ်းဝံ့သူ၊ စစ်ကို တရားနည်းလမ်းကျစွာဖြင့်သာ တိုက်ခိုက်၍ အောင်မြင်လိုသူ၊ အကောက်ကြံ၍ သစ္စာပြုဟန်ဆောင်ကာ သောင်ပြင်အောက်သဲတွင် မြှုပ်ထားသော လက်နက်များဖြင့် လုပ်ကြံမည့်အစီအစဉ်အား သတိကြီးစွာဖြင့် မေးမြန်းတတ်သော (နောင်အခါ အင်းဝထီးနန်းကိုပင် စိုးစံရမည့်) သတိုး၏ မေးမြန်းချက်ကို “ဟဲ့ သတိုး အရူး၊ စစ်တွင်းသစ္စာမှန်ဖူးသလော” ဟု တုံ့ပြန်ခဲ့သူ... စသည့် စသည်ဖြင့် ၎င်း၏ ပုံရိပ်များက ငယ်ရွယ်သော နှစ်ဆယ်ကျော်နှလုံးသားကို လွှမ်းမိုးထားနိုင်ခဲ့ပါသည်။ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များပေါ်တွင် အများဆုံး နှစ်သက်တတ်သော နှစ်ဆယ်ကျော်နှလုံးသားကို လွှမ်းမိုးထားနိုင်ခဲ့ပါသည်။
ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များပေါ်တွင် အများဆုံးနှစ်သက်တတ်သော “၀ဏ္ဏဒသက” အရွယ်ဘ၀မို့ “မသံလုံ” ခေါ် “လဂွန်းအိမ်” သည် ကျွန်တော့်ဘ၀၏ သူရဲကောင်း ဖြစ်ခဲ့ပါသည်။ သို့သော် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အားပြိုင်လာသော ယခု “ဗလဒသက” အရွယ် သုံးဆယ်ကျော် လေးဆယ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် ကျွန်တော့်သူရဲကောင်းပုံရိပ်သည် တစ်ခုမှိန်၍ အခြားတစ်ခုမှာ တဖြည်းဖြည်း ထင်လင်း၍ လာပါတော့သည်။ ထိုသို့ဆို၍ ကျွန်တော်၏ သူရဲကောင်း လဂွန်းအိမ်ကို လေးစားခြင်း၊ ချစ်ခြင်း၊ ကြည်ညိုခြင်း၊ အားကျခြင်းတို့ လျော့ပါးသွားသည်ဟု မထင်မြင်စေလိုပါ။
အခြားပုံရိပ်တစ်ခုက ၄င်းထက် အင်အားကြီးစွာ နှလုံးသားကို စိုးမိုးလာခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုသူကား... ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းထဲမှ သစ္စာ၏ပြယုဂ် အမတ်ဒိန်သာဖြစ်ပါသည်။ သူ၏ အရှင်သခင်ဖြစ်သော ဗညားဦး နတ်ရွာစံ၍ ရုပ်အလောင်းအား သင်္ဂြီုဟ်ခြင်း မပြုရမီ နန်းရထိုက်သူ ပုန်စားသော ဗညားနွဲ့ (ရာဇာဓိရာဇ်) မြို့အ၀င်တွင် မြို့တံခါး တစ်ဖက်သာဖွင့်မိ၍လည်းကောင်း၊ ပုန်စားစဉ်ဝယ် မဆက်သွယ်မိ၍လည်းကောင်း၊ သေဒဏ်ကျရတော့မည့်ဘေးတွင်ပင် မကြောက်မရွံ့ ...
“ကျွန်ုပ်၏အပြစ်နှစ်ရပ်အတွက် သတ်လျှင်သေရပါမည်။ ချမ်းသာပေးလျှင် ရှင်ရမည်ပင်။ စင်စစ်သော်ကား ကျွန်ုပ်သည် ခမည်းတော် ဆင်ဖြူရှင်၏ သစ္စာခံခြေဖ၀ါးတော်အောက်က ကျွန်ကြီးဖြစ်ပေသည်။ ဆင်ဖြူရှင်၏ ရန်သူဖြစ်ပါက မည်သူ့ကိုမဆို ကျွန်ုပ်အသက်ပေး၍ တိုက်ခိုက်ရမည်ဟု သစ္စာဆိုထားသည်။ အရှင့်သားတော်သည် ဒဂုံ၌ခြားနားစဉ်က ဆင်ဖြူရှင်၏ အမိန့်မရှိ၍ မင်းသားနှင့် ကျွန်ုပ် ဆက်သွယ်ခွင့်မရှိပါ။ အရှင့်သားတော်သည် ပဲခူးမြို့တွင်းသို့ ၀င်တော်မူစဉ်က ကျွန်ုပ်၏သခင် ဆင်ဖြူရှင် ဗညားဦးသာလျှင် ရာဇပလ္လင်ထက်၌ ပကတိရှိခဲ့မူကား အရှင့်သားကို ကျွန်ုပ်ဝင်ခွင့်ပြုမည်မဟုတ်ဘဲ အသက်ပေး၍ ခံတိုက်မည်ပင်၊ သို့သော် ဆင်ဖြူရှင်၏ နာမ်သည် ရုပ်နှင့်ခွာခဲ့ပြီဖြစ်၍ ဆင်ဖြူရှင်၏ ရုပ်အလောင်းကို စောင့်ရှောက်သောအားဖြင့် တံခါးရွက်တစ်ရွက်ကိုသာ ဖွင့်ပေးခြင်းဖြစ်ပါသည်။ ဆင်ဖြူရှင်၏ ရုပ်နှင့်နာမ်နှစ်ပါးလုံး မရှိခဲ့သော် မင်းသားအား တံခါးနှစ်ရွက်စလုံးကို ဖွင့်ပေးခဲ့ပေမည်။ ယခု အရှင်မင်းသားသည် မင်းဖြစ်၍ ကျွန်ုပ်တို့၏ အရှင်သခင်ဖြစ်ပြီ။ သခင်၏ သစ္စာတော်ကို ခံထားသည်။ အကယ်၍ ရန်သူတစ်ပါးက အရှင့်သားတော်ကို ပုန်စားခဲ့သည်ရှိသော် ကျွန်ုပ်သည် ထိုသူပုန်နှင့် ဆက်သွယ်၍ လက်ဆောင်ပေးခြင်း၊ အကြံပြုခြင်း၊ သူပုန်ဘက်ဝင်စားကာ အရှင်မင်းသားကို မစောင့်ရှောက်ပါက ကျမ်းရွတ်ထားသော ကျွန်ုပ်၏ သစ္စာမပျက်ချေသလော။ ... ကျွန်ုပ်သည် သူပုန်ဘက်သို့ ၀င်စားရန်ကား နတ္ထိမရှိ။ ကျွန်ုပ်သည် ထီးဖြူဆောင်းမင်းကိုသာ သစ္စာခံ၍ ခစားမည်။ ထီးဖြူမဆောင်းသော သူပုန်မင်းကို ဘယ်တော့မှ မခစားပါ။ ကျွန်ုပ်ကိုမျက်၍ ကွပ်တော်မူသောအခါ ကျွန်ုပ်ကားသေရုံသာ။ သို့သော် ပြည်ထဲအရေးကား ပျက်ချေတော့မည်။ နောက်နောင် ပုန်ကန်မည့်သူ ပေါ်သောအခါ အမတ်ဒိန်အရူးကဲ့သို့ မပြုကျင့်ပေနှင့်။ ၎င်းကား ထီးဖြူဆောင်းမင်းကိုသာ ဦးညွတ်၍ သူပုန်မင်းကို မညွတ်။ ထိုအခါ သူပုန်မင်း ထီးဖြူရသောအခါ အကွပ်ခံရပေသည်ဟုဆိုကာ ထီးဖြူဆောင်းမင်းထံ သစ္စာစောင့်သူမရှိတော့ သူပုန်ဘက်သာ ၀င်စားသူများတော့မည်။ ထို့ကြောင့် ပြည်အရေးပျက်ပါလိမ့်မည်...” ဟူသော စကားများက ၀န်ထမ်းသက် ဆယ်စုနှစ်ကာလတစ်ခုမျှ ရလာသော ကျွန်တော်၏ ရင်ကို ဖမ်းစားနိုင်ခဲ့ပါသည်။ ထို့ကြောင့်ပင် ကျွန်တော်၏ အဇ္ဈတ္တသဏ္ဍာန်မှ သူရဲကောင်းပုံရိပ်သည် “အမတ်ဒိန်မဏိရွတ်” အဖြစ် ပို၍ပို၍ပင် ထင်ရှားလာခဲ့ပါတော့သည်။
မကြာသေးသော ကာလက ကျွန်တော့်ဘ၀တစ်လျှောက်လုံး၏ အားကျစရာပုံရိပ်တစ်ခုဖြစ်ခဲ့သော ဖခင်ဖြစ်သူအား ၎င်းအား အသက်သုံးဆယ်နှင့် လေးဆယ်ကြားကာလ၏ သူရဲကောင်းပုံရိပ်ကို မေးမြန်းမိခဲ့သည်။ နိုင်ငံဝန်ထမ်းဘ၀မှ သက်ပြည့် ပင်စင်ယူသွားခဲ့ပြီဖြစ်သော ဖခင်ဆရာဝန်ကြီး၏ မျက်နှာသည် အနည်းငယ်ပြုံးရောင်သန်းကာ နုပျိုစွာဖြင့် “အဲဒီအချိန်တုန်းကတော့ ဖေဖေ့သူရဲကောင်းက ချီလီပေါ်က ကြယ်နီ ချီကွေဗားရားပေါ့ကွယ်...“ ဖြေဆိုခဲ့သည်။ ထိုစကားတစ်ခွန်းကြောင့်ပင် ငယ်စဉ်ဘ၀က မိသားစုနှင့် လူနာများထက် အစည်းအဝေးများ၊ ဟောပြောပွဲများ၊ အစည်းအရုံးများ၊ သင်တန်းများဖြင့် အချိန်ကုန်ခဲ့သော ဖခင်ဖြစ်သူကို နားလည်နိုင်ခဲ့ပါသည်။ ၎င်းတို့၏ခေတ်အချိန်အခါက တော်လှန်ရေးခေတ်၊ ခေတ်ပြောင်းချိန်၊ စနစ်ပြောင်းချိန်ဖြစ်ခဲ့၍ ဖခင်၏ ရင်တွင်းမှ ပုံရိပ်ကို နားလည်ပေးနိုင်ပါသည်။
ယခု ကျွန်တော်တို့ခေတ်တွင် ထိုသို့သော စနစ်အချိန်အခါမျိုးကား မဟုတ်တော့ပြီ။ တော်လှန်ရန်ခေတ်ကား မဟုတ်တော့ပါ။ တည်ငြိမ်ရန် ဆောင်ရွက်ရတော့မည့်အချိန်ဟု တထစ်ချ ယုံကြည်မိပါသည်။ ထို့ကြောင့်လည်း ကျွန်တော်သည် အမတ်ဒိန်ကို နှစ်သက်ရပါသည်။ ၀န်ထမ်းတိုင်းသည်လည်း ကျွန်တော်၏ ရင်တွင်းပုံရိပ် အမတ်ဒိန်ကို ပမာပြု လိုက်နာသင့်သည်ဟု ထင်မြင်မိပါသည်။
ကျွန်တော်တို့၏ ပိုမိုကောင်းမွန်သော အနာဂတ်ကာလတစ်ခုအတွက် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက စနစ်တကျ အဆင့်ဆင့်ပြောင်းလဲလျက် ရှိပါသည်။ ပြောင်းလဲသည်ဟုဆိုရာတွင် ရုတ်ခြည်းပြောင်းလဲခြင်းနှင့် အရှိန်မဟုန်မပျက် ပြောင်းလဲခြင်းတို့ ရှိပေသည်။ တည်ငြိမ်မှုနှင့် ရေရှည်တည်တံမှု အားနည်းတတ်ပါသည်။ အရှိန်အဟုန်မပျက် တစ်ဆင့်ချင်း ပြောင်းလဲရာတွင် တည်ငြိမ်မှုနှင့် ရေရှည်တည်တံ့မှု ပိုမိုအားသာလိမ့်မည်ဟု ယုံကြည်မိပါသည်။ ပြောင်းလဲမည်ဟု တတွင်တွင်ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့သော နိုင်ငံကြီးတစ်ခုမှ သမ္မတသည်ပင် ရုတ်ခြည်းပြောင်းလဲခြင်းကို မကျင့်သုံးခဲ့ပေ။ တည်ငြိမ်မှုရရှိရန် အဓိကဦးစားပေးဆောင်ရွက်ခဲ့သည်ဟု သုံးသပ်မိပါသည်။
ကျွန်တော်တို့သည် ခေတ်အဆက်ဆက်တွင်လည်းကောင်း၊ လုပ်ငန်းအနှံ့အပြားတွင်လည်းကောင်း စိတ်မြန်စွာဖြင့် ရုတ်ခြည်းပြောင်းလဲခြင်းများကို ရွေးချယ်ကျင့်သုံးခဲ့ကြဖူးပေပြီ။ ယခုအခါတွင်မူ ပြည်သူတစ်ရပ်လုံးသည် တည်ငြိမ်မှုရှိသော ပြောင်းလဲခြင်းကိုသာ အလိုရှိပါလိမ့်မည်။ ထိုသို့ဖြစ်ပေါ်လာစေရန် ကျွန်တော်အပါအ၀င် နိုင်ငံ့ဝန်ထမ်းအားလုံးမှ မိမိတာကို မိမိလုံခြုံစွာဖြင့် အမတ်ဒိန်ထုံးနှလုံးမူကာ ပြည့်အရေးသာရန် ဆောင်ရွက်သင့်ပါတော့သည်။

အဲဒီဆောင်းပါးကို မူလအတိုင်း ဓာတ်ပုံဖိုင်နဲ့ဖတ်ချင်ရင်၊ သိမ်းချင်ရင် ဒီနေရာမှာ နှိပ်ပါ။

No comments:

Post a Comment

 
Web Statistics