ဘ၀အား ချောမောစွာ မောင်းနှင်နိုင်ရန်အတွက် ပျော်ရွှင်ခြင်းများအား အမြန်ဆုံး ၀ယ်ယူချင်ပါသည်။
ကျွန်တော်၏ ရိုးသားဖြူစင်မှုများအတွက် လက်ခုပ်သံများ မကြားရသော်လည်း လူမှုရေးညံ့ဖျင်းသူ တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါသည်။
မူဆိုလီနီ၏ ဖိနပ်ကို ကျွန်တော် မမက်မောပါ။ ဟစ်တလာ၏ နှုတ်ခမ်းမွှေးကို ကျွန်တော် သဘောမကျပါ။ ၁၃ နှစ်သမီးလေး “ဇလာတာ”၏ ဒိုင်ယာရီကို ကျွန်တော် ဖတ်ချင်ပါသည်။
တကယ်တော့ အချစ်သည်လည်းကောင်း၊ အမုန်းသည်လည်းကောင်း အမှတ်အသားမရှိသူများ၏ နှလုံးသားကို အနာခံပြီး ရူးကြောင်ကြောင်လုပ်ကြသော ကိစ္စများသာ ဖြစ်ပါသည်။
ကမ္ဘာကြီးသည် မိမိဝင်ရိုးပေါ်တွင် ၂၃ ၁/၂ တိမ်းစောင်းလည်ပတ်နေခြင်းသည် တိကျသော အချက်ဖြစ်နေသလား ဆိုသည်ကို ကျွန်တော် စိတ်မ၀င်စားပါ။ ဘော့စနီးယားမှ ကလေးငယ်များ၏ အနာဂတ်အတွက် ကျွန်တော် စိုးရိမ်မကင်းဖြစ်မိပါသည်။ အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးရရှိခြင်းကို ကျွန်တော် တွေ့မြင်လိုခြင်းသည် လူသားဆန်သော ခံစားချက်တစ်ရပ်သာ ဖြစ်ပါသည်။ ကမ္ဘာကြီး၏ တစ်နေရာတွင် ရာဇ၀တ်မှုများ ဖြစ်ပွားနိုင်သည်။ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်။ ငတ်မွတ်ခြင်းများ ဖြစ်ပွားနိုင်သည်။ စာသင်ကြားခွင့် မရရှာသော ကလေးငယ်များ ရှိနေနိုင်ပါသည်။ ထို့ကြောင့် ပျော်ရွှင်မှုသည် ပျောက်ဆုံးနေသော ကောင်းကင်တစ်ခု ဖြစ်နေပါသေးသည်။
ဘ၀အတွက် ကျွန်တော်တို့ ပုံအောလိုက်ရသည်မှာ တစ်ခါတစ်ရံတွင် ကိယ်ကျင့်တရားဖြစ်၍ တစ်ခါတစ်ရံတွင် ရိုးသားမှုများ ဖြစ်နေတတ်ပါသည်။
ငွေကြေးကို အလွန်အမင်း တွယ်တာမက်မောနေသူများသည် စက္ကူများနှင့် အပေါင်းအသင်း လုပ်နေကြသူများသာ ဖြစ်ပါသည်။
ညှီစို့စို့ အနံ့ရသော အပြုံးများက ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေပါသည်။
တစ်ချို့ကတော့ အမှန်တရားကို ဘီယာကဲ့သို့ မော့သောက်ကြသောကြောင့် ခါးသက်သက် ရှတတ ဖြစ်သွားပါသည်။ တချို့ကတော့လည်း မုသာဝါဒများကို ပန်းကုံးစွပ်ကာ ဆုချနေကြပါသည်။ ကျွန်တော့် သွေးဖြူဥများထဲတွင် လူတိုင်းနှင့် သဟဇာတ မဖြစ်နိုင်သည့် ပဋိဇီဝဆေးများ ပျော်ဝင်နေပါသည်။
ကျွန်တော်ဖြစ်ချင်သည်နှင့် ဖြစ်နေသည်များ ထပ်တူမကျသော အခြေအနေကို ကျွန်တော်က “ဘ၀” ဟု ခေါ်ပါသည်။
ဆားငန်ရေများသည့် အမှန်တရားကို သောက်သုံးခဲ့သောကြောင့် ကျွန်တော်ဝမ်းလျှောခဲ့ရဖူးပါသည်။
တစ်ခါသုံးအပ်နှင့်တူသော အပြုံးတုများကို ရက်ရောစွာ ပေးအပ်နေကြသူများကြောင့် “စစ်မှန်ခြင်း”ကို ကျွန်တော် နားမလည်တော့ပါ။
တကယ်တော့ လက်ထပ်ခြင်းသည် ကိုယ့်ကိုကိုယ် ကြိုးနှင့်ချည်ကာ တွင်းနက်နက်တစ်ခုထဲသို့ ယောက်ျားနှင့်မိန်းမ တစ်ပြိုင်နက်တည်း ခုန်ချခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်အတွက် လက်ထပ်ခြင်းသည် စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာတစ်ခု မဟုတ်သည်မှာ အလွန်သေချာ ပါသည်။
အမြဲစမ်းသစ်တောများတွင် သံလွင်ပင်များ မပါဝင်ခြင်းက အနည်းငယ် ၀မ်းနည်းစရာကောင်းပါသည်။
ပင်နယ်စလင်ကို အလက်ဇန္ဒားဖလဲမင်းက အမှတ်မထင် တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး ကျွန်တော်က မှိုများကို ဟင်းချက်စားရန် ပို၍ စိတ်ဝင်စားပါသည်။
ကျွန်တော်၏ မှားယွင်းမှုများအတွက် အာဒံနှင့်ဧ၀ သို့မဟုတ် ဘုရားသခင်ထံတွင် တာဝန်မရှိပါ။
ကျွန်တော့်ရင်ဘတ်ထဲတွင် အလိုအပြည့်မှုများ သောင်ထွန်း၍ နာကျင်ခြင်းများ ကျောက်ချနေပါသည်။
ကျွန်တော့်သွားများ ခိုင်မာစေရန်အတွက် နားမလည်မှုများကို မျိုချသောက်သုံးရပါသည်။
ကမ္ဘာမြေကျန်းမာရေးအတွက် ကျိုချက်မထားရသေးသော ရေတစ်ခွက်နှင့် ကျွန်တော် မျက်နှာသစ်လိုက် ပါသည်။
အမှန်တရားနှင့် ဘိလိယက်ထိုးရန် ကျွန်တော် ချိန်းဆိုလိုက်ပါသည်။
Thursday, July 09, 2009
နာရီမရှိသော သွေးကြောများ-သွေး(စစ်ကိုင်း)
(၂၀၀၈ ခုနှစ် ဧပြီလထုတ် ရယ်စရာမဂ္ဂဇင်း အမှတ် ၂၉ မှ)
Posted by Ko Nyan Posted Time 9:18 PM
Labels စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment