လူများစုနှင့် လူနည်းစု
မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်းသည် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ယနေ့ စိတ်ဝင်စားနေကြသည်။ စိတ်ဝင်စားနေသည်မှာ နှစ်မျိုးဖြစ်သည်။ အချို့က ဖြစ်မှဖြစ်ပါ့မလားဟု အကောင်းမြင်စိုးရိမ်မှုဖြစ်သည်။ အချို့ကမူ တပ်မတော်က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရမည်ဟု ကြွေးကြော်နေသူများလည်း ရှိသည်။ သူတို့သည် တပ်မတော်က လုပ်သမျှ အကောင်းမမြင် အဆိုးသာမြင်နေကြသည်။ ဤသူများမှာ လူနည်းစုသာ ဖြစ်သည်။ ဤအဆိုးမြင် အဖျက်သမားများကြောင့် ရွေးကောက်ပွဲဖြစ်စေလိုသည့် အကောင်းမြင်လူများစု ပြည်သူလူထုကြီးက ဖြစ်မှဖြစ်ပါ့မလား ဟု ပူပန်နေကြခြင်း ဖြစ်ပေသည်။
သမိုင်းအတွေ့အကြုံအရ နိုင်ငံ၏ ကံကြမ္မာကို ပြည်သူလူထုအများစုက ဆုံးဖြတ်ခြင်းဖြစ်ပြီး၊ လူနည်းစုတစ်စုက ဆုံးဖြတ်ခြင်းမဟုတ်သည်ကို မြင်ရန်လိုသည်။ တပ်မတော်အစိုးရက ကြီးကြပ်ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအသစ်ကို ထိုအဖျက်သမားလူနည်းစုက အစွမ်းကုန် ကပျက်ယပျက် လုပ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်၊ မေလ နာဂစ်မုန်တိုင်းကြောင့် လူထုဆန္ဒခံယူပွဲကို နှစ်ကြိမ်ခွဲကျင်းပခဲ့ရကာမူ ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံမှုဖြင့် အတည်ပြုနိုင်ခဲ့သည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲလည်း ထို့အတူ အောင်မြင်စွာ ပြီးမြောက်သွားမည်ဟု ကျွန်တော်ယုံကြည်သည်။ အကြောင်းမူ အထက်တွင် ဆိုခဲ့သည့်အတိုင်း သမိုင်းဟူသည် လူတစ်စုက ဖန်တီးခြင်းမဟုတ်၊ ပြည်သူလူထုကသာ အဆုံးအဖြတ်ပေးခြင်း ဖြစ်ခြင်းကြောင့်ပင်။
တပ်မတော်ရဲ့ကဏ္ဍ
ယနေ့တပ်မတော်သည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာကတည်းက အင်္ဂလိပ်နယ်ချဲ့လက်အောက် ကျရောက်နေသည့် မြန်မာပြည် လွတ်မြောက်ရေးအတွက် သက်စွန့်ကြိုးပမ်းရမည်ဆိုသည့် စိတ်ဓာတ်အားမာန်ဖြင့် မွေးဖွားလာသည့် မျိုးချစ်စိတ် အခြေခံသည့် လက်နက်ကိုင်အင်အားစု ဖြစ်သည်။
တပ်မတော်သည် အင်္ဂလိပ်နယ်ချဲ့သမားနှင့် ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ရင်း မျိုးချစ်စိတ် ပိုမိုကြီးထွားလာခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်တွင် ကွန်မြူနစ်သောင်းကျန်းသူ၊ လူမျိုးရေးနောက်ခံ သူပုန်များ၊ အမေရိကန်မွေးထားသည့် ကူမင်တန်တရုတ်ဖြူများ၊ ၁၉၆၇ ခုနှစ်နောက်ပိုင်းတွင် အရှေ့မြောက်နယ်စပ်ရှိ ခေတ်မီလက်နက်ကိုင် ကွန်မြူနစ်သူပုန်များကို တိုက်ခိုက်အောင်နိုင်ခဲ့သော တပ်မတော်သည် ယနေ့ မပြိုကွဲ မဖြိုခွဲနိုင်သည့် အင်အားကြီးဖြစ်နေလေသည်။ စစ်ရေးအတွေ့အကြုံသာမက၊ နိုင်ငံရေးအတွေ့အကြုံလည်း ကုံလုံကြွယ်ဝနေပြီဖြစ်သည်။ ဤတပ်မတော်အစိုးရက ကြီးကြပ်ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်၊ မေလ လူထုဆန္ဒခံယူပွဲကြီး ထမြောက်အောင်မြင်ခဲ့သလို ပြီးမြောက်အောင်မြင်မည်ဟု ကျွန်တော် အခိုင်အမာ ယုံကြည်သည်။
တပ်မတော်အစိုးရ၏ကတိ
အထက်ပါယုံကြည်မှုကို ထပ်ဆောင်းခဲ့သည့်အချက်မှာ ၂၇-၃-၂၀၀၉ ရက်၊ (၆၂)ကြိမ်မြောက် တပ်မတော်နေ့တွင် မိန့်ကြားခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိန့်ခွန်းပင်ဖြစ်ပါသည်။
ယနေ့ဆိုရင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ပြည်သူတွေက တစ်ခဲနက် ထောက်ခံအတည်ပြုပြီး ဖြစ်တယ်။ ဒါကြောင့် ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အရ ဖြစ်ပေါ်လာမယ့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲတွေကို စနစ်တကျ ကျင်းပပေးမှာ ဖြစ်တယ်။
နိုင်ငံတော်အကြီးအကဲက ဤသို့ မိန့်ကြားခဲ့သဖြင့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်ကြောင်း ကျွန်တော် အခိုင်အမာ ယုံကြည်နေခြင်း ဖြစ်ပါသည်။
နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များ
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တို့သည် ယခုကပင် လှုပ်ရှားစ ပြုနေပြီဖြစ်ကြောင်း သတင်းများ ကြားနေရပါသည်။ တိုင်းပြည်အတွက် အားတက်စရာမှာ နိုင်ငံရေးသမားများသာမက ခေတ်ပညာတတ် စီးပွားရေးသမား လုပ်ငန်းရှင်များပါ အသင်းအပင်းများဖွဲ့ရန်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း၊ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန် ပြင်ဆင်နေသည့် သတင်းများ ဖြစ်ပါသည်။ ပြည်သူလူထု ချမ်းသာကြွယ်ဝလာစေရန် ဆောင်ရွက်နိုင်သူများမှာ အဓိကအားဖြင့် ကိုယ်ကျိုးမဖက်သည့် စီးပွားရေးပညာနှင့် အတွေ့အကြုံကြွယ်ဝသူများ ဖြစ်ကြပေသည်။ စိတ်ကောင်းစေတနာရှိကြသည့် နိုင်ငံရေးသမားများသည် နိုင်ငံရေးအာဏာရရှိရန် နိုင်ငံရေးမဟာဗျူဟာနှင့် နည်းဗျူဟာတို့ကို တတ်ကျွမ်းကြသော်လည်း ပြည်သူလူထု ချမ်းသာကြွယ်ဝရေးအတွက် နိုင်ငံကို တည်ဆောက်ရာတွင်မူ အခက်အခဲများ ကြုံခဲ့ရလေသည်။
စီးပွားရေးသည် အခြေခံအုတ်မြစ်
နိုင်ငံကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်သည် စီးပွားရေးဖြစ်သည်။ ယင်းအခြေခံအုတ်မြစ် Super structure အပေါ်တွင်မှ နိုင်ငံရေးလူမှုရေးစည်း အပေါ်ယံအဆောက်အအုံ Infra structure တည်ရှိနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အာဏာရလာသည့် နိုင်ငံရေးခေါင်းဆောင်များသည် စီးပွားရေးပညာနှင့် အတွေ့အကြုံမရှိပါက ပြည်သူလူထု ချမ်းသာကြွယ်ဝလာစေရန် စွမ်းဆောင်ရေးတွင် အခက်အခဲများ ကြုံရနိုင်ပေသည်။ ကြုံခဲ့ရဖူးပေသည်။ နိုင်ငံရေး ခေါင်းဆောင်များသည် နိုင်ငံရေးအာဏာရလာသည်နှင့် ပြည်သူလူထု ချမ်းသာကြွယ်ဝရေးကို အဓိကအာရုံစိုက် ဆောင်ရွက်ရန် တာဝန်ရှိလာတော့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် စီးပွားရေးပညာရှင်များနှင့် အတွေ့အကြုံရှိသူများ ပါဝင်လာခြင်းသည် ကောင်းသောလာခြင်းဖြစ်၍ ၀မ်းမြောက်စွာ ကြိုဆိုရမည်ဖြစ်ပါသည်။
နိုင်ငံရေးသမားဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ၊ နိုင်ငံရေးနယ်သို့ ၀င်မည်ဟု ဆုံးဖြတ်ပါက ကြိုတင်လိုအပ်သည့်အရာမှာ နိုင်ငံရေးပညာသာမက စီးပွားရေးပညာပါ ကျွမ်းကျင်စွာ တတ်မြောက်မှသာ မိမိတို့ ရည်မှန်းထားခဲ့သည့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ထိရောက်အောင်မြင်စွာ စွမ်းဆောင်အကောင်အထည်ဖော်နိုင်မည် ဖြစ်ပေသည်။
နိုင်ငံရေးနယ်သို့ ၀င်လာသူတို့သည် ပြည်သူတို့အတွက်မဟုတ်ဘဲ မိမိတို့ပါတီ အာဏာရရေး မိမိတစ်ဦး တစ်ယောက်လောက် ကောင်းစားဖို့ ရည်မှန်း၍ မပြုလုပ်သင့်ပေ။ ပြည်သူလူထုသည် နိုင်ငံရေးပညာနိမ့်ပါးသလောက် နိုင်ငံရေးသမား ခေါင်းဆောင်များ၏ အဟောအပြောကိုသာ အဟုတ်ထင်ပြီး ယုံတတ်ကြသည်။ အထင်ကြီးပြီး ရွေးကောက်ပွဲတွင် မဲထည့်တတ်ကြသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် မိမိတို့ ရွေးချယ်တင်မြှောက်ခဲ့သော ကိုယ်စားလှယ်ကို မကြိုက်ပါက ပြန်လည်ဖြုတ်ချခွင့် Right of Recall ရှိသော်လည်း ဦးဆောင်မည့်သူနှင့် ငွေကြေး အခက်အခဲ ရှိသဖြင့် အကောင်အထည်ဖော်ရန် ခက်ခဲလှသည်။ ကျောချမှ ဓားပြမှန်းသိ ဆိုသလို မဖြစ်စေရန် မဲဆန္ဒရှင် ပြည်သူလူထုသည် မိမိတို့၏ အသည်းကြားမှ မဲတစ်ပြားမထည့်မီ တင်ကြိုစဉ်းစားတွေးခေါ်၍ မှန်ကန်ဖြောင့်မတ်သော အမတ်လောင်းကိုသာ ဆန္ဒမဲထည့်နိုင်ရန် အပင်ပန်းခံ၍ ဆောင်ရွက်သင့်ပေသည်။
အတွေ့အကြုံရှိသူများကို လေးစားပါ
ခေတ်တိုင်းတွင် တက်ကြွထက်မြက်သည့် လူငယ်များသည် နိုင်ငံရေးတွင် ဦးဆောင်ဦးရွက်ပြုလေ့ ရှိခဲ့သည်။ ယနေ့ လူကြီးများသည် ယခင်က လူငယ်များပင်ဖြစ်သည်။ အတွေ့အကြုံတွင် ကောင်းသောအတွေ့အကြုံများကို လူငယ်များ လေ့လာသင်ယူရာတွင် လူကြီးများထံမှ ရရှိသည်။ သို့ဖြင့် လူ့လောကကမ္ဘာကြီးသည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖွံ့ဖြိုးလာခြင်း ဖြစ်ပေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေသည်မှာ အသိဉာဏ်ဖွံ့ဖြိုးမှုကို အခြေခံရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ အသိပညာဉာဏ်ဆိုရာတွင် ယနေ့ခေတ်အခေါ် နည်းပညာ Technology ဖြစ်သည်။ နည်းပညာသည် လူမျိုးဆက်ဟောင်းမှ မျိုးဆက်သစ်များသို့ ဆင့်ပွားလက်ဆင့်ကမ်းပေးခဲ့သည့် အဖိုးတန်ရတနာ ဖြစ်ပေသည်။
ဤရတနာများကို မျိုးဆက်သစ်များ မှန်ကန်စွာ ခံယူတတ်ဖို့လိုပါသည်။ ယနေ့လူကြီးများသည် ယခင်အချိန်က လူငယ်များ ဖြစ်ခဲ့ကြသည်။ လူငယ်တို့ဘာဝ တက်ကြွနိုးကြား၍ ကိုယ်ကျိုးစွန့်သူများ ဖြစ်ကြသည်။ လူငယ်များသည် လူကြီးများကို အထင်သေးလေ့ရှိပြီး တန်ဖိုးမထားတတ်ကြပါ။ ကျွန်တော် အသက် (၈၀)ကျော်ပြီဖြစ်၍ လူကြီးများကို တန်ဖိုးထားရန် ပြောနေခြင်းမဟုတ်ပါ။ ကျွန်တော် ၁၉၄၅ ခုနှစ်၊ အသက် (၂၁)နှစ်အရွယ်တွင် လူကြီးနိုင်ငံရေးသမားများကို လေးစားတန်ဖိုးထားရမှန်း မသိခဲ့သည့်အဖြစ်ကို သတိရသဖြင့် တိုင်းပြည်နှင့်လူမျိုး ကြွယ်ဝချမ်းသာ ငြိမ်းချမ်းလိုကြသည့် ယနေ့လူငယ်များ ကျွန်တော်တို့မှားခဲ့သလို မမှားစေရန် စိတ်ရင်းအမှန်ဖြင့် သတိပေးလိုခြင်းသာ ဖြစ်ပါသည်။
၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး စစ်မြေပြင်မှ ရန်ကုန်ပြန်ရောက်လာကြသည့် ကျွန်တော်တို့ လူငယ်နိုင်ငံရေးခေါင်းဆောင်များသည် သြဂုတ် ၁၉ ရက် နေသူရိန်အစည်းအဝေးကြီးတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး(ဖတပလ)အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်သစ်များ တိုးချဲ့ကြောင်း ကြေငြာခဲ့သည့်အတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အထွေထွေအတွင်းရေးမှူး သခင်သန်းထွန်းတို့ကို အစည်းအဝေးအပြီးတွင် မကျေမနပ်ဖြင့် သွားပြောခဲ့ကြပါသည်။
ဗိုလ်ချုပ်ခင်ဗျား ဒီလူကြီးတွေဟာ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး မြေအောက်မှာ လူထုစည်းရုံးရေးတုန်းကလည်း ကြောက်ရွံ့နောက်တွန့်နေကြပါတယ်။ ဖက်ဆစ်တော်လှန်ရေးမှာလည်း မပါခဲ့ကြပါ။ ဒီနိုင်ငံရေး ခေါင်းဆောင်ကြီးတွေဟာ ကျားသေကြီးတွေပါ။ သုံးမရတော့တဲ့ ခဲမူးစေ့တွေဖြစ်တဲ့အတွက် ဗဟိုဦးစီးအဖွဲ့မှာ မထည့်သင့်ပါ ဟု ကျွန်တော်တို့ တင်ပြခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းက အေးဟုတ်တယ်၊ သူတို့ဟာ တို့ခေတ်မှာ ဘယ်လွတ်လပ်ရေး တိုက်ပွဲမှာမှ မပါခဲ့တာမှန်တယ်။ ဒါပေမယ့် မင်းတို့ငါတို့ မမီတဲ့ အမျိုးသားလှုပ်ရှားမှုအစ၊ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ ခေတ်မှာတော့ ဒီနေ့ ကျားသေနိုင်ငံရေးသမား၊ လူကြီးတွေဟာ လူငယ်တွေအဖြစ်နဲ့ နယ်ချဲ့အင်္ဂလိပ်အစိုးရကို အံတုခဲ့ကြတယ်။ လွတ်လပ်ရေးအတွက် အဖမ်းခံ နယ်နှင်ခံခဲ့သူတွေ ဖြစ်ခဲ့တယ်။ သူတို့ဟာ အင်္ဂလိပ်နယ်ချဲ့သမားတွေကို ပူးသတ်ရမယ် လို့ ယုံကြည်ချက်နဲ့ အစိုးရအဖွဲ့ထဲဝင်ပြီး အာဏာယူခဲ့ကြတယ်။ အာဏာရလာတော့ ကိုယ်ကျိုးရှာခဲ့ကြတယ်။ ဒါပေမယ့် မင်းတို့ ငါတို့မှာမရှိတဲ့ အုပ်ချုပ်မှုပညာနဲ့ အတွေ့အကြုံ ကြွယ်ဝကြတယ်။ တိုင်းပြည်လွတ်လပ်ရေးအတွက် ငါတို့ ရင်ဆိုင်နေရတဲ့ အင်္ဂလိပ်နယ်ချဲ့သမားဟာ လက်အောက်ခံကိုလိုနီတွေကို လက်မလွှတ်ရအောင် ဘယ်လိုအုပ်ချုပ်ထားရမယ်။ တိုင်းရင်းသားတွေကို ဘယ်ပုံသွေးခွဲပြီး အုပ်စိုးရမယ် Acvide and Rule ဆိုတဲ့ အတွေ့အကြုံတွေ အများအပြားရရှိခဲ့တဲ့ အုပ်စိုးသူဖြစ်တယ်။ အဲဒီ အုပ်စိုးသူနဲ့ လွတ်လပ်ရေးတိုက်ပွဲ ရင်ဆိုင်ရာမှာ မင်းတို့ အထင်သေးနေတဲ့ အဲဒီ နိုင်ငံရေး ကျားသေကြီးတွေဟာ တစ်နည်းတစ်ဖုံ အသုံးကျတယ်။ မိမိတိုက်ပွဲအတွက် အကျိုးရှိမယ်ဆိုရင် ရန်သူထံမှပင် သင်ယူရမယ် လို့ မင်းတို့ကို ငါမကြာခဏပြောခဲ့တယ်။ အဲဒီနိုင်ငံရေးကျားသေကြီးတွေဟာ တို့ရဲ့ ရန်သူမဟုတ်ဘူး။ မိတ်ဆွေတွေပဲ။ မိတ်ဆွေမှ ရိုးရိုးမိတ်ဆွေမဟုတ်တဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် တန်ဖိုးရှိတဲ့ မိတ်ဆွေတွေ ဖြစ်တယ်။ ဒါကြောင့် တို့ခေါင်းဆောင်တွေ ညှိနှိုင်းတိုင်ပင်ပြီး အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ပိုင်းမှာ ထပ်ဖြည့်လိုက်တာပဲ ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့ကို ခိုင်ခိုင်မာမာ ရှင်းပြနားချခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းရှင်းပြသည့် အချက်အလက်များမှာ ခိုင်မာပြည့်စုံသဖြင့် ကျွန်တော်တို့အားလုံး သဘောပေါက် လက်ခံလိုက်ကြပါသည်။
ဦးဘဖေ၏ စွမ်းဆောင်မှု
ကျွန်တော်တို့ ဖတပလ ဗဟိုခေါင်းဆောင်အဖွဲ့တိုးချဲ့ရာတွင် ထပ်မံဖြည့်စွက်ခဲ့သည့် နိုင်ငံရေး ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသည့် ဦးဘဖေ၊ ရွှေကျင်ဦးပု၊ မျိုးချစ်ပါတီမှ ဦးဘအုန်းနှင့် ဦးအေးတို့ကို မလိုလားကြောင်း နိုင်ငံရေး ကျားသေကြီးများဖြစ်ကြောင်း ဗိုလ်ချုပ်ကို တင်ခဲ့ခြင်းဖြစ်ပါသည်။ ဦးဘဖေသည် တပ်မတော်နောင်ရေး ဆွေးနွေးသည့် သီဟိုဠ် (ယခု သီရိလင်္ကာ)နိုင်ငံ ကန္ဒီဆွေးနွေးပွဲသို့လည်းကောင်း၊ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာ့လွတ်လပ်ရေး အတွက် အင်္ဂလိပ်အစိုးရ၀န်ကြီးချုပ် မစ္စတာ အက်တလီတို့နှင့် တွေ့ဆုံဆွေးနွေးရာ၌လည်းကောင်း ပါဝင်ခဲ့ပြီး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို များစွာ အကူအညီပေးသူ ဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ခေါင်းဆောင်ဟောင်းများသည် တိုင်းပြည်လွတ်လပ်ရေးအတွက် အကျိုးပြုသူများဖြစ်ကြောင်း ကျွန်တော်တို့ လူငယ်များ လက်ခံလာစေရန် နားချခဲ့ခြင်းဖြစ်ကြောင်း ပို၍ သဘောပေါက်ခဲ့ပါသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် အဲန်အယ်ဒီ
အဲန်-အယ်-ဒီ ခေါင်းဆောင်များသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မနှစ်ကပင် သဘောထား ထုတ်ပြန်ခဲ့ကြောင်း သတင်းစာများတွင် ဖတ်ခဲ့ရပါသည်။
၁။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်။
၂။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဒပါ ဒီမိုကရေစီဆန့် ဆန့်ကျင်သည့် အပိုဒ်များကို ပယ်ဖျက်ပေးရန်။
၃။ သုံးပွင့်ဆိုင် (တပ်မတော်၊ အဲန်-အယ်-ဒီ နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ) ဆွေးနွေးပွဲကို လက်ခံရန်။
ဤတောင်းဆိုချက် (၃)ခုကို တွေ့ရသည်။
ဤအရေးသည် မြန်မာပြည်နှင့် ပြည်သူများ၏နောင်ရေးကို တစ်နည်းတစ်ဖုံ အဆုံးအဖြတ်ပေးမည်ဖြစ်သဖြင့် နိုင်ငံရေး စိတ်ဝင်စားသူတိုင်း အလေးထား စဉ်းစားကြပါ။
၁။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး။
တောင်းဆိုချက်ကို ပထမဦးစွာ စဉ်းစားရပါမည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းကျနေသူများသည် တည်ဆဲ ဥပဒေများကို ကျူးလွန်ဖောက်ဖျက်မှုဖြင့် အပြစ်ဒဏ်ခံနေရသူများ ဖြစ်သည်။ ဤကိစ္စမှာ တရားရေးဌာနနှင့် သက်ဆိုင်နေသဖြင့် တရားရေးဌာနနှင့်သာ ညှိနှိုင်းဖြေရှင်းရပါမည်။ ဤကိစ္စ တရားဥပဒေကိစ္စကို ကျွန်တော်မသိသဖြင့် ထင်မြင်ချက်မပေးနိုင်ပါ။ တစ်ခုတော့ ပြောနိုင်ပါသည်။ နိုင်ငံရေးတွင် အစားမထိုးနိုင်သည့် ခေါင်းဆောင်ဟူ၍ မရှိသင့်ပါ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် မည်မျှခေါင်းဆောင်မှု အရည်အချင်းရှိသည်၊ ပြည့်ဝသည်ဖြစ်စေ သမိုင်းခေတ်ကို မဖန်တီးနိုင်ပါ။ သမိုင်းခေတ်ကို ဖန်တီးသူများမှာ ပြည်သူလူထုကြီးဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းခံဘ၀မှ လွတ်မြောက်စေကာမူ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပြည်သူလူထုကြီးသည် သမိုင်းလမ်းကြောင်းအတိုင်း တည်ရှိ လှုပ်ရှားသွားမည်သာ ဖြစ်ပါသည်။
၂။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ဒီမိုကရေစီဆန့်ကျင်သည့် အပိုဒ်များကို ပယ်ဖျက်ပေးရန်။
ဤတောင်းဆိုချက်မှာ နောက်ကျနေပါပြီ။ ၂၀၀၈ ခုနှစ် မေလကပင် ပြည်သူလူထုကြီးက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တစ်ခဲနက်အတည်ပြုပြီးပြီဖြစ်ရာ သမိုင်းဘီးကို နောက်ပြန်လှည့်ခိုင်းရာ ကျနေပါသည်။ မည်သို့မျှ မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် အဲန်အယ်ဒီခေါင်းဆောင်များကို တိုက်တွန်းလိုသည်မှာ နိုင်ငံရေးဟူသည် ဖြစ်နိုင်ချေရှိသည့်အလုပ် Politics is the Art possible ဆိုသည်နှင့်အညီ စဉ်းစားကာ တောင်းဆိုရာတွင် ဖြစ်နိုင်သည်တို့ကိုသာ မျက်မှောက်ပြုစေလိုပါသည်။
၃။ သုံးပွင့်ဆိုင် (တပ်မတော်၊ အဲန်အယ်ဒီနှင့် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ) ဆွေးနွေးပွဲကို လက်ခံရန်။
ဤအချက်နှင့်ပတ်သက်၍လည်း တပ်မတော်အစိုးရက နှစ်များစွာကပင် အဖြေပေးပြီးဖြစ်သည်။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အဖြစ်သာမက မြန်မာပြည်တစ်ပြည်လုံးရှိ ပါတီအဖွဲ့ပေါင်းစုံ၊ လူတန်းစားအသီးသီး၊ ဌာနေအသီးသီးမှ ကိုယ်စားလှယ်များ စုံညီစွာ စုဝေးဆွေးနွေးခဲ့သည့် အမျိုးသားညီလာခံကို အကြိမ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ဤညီလာခံသို့ အဲန်အယ်ဒီ ကိုယ်စားလှယ်များ တက်ပြီးမှ သပိတ်မှောက်၍ ထွက်ခွာခဲ့ခြင်းဖြစ်သဖြင့် အဲန်အယ်ဒီက အမျိုးသားညီလာခံကို မတက်တော့ဘဲ သပိတ်မှောက်ခဲ့ခြင်းသာဖြစ်သဖြင့် ယင်းအမျိုးသားညီလာခံက အတည်ပြုပြဋ္ဌာန်းပြီးသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲကြီးက အတည်ပြုပြီးဖြစ်ပါသည်။ ပွဲတော်ကြီးကို မမှီလိုက်သည့် အဲန်အယ်ဒီသည် မည်သူ့ကိုမျှ အပြစ်မဆိုသင့်တော့ပါ။ ဘယ်သူမပြု မိမိမှုသာ ဖြစ်ပါသည်။
အထက်ပါ အချက်(၃)ချက်မရပါက အဲန်အယ်ဒီ ဘာလုပ်မည်နည်း။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို သပိတ်မှောက်မည်လား၊ အချို့သူများက သပိတ်မှောက်မည် ဟု ယခုကပင် လေသံပစ်နေကြပါသည်။ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို သတိပေးလိုသည်မှာ နိုင်ငံရေးပါတီဟူသည် လူထုအခြေခံ Political Masis ရှိရပါမည်။ လူထုအခြေခံမရှိပါက လေမှာလွင့်နေသည့် အရာဝတ္ထုကဲ့သို့ လေဝှေ့ရာနောက်ပါပြီး လိုရာခရီးမပေါက်ဘဲ ရှိခြိမ့်မည်။ ဤသို့ဖြစ်က ရည်မှန်းချက် ပန်ုးတိုင်မရှိသည့် ပါတီအဖွဲ့အစည်းဖြစ်သဖြင့် လေနှင့်အတူ လွင့်စဉ်ကွယ်ပျောက်သွားမည်ဖြစ်ကြောင်း အကြံပေး တင်ပြလိုက်ရပါကြောင်း။

( လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၄၄ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment