Monday, August 10, 2009

နိုင်ငံရေးဘောဂဗေဒ ခုနစ်ဆစ်၊ နိုင်ငံရေးခေါင်းဆောင် ရုပ်ပုံလွှာခုနစ်မျိုး - မောင်စူးစမ်း


နိုင်ငံရေးဘောဂဗေဒ

မြန်မာ့နိုင်ငံရေးစနစ်သစ်သည် ဖွဲ့စည်းနေဆဲဖြစ်သည်။ အုတ်မြစ်တွေချ၊ တိုင်တွေကျရုံသာ ရှိသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးစီးသည့်အခါမှသာ ပုံပန်းသဏ္ဌာန်တို့သည် ပီပီပြင်ပြင်ပေါ်မည်။ သို့သော် နိုင်ငံရေးစနစ်သစ်၏ ပုံကြမ်းစက္ကူပြာကိုမူ မှန်းဆလို့ ရလာရာ ပုံကြမ်းကို မြန်မာ့နိုင်ငံရေးဘောဂဗေဒအား ထုဆစ်ကြည့်၍လည်းကောင်း၊ ပေါ်ထွန်းမည့် နိုင်ငံရေးခေါင်းဆောင်တို့၏ ရုပ်ပုံလွှာကို ထုဆစ်ကြည့်၍လည်းကောင်း စက္ကူပြာကို ထုတ်လို့ရသည်။ နိုင်ငံရေးဘောဂဗေဒဆိုသည်မှာ စီးပွားရေးနှင့် နိုင်ငံရေးတို့ကို ဆက်ချိတ်သုံးသပ်ခြင်း ဖြစ်သည်။

ဖြစ်ဆဲနှင့် ဆက်ဖြစ်မည့် မြန်မာ့နိုင်ငံရေးဘောဂဗေဒတွင် ခုနစ်ပိုင်း ပါဝင်နေမည်။ ၎င်းတို့မှာ -

(၁) တပ်မတော်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေခြင်း။

(၂) အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ ကြီးကြီးမားမားရှိခြင်း။

(၃) လွတ်လပ်သော ဈေးကွက်စီးပွားရေးနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှု ရှိခြင်း၊ Free market and private enterprise

(၄) အစိုးရသူကောင်းပြုခံ ပုဂ္ဂလိကလုပ်ငန်းရှင်တို့ ကြီးပွားခြင်း။ (နေရှင်နယ်ချန်ပီယံဟု ခေါ်သည်)

(၅) အခြေခံအဆောက်အဦအခြေပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ Infrastructure-based growth။

(၆) အင်အားကြီးသော တရုတ်နှင့် အိန္ဒိယတို့နှင့် အိမ်နီးနားချင်းဖြစ်ရခြင်းနှင့်

(၇) အာစီယံတို့ဟူ၍ ဖြစ်သည်။

ရုပ်ပုံလွှာခုနစ်မျိုး

အထက်ဖော်ပြပါ နိုင်ငံရေးဘောဂဗေဒကို မျက်မှောက်ပြုရင်း လာမည့် ၂၀၁၀ မတိုင်မီနှင့် အပြီးတွင် နိုင်ငံရေးခေါင်းဆောင်တို့ ပေါ်ပေါက်တော့မည်။ ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်တို့၏ ရုပ်ပုံလွှာတို့သည် မည်သို့ ရှိမည်နည်းဟု ရှာဖွေကြည့်ကြမည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ သုတေသနကို မှီငြမ်း၍ နိုင်ငံရေးခေါင်းဆောင်တို့၏ ရုပ်ပုံလွှာကို ရှာဖွေရာ အောက်ပါရုပ်ပုံလွှာခုနစ်ရုပ်ကို တွေ့ရှိသည်။

နိုင်ငံရေးခေါင်းဆောင်တို့၏ ရုပ်ပုံလွှာကို ထုံးစံအတိုင်းဆိုလျှင် ပြည်သူလူထု ထုဆစ်ကြည့်သည့် နိုင်ငံခေါင်းဆောင်တို့အပေါ် ပြည်သူအများမြင်ပုံသည်ပင် ရုပ်ပုံလွှာဖြစ်သည်။ များစွာသော ကိစ္စတို့၌ နိုင်ငံရေးခေါင်းဆောင်တို့က ကိုယ့်အမြင်နှင့်ကိုယ်၊ ကိုယ့်ဘာသာ ထုဆစ်ကြည့်သည်။ ပြည်သူအများမြင်သော ရုပ်ပုံလွှာနှင့် ကိုယ့်အမြင့် ကွဲလွဲတတ်သည်။ ယခု ပညာရှင်တို့က သုံးသပ်ထားသော နိုင်ငံရေးခေါင်းဆောင် ရုပ်ပုံလွှာခုနစ်မျိုးကို ဖော်ပြရသော် အောက်ပါအတိုင်း ဖြစ်မည်။

(၁) ပါတီခေါင်းဆောင် Party Figurehead

(၂) အမျိုးသားခေါင်းဆောင် National Figurehead

(၃) သဘောတရားဆရာကြီး Ideological Exempler

(၄) နမူနာပုဂ္ဂိုလ် Personal Exempler

(၅) အတုယူခြင်း Demonstration Effect

(၆) မဟာလူ Great Man

(၇) တက်ကြွလှုပ်ရှားသူ Activist

လာမည့်ရွေးကောက်ပွဲ၌ ပေါ်ပေါက်မည့် နိုင်ငံရေးခေါင်းဆောင်တို့သည် မည်သည့်ရုပ်ပုံလွှာပုံစံကို ယူကြမည်နည်းဆိုသည်မှာ စိတ်ဝင်စားစရာပင်။ လက်တွေ့၌ ကျန် ဖက်တာ ပေါ်လာလျှင် ရုပ်ပုံလွှာ နှစ်မျိုး ထပ်တိုးကြည့်ရန်သာ ဖြစ်သည်။

မောင်စူးစမ်း

စာညွှန်း - International Social Science Journal

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၀ မှ ပြန်လည်ကူးယူဖော်ပြသည် )

No comments:

Post a Comment

 
Web Statistics