Sunday, August 09, 2009

မေးသမျှ ဖြေသမျှ


၂၀၀၉ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လက်ရှိဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ၏ ရှင်းလင်းဖြေကြားချက်များကို တင်ပေးလိုက်ပါသည်။

ဦးအောင်လှထွန်း - ရိုက်တာသတင်းဌာန
(မေး)
Mr. John William Yettaw ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံတက်နေသည်ဟု သိရပါသည်။ အချိန်မီ သက်သာမလာပါက တရားရုံးကို ရွှေ့ဆိုင်းဖို့ ရှိနိုင်ပါသလား။
(ဖြေ)
Mr. John William Yettaw ကို သက်ဆိုင်ရာဆရာဝန်ကြီးများက ကုသပေးလျက်ရှိပါတယ်။ ကျန်းမာရေးအခြေအနေမှာ ကုသနေသူများ၏ မှတ်ချက်အတိုင်းသာ ဖြစ်ပါတယ်။ တရားရုံးချိန်းကိစ္စကတော့ သက်ဆိုင်ရာတရားရုံးရဲ့ ကဏ္ဍသာ ဖြစ်ပါတယ်။ ကျွန်တော်ဖြေကြားစရာ မရှိပါဘူး။

ဦးကိုကို - ရန်ကုန်တိုင်းမ်
(မေး)
ရဲချုပ်ကြီး၏ ယခုအကြိမ်ရှင်းလင်းပွဲမှာရော ယခင် သတင်းစာရှင်းလင်းပွဲမှာပါ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လေးဦးကို တရားဥပဒေနှင့်အညီ တရားစွဲဆိုထားတာကို သိရှိရပြီးဖြစ်ပါတယ်။ ဤအမှုနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အရေးယူမထားဘူးလား။ အရေးယူထားရင်လည်း ဘယ်လိုအဆင့်ဆင့် အရေးယူထားတယ်ဆိုတာ သိလိုပါတယ်။
(ဖြေ)
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူထားပါတယ်။ Mr. Yettaw ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်း ၀င်ရောက်တာ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စဖြစ်ခဲ့ပါတယ်။ ဒါကို လေးရက်ခန့်ကြာမှ ဒေါက်တာ တင်မျိုးဝင်းက အသိပေးခဲ့တာပါ။ ဒီလိုအသိပေးပြီး နှစ်ရက်အကြာ ဒီဇင်ဘာ ၆ ရက်နေ့မှာ ရဲမှူးကြီးတစ်ဦး ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦးကို စစ်ဆေးခဲ့ပါတယ်။ ခုံရုံးအဖွဲ့ရဲ့ ထင်မြင်ယူဆချက်က ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်ဟာ နတ်တော်လဆန်း ၃ ရက်နေ့ လမိုက်တဲ့အချိန်၊ အလင်းရောင် အားမကောင်းတဲ့အချိန်ဖြစ်ကြောင်း၊ သဲသဲကွဲကွဲ မြင်နိုင်စရာ အကြောင်းမရှိကြောင်း၊ နောက်တစ်ချက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်နဲ့ ခြံစပ်က အနည်းငယ်လှမ်းသဖြင့် အဲဒီကြားထဲမှာရှိတဲ့ နွယ်ပင်၊ မြက်ပင်၊ ဗေဒါပင်တွေ စတဲ့ အပေါ်မှာလည်း ခြေရာထင်ခဲ့တာ မရှိကြောင်း၊ ထို့အပြင် ၄ ရက်အကြာမှ သူတို့က သတင်းပို့တာဖြစ်သဖြင့် ခြေရာကြောင်းတွေလည်း ပျောက်သွားတာဖြစ်ကြောင်း၊ နောက်တစ်ခုကလည်း သူတို့ပြောသလိုသာ အဲဒီလူဟာ အဲဒီနေရာမှာ ရှိပြီး အော်ပြောတယ်ဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မကြားနိုင်စရာ မရှိကြောင်း၊ ၁၉၉၀ ပြည့်နှစ်တုန်းကလည်း ဒီလိုပဲ တစ်ကြိမ် ရဲဘော်တစ်ဦးကိစ္စနဲ့ပတ်သက်ပြီး အထင်မှား အမြင်မှား ဖြစ်ခဲ့ဖူးတာ ရှိသည့်အတွက်ကြောင့် ယင်းဖြစ်စဉ်သည် အမြင်မှားတာဖြစ်နိုင်သည်ဟု ယင်းအချိန်က သုံးသပ်ခဲ့ပါတယ်။ ကျွန်တော် ဇွန်လ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတုန်းကလည်း ထည့်သွင်းပြောကြားခဲ့သကဲ့သို့ ယင်းအချိန်က ဒေါ်အောင်ဆန်းစုကြည်ထံတွင် Mormon လို့ခေါ်တဲ့စာအုပ်ကို Mr. Yettaw က ပေးခဲ့ကြောင်းသိရင် စုံစမ်းစစ်ဆေးရေးခုံရုံး အနေနဲ့ အချက်အလက်အချို့ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို သိရှိခဲ့ခြင်း မရှိတဲ့အတွက် ယင်းဖြစ်စဉ်ဟာ မသေချာကြောင်း၊ အထင်မှား အမြင်မှားတာ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့တဲ့အတွက် အဲဒီအချိန်က တပ်ဖွဲ့ဝင်များအပေါ် အရေးယူခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အဲဒီတုန်းက တာဝန်ကျတဲ့ ရဲတပ်ရင်း (၆)ကိုတော့ ချက်ချင်းပဲ လဲလှယ်လိုက်ပါတယ်။ ဒုတိယအခေါက်အနေနဲ့ မေလ ၆ ရက်နေ့မှာ အင်းလျားကန်ရေပြင်မှာ Mr. John William Yettaw ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဖမ်းမိတာနဲ့ တစ်ဖက်က တရားရုံးကိစ္စတွေဆောင်ရွက်နေသလို ဇွန်လ ၂ ရက်နေ့မှာ တစ်ဖက်ကလည်း ကျွန်တော်တို့အနေနဲ့ ရဲမှူးကြီးတစ်ဦး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းခဲ့ပါတယ်။ (၆၂)ဦးကို စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ လုံခြုံရေးကျိုးပေါက်ခံရလို့ တာဝန်ရှိတယ်လို့ ယူဆရတဲ့ တပ်ဖွဲ့ဝင် ရှစ်ဦးအပေါ်မှာ သက်သေခံအကျဉ်းချုပ် ရေးမှတ်ယူခဲ့ပါတယ်။ အဲဒီနောက် ရဲတရားရုံးဖွဲ့ပြီး ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ အဲဒီကိစ္စ ပေါ်ပြီးတဲ့အခါကျမှ ပထမအကြိမ် နိုဝင်ဘာလ ၃၀ ရက်နေ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇူလိုင်လ ၂၇ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးခုံရုံး ထပ်မံဖွဲ့စည်းစစ်ဆေးခဲ့ပါတယ်။ ရဲမှူးကြီးတစ်ဦး ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ထပ်မံဖွဲ့စည်းပြီး လူပေါင်း (၃၁)ယောက်ကို စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ တာဝန်ရှိတယ်လို့ ယူဆရတဲ့ ရဲတပ်ရင်း (၆)က လူ(၁၂)ဦးကို သက်သေခံအကျဉ်းချုပ်ယူပြီး ရဲတရားရုံးဖွဲ့ကာ အပြစ်ပေးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နှစ်ခုမှာ ပထမဖြစ်စဉ်မှာ တပ်ရင်းမှူး အပါအ၀င် (၁၂)ယောက်၊ ဒုတိယဖြစ်စဉ်မှာ တပ်ရင်းမှူးအပါအ၀င် (၈)ယောက်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးအပြစ်ပေးခဲ့ပါတယ်။ ပထမအကြိမ်က ၂၄ ယောက် စစ်ဆေးပြီး ဒုတိယအကြိမ်မှာ (၆၂)ယောက် စစ်ဆေးပါတယ်။ ပြီးမှ နောက်ပထမအကြိမ်ဖြစ်စဉ် ပြန်ပေါ်လာလို့ လူ (၃၂)ယောက်ကို ထပ်မံစစ်ဆေးခဲ့ပါတယ်။ ရဲဘော်များကို တာဝန်ပေါ့လျော့မှုနဲ့ ရဲအချုပ်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးလ အပြစ်ပေးပါတယ်။ နေရာပြောင်းရွှေ့ခဲ့ပါတယ်။ အလားတူ အကြပ်တွေကို ရာထူးတစ်ဆင့်လျှော့ချ အရေးယူခဲ့ပါတယ်။ နေရာပြောင်းရွှေ့ခဲ့ပါတယ်။ ကွပ်ကဲမှုအားနည်းတယ်လို့ သုံးသပ်တဲ့ တပ်ရင်းမှူးတွေကို ရဲမှူးအဆင့် လျှော့ချပြီး နေရာပြောင်းရွှေ့ခဲ့ပါတယ်။ တပ်ရင်းမှူးတွေဟာ ဒုတိယရဲမှူးကြီးအဆင့်တွေ ဖြစ်ပါတယ်။

ဦးစန်းငြိမ်းသော် - မော်ဒန်ဂျာနယ်
(မေး)
ဖောက်ခွဲရေးသမား ဌေးအောင်ဟာ ဘယ်အဖွဲ့အစည်းကပါလဲ။ မစ္စတာ ဘန်ကီမွန်းလာတဲ့အချိန်ကျမှ ဖောက်ခွဲမှု လုပ်ချင်တဲ့ ရည်ရွယ်ချက်ကို သိလိုပါတယ်။
(ဖြေ)
ဖောက်ခွဲရေးသမား ဌေးအောင်ဟာ ပြည်တွင်းမှာတော့ သာကေတ NLD အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ သူ့ကို စစ်ချက်တွေအရ သူဟာ မော်လမြိုင်၊ ဆီဆုံရပ်ကွက်ဇာတိဖြစ်တယ်။ လူပျိုဖြစ်တယ်။ ပညာအရည်အချင်း လေးတန်း အောင်ခဲ့တယ်။ ၂၀၀၆ ခုနှစ် ဇူလိုင်လလောက်မှာ သာကေတ NLD ပါတီကို ၀င်ခဲ့တယ်။ သာကေတ လူငယ်အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ မဲဆောက်မှာရှိနေတဲ့ ဗဟန်း NLD ကနေ တောခိုသွားတဲ့ မုန်းနိုင်နဲ့ အဆက်အသွယ်ရဲခဲ့တယ်။ မုန်းနိုင်ကတော့ လက်ရှိ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ NLD-LA က အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ မုန်းနိုင်နဲ့ အဆက်အသွယ်ရပြီးနောက် သူ မဲဆောက်ကို သွားပါတယ်။ အဲဒီကတစ်ဆင့် တစ်ဖက်မှာရှိနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ခွင့်ရပြီးတော့ ပြည်တွင်းကို တရားမ၀င် ပြန်ဝင်လာတယ်။ အဲဒီနောက် ပြန်ထွက်သွားလိုက်၊ ပြန်ဝင်လာလိုက်နဲ့ ပြည်တွင်းမှာရှိနေတဲ့ NLD လူငယ်အချို့ကို စည်းရုံးခေါ်ဆောင်ပြီးတော့ ဖောက်ခွဲရေးသင်တန်းတွေ အကြိမ်ကြိမ်ပို့ဆောင်ခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက ပြည်ပမှာတော့ VBSW၊ မြန်မာလိုဆိုရင်တော့ စွမ်းအားမြှင့်မြန်မာကျောင်းသားများ စစ်သည်တော်အဖွဲ့ပေါ့။ အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဇူလိုင်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်လာမယ့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ခရီးစဉ်မှာ ရန်ကုန်မြို့မှာ ဖောက်ခွဲဖျက်ဆီးရေးလုပ်ဖို့ ဖြစ်ပါတယ်။ သို့သော်လည်း သူ ဇူလိုင်လ ၂ ရက်နေ့ ရောက်ပြီးတော့ ဖောက်ခွဲဖျက်ဆီးမယ့်အစီအစဉ်ကို စီစဉ်နေတုန်း ကျွန်တော်တို့က ၂ ရက်နေ့မှာ ဖမ်းလိုက်တော့ သေကျေပျက်စီးဆုံးရှုံးရမယ့် ဒီအဖြစ်ဆိုးကြီးက ကာကွယ်နိုင်တာဖြစ်ပါတယ်။ ဒီကိစ္စပြီးရင် ရန်ကုန်မှာရှိတဲ့ လူနေနည်းတဲ့ ရပ်ကွက်တစ်ခုမှာ သူနေမယ်။ အဲဒီမှာ သူနေတဲ့အိမ်ကို အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ဆုံရပ်လို့ သတ်မှတ်မယ်။ လက်နက်ခဲယမ်းတွေစုမယ်။ ပြီးရင် အဲဒီက အခြေအနေပေးရင် အထူးသဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကားတွေကို ပစ်ခတ်တိုက်ခိုက်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဒါဟာ သူ့ရဲ့ တရားဝင်ထွက်ဆိုချက်တွေပါ။ အဲဒီတော့ ဌေးအောင်ဟာ ပြည်တွင်းမှာ ခုနက ကျွန်တော်ပြောတဲ့ သာကေတ NLD လူငယ်ပေါ့။ ပြည်ပမှာတော့ VBSW ရဲ့ ဖောက်ခွဲရေးသမား။ သူ့ကို VBSW ဘက်က အဖွဲ့ဝင် ဖောက်ခွဲရေးသမာ ကိုယ်ပိုင်နံပါတ် ၉၉၉၉၆၁ နဲ့ အဆင့်အတန်း သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ ဘန်ကီမွန်းခရီးစဉ်ကို ဘာကြောင့် ရွေးသလဲဆိုတော့ သူ့စစ်ချက်ထဲမှာကတော့ နိုင်ငံတော်အစိုးရ သိက္ခာကျအောင် ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါထက်မက အကြမ်းဖက်သမားတွေရဲ့ သဘာဝနဲ့ ဆက်စပ်တွေးကြည့်မယ်ဆိုရင်တာ့ ကျွန်တော်တို့လို ရဲတပ်ဖွဲ့ဝင်တွေ အများအပြား သေကျေဒဏ်ရာရအောင် လုပ်မယ်၊ အပြစ်မဲ့တဲ့ ပြည်သူတွေ အပြားအပြား သေကျေ ဒဏ်ရာရအောင်လုပ်မယ်၊ နိုင်ငံတော်အစိုးရ သိက္ခာကျအောင် လုပ်မယ်ဆိုတဲ့ အချက်များကို ရည်ရွယ်ပြီးတော့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ ဖြေကြားလိုပါတယ်။

ဦးအောင်ကျော်မင်း - သစ္စာဂျာနယ်
(မေး)
ဌေးအောင်အကြောင်းကို စိတ်ဝင်စားပါတယ်။ ဌေးအောင်ကို ကြိုးကိုင်နေတဲ့ VBSW အကြောင်း ရှင်းပြစေလိုပါတယ်။
(ဖြေ)
ဌေးအောင်ကို မစ္စတာဘန်ကီမွန်း ခရီးစဉ်မှာ ဖောက်ခွဲဖို့ ကြိုးကိုင်ခဲ့တာ VBSW က ခေါင်းဆောင် ရဲသီဟ(ခ)သူရ (ခ ) စန်းနိုင် ဆိုသူ ဖြစ်ပါတယ်။ VBSW ဆိုတာ Vigorous Burmese Student Warriors လို့ ခေါ်ပါတယ်။ စွမ်းအားမြှင့် မြန်မာကျောင်းသားများ စစ်သည်တော်အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၉၉၉ ခုနှစ်၊ ဇူလိုင်လလောက်မှာ စဖွဲ့ပါတယ်။ အဲဒီတုန်းက ထိုင်း-မြန်မာနယ်စပ် တဂိုလိုင်းဆိုတဲ့ရွာမှာ စပြီးအခြေပြုတယ်။ စဖွဲ့စဉ်က အင်အား (၅)ယောက်ရှိတယ်။ နောက်ပိုင်း (၃၀)လောက်ထိ တိုးလာတယ်။ သူတို့ခေါင်းဆောင် ရဲသီဟ (ခ) သူရ (ခ) စန်းနိုင် ကိုယ်တိုင်က အကြမ်းဖက်သမားသက်သက်ပါ။ သာယာဝတီ၊ သုံးဆယ်ဇာတိပါ။ ၈၈ ခုနှစ်ကစပြီး တောခိုပါတယ်။ ၁၉၈၉ ခုနှစ်တုန်းက မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲခဲ့တယ်။ ဒီလိုပဲ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံ သံရုံးကို ၁၉၉၉ ခုနှစ် အောက်တိုဘာလခန့်က ၀င်စီးခဲ့တဲ့သူဖြစ်တယ်။ အလားတူပဲ ဆေးရုံကို စီးနင်းခဲ့တယ်။ VBSW အဖွဲ့အစည်းက ၈၈ ခုနှစ်မှာ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေ KNU တို့ ABSDF တို့ စတဲ့ အဖွဲ့အစည်းက လူငယ်တွေနဲ့ စပြီးတော့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် အောက်တိုဘာက ထိုင်းသံရုံးကို စီးနင်းတုန်းက God's Army နဲ့အတူ ပါခဲ့တယ်။ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလောက်က ရပ်ခ်ျပူရီဆေးရုံကို စီးနင်းတုန်းကလည်း ပါခဲ့တယ်။ အဲဒီဖြစ်ရပ်ကြောင့် ထိုင်းအစိုးရက သူ့ကို လိုက်လံဖိအားပေး ဖမ်းဆီးတဲ့အခါမှာ ဒီအဖွဲ့က ပြိုကွဲပျက်စီးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ရဲသီဟ (ခ) သူရ (ခ) စန်းနိုင် ခေါင်းဆောင်တဲ့ VBSW အဖွဲ့က အဲဒီတုန်းက ABSDF အဖွဲ့ထဲကို သွားကပ်တယ်။ VBSW အဖွဲ့အနေနဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ ဖောက်ခွဲဖျက်ဆီးမှု (၁၄)ကြိမ် လုပ်ခဲ့တယ်။ ၂၀၀၅ ခုနှစ် အဝေးပြေး ကားကြီးဝင်း ဖောက်ခွဲတာတို့၊ ပန်နိုရားမားဟိုတယ် ဖောက်ခဲ့တာတို့၊ ၂၀၀၉ ခုနှစ်ထဲမှာ ပြည်ခိုင်ဖြိုးရုံးတွေ ဖောက်ခွဲတာတို့ဟာ ဒီ VBSW ရဲ့ လက်ချက်တွေပဲဖြစ်တယ်။ ဒီအဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နဲ့ အင်တာပိုလ် နိုင်ငံတကာ ရဲတပ်ဖွဲ့တို့ဆက်စပ်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံထားရတဲ့ အဖွဲ့အစည်းတွေဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။

ဦးကျော်သူ - မြန်မာတိုင်းမ်
(မေး)
Mr. John William Yettaw ရဲ့ အမှုဖြစ်စဉ်ဟာ နိုင်ငံဖြတ်ကျော်မှုခင်းနဲ့ သက်ဆိုင်တယ်လို့ သိရပါတယ်။ အဲဒီအတွက် ဘာအထောက်အထားတွေများ ရှိပါသလဲ။ သူ့ကို ဘယ်လိုပုဒ်မနဲ့ အရေးယူဖို့ ရှိပါသလဲ။ နိုင်ငံဖြတ်ကျော်မှုခင်း ပုဒ်မနဲ့ အရေးယူဖို့ ရှိပါသလား။
(ဖြေ)
နိုင်ငံဖြတ်ကျော်မှုခင်း Transnational Crime ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က အများကြီးရှိပါတယ်။ အချက်တစ်ချက်အနေနဲ့ နိုင်ငံတစ်နိုင်ငံမှာ ရာဇ၀တ်မှု တစ်ခုခု ကျူးလွန်ဖို့ အခြားနိုင်ငံတစ်ခုမှာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့တယ်ဆိုရင် အဲဒါကို Transnational Crime လို့ သတ်မှတ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ Mr. Yettaw အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲကို ဥပဒေမဲ့ ၀င်ရောက်ဖို့ ထိုင်းနိုင်ငံမှာ အခြေပြုပြင်ဆင်ခဲ့တာတွေ ရှိပါတယ်။ တရားဝင်လည်း ထွက်ဆိုပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလုပ်မယ့် ဒီပြစ်မှုတစ်ခုကို တခြားနိုင်ငံမှာ ကြိုတင်ပြင်ဆင်ခြင်းသည် နိုင်ငံဖြတ်ကျော် မှုခင်းရဲ့ အဓိပ္ပါယ်ရှင်းလင်းချက်နဲ့ သက်ဆိုင်တာ ဖြစ်တဲ့အတွက် ဒီ Mr. John William Yettaw ကျူးလွန်ခဲ့တဲ့ ပြစ်မှုက နိုင်ငံဖြတ်ကျော်မှုခင်းတစ်ခုလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ အရင်အပတ်က ကျွန်တော်ရှင်းပြခဲ့သလို သူတစ်ယောက်တည်း လုပ်တာမဟုတ်ဘဲ သုံးယောက်ထက်ပိုတဲ့ အဖွဲ့နဲ့ ဆောင်ရွက်မယ်ဆိုရင် ဒါဟာ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်း Transnational Organized Crime မျိုးထဲဝင်သွားမှာ ဖြစ်ပါတယ်။ သူ့ကို လောလောဆယ် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့ အရေးယူထားပါတယ်။ နိုင်ငံဖြတ်ကျော်မှုခင်းဥပဒေနဲ့ ဘာလို့ အရေးမယူသလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ လောလောဆယ် Anti-Terrorism Law က ရေးဆွဲဆဲ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံဖြတ်ကျော်မှုခင်း ပုဒ်မနဲ့ အရေးမယူခဲ့တာ ဖြစ်ပါတယ်။

မငြိမ်းငြိမ်းနိုင် - ဆဲဗင်းဒေးဂျာနယ်
(မေး)
Mr. John William Yettaw ရဲ့ ကျန်းမာရေးအခြေအနေကို သိလိုပါတယ်။
(ဖြေ)
မစ္စတာယက်တောကို မေလ ၆ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် နှစ်ရက်အကြာမှာပဲ သူဟာ အစာ မစားပါဘူး။ ရေသောက်ပြီး နေပါတယ်။ ဘေးနားမှာ စောင့်ရှောက်တဲ့သူတွေ၊ ဆရာဝန်တွေ၊ တာဝန်ရှိသူတွေက ဒါဟာ ကျန်းမာရေးထိခိုက်စေတယ်။ မလုပ်ပါနဲ့လို့ တားမြစ်တာကို နာခံမှုမရှိခဲ့ပါဘူး။ အကျဉ်းဦးစီးဌာနရဲ့ အစီရင်ခံစာအရ သူဟာ (၄၂)ရက်ကြာ အစာမစားဘဲ နေခဲ့ပါတယ်။ နောက်ပိုင်းလည်း သူဟာ အကြောင်းအမျိုးမျိုးပြပြီး စုစုပေါင်း (၆၂)ရက်ကြာ အစာမစားဘဲ နေခဲ့ပါတယ်။ သို့သော်လည်း အဲဒီ ကာလတွေမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ ဌာနများက စောင့်ရှောက်ပေးခဲ့ပါတယ်။ အကျဉ်းဦးစီးဌာနအနေနဲ့ ထောင်ဆေးမှူးချုပ်တစ်ယောက်ကို သူ့အနားမှာ အမြဲထားရှိပေးထားကြောင်း သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သမားတော်တစ်ယောက် အမြဲစောင့်ကြပ်ကြည့်ရှုပါတယ်။ နာရီတိုင်း ကျန်းမာရေးဖြစ်စဉ်ကို မှတ်တမ်းပြုပြီး စောင့်ရှောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဆေးတစ်ဘူး တစ်သောင်းကျော်တန်တဲ့ D-Protin လို ဆေးတွေတိုက်ပြီး အားရှိအောင် ထားရှိပေးခဲ့ကြောင်း သိရပါတယ်။ အကျဉ်းဦးစီးဌာနရဲ့ အစီရင်ခံစာတစ်ခုမှာ မစ္စတာယက်တောအတွက် အထူးဆေး ခြောက်သိန်းကျော်ဖိုး ဖြည့်ဆည်းပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒီလိုနဲ့ မစ္စတာယက်တောဟာ သြဂုတ် ၃ ရက်နေ့ ည ၁၂ နာရီလောက်မှာ အတက်ရောဂါ ဖြစ်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို တင်ပို့ခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးရဲ့ ကျွမ်းကျင်တဲ့ သမားတော်ကြီးတွေကတော့ ဒီရောဂါကို အက်ပီလက်ဆီ (Epilepsy) လို့ ပြောပါတယ်။ ရန်ကုန်ဆေးရုံကြီးက သမားတော်ကြီး ခုနစ်ဦးအဖွဲ့က အနီးကပ်စောင့်ကြပ်ကြည့်ရှုနေပါတယ်။ လိုအပ်တဲ့ ဆေးဝါးများနဲ့ မစ္စတာယက်တောရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနေပါတယ်။ မစ္စတာယက်တောကို သြဂုတ်လ ၅ ရက်နေ့က အမေရိကန်သံရုံးက Mr. Colin P.furst နဲ့ တွေ့ပေးခဲ့ပါတယ်။ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသေးစိတ်ကတော့ သက်ဆိုင်ရာ ပါရဂူ၊ သမားတော်ကြီးများရဲ့ မှတ်ချက်ပါအတိုင်း ဖြစ်ပါမယ်လို့ ဖြေကြားလိုပါတယ်။

ဦးခင်ဝင်း - ယုံကြည်မှုဂျာနယ်
(မေး)
ကုန်သည်ကြီးများဟိုတယ် နောက်လမ်းကြားပေါက်ကွဲမှုမှာ ဗီဒီယိုကင်မရာနဲ့ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖော်ထုတ်နိုင်ခြင်း ရှိ/မရှိ သိလိုပါတယ်။
(ဖြေ)
ဘယ်သူ ဘယ်ဝါဆိုတာတော့ စစ်ကြောချက်များအရ သိရပါတယ်။ တရားခံ မမိသေးတဲ့ ဖောက်ခွဲရေးအမှုဖြစ်တဲ့အတွက် ဖွင့်ပြီးတော့ မပြောနိုင်တာကို နားလည်စေလိုပါတယ်။

ဦးမြတ်ခိုင် - လျှပ်တစ်ပြက်ဂျာနယ်
(မေး)
Mr. John William Yettaw နဲ့ မြ၀တီမှာ ရင်းနှီးပြီး ရန်ကုန်ထိပါလာတဲ့ အမျိုးသမီးနာမည် သိလိုပါတယ်။
(ဖြေ)
သူ့ကို ဖမ်းဆီးထားတာ မဟုတ်ပါဘူး။ ရှာဖွေတွေ့ရှိပြီး ခေါ်ယူမေးမြန်းတာသာ ဖြစ်ပါတယ်။ ဆက်လက်မေးမြန်းစိစစ်စရာတွေ ရှိနေပါသေးတယ်။ ဒါကြောင့် သူ့ပုဂ္ဂိုလ်ရေး လုံခြုံမှုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် အသိပေးသင့်တဲ့အချိန်မှာ အသိပေးပါမယ်။


ကိုးကား - ၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။

No comments:

Post a Comment

 
Web Statistics