ယခုဆောင်းပါးသည် အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေသည့် သြဇာကြီး ၀ါရှင်တန်ပို့စ်သတင်းစာတွင် ဒေါက်တာသန့်မြင့်ဦး ရေးသားခဲ့သည့် Let's talk to Burma. China sure is ကို တိုက်ရိုက်ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးသည် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်ပြီး နာမည်ကျော် ဟားဗတ်တက္ကသိုလ်၊ ကင်းဘရစ်ခ်ျတက္ကသိုလ်တို့တွင် ကျင်လည်ခဲ့သူဖြစ်သည်။ (အယ်ဒီတာ)
နှစ် နှစ်ဆယ်ကြာ အရေးယူပိတ်ဆို့တာတွေ၊ မြန်မာတပ်မတော်အစိုးရကို ဆုံးမသြ၀ါဒပေးတာတွေဟာ အောင်မြင်မှု မရခဲ့ပါဘူး။ အနောက်ကမ္ဘာအနေနဲ့ မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ တိုးမြှင့်ဖို့နဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးဆိုင်ရာဆက်ဆံရေးတွေ ပြန်လည်ဖွင့်လှစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမလုပ်ရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးလက်ဝေခံ နောက်လိုက်အဖြစ် နောက်ပြန်လှည့်မရအောင် မြန်မြန်ဆန်ဆန်နဲ့ သက်ဆင်းသွားမှာဖြစ်တယ်။
အနောက်နိုင်ငံတွေရဲ့ ဖိအားတိုးမပေါက်တဲ့ သင်္ကေတအဖြစ် ယခင်အပတ်က အတိုက်အခံခေါင်းဆောင်နဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ စတုတ္ထအကြိမ်မြောက် အကျယ်ချုပ်နဲ့ ထားရှိခဲ့တယ်။ ဒီမိုကရေစီအသွင်ပြောင်းမှုကိုလည်း မမြင်ရသေးပါဘူး။
ကျွန်တော့်ကို ၁၉၆၆ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ မြန်မာမိဘနှစ်ဦးကနေ ဖွားမြင်ခဲ့ပါတယ်။ ကျွန်တော့်အဘိုး ဦးသန့်ဟာ အဲဒီအချိန်တုန်းက ကုလသမဂ္ဂရဲ့ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့တာပါ။ အဘိုးဈာပနကနေ စတင်ဖြစ်ပွားတဲ့ သွေးထွက်သံယို မငြိမ်မသက်ဖြစ်မှုကို နှိမ်နင်းတာကို ကျွန်တော့်အသက် ၈ နှစ် အရွယ်လောက်မှာတင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်။
၁၉၈၉ ခုနှစ် ကောလိပ်အပြီးမှာ ထိုင်းနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ အလုပ်လုပ်ရင်း ပထမဆုံးအသုတ်အနေနဲ့ ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီဖို့ကြိုးစားရင်း ကျွန်တော်တစ်နှစ်လောက် ကြာခဲ့တယ်။ မအောင်မြင်တဲ့ အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုမှာ ထောင်နဲ့ချီပြီး သေဆုံးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထားပြီးစအချိန်ပါ။ နောက်ပိုင်းမှာ ၀ါရှင်တန်မှာ လွှတ်တော်အမတ်တွေနဲ့ တခြားသူတွေကို အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုတွေဟာ အာဏာရှင်စနစ်ကို ဖြိုချဖို့ အကောင်းဆုံးနည်းလို့ ကျွန်တော် အကျိုးအကြောင်းပြောခဲ့တယ်။ အဲဒီလို အဆိုပြုရတာ လွယ်တယ်။
၁၉၉၀ အစောပိုင်းနှစ်တွေမှာတော့ မြန်မာနိုင်ငံကို ပေးနေတဲ့ အနောက်နိုင်ငံအကူအညီတွေ အားလုံး ရပ်တန့်သွားခဲ့ပါပြီ။ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကနေ တစ်ဆင့်ရနေတဲ့ ဖွံ့ဖြိုးရေးအကူအညီအားလုံး ပိတ်ဆို့ခံလိုက်ရတယ်။ နောက်ဆယ်စုနှစ်တစ်စုလည်းကြာရော အရေးယူပိတ်ဆို့မှုတွေ၊ သပိတ်မှောက်မှုတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပတို့နဲ့ စီးပွားရေးအဆက်အသွယ်တွေ အားလုံးနီးနီးကို ဖြတ်တောက်ပစ်လိုက်တယ်။ အကြီးတန်း မြန်မာအစိုးရ အရာရှိတွေနဲ့ သူတို့ရဲ့ ကလေးတွေ (ဒီပိတ်ဆို့မှုတွေဟာ ကလေးတွေကို ပစ်မှတ်ထားတဲ့ တစ်ခုတည်းသော နိုင်ငံတကာပိတ်ဆို့မှုတွေပါ) အနောက်နိုင်ငံတွေကို ခရီးသွားခွင့်မရတော့ဘူး။
ဒါပေမယ့် အစိုးရဟာ ဆက်လက်ရှင်သန်ရုံမကဘဲ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ ကျွန်တော် သံသယ၀င်လာခဲ့တယ်။ အိမ်ရှေ့တံခါးက လုံးဝပိတ်နေတဲ့အချိန်မှာ အနောက်ကမ္ဘာဟာ ပွင့်ဟလာတဲ့အပေါက်ကို အသုံးချပြီး ပြုပြင်ပြောင်းလဲဖို့ နောက်ဖေးတံခါးတစ်ချပ်ကို ရှာသင့်တယ်လို့ ကျွန်တော်ခံစားမိတယ်။ ၂၀၀၆ ခုနှစ်မှာ ကျွန်တော် ရေးသားထုတ်ဝေတဲ့ The River of Lost Footsteps လို့ အမည်ရတဲ့ စာအုပ်ထဲမှာ အနောက်ကမ္ဘာရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲဖို့ ကျွန်တော်အကျိုးအကြောင်း ရှင်းပြခဲ့တယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံခြင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းလို့ ကျွန်တော်ယုံကြည်နေတုန်းပဲ။ မူဝါဒချမှတ်သူတွေ၊ သတင်းစာဆရာတွေ အများအပြားဟာ ခြုံငုံပြီး မမြင်ကြသေးဘူး။
ဥပမာပြရမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်က လွတ်မြောက်ခါစဆိုတာ လူနည်းနည်းပဲ သတိပြုမိကြတယ်။ ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ အစောပိုင်းမှာ တစ်ဒါဇင်ကျော်ကျော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ကြတာဟာ ခုန်ပျံတိုးတက်မှုကြီးဖြစ်ပေမယ့် အနောက်ကမ္ဘာမှာ လုံးဝ သတိမထားမိခဲ့ပါဘူး။ (ယနေ့အချိန်မှာ အပစ်အခတ်ရပ်စဲရေး ဆက်လက်တည်ရှိနေပေမယ့် လုံးဝငြိမ်းချမ်းရေးတော့ မရှိသေးပါဘူး) ဆယ်စုနှစ်များစွာ စီးပွားရေးပိတ်ဆို့မှုနဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ သပိတ်တွေနဲ့ အကူအညီ ဖြတ်တောက်မှုတွေကြောင့် တိုင်းပြည်မွဲပြာကျနေတာကိုလည်း ဂရုစိုက်ရကောင်းမှန်း သိတဲ့သူ များများမရှိလှဘူး။
၁၉၉၁ ခုနှစ်မှာ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံရဲ့ ကလေးတွေမှာ အရေးပေါ် အခြေအနေဆိုက်နေပါတယ်လို့ သတိပေးခဲ့ပြီး အကူအညီနောက်ထပ်ရဖို့ သင့်တော်တဲ့ အစိုးရတက်တဲ့အချိန်အထိ မစောင့်နိုင်တော့ဘူးလို့ တောင်းဆိုခဲ့တယ်။ ဒီလိုပြောပြီး ၁၈ နှစ်လောက် ကြာတဲ့အချိန်အထိ မြန်မာနိုင်ငံဟာ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ရနေတဲ့ လူတစ်ဦးချင်း အကူအညီရဲ့ ဆယ်ပုံတစ်ပုံထက်တောင် နည်းတဲ့အကူအညီသာ ရနေတုန်းပဲ။ ကုသလို့ရနိုင်တဲ့ ရောဂါတွေကြောင့် လူသောင်းနဲ့ချီပြီး မသေသင့်ဘဲ သေနေကြရတယ်။
အရေးယူပိတ်ဆို့မှုတွေနဲ့ မာမာထန်ထန်စကားတွေကြောင့် နိုင်ငံရေးပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေလိမ့်မယ်လို့ မျှော်လင့်ချက်တွေနဲ့ အထက်ပါစိန်ခေါ်မှုတွေကို လျစ်လျူရှုထားကြတယ်။ ဒါပေမယ့် ထင်သလို ဖြစ်မလာပါဘူး။
ဖြစ်မလာရခြင်းရဲ့ အကြောင်းတစ်ကြောင်းက ဒီလိုပါ။ အာရှရဲ့ ဧရာမကြီးတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ ကြီးထွားလာတာက မြန်မာနိုင်ငံကို ဘယ်လိုပုံစံပြောင်းလဲသွားစေမယ်ဆိုတာ အရေးယူပိတ်ဆို့မှုတွေကို အားပေးမြှင့်တင်တဲ့သူတွေ မစဉ်းစားခဲ့ကြဘူး။ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ ၁၉၉၀ အလယ်နှစ်ပိုင်းတွေမှာ ထွက်ခွာသွားကြတော့ တရုတ်နဲ့ တခြားအာရှကုမ္ပဏီတွေ စုပြုံတိုးဝင်လာခဲ့ကြတယ်။ ဒေါ်လာဘီလီယံ ရာဂဏန်းနဲ့ချီပြီးတန်တဲ့ သဘာဝဓာတ်ငွေ့တွေ မြန်မာနိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာ တွေ့ရှိခဲ့တယ်။ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ သတ္ထုတူးဖော်ရေးလုပ်ငန်းစီမံကိန်းတွေ အများကြီး လက်မှတ်ရေးထိုးခဲ့တယ်။ မိုင်တစ်ထောင်ရှည်လျားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ နှစ်နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံကို ဖြတ်သန်းသွားပြီး တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းပြည်နယ်တွေကို ပင်လယ်နဲ့ ဆက်ပေးတော့မယ်။ အမေရိကန်ဦးဆောင်တဲ့ ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုဟာ ၁၉၉၀ နှောင်းပိုင်းနှစ်တွေမှာ အထည်ချုပ်လုပ်ငန်း ပြိုလဲလုလုအခြေကို ဆိုက်စေခဲ့တယ်။ သောင်းနဲ့ချီတဲ့ လူတွေ အလုပ်ပြုတ်ကုန်တယ်။ အစိုးရအတွက်တော့ ဘာမှ မဖြစ်လောက်ပါဘူး။
ယနေ့မြန်မာနိုင်ငံမှာ စီးပွားရေး တစ်စစီပြိုကွဲမယ့် အန္တရာယ် လုံးဝမရှိပါဘူး။ အနောက်ကမ္ဘာရဲ့ မူဝါဒကြောင့် လစ်ဟာသွားတဲ့ ကွက်လပ်ကိုတော့ ၀င်ဖြည့်နေပါပြီ။
ဝါရင့်ဗိုလ်ချုပ်ကြီးတွေ မကြာခင် အနားယူပြီး မျိုးဆက်သစ် တက်လာပါတော့မယ်။ ပြုပြင်ပြောင်းလဲဖို့ဆိုတာဟာ အနည်းဆုံး တပ်မတော်ခေါင်းဆောင်အချို့ရဲ့ ထောက်ခံမှုရမှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် နေရာဆက်ခံဖို့ အလားအလာရှိသူတွေရဲ့ အတွေးအမြင်တွေကို သြဇာသက်ရောက်ဖို့ ဘာမှ ကျွန်တော်တို့ မကြိုးစားခဲ့ဘူး။ နောင်လာမယ့်မျိုးဆက် တပ်မတော်အရာရှိတွေဟာ ဥရောပနဲ့ အမေရိကကို လုံးဝမရောက်ဖူးတဲ့ ပထမဆုံးတပ်မတော်မျိုးဆက်တွေ ဖြစ်လာလိမ့်မယ်။
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်လေ့လာသုံးသပ်မယ်လို့ အိုဘားမားအစိုးရအဖွဲ့က အရင်နှစ်ဆောင်းရာသီက ကြေညာခဲ့တယ်။ အမေရိကန်ပြည်ထောင်စုဟာ အရေးယူပိတ်ဆို့မှုအပေါ် ကာလကြာရှည်စွာ မှီခိုအားထားခဲ့တာကို ပြန်လည်စဉ်းစားပါစေလို့ ကျွန်တော်မျှော်လင့်နေမိတယ်။ အရေးယူပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်ရုံတင်မကဘူး၊ ရည်ရွယ်တာနဲ့ ဆန့်ကျင်ဘက်ရလဒ်ကိုပါ ဖြစ်ပေါ်စေတယ်။ နိုင်ငံရဲ့ အခြေအနေတွေကို ပုံဖော်ရာမှာ အခန်းကဏ္ဍတစ်ခုက ပါဝင်နိုင်မယ့် အင်အားစုကြီးတစ်ရပ်ဖြစ်တဲ့ အမေရိကန်ပါဝါအပျော့ကို အရေးယူပိတ်ဆို့မှုတွေက ဖယ်ထုတ်လိုက်တာကိုး။
အာရှဟာ ဒီမိုကရေစီအဖြစ် အောင်မြင်တဲ့ အကူးအပြောင်းကို ကြုံတွေ့ခဲ့ပြီးပေမယ့် အနောက်အင်အားကြီးနိုင်ငံတွေ၊ တွန်းအားပေးရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ အလုပ်ဖြစ်မယ်လို့ ထင်နေတဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် ဒီမိုကရေစီဖြစ်ထွန်းခဲ့တာတော့ မရှိပါဘူး။
ထိတွေ့ဆက်ဆံတယ်ဆိုတာ ပြောနေရုံနဲ့ မပြီးပါဘူး။ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေနဲ့ ဆက်ဆံပြီး တံခါးဝမှာ ခြေတစ်ဖက်ရပ်နိုင်ဖို့၊ လက်တွေ့အကောင်အထည်ဖော်ဖို့တွေ၊ အထူးသဖြင့် မြန်မာလူထုနဲ့ စီးပွားရေး အဆက်အသွယ်တွေကနေတစ်ဆင့်မှ ထိတွေ့ဆက်ဆံတာပါ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ဒီမိုကရေစီကို အလိုအလျောက် ဖော်ဆောင်နိုင်မယ်ဆိုတဲ့ အယူအဆအပေါ်မှာလည်း ထိတွေ့ဆက်ဆံမှုက အခြေခံမထားပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဝေဒနာတွေကို ပြိုင်တူကုစားမှ ရမှာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာတွေကြောင့် အမေရိကနဲ့ ကမ္ဘာအနှံ့မှာ အတော်များများကတော့ ဒေါသအမျက် ထွက်ကြပြန်ပါပြီ။ စိတ်ကူးသစ်၊ အတွေးအခေါ်သစ်တွေမရှိဘဲနဲ့တော့ နောက်ထပ်အနှစ် ၂၀ လောက် အချိန်တွေ ကုန်သွားဦးမယ်။ ကြွယ်ဝတဲ့ အောင်မြင်တဲ့ ဒီမိုကရက်တစ်မြန်မာနိုင်ငံဆိုတဲ့ အိပ်မက်ကလည်း ပိုတောင်ဝေးလို့သွားလိမ့်ဦးမယ်။
ဒေါက်တာ သန့်မြင့်ဦး၏ မူရင်းဆောင်းပါး Let's talk to Burma. China sure is ပို့စ်ကိုဖတ်လိုပါလျှင်…
No comments:
Post a Comment