နတ်ရှင်နောင်ရဲ့ စာအုပ်တွေ ဘေးမှာပုံထားပြီး တစ်အုပ်ကိုဖတ်နေဆဲမှာ လူငယ်တစ်စုရောက်လာကြပါတယ်။ မကြာခဏ လာရောက်မေးမြန်းဆွေးနွေးနေကျ ဂျာနယ်သမားတွေပါ။ သူတို့ထဲက တစ်ယောက်က နတ်ရှင်နောင်စာအုပ်တစ်အုပ် ယူကြည့်ပြီး နတ်ရှင်နောင်ကို ကြိုက်သလားလို့ မေးပါတယ်။ ရတုဘုရင်ပဲ မကြိုက်ဘဲနေပါ့မလား လို့ ဖြေလိုက်တော့ သူက အံ့သြဟန်ပြပါတယ်။
ခေါင်းမာတာ လူရိုင်းမဟုတ်
ဒီလူငယ်အပါအ၀င် လူတော်တော်များများက အစွဲကြီးကြီးနဲ့ တော်တော်ခေါင်းမာတဲ့သူ အဖြစ် သိထားကြလေတော့ နတ်ရှင်နောင်ကို မဖတ်လောက်ဘူးလို့ ယူဆပုံရပါတယ်။ နောက်ပြီးတော့ လူတော်တော်များများဟာ ခေါင်းမာတာနဲ့ ရိုင်းစိုင်းကြမ်းတမ်းတာကို အတူတူပဲလို့ ယူဆထားလေ့ရှိပါတယ်။ ခေါင်းမာတယ်ဆိုတာ ရိုင်းတာကြမ်းတမ်းတာ မဟုတ်ပါဘူး။ ယုံကြည်ရာတစ်ခုခုကို စွဲစွဲမြဲမြဲဆုပ်ကိုင်ပြီး ရေလိုက်ငါးလိုက် မလုပ်တတ်၊ မနေတတ်တာပါ။ ကိုယ်တိုင် မှားတယ်လို့ မယူဆဘဲနဲ့လည်း ကိုင်စွဲထားတဲ့ အယူအဆကို အလွယ်တကူ မစွန့်လွှတ်တတ်ပါဘူး။ ရာသီပြောင်းတိုင်း ပုတ်သင်ညိုလို အရောင်လိုက်ပြောင်းတတ်သူများက သူတို့အားနည်းပျော့ညံ့မှုကို ခုခံကာကွယ်ဖို့အတွက် သူတို့က အရင်သူများကို လက်ညှိုးထိုးလေ့ရှိတာကြောင့် ခေါင်းမာသူတိုင်းကို ရိုင်းစိုင်းကြမ်းတမ်းသူတွေအဖြစ် မြင်နေကြတာဖြစ်တယ်။
အစွဲကြီးသူ သိမ်မွေ့တတ်
အစွဲအလမ်းကြီးတတ်သူတွေဟာ အများအားဖြင့် အင်မတန်သိမ်မွေ့ပြီး စိတ်ကူးယဉ်တတ် (romantic) သူတွေ ဖြစ်လေ့ရှိပါတယ်။ ကားလ်မတ်နဲ့ အိန်ဂျယ် နှစ်ယောက်စလုံးဟာ ပင်ပန်းနွမ်းနယ်မှုကို တယောထိုးဖြေဖျောက်တတ်ပြီး၊ ဟိုချီမင်းတို့ မော်စီတုန်းတို့ ဆိုရင်လည်း ကဗျာဆရာတွေဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေဆိုရင်လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းအစ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့အလယ်၊ သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်သန်းမြိုင်အဆုံး ကဗျာဆရာ၊ စာရေးဆရာတွေချည်းပါပဲ။ အစွဲလမ်းကြီး ခေါင်းမာသူတိုင်းကို လူကြမ်းတွေ၊ လူရိုင်းတွေလို့ ယူဆလို့မရပါဘူး။ ကိုယ်တိုင်ကလည်း ခေါင်းမာတယ်သာ အပြောခံရတာ အီရတ်လို၊ အာဖဂန်နစ္စတန်လို စစ်မြေပြင်တွေမှာ မူလတန်းကျောင်းလေးပေါ် ဒုံးကျည်ကျရောက်ပေါက်ကွဲလို့ ကလေးသူငယ်တွေ ခြေပြတ်လက်ပြတ် သေဆုံးကြတဲ့ မြင်ကွင်းမျိုးတွေကိုမြင်တိုင်း မျက်နှာလွှဲပစ်မိတာချည်းပဲ။ အိမ်ရာဘေးမှာ ကဗျာစာအုပ်ထားပြီး ရှယ်လီ၊ ကိ၊ ဘိုင်ရွန်၊ ၀ါ့ဒ်စ်ဝါ့သ်တို့ရဲ့ ရိုမန်တစ်ကဗျာတွေကို ခုထိဖတ်တုန်း၊ နတ်ရှင်နောင်၊ န၀ဒေး၊ လှိုင်ထိပ်ခေါင်တင် တို့ကိုလည်း ခုထိကြိုက်တုန်းပါပဲ။
စာတခြား လူတခြား
နတ်ရှင်နောင်ကိုကြိုက်တာက သူ့ကဗျာတွေကိုကြိုက်တာ၊ လူကို ကြိုက်တာမဟုတ်ဘူး။ လူကိုတော့ စက်ဆုပ်တယ်။ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် အမျိုးသားသစ္စာဖောက်ပဲ။ ဒါပေမယ့်လို့ လူကိုမုန်းတာနဲ့ သူ့စာတွေမဖတ်ရ၊ မကြိုက်ရလို့တော့ ဘယ်ပြောလို့ဖြစ်မှာလဲ။ နယ်ချဲ့သမားနဲ့ ပူးပေါင်းတဲ့အတွက် ထိုက်တန်တဲ့ ဒဏ်ခတ်မှုကို သူခံရပြီးပြီပဲ။ သူ့စာတွေကိုပါ သူနဲ့အတူ မြေမြှုပ်ပစ်ရမယ်ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ စာတခြား၊ လူတခြား ခွဲခြားကြည့်ရမှာပေါ့။ လူက နယ်ချဲ့သမားနဲ့ပေါင်းပေမယ့် ကဗျာတွေက နယ်ချဲ့ဘုန်းတော်ဘွဲ့တွေမှ မဟုတ်တာ။ နတ်ရှင်နောင်ဆိုတဲ့ ကဗျာဆရာ၊ ရတုဘုရင်ဟာ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့အတွက် သေဒဏ်စီရင်ခံလိုက်ရတယ်ဆိုတဲ့ အဖြစ်မှန်ကို သိထားရင်ပြီးတာပဲ မဟုတ်ဘူးလား။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို သစ္စာဖောက်ပြီး တိုင်းတစ်ပါး နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံခဲ့သူများကိုတော့ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ခွင့်လွှတ်လို့ မရနိုင်ပါဘူး။
နယ်ချဲ့အလိုတော်ရိတွေ
ပဒေသရာဇ်စနစ်နေရာမှာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ လုပ်တာဖြစ်တဲ့အတွက် ကင်းဝန်မင်းကြီးတို့တစ်တွေကို မပြစ်မတင်သင့်ဘူးလို့ ဘယ်လိုပဲ ရှေ့နေလိုက်လိုက် နယ်ချဲ့အလိုတော်ရိအဖြစ် စိတ်ထဲမှာ ရွံရှာမုန်းတီးတာကိုတော့ ဖျောက်ပစ်လို့မရပါဘူး။ အထူးသဖြင့် နယ်ချဲ့စစ်တပ်တွေ မန္တလေးမြို့တော်ကြီးကို သိမ်းပြီးစကာလမှာ မျိုးချစ်ပုဂ္ဂိုလ်တွေက ရရာလက်နက်စွဲကိုင်ပြီး ခုခံတိုက်ခိုက်နေကြတာကို လက်နက်ချကြဖို့၊ ဒေသအနှံ့သွားပြီး ရွှေပြည်အေးတရား ဟောတဲ့လုပ်ရပ်တွေကိုတော့ ခါးခါးသီးသီး အော့နှလုံးနာမိတယ်။ တကယ်တော့ ကင်းဝန်အုပ်စုက ပဒေသရာဇ်စနစ်တိုက်ဖျက်တာ၊ ပါလီမန်ဒီမိုကရေစီလိုလားတာ မဟုတ်ပါဘူး။ သူတို့ အကျိုးစီးပွားအတွက် သူတို့သြဇာအာဏာ တည်ဆောက်ဖို့အတွက် ဆောင်ရွက်ခဲ့ကြတာသာဖြစ်ပါတယ်။ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။
တာတေလန်အကျင့်ဆိုးတဲ့
လောကမှာ မမှားဖူးသူမရှိပါဘူး။ အလောင်းတော်မြတ်ကြီးသော်မှ မှားခဲ့လို့ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာ ကျင့်ခဲ့ရတာပဲ။ ဒါကို နားလည်ပါတယ်။ ဘယ်လိုပဲမှားမှား မသိလို့မှားတာ။ မတတ်လို့မှားတာကို အပြစ်မမြင်ပါဘူး။ မှားမှန်း သိသိကြီးနဲ့ ကိုယ်ကျိုးစီးပွားအတွက် ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်မျိုးထားတဲ့ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ဆောင်တဲ့ အမှားမျိုးကိုတော့ ခါးခါးသီးသီး စက်ဆုပ်ရွံရှာပါတယ်။ ဘယ်တော့မှလည်း ခွင့်မလွှတ်ပါဘူး။ နတ်ရှင်နောင်တို့ ကင်းဝန်မင်းကြီးတို့ စာတွေကိုကြိုက်ပေမယ့် ဖတ်မြဲဖတ်ဆဲဖြစ်ပေမယ့် နယ်ချဲ့လက်ကိုင်တုတ်သမားအဖြစ် ဆောင်ရွက်ခဲ့တာတွေကိုတော့ ဘယ်တော့မှ မေ့မထားပါဘူး။ အလားတူပဲ လွတ်လပ်ရေးခေတ်နောက်ပိုင်း မြန်မာစာရေးဆရာတွေထဲမှာ စာကိုကြိုက်သလောက် လူကိုမကြိုက်နိုင်တဲ့ စာရေးဆရာတွေရှိခဲ့ပါတယ်။ စာရေးသားမှုမှာတော့ ရှာမှရှား ဆိုလောက်သူတွေပါ။ ဒါပေမယ့် လူကျတော့ တာတေလန်အကျင့်ဆိုးတဲ့ အရည်းတကာ့ထိပ်သီး ရှင်မထီး ဆိုတဲ့ စကားထက်တောင် ပိုလိမ့်မယ်လို့ ဆိုရမယ့်သူတွေပါ။
မသမာရည်ရွယ်ချက်
အကျင့်ဆိုးတယ်ဆိုတာ အရက်သောက်တာကို ပြောတာမဟုတ်ပါဘူး။ အရက်သမားတိုင်း အကျင့်မဆိုးပါဘူး။ ဆရာပီမိုးနင်းတို့၊ ဆရာမဟာဆွေတို့ဆိုတာ တိုင်းသိပြည်သိ အရက်ကြိုက်သူတွေ ဖြစ်ပါတယ်။ ဆရာကြီးများဟာ အရက်သောက်ပေမယ့် သူတို့ချမ်းသာကြီးပွားရေးအတွက် တိုင်းပြည်လူမျိုးနဲ့ စာပေအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ခဲ့ကြပါဘူး။ သစ္စာမဖောက်ရုံသာမဟုတ်ပါဘူး။ တိုင်းကျိုးပြည်ကျိုးကို ရှေ့တန်းက လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အကျင့်ဆိုးဆိုတာက ကိုယ်ကြီးပွားချမ်းသာဖို့၊ ကိုယ်ထင်ပေါ်ကျော်ကြားဖို့၊ ကိုယ့်အတွက် အခွင့်ထူးတွေ ခံစားရဖို့ဆိုတဲ့ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) တွေနဲ့ လုပ်ဆောင်တာမျိုးကို ပြောတာပါ။ ဒီလိုလူမျိုးတွေ ရှေးကလည်း အများကြီးရှိခဲ့သလို ခုခေတ်မှာလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာ အများဆုံးရှိပေမယ့် စာပေနယ်မှာလည်း မနည်းလှပါဘူး။
စိတ်ဓာတ်အောက်တန်းကျမှု
ကိုယ်မှန်တယ်လို့ ယုံကြည်တာတစ်ခုခုကိုလုပ်ရင်းနဲ့ မှားသွားတာဟာ အပြစ်မဟုတ်ပါဘူး။ အမှန်တကယ် ယုံကြည်တာမဟုတ်ဘဲနဲ့ ကိုယ်ကျိုးစီးပွားမျှော်ကိုးပြီး ယုံချင်ယောင်ဆောင် လုပ်ပြတာမျိုးကတော့ စိတ်ဓာတ်အောက်တန်းကျမှုဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ အပြစ်ပါ။ အယူအဆမှားတာဟာ အပြစ်မဟုတ်ပါဘူး။ အယူအဆကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတာကသာ အပြစ်ဖြစ်တယ်။ ကိုယ်တိုင်လက်ခံယုံကြည်ထားတဲ့ အယူအဆတွေ ဘယ်လောက်ထိမှန်တယ်။ ဘယ်အချိန်ထိ မှန်နေဦးမယ်ဆိုတာ အသေအချာမပြောနိုင်ဘူး။ အသေအချာပြောနိုင်တာက ခုချိန်အထိ အမှန်ဆုံး၊ အကောင်းဆုံးလို့ ယုံကြည်တယ်ဆိုတာပဲဖြစ်တယ်။ ကိုယ့်လို မယုံကြည်သူတွေလည်း အများကြီး ရှိနေတာပဲ။ ကိုယ်နဲ့မတူလို့ ရန်သူလို သဘောမထားပါဘူး။ သူယုံကြည်တာကို ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်နေတဲ့သူများကို အယူအဆမတူပေမယ့် လေးစားရိုသေပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်းညွန့်ဆိုတာ အင်မတန် ရိုးသားဖြောင့်မတ်တဲ့ သတင်းစာဆရာကြီးတစ်ယောက် ဖြစ်ပါတယ်။ ယုံကြည်မှုချင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဒါပေမယ့် သူ့ကို အထူးကို လေးစားတန်ဖိုးထားပါတယ်။ ကိုယ့်ဆရာမဖြစ်ဖူးပေမယ့် အခါကြီးရက်ကြီးများမှာ ကျွန်တော် ကန်တော့ပါတယ်။ သူကလည်း သူ့အောက် အသက်အများကြီးငယ်တဲ့ ကျွန်တော့်ကို အင်မတန်ခင်တွယ်ရှာပါတယ်။ သူ့ကျန်းမာရေး သိပ်မကောင်းတဲ့ကြားကတောင် တစ်ပတ်တစ်ခေါက်တော့ အနည်းဆုံးမှန်မှန်လာပြီး စကားတွေ ပြောပါတယ်။ တစ်ခါတလေများ မနက်တစ်ခေါက် ညနေတစ်ခေါက်တောင် ရောက်ချင်ရောက်လာတတ်တာ။ အိမ်ချင်းက နီးတာကိုး။
လိမ်တာသိဖို့ အရေးကြီး
ယုံကြည်ချက်ကို ယုံကြည်တဲ့အတွက် အခိုင်အမာ ကိုင်စွဲထားသူကို ဆန့်ကျင်ဘက်အယူအဆရှိသူပဲဖြစ်စေ လေးစားတန်ဖိုးထားတတ်သူဟာ စိတ်ဓာတ်ရင့်ကျက်ပြည့်ဝသူ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ်တစ်ယောက် ကြီးပွားချမ်းသာဖို့အတွက် မယုံတာကို ယုံချင်ယောင်ဆောင်ပြီး လိမ်နေတဲ့လူတွေကို ခွဲခြားသိမြင်ဖို့သာ ဖြစ်တယ်။ ဒီလို ကောက်ကျစ်တဲ့ လူမျိုးတွေကိုတော့ ပြတ်ပြတ်သားသားကို စည်းခြားထားလိုက်ရမှာပါ။ ဒီလူတွေဟာ နတ်ရှင်နောင်လို၊ ကင်းဝန်လို အန္တရာယ်ကြီးမားသူတွေ ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

( Weekly Eleven News ဂျာနယ် အတွဲ ၁၄၊ အမှတ် ၄၆ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment