မနေ့က အခွေငှားဆိုင်ရောက်တော့ ဆိုင်ကညီမလေးက ဒီအငြိမ့်ခွေကောင်းတယ်ဆိုပြီး ပေးလိုက်လို့ ကြည့်ဖြစ်လိုက်တဲ့ အငြိမ့်တစ်ခုအကြောင်း ပြန်ပြီးဖောက်သည်ချတာပါ။
အမည် - နှင်းဆီရင်ခွင်အငြိမ့် (၂၀၀၉)
အထိမ်းအမှတ် - မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရန်ပုံငွေဖျော်ဖြေပွဲ
ရှေ့ထွက်မင်းသမီး - ဖူးစုံ
ခေါင်းဆောင်မင်းသမီး - မေကဗျာ
လူရွှင်တော်များ - ကျော်ကျော်ဗို၊ နေတိုး၊ ထွန်းထွန်း၊ မိုးမိုး
ပါဝင်ကူညီသူများ - ဆန်းထွဋ်၊ မောင်မောင်အေး
အနုပညာအကြံပေး - ညောင်ညောင်
ဒါရိုက်တာ - မောင်မျိုးမင်း (ရင်တွင်းဖြစ်)
အငြိမ့်ကြည့်ရတာအတော်လေးကို သဘောကျသွားတယ်ဆိုပါတော့ဗျာ။ ကိုယ်ကပျော်ချင်တဲ့အတွက် အရင်တုန်းက အငြိမ့်ခွေတွေငှားကြည့်ရင် မဲပြာပုဆိုးပြက်လုံးတွေပဲ များနေတော့ အတော်လေး စိတ်ညစ်ရပါတယ်။ ပြီးရင် ခါးအောက်ပိုင်းပြက်လုံးတွေကိုပဲ ရယ်စရာဖြစ်အောင်လုပ်၊ တခြားလူတွေပြက်ပြီးသားတွေလည်း ပြန်ယူသုံး၊ လူပြိန်းအကြိုက် အတင်းကလိထိုးပြီး ရယ်ခိုင်းနေတာတွေများနေတော့ အငြိမ့်ခွေတွေဆိုရင် လန့်နေတာကြာပြီ။ အခုအငြိမ့်ခွေကိုတော့ တော်တော်လေးကို သဘောကျသွားမိတာပါ။ အစကတော့ ရုပ်ရှင်မင်းသားတွေက လူရွှင်တော်လုပ်ထားတာဆိုတော့ ဟုတ်မှဟုတ်ပါ့မလားဆိုပြီး သံသယ၀င်မိတာအမှန်ပါပဲ။ ဒါပေမယ့် အငြိမ့်ကြည့်ရင်းနဲ့ တ၀ါးဝါးပွဲကျရတာမို့ ဘေးကသူငယ်ချင်းတွေကတောင် ပြောယူရတယ်။ ဖြည်းဖြည်းရယ်ပါဟတဲ့။ မင်းဟာက ရယ်ရင်းနဲ့လည်း သေသွားပါဦးမယ်တဲ့။ ဟုတ်ကဲ့ ကျွန်တော်ရယ်တာ လွန်၊ မလွန်ဆိုတာ ခင်ဗျားတို့ကိုယ်တိုင် ကြည့်တဲ့အခါ သိပါလိမ့်မယ်ဗျာ။ ရုပ်ရှင်မင်းသားတွေ လူရွှင်တော်လုပ်တယ်ဆိုပြီး အထင်သေးမိတဲ့ ကိုယ့်ဘာသာကိုယ်တောင် ရှက်သွားမိတယ်။ တစ်လက်စတည်း တွေးလိုက်မိတယ်။ မင်းသားတွေကလည်း လွန်လှချည်လားဟပေါ့၊ ရုပ်ရှင်ရိုက်တယ်၊ သီချင်းဆိုတယ်၊ ပန်းချီဆွဲတယ်၊ ဒါရိုက်တာလုပ်တယ်၊ စာအုပ်ထုတ်တယ်၊ ဟော... အခုကြည့်ဦး.... အငြိမ့်စင်ပေါ်ပါ ရောက်လာကြပြီ။ နောက်ဆိုရင် လူရွှင်တော်တွေတောင် ထမင်းအိုးပျောက်တော့မယ်ထင်တယ်။ အေးပေါ့လေ... ပရိသတ်ကလည်း အခြားလူရွှင်တော်တွေကို ကြည့်တာထက်စာရင် ကိုယ်သဘောကျပြီးသား မင်းသားတွေက လူရွှင်တော်လုပ်တာဆိုတော့ ပိုပြီး စိတ်ဝင်စားမှာပေါ့။ မင်းသားတွေကလည်း ကသောင်းကနင်းတွေနဲ့ အဆင်မပြေဖြစ်ရင်လည်း တစ်မျိုးပေါ့။ အခုတော့ ကိုယ်တော်ချောမင်းသားတွေက အဆင်ပြေမှပြေဗျာ။ မသိရင် တကယ့်ကို လူရွှင်တော်တွေ ကျနေတာပါပဲ။
အခြားအငြိမ့်တွေလိုမျိုး သီးချင်းတွေအများကြီးနဲ့ မင်းသမီးတွေက ခဏခဏ မကပါဘူး။ ရှေ့ထွက်မင်းသမီးက နှစ်ပုဒ်ပဲ ဆိုပြီးကသွားတယ်။ ခေါင်းဆောင်မင်းသမီးကလည်း သီချင်းသုံးပုဒ်ပဲ ကသွားတယ်။ လူရွှင်တော်တွေကလည်း အဲဒီကြားတွေထဲမှာ ပြက်လုံးတွေထုတ်သွားကြပါတယ်။ အတော်လေးအဆင့်မီတာကို တွေ့ရပါတယ်။
ပထမဆုံး ရှေ့ထွက်မင်းသမီး ဖူးစုံအကြောင်း ပြောပါ့မယ်။ အကြောင်းအမျိုးမျိုးကြောင့် မင်းသမီးအဖြစ် ၀င်ကရတာဖြစ်မယ်ထင်ပါတယ်။ လုံးဝကို မကတတ်တာကို တွေ့ရပါတယ်။ အံ့သြစရာကြီးပါ။ ခါးလည်းမချိုး၊ လက်လည်းမချိုးဘဲနဲ့ တောင့်တောင့်ကြီးကသွားတဲ့ သူ့ပုံစံကိုကြည့်ရတာ အတော်ကို အဆင်မပြေဖြစ်ရပါတယ်။ ဒါပေမယ့် သူကပြတဲ့ သီချင်းတွေက တကယ့်ကို ရှယ်သီချင်းတွေဖြစ်တဲ့အတွက် သူကတာကို မကြည့်ဘဲ နားထောင်လိုက်ရပါတယ်။ မှုန်ရွှေရည်တို့၊ အမေရွှေနှင်းဆီရဲ့သီချင်းတို့ပါ။ အတော်လေးကို ကောင်းတာတွေ့ရပါတယ်။ နန်းခင်မွှေးဆိုထားတဲ့ သီချင်းကို ဖူးစုံက ဟန်လုပ်ပြီးဆိုပြတဲ့ အကကတော့ အတော်ကို ရယ်စရာကောင်းလှပါတယ်။ နန်းခင်မွှေးရဲ့ ဆိုဟန်ဆိုပေါက်နဲ့ ဖူးစုံရဲ့ ပုံစံက တကယ့်ကို ကမောက်ကမကြီးပါ။
ခေါင်းဆောင်မင်းသမီး မေကဗျာကတော့ ဖူးစုံထက်စာရင် နည်းနည်းလေး ပိုကတတ်တယ်လို့ ထင်ပါတယ်။ မေကဗျာအကကောင်းတာကတော့ ဘလော့ဂ်ဖတ်သူ မိတ်ဆွေတွေလည်း ကြည့်ဖူးမြင်ဖူးပြီး ဖြစ်မယ်ထင်တဲ့အတွက် အထွေအထူး ပြောမနေတော့ပါဘူး။ တစ်ခုပါပဲ... အငြိမ့်ကတာကို ဘယ်လိုဖြစ်ပြီး အိန္ဒိယအကဟန်တွေ ပါနေတယ်ဆိုတာကို နားမလည်နိုင်ပါ။ ဘာပဲဖြစ်ဖြစ် ဖူးစုံကတာကို ကြည့်ပြီး အဆင်မပြေဖြစ်နေရာကနေ မေကဗျာက အဆင်ပြေအောင် ကပြနိုင်တဲ့အတွက်တော့ နည်းနည်းတော့ စိတ်ကျေနပ်သွားတာ အမှန်ပါပဲ။
လူရွှင်တော်လေးယောက်လုံးဟာ အပေးအယူညီညီနဲ့ အတော်လေးကို ထိထိမိမိ အသုံးတော်ခံသွားတာ တွေ့ရပါတယ်။ အဲဒီအထဲမှာ ကျော်ကျော်ဗိုဟာ သတိမထားမိဘဲ မနေနိုင်အောင်ကို ထူးချွန်ပေါ်လွင်လှတာကို တွေ့ရပါတယ်။ သူ့ရဲ့ သမ္ဘာကစကားပြောသွားတာပါ။ အငြိမ့်စင်ဆိုတာ သူ့အတွက်တော့ စိမ်းတဲ့အရပ်မဟုတ်တဲ့အတွက်လည်း ဖြစ်ပါလိမ့်မယ်။ နောက်တစ်ယောက်က မိုးမိုးပါ။ နောက်ပိုင်းမှာ မိုးမိုးတစ်ယောက် ဘက်စုံဖြစ်လာတာကို တွေ့ရပါတယ်။ နောက်ဆုံးထွက်ထားတဲ့ တနင်္ဂနွေမိုးရေစက်များ အခွေကို သဘောကျမိတဲ့ ကျွန်တော့်အတွက် မိုးမိုးဟာ အမှတ်တွေရပြီးသား ဖြစ်ပါတယ်။ အခုအငြိမ့်မှာလည်း မိုးမိုးဟာ ကျော်ကျော်ဗိုနဲ့အတူ ခေါင်းဆောင်သွားနိုင်တာ တွေ့ရပါတယ်။ ခြေထောက်အဆစ်ပြုတ်ထားတဲ့ကြားက လက်ကိုင်တုတ်ကိုအဖော်ပြုပြီး ဖျော်ဖြေသွားတာဖြစ်ပါတယ်။ နေတိုးနဲ့ ထွန်းထွန်းကလည်း သူတို့ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဖော်သွားနိုင်တာ၊ ပြက်လုံးတွေပြက်သွားနိုင်တာ တွေ့ရပါတယ်။
ဧည့်သည်အကူအဖြစ် ပါဝင်ဖျော်ဖြေသွားတဲ့ ဆန်းထွဋ်နဲ့ မောင်မောင်အေးတို့ကတော့ ရုပ်မြင်သံကြားမှာလာနေတဲ့ ပဟေဠိနန်းတော်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေပြီးသားဖြစ်တဲ့အတွက် အထူးပြောနေစရာ မလိုပါဘူး။ ဒီအငြိမ့်မှာလည်း သီချင်းပဟေဠိကဏ္ဍ ပြက်လုံးအတွက် သူတို့နှစ်ယောက်ဟာ အကောင်းဆုံး ပံ့ပိုးပေးသွားနိုင်တာကို တွေ့ရပါတယ်။ သူတို့ပံ့ပိုးပေးခဲ့တဲ့ အဲဒီသီချင်းပဟေဠိပြက်လုံးဟာလည်း ဒီအငြိမ့်မှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။
ဒီအငြိမ့်မှာ အမှတ်ထင်ထင်ဖြစ်စေခဲ့တဲ့ ပြက်လုံးတွေကတော့
(၁) ကုန်ဈေးနှုန်းပြက်လုံး
(၂) အကယ်ဒမီဆုပေးပွဲပြက်လုံး
(၃) နာဂစ်(သီချင်းပဟေဠိ)ပြက်လုံး တို့ဖြစ်ကြပါတယ်။
အခြားပြက်လုံးတွေလည်း ကောင်းပါတယ်။ ဒါပေမယ့် ဆင်ဆာက ဟိုနားဖြတ်၊ ဒီနားဖြတ်နဲ့ ဘယ်လိုမှကို အဆက်အစပ်မရှိဘဲ ကြည့်ရတာအတော်ကို အဆင်မပြေဖြစ်ရပါတယ်။ တစ်ချို့ပြက်လုံးတွေဆိုရင် ရှေ့မှာက ခြေဆင်းပျိုးထားခဲ့တာတွေကို ကိုယ်က တွေးလာခဲ့တာ ဟော တကယ့် နောက်ဆုံးပိတ်သူတို့တွေ ဘာကိုပြက်ချင်တာလဲဆိုတဲ့ အပိုင်းကိုရောက်တော့ကျမှ ဆင်ဆာဖြတ်ထားလိုက်တော့ ဒီကကောင်က ဘယ်လိုခံစားရမှန်းကို မသိဘူး။ တကယ့်ကို မအီမလည်ကြီး။
ကဲ... ဒီလောက်ဆိုရင် နှင်းဆီရင်ခွင်အငြိမ့်ကို ကြော်ငြာတာလုံလောက်ပြီထင်ပါတယ်။ မိတ်ဆွေအနေနဲ့ စိတ်ညစ်ငြူးပင်ပန်းနေတယ်ဆိုရင် လက်လှမ်းမီရာ အခွေအငှားဆိုင်ကို ပြေးပြီး ကျွန်တော့်ကို နှင်းဆီရင်ခွင်အငြိမ့် (၂၀၀၉) ပေးစမ်းပါဗျာလို့ ပြောလိုက်ပါဗျာ။ ပြီးမှ ကိုယ့်အခန်းပြန်ပြီး အဲဒီအငြိမ့်ကိုကြည့်၊ တ၀ကြီးရယ်ပြီး စိတ်ညစ်နေတာတွေကို ဖောက်ထုတ်ပစ်လိုက်ပါဗျာ။
သြော်.... ဒါနဲ့ စကားမစပ်။ အဲဒီအခွေက သူများငှားထားလို့ မရသေးပါဘူးဆိုရင်တော့ ခင်ဗျားကုသိုလ်ပဲနော်။ ကျွန်တော်ကတော့ ဖောက်သည်ချလိုက်ပြီးပြီ။ ကြည့်ဖြစ်အောင် ကြည့်ဖို့က ခင်ဗျားတာဝန်။ ကျွန်တော်ပြောလို့ အဲဒီအငြိမ့်ခွေက ကောင်းတာမဟုတ်ဘူးနော်။ အဲဒီအငြိမ့်ခွေကောင်းလို့ ကျွန်တော်က ပြောတာပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၀ နာရီ ၅၅ မိနစ်တွင် ပြီး၏။
No comments:
Post a Comment