အခုတလော မိုးကြီးလေကြီးတွေကျနေသလို မိုးကြိုးပစ်တာကလည်း ခဏခဏပါပဲ။ ဘယ်နေရာတွေကို မိုးကြိုးပစ်နေတာမသိပေမယ့် မိုးကြိုးပစ်တိုင်း ကျွန်တော်နေတဲ့အဆောင်က တုန်ခါသွားတတ်တာမို့ နည်းနည်းတော့ကြောက်မိတာ အမှန်ပါပဲ။ တော်ကြာနေ မိုးကြိုးပစ်လို့ မသေဘဲ အဆောင်ပြိုကျလို့သေနေမှာစိုးလို့ပါ။ အချို့နေရာတွေမှာဆိုရင် မှတ်သားဖွယ်ရာမိုးရေချိန်ဆိုပြီး သတင်းစာထဲမှာ ဖော်ပြထားတာ ကြောက်ဖို့တောင်ကောင်းပါတယ်။ မိုးရေချိန် ၁၀ လက်မကျော်ရွာတယ်ဆိုတာ နည်းတာမှမဟုတ်ပဲ။
ထားပါလေ။ အခုလိုမိုးအေးလေအေးမှာ မိုးကြိုးပစ်တာကို သတိထားမိနေရင်း တစ်နေ့က သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ နိုင်ငံတကာ သတင်းလေးတစ်ပုဒ်ကို သဘောကျသွားမိလို့ပါ။
သတင်းအကျဉ်းက ဒီလိုပါ။ ကမ္ဘောဒီးယားနိုင်ငံမှာ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူဦးရေ မြင့်တက်လာတဲ့အတွက် အစိုးရက ဒေသခံတွေ မိုးကြိုးအန္တရာယ်ကို သတိထားကြဖို့ သတိပေးချက်ထုတ်ပြန်တဲ့သတင်းပါ။ အဲဒီအထိ ကျွန်တော်ဘာမှ စိတ်မ၀င်စားမိသေးပါဘူး။ ဆက်ရေးထားတဲ့အကြောင်းအရာကြောင့်သာ စိတ်ဝင်စားမိတာပါ၊ သဘောကျမိတာပါ။ ရေးထားတာလေးကို ဖတ်ကြည့်ပါဦး။
………….. မိုးသက်မုန်တိုင်းများ ကျရောက်ချိန်တွင် လယ်ကွင်းများ၌ ရေဒီယိုဖွင့်ခြင်းနှင့် ဖုန်းအသုံးပြုခြင်းများ မပြုလုပ်ရန် အစရှိသည့် ကာကွယ်ရေးနည်းလမ်းများကို ပညာပေးပို့ချသွားမည်ဖြစ်ကြောင်း ………………….။
ကဲ… အဲဒါပါပဲ။ မိချောင်းမင်းကို ရေခင်းမပြတော့ပါဘူး။ ဘလော့ဂ်ဖတ်သူမိတ်ဆွေအနေနဲ့ ကိုယ့်ဘာသာကိုယ်သာ တွေ့ကြည့်တော့နော်။
သြော် ဒါနဲ့စကားမစပ် ဘယ်မဂ္ဂဇင်းထဲမှာလည်းမသိဘူး။ ကာတွန်းလေးတစ်ကွက်ကို အခုထိ မျက်စိထဲမှာ မြင်နေလို့ပါ။ ကာတွန်းက ဒီလိုပါ။ အဘိုးကြီးနဲ့ အဘွားကြီးနှစ်ယောက် ဗီဒီယိုထိုင်ကြည့်နေတဲ့ပုံပါ။ အဲဒီမှာ အဘိုးကြီးက ဗီဒီယိုကြည့်နေရင်း ပြောတဲ့ဒိုင်ယာလော့ခ်လေး ရေးထားပါတယ်။ ဒီလိုပါ။ အတိအကျတော့ မမှတ်မိပါဘူး။ မှတ်မိသလောက် ပြန်ရေးပြပါ့မယ်။
ဟွန်း… မင်းသားက အခန်းထဲမှာ ဖုန်းပြောနေတာ သဘာဝမကျဘူး။ အိနြေ္ဒရလွန်းတယ်။ တကယ်ဆိုရင် ဟိုပြေးလိုက်ဒီပြေးလိုက် ဖြစ်နေရမှာ တဲ့။
ဘာရယ်မဟုတ်ပါဘူးဗျာ။ အခုတလော စိတ်ထဲမှာပေါ်နေတဲ့ ဟာလေးတွေကို ရေးလိုက်တာပါ။ ဒါတောင်မှ ဟိုတလောက မိုးကြိုးထိလို့ဆိုလားပဲ၊ ကျွန်တော်တို့ဆီမှာ MRTV-4 ကို တစ်နေကုန် ဖမ်းလို့မရတဲ့အကြောင်းကို ထည့်မရေးလိုက်တော့ဘူး။း)
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၈ ရက်၊ အင်္ဂါနေ့။
No comments:
Post a Comment