အခြားလူတွေလည်းပြောနေတာတော့ အများကြီးပါပဲ။ ကျွန်တော်လည်း မြင်တာလေးတွေ ပြောရဦးမယ်ဗျာ။ တစ်ခုပြောချင်တာက အခုလို ရွှေမေတ္တာတော်တွေ အပို့သခံပြီး ပြောနေတာဟာ ပြိုင်ပွဲကိုဦးစီးလုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေကို မကောင်းပြောတာ မဟုတ်ဘူးဆိုတာကိုပါ။ အဲဒီလိုပြောနိုင်လောက်အောင်လည်း ကျွန်တော်က ဘာမှကိုမဟုတ်ရပါဘူး။ ပြီးတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ ကျွန်တော်နဲ့မတည့်တဲ့လူဆိုတာဝေးလို့ သိကျွမ်းခင်မင်တဲ့လူတောင် တစ်ဦးမှမရှိပါဘူး။ ကြုံတုန်းမို့ ကြွားတာပါ။း) ကျွန်တော့်သူငယ်ချင်းတွေကမှ ဘယ်ဘောလုံးသမားကတော့ သူတို့နဲ့ကျောင်းနေဖက်၊ ဘယ်သူကတော့ သူတို့မြို့က၊ ဘယ်သူကတော့ သူတို့ကျောင်းကထွက်တာ စသည်ဖြင့် ပြောစရာရှိပါသေးတယ်။ ကျွန်တော်ကတော့ ရှင်းသလားမမေးနဲ့။ အသိလည်းမရှိဘူး၊ ဘယ်သူငယ်ချင်းမှလည်း ဘောလုံးသမားအသိမရှိဘူး၊ ဘယ်နယ်သူနယ်သားမှလည်း ဘောလုံးကို ဖြစ်မြောက်အောင် မကန်တတ်ဘူး။ ဒါတွေကိုပြောနေရတာက အကြောင်းရှိပါတယ်။ အကြောင်းမသိတဲ့လူတွေတောင် မကတော့ဘဲ ကျွန်တော့်သူငယ်ချင်းတွေကတောင် ပြောလာကြလို့ပါ။ မင်းကလည်းကွာ... သူများကို ဝေဖန်ဖို့ပဲ ချောင်းနေတော့တာပဲလားတဲ့။ မင်းကိုယ်တိုင် သွားလုပ်ပါလားတဲ့။
သူတို့ပြောလည်း ပြောချင်စရာပါပဲ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ အခြားသော ပုဂ္ဂိုလ်တွေအားလုံးဟာ သူတို့တတ်နိုင်သလောက် အကောင်းဆုံးလုပ်နေကြတာပါပဲ။ အဲဒီလိုလုပ်တဲ့နေရာမှာ အကောင်းဆုံးချည်းပဲ မဖြစ်နိုင်ဘူးဆိုတာ၊ အကုန်လုံးမပြည့်စုံနိုင်ဘူးဆိုတာ၊ အားနည်းချက် ချို့ယွင်းချက်တွေ ရှိမှာပဲဆိုတာကို ကျွန်တော်သေသေချာချာကို နားလည်ပါတယ်။ သိလည်းသိပါတယ်။
ဒါဆိုရင် ဘာလို့ပြောနေသေးလဲကွာလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့ အရှင်းဆုံးဖြေရရင် သူတို့တွေ အပင်ပန်းခံပြီး ကြိုးစားလုပ်ကိုင်နေကြတာတွေကို ကောင်းသည်ထက်ပိုကောင်းစေချင်လို့ပါလို့ ဖြေပါရစေ။ ကျွန်တော်လည်း ကျွန်တော်တတ်နိုင်တဲ့ဖက်က မြင်သမျှကို အကြံဉာဏ်ပေးတာပါလို့ ဖြေပါရစေ။ ဘယ်သူ့ကိုမှ စော်ကားလိုတာ၊ ဝေဖန်လိုတာ၊ ရှုတ်ချလိုတာ မဟုတ်ကြောင်း ကိုယ့်လိပ်ပြာကိုယ်သန့်ပါတယ်။ အဓိက ဆန္ဒကတော့ ကျွန်တော်တို့ရဲ့ မြန်မာနေရှင်နယ်လိဂ်ကို အကောင်းတကာ့အကောင်းဆုံး ပြိုင်ပွဲဖြစ်စေချင်တာပါ။ အင်္ဂလိပ်တွေ သူတို့ရဲ့ ပရီးမီးယားလိဂ်ကို ဂုဏ်ယူကြသလို ကျွန်တော်တို့ မြန်မာတွေလည်း ကိုယ့်မြန်မာနေရှင်နယ်လိဂ်အတွက် လက်မထောင်ပြီး ဂုဏ်ယူချင်တာပါ။ အခြားနိုင်ငံတွေမှာ ရုပ်သံတွေကတစ်ဆင့် စောင့်ကြည့်ရတဲ့ ကမ္ဘာကျော်လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်စေချင်တာပါ။ ဒါဟာ ဘောလုံးအားကစားကို အစွန်းရောက်ရူးသွပ်တဲ့ ဘောလုံးဝါသနာရှင်တစ်ယောက်ရဲ့ ဆန္ဒဖြစ်သလို၊ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ အတ္တလည်းဖြစ်ပါတယ်။
ကဲပါ။ စကားတွေရှည်နေတယ်။ ကျွန်တော်ပြောချင်တာလေးတွေ ပြောပါ့မယ်။ မြင်တွေ့နေရတာတွေထဲက ရင်ထဲမှာ တိုးထွက်လာတဲ့ စကားလုံးလေးတွေဆိုပါတော့။
(၁)
ပထမအကြိမ်ကျင်းပတုန်းက Myanmar National League Grand Royal 2009 ဆိုတဲ့ အမည်နဲ့ ပြိုင်ပွဲကျင်းပခဲ့တယ်။ ပြဿနာမရှိပါ။ အခု ဒုတိယအကြိမ်ပြိုင်ပွဲထပ်လုပ်တယ်။ ကောင်းတာပေါ့ဗျာ။ တစ်ဝကြီး အားပေးလိုက်မယ်ပေါ့။ ဒါပေမယ့် ပြိုင်ပွဲအမည်က ပထမအကြိမ်တုန်းကလိုပဲ Myanmar National League Grand Royal 2009 တဲ့။ ဟာဗျာ... မဟုတ်လိုက်တာဗျာ။ ပထမဆုံး မေးချင်တာက အခုပရော်ဖက်ရှင်နယ်လိဂ်ဆိုတဲ့ ပြိုင်ပွဲတွေကို အပျော်လုပ်နေတာလားဆိုတဲ့ မေးခွန်းပါ။ ပရော်ဖက်ရှင်နယ်ကို ပြောင်းရင်ပြီးရော လုပ်နေတာမျိုးဖြစ်နေသလားလို့ပါ။ ကဲပါ...ပြောချင်တာကို တိုက်ရိုက်ပြောပါ့မယ်။ စာဖတ်သူအနေနဲ့ အခုရောက်နေတဲ့အချိန်ဟာ ၂၀၃၀ ခုနှစ်လို့ သဘောထားလိုက်ပါ။ မြန်မာပရော်ဖက်ရှင်နယ်လိဂ်ဟာ အတော်ကို အရှိန်ရနေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ဒီပြိုင်ပွဲရဲ့ သမိုင်းကို ပြန်လှန်ကြည့်တဲ့အခါ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ၂၀၀၉ ဆိုပြီး ပြိုင်ပွဲနှစ်ခုဖြစ်နေတာကို တွေ့ရမယ်။ စာဖတ်သူလို အခုခေတ်ဘောလုံးပရိသတ်တစ်ယောက်အတွက်တော့ အဆင်ပြေတာပေါ့ဗျာ။ အဲဒီတုန်းက နှစ်ကြိမ်ခွဲပြီး ဘယ်လိုကန်တယ်။ ဘယ်အသင်းတွေကန်ကြတာ။ စသည်ဖြင့် ကောင်းကောင်းသိတာပေါ့။ ၂၀၁၅ ခုနှစ်လောက်မှာမွေးတဲ့ ဘောလုံးပရိသတ်တွေကတော့ ဘယ်လိုလုပ်ပြီး အဲဒါတွေကို သိနိုင်ပါ့မလဲ။ သူတို့အတွက် သိတဲ့လူတွေကို ပြန်ပြီးလေ့လာရ၊ မေးမြန်းရနဲ့ အတော်ကို အလုပ်ရှုပ်မယ့်ကိစ္စပါပဲဗျာ။ နောင်တစ်ချိန်မှာ သမိုင်းဝင်ဖြစ်လာမယ့် ပြိုင်ပွဲတွေကို အခုကတည်းက ပြည့်စုံကောင်းမွန်အောင် လုပ်ခဲ့လို့ ရရဲ့သားနဲ့ မလုပ်ခဲ့တဲ့အကျိုးကျေးဇူးကတော့ အဲဒီအချိန်ကျရင် အဲဒီခေတ်ကလေးတွေက ပြောကြပါလိမ့်မယ်။ ရှေ့ကလူတွေကလည်းကွာ ဘယ်လိုဟာကြီးတွေလည်းမသိဘူး။ အတော်ကိုပိန်းတဲ့လူတွေပဲကွ။ နာမည်တစ်မျိုးတည်းနဲ့ ပြိုင်ပွဲနှစ်ခု လုပ်ရတယ်လို့ကွာ။ အခုတော့ သမိုင်းအချက်အလက် မှတ်တမ်းတွေပြန်ရှာရင် ကိုးလို့ကန့်လန့်နဲ့ကွလို့။ ကျွန်တော်တွေးထားတာတွေ ပြောချင်တာတွေက အများကြီးဗျ။ ကျမ်းလေးသွားမှာစိုးတဲ့အတွက် ဒီလောက်နဲ့ပဲ ရပ်လိုက်တယ်။ ဘလော့ဂ်ဖတ်သူမိတ်ဆွေက တွေးချင်သလိုသာ ဆက်တွေးပါဗျာ။ အဓိကပြောချင်တာကတော့ နာမည်တစ်ခုတည်းနဲ့ ဒုတိယအကြိမ်ပြိုင်ပွဲကို ထပ်လုပ်တာကို လုံးဝကို သဘောမကျပါဘူး။ ဘလော့ဂ်မှာ ပို့စ်တင်ရင်တောင် MNL2009 ဆိုပြီး Label ရေးရတာ တစ်မျိုးကြီးဖြစ်နေတယ်။ ဘယ်လိုခွဲရမှန်းကို မသိဘူး။ ပိုဆိုးတာက ဓာတ်ပုံတွေကို သိမ်းတော့ ဖွင့်ပွဲက နှစ်ခုဖြစ်နေပြန်ရော။ နှစ်ခုစလုံးရဲ့ နာမည်ကလည်း အတူတူပဲ။ မြန်မာနေရှင်နယ်လိဂ်ဂရင်းရွိုင်ရယ်လ် ၂၀၀၉ ပြိုင်ပွဲ ဖွင့်ပွဲတဲ့။ သေလိုက်ချင်တယ်ဗျာ။ ဓာတ်ပုံဖိုင်နာမည်တွေကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲIIဖွင့်ပွဲ(မန္တလေး/ရန်ကုန်)ဆိုပြီး ပေးလိုက်ရတယ်။
(၂)
နောက်တစ်ခုက ဘောလုံးပွဲကြည့်တဲ့ ပရိသတ်တွေ -ီးတဲ့ ကိစ္စပါ။ ဘယ်လိုဖြစ်လို့များ ဘောလုံးပွဲကြည့်တာကို -ီးသင်္ကြန်ကျနေတယ် မသိပါဘူး။ တီဗီကနေကြည့်ရင်းနဲ့ ပရိသတ်တွေ -ီးသံချပ်ထိုးပြီးဆိုတာနဲ့ MRTV က အသံဖျောက်ရ၊ ဟိုရိုက်ပြဒီရိုက်ပြလုပ်ရနဲ့ အတော်ကို ခံစားရခက်လိုက်တာဗျာ။ မန္တလေးဖွင့်ပွဲနေ့ကလည်း သွားကြည့်ချင်လိုက်တာမှ တစ်ကိုယ်လုံးကို သေနေတာပဲ။ ဒါပေမယ့် မြန်မာဘောလုံးပရိသတ်တွေအကြောင်းကို ကကြီး,ကနေ အ,အထိ သိထားတာမို့ ရတနာပုံကို အားပေးချင်တဲ့စိတ်ကို အတော်ကို ချွန်းအုပ်လိုက်ရပါတယ်။ ထုံးစံအတိုင်း ရိုးရာမပျက်ပါပဲဗျာ။ သိတယ်မလား။ မြန်မာတွေပဲ ဘယ်နေကြလိမ့်မလဲ။ ထိုင်းတို့၊ မလေးရှားတို့မှာ ပြိုင်ပွဲသွားကန်လို့ သူများပရိသတ်တွေက ကိုယ့်အသင်းကို ဖိအားပေးကြရင်၊ ကိုယ့်ပရိသတ်တွေကို ဆဲကြဆိုကြ စောင်းကြမြောင်းကြရင် လက်ဖက်ရည်ဆိုင်ကစပြီး ဂျာနယ်ပေါ်အဆုံး ပြောလို့ကို မဆုံးတော့ဘူး။ ဟော... အခုကျတော့ ကြည့်ဦး။ အသင်းလေးရှိတာက ရှစ်သင်း။ အမယ်လေး အဲဒီရှိတဲ့အသင်းတွေကို အစွဲပြုပြီး ကိုယ့်လူမျိုးအချင်းချင်း ဆဲကြ၊ ဆိုကြ၊ စောင်းကြ၊ မြောင်းကြ၊ ရိုက်ကြ၊ နှက်ကြ၊ ထိုးကြ၊ ကြိတ်ကျနဲ့ အတော့်ကို ဟုတ်နေကြပါလား ကတို့ရေ။ ဒါဘောလုံးယဉ်ကျေးမှုကွလို့ လာပြောလို့ကတော့ ကျွန်တော်က ဟားတိုက်ပြီးတော့ ရယ်လိုက်ဦးမယ်ဗျာ (ကွယ်ရာမှာပြောတာနော်၊ ရှေ့မှာသွားရယ်ရင် ကျွန်တော့်ကို သမသွားမှာပေါ့း) ဟုတ်တယ်မလား ) ဘောလုံးပွဲကြည့်ရင်း ဒိုင်လူကြီးကိုဆဲတာ၊ ကစားသမားတွေကိုဆဲတာ၊ တစ်ဖက်ပရိသတ်ကိုဆဲတာ၊ စတာတွေဟာ ဘောလုံးယဉ်ကျေးမှုတော့ မဟုတ်လောက်ဖူးလို့ မမီ့တမီဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ ကျွန်တော်ကိုဉာဏ် တွေးနေမိကြောင်းပါခင်ဗျာ။ ဘောလုံးသမားတွေ ခြေစွမ်းမပြနိုင်ရင်၊ အမှားလုပ်မိရင် ပွဲကြည့်စင်ပေါ်ကနေ၊ တီဗီရှေ့ကနေ အော်ကြပါတယ်။ အဲဒီကောင်ကွာ... ပရောက်ဖက်ရှင်နယ်ဘောလုံးသမားလုပ်နေပြီး သောက်သုံးကို မကျဘူးတဲ့။ နောက်တစ်ခါ ပရိသတ်တွေဆူရင် ဘောလုံးသမားတွေ၊ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေက မေတ္တာရပ်ခံကြပေါ့ဗျာ။ ခင်ဗျားတို့ဗျာ ပြောတောဖြင့် နိုင်ငံကြီးသား၊ ရွှေမြန်မာလေးဘာလေးနဲ့။ ဘောလုံးပွဲအားပေးတာ ပရော်ဖက်ရှင်နယ်ဘောလုံးပရိသတ် မပီသလိုက်တာ၊ နိုင်ငံကြီးသား လူယဉ်ကျေးမပီသလိုက်တာလို့။
(၃)
အခုလုပ်တဲ့ ဒုတိယအကြိမ်ပြိုင်ပွဲမှာ ရန်ကုန်နဲ့ မန္တလေးမှာခွဲပြီး နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်မယ်ဆိုတဲ့ ဆိုလိုရင်းသဘောတရားကို ကျွန်တော်အခုထိ သဘောမပေါက်ဘူး။ တကယ်လို့သာ ရန်ကုန်မှာတစ်ကျော့၊ မန္တလေးမှာတစ်ကျော့ ကစားမယ်ဆိုရင်လည်း တစ်မျိုးပေါ့။ အခုတော့ စုစုပေါင်း ပွဲစဉ် (၅၆)ပွဲ ယှဉ်ပြိုင်ကစားရာမှာ (၁၀)ပွဲပဲ မန္တလေးမှာ ကျင်းပမှာပါ။ ကျန်တဲ့ပွဲစဉ်တွေအားလုံးကို ရန်ကုန်မှာပဲ လုပ်မှာပါ။ ဒီနှစ်ကျော့စနစ်နဲ့ ပတ်သက်ပြီး ကျွန်တော်သေသေချာချာ နားမလည်တဲ့အတွက် မပြောတော့ပါဘူး။ တစ်မျိုးကြီး ဆိုတာတော့ သေချာပါတယ်။ ပွဲစီစဉ်ပုံကို နားမလည်ပါဘူး။ ဘာကိုရည်ရွယ်ပြီး ဒီလိုလုပ်ဆောင်တယ်ဆိုတာကို မမှန်းဆတတ်ပါ။ ဘာကြောင့်လဲဆိုတော့ ရတနာပုံအသင်းကို အိမ်ကွင်းကစားစေချင်တာလည်း မဟုတ်လို့ပါ။ ရတနာပုံအသင်းရဲ့ ပွဲစဉ်တွေအားလုံးကို မန္တလေးမှာ ကျင်းပတာဆိုရင်လည်း တစ်မျိုးပေါ့လေ။ အခုတော့.........။
(၄)
နောက်တစ်ချက်က အခု MNL 2009 ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ၂၀၁၁ ခုနှစ်မှာ ကျင်းပမယ့် AFC, AFF ကလပ်အသင်း ပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားပြုကလပ်အသင်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမယ်ဆိုတဲ့ အချက်ပါ။ နောက်ထပ် တစ်မျိုးကြီးပေါ့ဗျာ။ စာဖတ်သူပဲ စဉ်းစားကြည့်ပါတော့။ ဒီနေရာမှာ အခုဒုတိယအကြိမ်ပြိုင်ပွဲဟာ အမှတ်ပေးပြိုင်ပွဲစနစ်ပုံစံနဲ့ ကျင်းပတာဖြစ်တဲ့အတွက် ဒီအကြိမ် ဗိုလ်စွဲတဲ့အသင်းသာလျှင် တကယ့် ချန်ပီယံအသင်းလို့ ဆိုလိုရာများရောက်နေမလားလို့ပါ။ နောင်တစ်ချိန်မှာ MNL ပြိုင်ပွဲရဲ့ ချန်ပီယံအသင်းတွေကို သမိုင်းမှတ်တမ်းတင်တဲ့အခါ ဘယ်ကနေစပြီး မှတ်သားမလဲဆိုတာကို စိတ်ဝင်စားပါတယ်။ ပထမအကြိမ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားတဲ့ ရတနာပုံအသင်းဟာ ချန်ပီယံဖြစ်တဲ့အရေအတွက် တစ်ခုရပြီးသားလား၊ သို့မဟုတ် အခုပြိုင်ပွဲကနေပြီးတော့သာ စပြီးမှတ်တမ်းတင်မှာလားဆိုတာ တကယ့်ကို စိတ်ဝင်စားစရာပါ။ နည်းနည်းလေး လွဲချော်သွားတာနဲ့ အချက်(၁)မှာ ကျွန်တော်ပြောခဲ့တဲ့ သူများတွေပရောက်ဖက်ရှင်နယ်နေချိန်မှာ ငါတို့လည်း နယ်တယ်ကွာဆိုတဲ့သဘောမျိုးနဲ့ လုပ်ခဲ့သလို ဖြစ်သွားပါလိမ့်မယ်။ စောင့်ကြည့်ကြတာပေါ့ဗျာ။ စိတ်ဝင်စားစရာကောင်းပါတယ်ဗျ။
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၀ နာရီ ၅၇ မိနစ်တွင် ပြီး၏။
No comments:
Post a Comment