အထွေထွေညီလာခံတွင် ကဒါဖီ၏ ပေါက်ကွဲသံများပြည့်လျှံ၊ အိုဘားမားကို "အာဖရိက၏သား"ဟု ကင်ပွန်းတပ်
ကိုရင်သြ
လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီသည် နှစ်ပေါင်း ၄၀ ကာလအတွင်း ပထမဆုံးအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာ ၂၃ ရက်က မိန့်ခွန်းပြောကြားရာ၌ ၎င်း၏အဆိုအရ ကုလသမဂ္ဂ၏ မညီမျှမှုများကို ဟောဟောဒိုင်းဒိုင်း ထောက်ပြလိုက်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၆၄)ကြိမ်မြောက် အချေအတင်ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား မိန့်ခွန်းပြောကြားအပြီး ကဒါဖီ၏ အလှည့်ကျရောက်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဥက္ကဋ္ဌရာထူးကို ရယူလိုက်သော လစ်ဗျားနိုင်ငံ၏ခေါင်းဆောင် ကဒါဖီသည် ၉၅ မိနစ်ကြာမျှ မိန့်ခွန်းပြောကြားခဲ့ရာတွင် ကုလသမဂ္ဂအဖွဲ့ကြီး၏ စနစ်ကိုသာမက အနောက်အုပ်စုမဟာမိတ်နိုင်ငံများကိုပါ သာသာနှင့်နာနာ နှက်ခဲ့သည်ကို တွေ့ရသည်။။
ကုလသမဂ္ဂအဖွဲ့ကြီးသည် အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့နည်းတူ အစွန်းရောက်နေပြီး အင်အားကြီးနိုင်ငံများ၏ အလိုဆန္ဒကိုသာ အလေးမူခြင်းဖြင့် အင်အားသေးနိုင်ငံများ၏ ခံစားချက်များကို ဥပေက္ခာပြုနေသည်ဟု လစ်ဗျားခေါင်းဆောင် ကဒါဖီက ဖွင့်အန်ချလိုက်သည်။
ဗိုလ်မှူးကြီးကဒါဖီသည် အမြောက်လက်နက်ကြီးများကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ဘိအလား ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးတွင် မိန့်ခွန်းခြွေခဲ့ရာ၌ ကုလသမဂ္ဂစကားပြန်နှစ်ဦးမှာ ခေါင်းမဖော်နိုင်အောင်ပင် အလုပ်ရှုပ်သွားခဲ့ကြသည်။
ကဒါဖီ၏ တစ်ခုသော ဝေဖန်ထိုးနှက်ချက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၏ ဗီတိုအာဏာကျင့်သုံးခွင့်ကို ပစ်မှတ်ထားသည်။ ဒေါင်းတည်မောင်းတည်ရှိလှသည့် ကဒါဖီသည် ကမ္ဘာ့ရေးရာများနှင့် ပတ်သက်၍ ပယ်ပယ်နယ်နယ် မိန့်ခွန်းခြွေခဲ့ရာ၌ သတင်းယူရန် အထွေထွေညီလာခံဆွေးနွေးပွဲ ခန်းမအတွင်းရှိနေသော သတင်းထောက်များမျာ ၎င်းတို့သဘောကျသည့် အချက်များ ကြားကြရသည့်အခိုက်ဝယ် မပြုံးဘဲ ၀ါးလုံးကွဲရယ်ကြရသည်။ ဒုတိယကမ္ဘာစစ်ကာလမှစ၍ ယနေ့အထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကဒါဖီက ပန်ကြားသည်။ အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရမှုတွင် အစ္စရေး၏ လက်ချက်မကင်းဟု မိမိထင်မြင်ယူဆမိကြောင်း ကဒါဖီက ပြောကြားသည်။
ကဒါဖီသည် အမေရိကန်သမ္မတ အိုဘားမားကို ချီးကျူးပြောဆိုသည်။ အိုဘားမားသည် "အာဖရိက၏သား" (Son of Africa) ဖြစ်ပြီး အမေရိကန်သမ္မတရာထူးတွင် ၎င်းမရှိတော့သည့်အခါ အမေရိကန်နိုင်ငံသည် ခွေးမြီးကောက်ကျည်တောက်စွပ် ယခင်ပုံစံအတိုင်း ပြန်ဖြစ်မည်ကို မိမိစိုးရိမ်မိသည်ဟု ကဒါဖီကပြောကြားသည်။
ကဒါဖီသည် ကိုလိုနီအရှင်သခင်ဟောင်းကြီးများကိုလည်း ဆက်လက်ဝေဖန်ပြန်သည်။ ကိုလိုနီကျွန်ပြုခံခဲ့ရသော အာဖရိကနိုင်ငံများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကိုလိုနီအရှင်သခင်ဟောင်းနိုင်ငံများက ဒေါ်လာ ၇ ဒသမ ၇ ထရီလီယံ လျော်ကြေးပေးရမည်ဟု ၎င်းကတောင်းဆိုသည်။ အာဖရိကတိုက်မှ ခိုးယူခံရသော သဘာဝသယံဇာတများဖြင့် ကြွယ်ဝချမ်းသာနေသည့် ဥရောပနိုင်ငံများသည် ၎င်းတို့၏ ဥစ္စာဓနကို မျှဝေခံစားခွင့်ပေးနိုင်ရန် အာဖရိကတိုက်သားများ ရွှေ့ပြောင်းအခြေစိုက်နေထိုင်ခွင့်ကို အကန့်အသတ်မရှိ ခွင့်ပြုပေးသင့်သည်ဆို၏။
ကမ္ဘာ့ခေါင်းဆောင်များသည် ကုလသမဂ္ဂသို့ လာရောက်ရာတွင် နိုင်ငံတကာ စံတော်ချိန်အမျိုးမျိုးကို ဖြတ်သန်းကာ နာရီပေါင်းများစွာ လေယာဉ်စီးကြရသဖြင့် ကိုယ်ခန္ဓာအတွင်း ဇီဝစည်းချက် မူမမှန်သည့်ဝေဒနာ (Jet Lag) ကို ခံစားခဲ့ကြရကြောင်း၊ သို့ဖြစ်၍ ကမ္ဘာ့ခေါင်းဆောင်များ ကုလသမဂ္ဂဌာနချုပ်သို့ အလွယ်တကူ လာရောက်နိုင်ရန် ယင်းဌာနချုပ်ကို ကမ္ဘာ့အလယ်ဗဟို သို့မဟုတ် အရှေ့ကမ္ဘာလုံးခြမ်းသို့ ရွှေ့ပြောင်းသင့်ကြောင်း ကဒါဖီက ပြောကြားသည်။
ဝက်တုပ်ကွေး(လူတုပ်ကွေး) ရောဂါဘေးအန္တရာယ်နှင့်ပတ်သက်၍ ကဒါဖီက ထောက်ပြရာတွင် ယင်းရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများက တမင်တကာပင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်လွှား ရောဂါကူးစက်လျှင် ဆေးဝါးကုမ္ပဏီများ "ရိုက်စား" လုပ်နိုင်ကြောင်း ဝေဖန်ပြောကြားသည်။ ၀က်တုပ်ကွေးရောဂါပြီးလျှင် "ငါးတုပ်ကွေး"(Fish Flu) လာဦးမည်ဟုလည်း ကဒါဖီက ဟောကိန်းထုတ်သည်။
အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန်ကို ကြိုးပေးကွပ်မျက်ခဲ့သည့် ခေါင်းမြီးခြုံ အာဏာပါးကွက်သားများသည် ထိုစဉ်က အမေရိကန်နှင့် ဗြိတိန်ခေါင်းဆောင်များ ဟုတ်၊ မဟုတ် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးပေးရန် ကဒါဖီက မေတ္တာရပ်ခံသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးတိုးတက်စေရန် ယင်းနိုင်ငံသို့ အမေရိကန်က တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ရန် စီစဉ်နေသည်ဟု မိမိသိရှိရကြောင်း၊ သွေးချောင်းစီးနေသော ယင်းနိုင်ငံသို့ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခြင်းဖြင့် နောက်ထပ် သွေးချောင်းစီးဦးမည်ဖြစ်ကြောင်း ကဒါဖီက ဝေဖန်လိုက်သည်။
( နိုင်ငံတကာသတင်းဂျာနယ် အမှတ် ၇၂၄ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment