(၁)
နိုင်ငံရေးဆိုတာ impossible ဟု တင်းတင်းမာမာဆိုလာသော်လည်း ထိုသူတို့၏ လက်ထဲ၌ ၀ီစကီပုလင်းကိုသာ တွေ့ရပြီး တရားဝင်မဲပြားကိုမတွေ့ရ၊ အခြားဘာမှလည်း ဆုပ်ဆုပ်ကိုင်ကိုင် ပြစရာမရှိ၊ ပါဖောမင့် အင်စတော်လေးရှင်း မရှိ။ သဘောတရားမရှိ၊ လက်တွေ့မရှိ၊ ဘာမှ မရှိ။
(၂)
ရွေးကောက်ပွဲအကြောင်းတွေ လျှောက်ရေးမနေနဲ့၊ ရွေးကောက်ပွဲက uncertain ဟု ပြောလာသူလည်းရှိ၊ သူ့ကြည့်တော့ သဘောတရားအိုင်ဒီယာ "စာ" တွေ ရေးစားသူ။
(၃)
ခင်ဗျားကြားညပ်သွားမယ်… ကြည့်နေဟု သတိပေးသူကပေး၊ သူတို့လည်း မီဒီယာနှင့် လုပ်ကိုင်စားရသူပဲ၊ စေတနာကိုတော့ လေးစားပါ၏။
(၄)
ဆရာက တိုက်တာ၊ တယ်လီဖုန်း၊ ကားလည်းမစီးရဘဲ အိနြေ္ဒရနေတာ ဆရာ့မှာ နောက်ခံတစ်ခုခုရှိလို့လားဟု ပြောင်လာမေးသူကမေး၊ ကျွန်တော့်နောက်ခံကတော့ Zero သုညအနတ္တ။
(၅)
မောင်စူးစမ်း၊ ကျော်ဝင်းတို့ကို မကြိုက်တဲ့လူတွေ ဒုနဲ့ဒေးပဲဟု ကျွန်တော့်ကိုပါ တစ်ချက်ခုတ် သုံးချက်ပြတ် လာပြောသူကပြော၊ သူ့ကြည့်လိုက်တော့ တုန်တုန်ရီရီ ဟိုလိုလိုဒီလိုလို ရေများရေနိုင် ယိုင်နဲ့သူ…။
(၆)
စိုးမြင့်သိန်းဆောင်းပါးတွေဟာ မြန်မာပြည်မှာ အညံ့ဆုံးဟု သူ့စာအုပ် "မီဒီယာအဘိဓာန်" ဆိုတာကြီးထဲ ထည့်ရေးသူကရေး၊ သူ့ကြည့်လိုက်တော့ မျောက်သစ်ကိုင်းသုံးခါခုန်ထားသူ သူလျှိုဝတ္ထုဗီလိန်။
(၇)
ထားလိုက်ပါတော့…၊ မောင်စူးစမ်းက ၁၆-၉-၂၀၀၉ ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ရွေးကောက်ပွဲကို အချိန်ရွှေ့သွားအောင်၊ ဆွဲသွားအောင်၊ ကြန့်ကြာသွားအောင် မပြောကြ မလုပ်ကြ မရေးကြဖို့ သတိပေးရေးသားလိုက်သည်။ မီဒီယာသမားတွေ လိမ္မာပါးနပ်ဉာဏ်ပွင့်ကြဖို့၊ ပိန်းမကျဖို့ နှိုးဆော်ပါသည်။ ပြည်သူ့အခွင့်အရေးပါတီတွေ၊ ပုဂ္ဂိုလ်တွေ လွတ်လပ်စွာ ရွေးကြဖို့ အကြံပြုပါသည်။ သူရဲကောင်းနှင့် သတ္တိကဏ္ဍ မောလျသွားပြီး၊ ဉာဏ်ကိစ္စဖြစ်လာပြီဟု လှပပွင့်လင်းစွာ ပြောပါသည်။
ထို့နောက် ၂၁-၉-၂၀၀၉ The Voice Weekly တွင် ပြည်သူရွေးခွင့်နှင့် ပါတီရွေးကောက်ပွဲဝင်ခွင့် ခေါင်းတပ်၍ အောက်ပါအတိုင်း ရေးပြန်ပါသည်။
သံခိပ်ညွှန်း
ရွေးကောက်ပွဲနိုင်ငံရေး၌ မျက်နှာစာ နှစ်မျိုးရှိသည်။ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ခွင့်၊ အများဖြစ်သူက နှစ်သက်ရာပုဂ္ဂိုလ်ကို ရွေးချယ်ခွင့်၊ ဒုတိယမျက်နှာစာကို Public Choice ဟု ခေါ်သည်။ ယင်းနှစ်ခုတွင် ပြည်သူလူထု ရွေးချယ်ခွင့်ရခြင်းသည် ပို၍တန်ဖိုးရှိကြောင်း ပညာရှင်တို့သုံးသပ်ကြ။
ယင်း Public Choice ကို နိုင်ငံရေးပါတီတွေက လေးစားရမည်။ ထို့ကြောင့် နိုင်ငံရေးကို ဝေဖန်လျှင် ရွေးကောက်ပွဲကိစ္စ၌ လူထုရွေးချယ်ခွင့်ရခြင်းကို ဗဟိုမဏ္ဍိုင်ထား စဉ်းစားခြင်းပါရမည်။ ပြည်သူလူတု ရွေးခွင့်ကျယ်ပြန့်ပြီး နိုင်ငံရေးပါတီတို့ လှုပ်ရှားခွင့် ကျဉ်းမြောင်းနေတတ်သည်။ ကြိုးကိုင်ဒီမိုကရေစီ၌ ပို၍ ပေါ်လွင်သည်။ မည်သူဖြစ်ဖြစ် (မီဒီယာ၊ ပါတီ၊ စပွန်စာ ကြိုးကိုင်သူအားလုံး) လူထုကို လေးစားဖို့လိုမည်။ Conventional Wisdom ရှေးရိုးအမြင် ကိုင်ထားလို့ မရ။
စာဖြင့်ချုပ်ဆိုရေးသားချုပ်ဆိုထားသော အချက်မရှိသော်ငြား… ပါတီနိုင်ငံရေးသမားသည် ပါတီကိုမစတေးရ၊ မိမိကေဒါကို မဖြုန်းတီးရ၊ မိမိဝင့်ဝါမှုအတွက် ပါတီကို ခုတုံးမလုပ်ရဟူသော နားလည်မှု "မူ"ကို ကိုင်ထားရမည်။ ယင်းသည် ခေါင်းဆောင်ကောင်းပညာဖြစ်သည်။ အသံကြောင့် ဖားမသေစေရ၊ Decisive Moment အဆုံးအဖြတ်အချိန်ကို ပါးနပ်လိမ္မာစိတ်ရှည်စွာ စောင့်အပ်သည်။ မိမိစကား ကျွံပြီး မိမိကိုယ်တိုင် ချောင်ပိတ်ချောက်ကျ မဖြစ်ဖို့လိုမည်။
နိုင်ငံရေးနည်းလမ်းတစ်ခုကို ငြင်းဆိုလျှင် မိမိ၌ လောက်လောက်လားလား အခြားနည်းလမ်း Alternative အစားထိုး ပြနိုင်ရမည်။ What you deliver သင်ဘာပေးမလဲ။ ကိုယ်ကပေးတာ "လေ" မဖြစ်ဖို့ လိုသည်။ နိုင်ငံရေးပါတီတစ်ရပ် ရွေးကောက်ပွဲမ၀င်လျှင် ဘာဖြစ်သွားမလဲ။ လမ်းဘေးရောက်ကံကြမ္မာ ဖြစ်သွားမည်။ ပါတီခေါင်းဆောင်သည် ပါတီလမ်းဘေးရောက်အောင် လုပ်သင့်သလား။ ပါတီခေါင်းဆောင်သည် မိမိအတ္တစိတ္တဇဗီဇ Instinct ဖြင့် ခေါင်းဆောင်သောခေတ်ကုန်ပြီဟု ယူဆမိသည်။
မောင်စူးစမ်း ၁၀-၉-၂၀၀၉
Ref: New statesman
မဟုတ်ပါဘူး၊ ပရိတ်ရှိလို့ အမွှန်းရှိတာပါ။ ပရိတ်မူရင်းက ကောင်းလို့ပါဟု ကျွန်တော်က ပြန်ပြောရသည်။
No comments:
Post a Comment