Friday, November 20, 2009

ကျွန်တော်ကြိုက်သော ပုံပြင်များ (၁၀)


(မနေ့က ကျွန်တော့်အစ်ကိုကြီးတစ်ယောက်နဲ့ စကားစမြည်ပြောကြရင်း သူပြောပြတဲ့ ပုံပြင်လေးတစ်ခုပါ။ အခုစာဖတ်သူအနေနဲ့ သိပြီးသား၊ ဖတ်ဖူးပြီးသား ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မသိသေးတဲ့အသစ် ဖြစ်တဲ့အတွက် ဘလော့ဂ်မှာ ပြန်တင်ပေးလိုက်တာပါ။ နားလည်မှုဆိုတာနဲ့ ပတ်သက်တဲ့အကြောင်းလေးပါ။ ပြုံးချင်စရာ၊ တွေးချင်စရာလေးမို့ပါ။ သိပြီးသားသူတွေအတွက်တော့ ဆောရီးပါနော်။

ကိုဉာဏ်
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ သောကြာနေ့
ညနေ ၄ နာရီ ၀၅ မိနစ်တွင်ပြီး၏)

တစ်ခါတုန်းက နိုင်ငံတစ်ခုရှိပါတယ်။ ပျော်ရွှင်ခြင်းနိုင်ငံ (အေးချမ်းမေသီချင်း မဟုတ်ပါ) လို့ ဆိုကြပါစို့။ တစ်နေ့တော့ အဲဒီနိုင်ငံကို အခြားနိုင်ငံတစ်ခုက ဘုရင်ကြီးက ချစ်ကြည်ရေးခရီး လာရောက်ပါသတဲ့။ သာယာခြင်းနိုင်ငံက ဘုရင်ကြီးလဆိုပါတော့ဗျာ။ အဲဒီဘုရင်ကြီးဟာ ပျော်ရွှင်ခြင်းနိုင်ငံကြီး တိုးတက်ဖွံ့ဖြိုးနေတာ၊ စည်ပင်သာယာဝပြောနေတာတွေကို အရမ်းကို သဘောကျနေပါသတဲ့။ သူ့ကိုလိုက်ပြတဲ့ အထင်ကရနေရာတွေကို လည်ရင်းပတ်ရင်းနဲ့ သဘောကျနေတာပေါ့လေ။

အဲဒီလိုသဘောကျတာနဲ့အတူ သူ့စိတ်ထဲမှာ သိချင်စိတ်တစ်ခု ဖြစ်လာပါသတဲ့။ ဒီပျော်ရွှင်ခြင်းနိုင်ငံကလူတွေ ဘယ်လိုများ နေထိုင်ကြသလဲ၊ သူတို့ရဲ့ လူနေမှုအဆင့်အတန်း ဘယ်လိုရှိသလဲ၊ သူတို့ဘုရင်မင်းမြတ်အပေါ်မှာ သူတို့ဘယ်လိုသဘောထားသလဲ စသည်ဖြင့်ပေါ့လေ။ အဲဒီလိုနဲ့ သူ့ရဲ့ သိချင်စိတ်ကို မတားဆီးနိုင်တဲ့အတွက် ဘယ်သူ့ကိုမှ အဖော်မခေါ်တော့ဘဲ တိတ်တိတ်ကလေး ထွက်လာခဲ့ပါသတဲ့။

တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ရပ်ကွက်အစုံနှံ့အောင် လျှောက်ကြည့်ပါသတဲ့။ သဘောအကျကြီးလည်း ကျနေပါသတဲ့။ ဒီလိုနဲ့ တစ်နေရာရောက်တော့ ဇရပ်တစ်ခုပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့ပါလေရော။ ဟုတ်ပြီပေါ့။ အဲဒီလူဆီကနေ သူသိချင်တာတွေကို စုံစမ်းမေးမြန်းရမယ်ပေါ့။ ဒါပေမယ့် ဒီအတိုင်းမမေးဘဲ ပညာရှိဆန်ဆန် မေးမယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။ သူမေးချင်တာက မဟောသဓာက အမရာကို မေးသလိုမျိုး လက်ဟန်ခြေဟန်နဲ့ ဖြစ်ပါတယ်။

ဇရပ်ပေါ်ကလူနဲ့မလှမ်းမကမ်းရောက်တဲ့အခါ သူက ပြုံးပြလိုက်ပါသတဲ့။ ဟိုလူကလည်း ပြန်ပြုံးပြပါတယ်။

ဘုရင်ကြီးက လက်တစ်ချောင်း ထောင်ပြလိုက်ပါတယ်။ အဲဒီအခါ ဇရပ်ပေါ်ကလူက လက်သုံးချောင်း ပြန်ထောင်ပြပါတယ်။ ဘုရင်ကြီး ပျော်သွားပါတယ်။ သူ့စိတ်ထဲကနေ တွေးမိပါသတဲ့။ "ငါက မင်းတို့ဘုရင်ကြီးဟာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တာလားလို့ မေးတယ်။ သူတို့ဘုရင်ဟာ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးကို ကိုးကွယ်ကြောင်း သူကပြန်ဖြေတယ်" ပေါ့။

ဘုရင်ကြီးက လက်သုံးချောင်း ထပ်ပြီးထောင်ပြလိုက်ပါသတဲ့။ အဲဒီအခါ ဇရပ်ပေါ်ကလူက လက်ငါးချောင်း ပြန်ထောင်ပြပါတယ်။ ဘုရင်ကြီးလည်း ပိုပြီးပျော်သွားသတဲ့။ "ဟာ... ငါက ရတနာသုံးပါးကိုပဲ ကိုးကွယ်တာလားလို့ မေးတာကို သူတို့ဘုရင်ကြီးဟာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ အနန္တော၊ အနန္တငါးပါးကို ဦးထိပ်ပန်ဆင်ကြောင်း ပြန်ဖြေတယ်" ဆိုပြီးတော့ပေါ့။

ဘုရင်ကြီးဟာ အတော်ကိုသဘောကျနေပါသတဲ့။ ရင်ဘတ်ကို ပုတ်ပြလိုက်ပါသတဲ့။ ဇရပ်ပေါ်ကလူက ရင်ဘတ်ကိုပြန်ပုတ်ပြတဲ့အပြင် နောက်ကျောကိုပါ ပုတ်ပြပါသေးသတဲ့။ ဘုရင်ကြီးဟာ အတော်ကိုအံ့သြသွားပါသတဲ့။ "ငါက မင်းတို့ဘုရင်ကြီးဟာ တိုင်းသားပြည်သူတွေအပေါ်မှာ ရင်ဝယ်သားလို စောင့်ရှောက်သလားလို့ မေးတာကို၊ သူတို့ဘုရင်ကြီးဟာ ရင်ဝယ်သားလို စောင့်ရှောက်ရုံတင်မဟုတ်ဘူး၊ တိုင်းသားပြည်သူတွေအပေါ်မှာ ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်ကြောင်းပြန်ဖြေတယ်"လို့ တွေးပါသတဲ့။

ဘုရင်ကတော်သလို ပျော်ရွှင်ခြင်းနိုင်ငံက လူတွေကလည်း ပညာရှိပါပေတယ်လို့ မှတ်ချက်ချသွားပါသတဲ့။

အဲဒီလို သာယာခြင်းနိုင်ငံက ဧည့်သည်ဘုရင်ကြီးနဲ့ ဇရပ်ပေါ်ကလူတို့ လက်ဟန်ခြေဟန်နဲ့ လုပ်နေကြတာကို မနီးမဝေးက စောင့်ကြည့်နေတဲ့လူတစ်ဦး ရှိပါသတဲ့။ ဘုရင်ကြီး ပြန်ထွက်သွားတဲ့အခါ အဲဒီလူက ဇရပ်ပေါ်ကလူကို မေးပါတယ်။

"ဟေ့ကောင်... ငမူး၊ အဲဒါဘယ်သူလဲကွ၊ ငါတို့တစ်ခါမှ မမြင်ဖူးပါဘူး။ မင်းနဲ့သိလို့လား"

"ငါလည်း မသိပါဘူး"

"ဟေ... အဲဒါဆို ဘာဖြစ်လို့ အပြန်အလှန် လက်တွေထောင်ပြနေကြတာလဲကွ"

"ဒီလိုကွာ... သူက ငါ့ကို အရက်တစ်လုံးကုန်အောင် သောက်နိုင်သလားလို့ မေးတယ်ကွ။ ငါကလည်း တစ်လုံးမဟုတ်ဘူး၊ သုံးလုံးကုန်အောင် သောက်နိုင်ကြောင်း ပြန်ဖြေတယ်ကွာ။ အဲဒီတော့ သူက သုံးလုံးပဲသောက်နိုင်တာလားဆိုပြီး ငါ့ကို စိန်ခေါ်တယ်ကွ။ ဒါနဲ့ ငါကလည်း သုံးလုံးမဟုတ်ဘူး။ ငါးလုံးအထိသောက်နိုင်ကြောင်း ပြန်ဖြေလိုက်တယ်။ အဲဒီမှာ သူအံ့သြသွားပုံရတယ်ကွ။ ပြီးတော့ ဆက်မေးတယ်။ အဲဒီလိုမျိုး အရက်ငါးလုံး ကုန်အောင်သောက်တော့ ရင်တွေမပူဘူးလားတဲ့။ ငါကလည်း ပြန်ဖြေလိုက်တယ်ဟေ့။ ရင်တွေတင်မဟုတ်ဘူး။ ကျောပါပူတယ်လို့"

(ဒီပုံပြင်ကို ပြန်ပြောပြခဲ့တဲ့ အစ်ကိုကြီး ဒေါက်တာအောင်နိုင်ကို ကျေးဇူးပါ)

No comments:

Post a Comment

 
Web Statistics