ဂျာနယ်တွေထဲမှာ ဒိုမိန်းနာမည်တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် ဘာသာစကားတွေနဲ့ ပေးလို့ရတော့မယ် ဆိုကတည်းက တစ်မျိုးကြီးပဲလို့ တွေးမိပါတယ်။ အခုတော့ ကျွန်တော်တို့ မြန်မာစာမျက်နှာတွေပါ မြန်မာဒိုမိန်းနာမည်တွေ ပေးကြတော့မယ်၊ တချို့ဆို ရှိနေပြီဆိုတော့ စိတ်ဝင်စားသွားပါတယ်။
ကျွန်တော်ဖတ်မိတဲ့အထဲက မြန်မာဒိုမိန်းနာမည်နဲ့ စာမျက်နှာတစ်ခုကို အခုပဲ ၀င်ကြည့်ဖြစ်လိုက်ပါတယ်။ ပုဂံဆိုတဲ့ မြန်မာဒိုမိန်းများအတွက် ၀န်ဆောင်မှုဆိုတဲ့ စာမျက်နှာတစ်ခုပါ။ လိပ်စာက (www.ပုဂံ.com) ဖြစ်ပါတယ်။ ပေါ်လာတဲ့အခါမှာတော့ သူရဲ့မူရင်းဆိုဒ်ဖြစ်တဲ့ (http://xn--pid1bwe3a.com/) လို့ address bar မှာ ပြတာတွေ့ရပါတယ်။ သူကတော့ ဇော်ဂျီစာလုံးစနစ်ကို သုံးထားတယ်လို့ ယူဆရပေမယ့် ကျွန်တော့်စက်မှာတော့ အဲဒီစာမျက်နှာက စာလုံးတွေကို ပုံမှန်အတိုင်းအဆင်ပြေပြေ မမြင်ရပါဘူး။ ကျွန်တော်သုံးနေတဲ့ ဇော်ဂျီက ဗားရှင်းအဟောင်းဖြစ်ပြီး သူတို့က ဗားရှင်းအသစ်သုံးထားတာမို့လည်း ဖြစ်နိုင်ပါတယ်။
အဲဒီဝက်ဘ်ဆိုဒ်ကို ၀င်ကြည့်ပြီးတဲ့အချိန်မှာ တွေးမိတာလေးတွေကို ရေးပြပါ့မယ်။ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက် ကျွန်တော်မြင်သလို ပြောပြတယ်ဆိုတာကို အရင်ဆုံးကြိုပြောပါရစေ။ အခြားလူတွေကိုလည်း စဉ်းစားစေချင်လို့ပါ။
၁။ နဂိုကတည်းက အင်တာနက်စာမျက်နှာလိပ်စာကို အင်္ဂလိပ်လို မှတ်လာ၊ ရိုက်လာကြတာ အခုမှ မြန်မာလိုမှတ်ရရိုက်ရမယ်ဆိုတဲ့ ကိစ္စကြီးပါ။ ပြီးတော့ အားလုံးကို မြန်မာလို ရိုက်လို့ရတာလည်း မဟုတ်ပါဘူး။ (ပုဂံဒေါ့ကွမ်း)လို့ မြန်မာလိုချည်းပဲ ရိုက်လို့ရရင်လည်း တစ်မျိုးပေါ့။ အခုဟာက
အဆင့်(၁) - (www) ကို အင်္ဂလိပ်လိုရိုက်၊
အဆင့်(၂) - မြန်မာလက်ကွက်ကိုပြောင်းပြီး (ပုဂံ) လို့ရိုက်၊
အဆင့်(၃) - တစ်ခါထပ်ပြီး အင်္ဂလိပ်လက်ကွက်ပြန်ပြောင်းပြီး (.com)ကို အင်္ဂလိပ်လိုရိုက်။
ကဲ... ကြည့်စမ်းပါဦး။ ဘယ်လောက်အလုပ်ရှုပ်လိုက်သလဲ။ (www.bagan.com) ဆိုရင် ပြီးပြီ။ ဒါမှမဟုတ် (ပုဂံဒေါ့ကွမ်း) ဆိုပြီး ရိုက်လို့ရရင်လည်း အကောင်းသား။
၂။ ထားပါတော့။ နောက်တစ်ခုက နာမည်တူတွေ ဖြစ်လာနိုင်တဲ့ကိစ္စ။ အခု (www.bagan.com) ဆိုပြီးရိုက်ကြည့်တဲ့အခါ ရှိပြီးသားစာမျက်နှာမရှိလို့။ တကယ်လို့များ အရင်က အင်္ဂလိပ်နာမည်နဲ့ တစ်ခုရှိမယ်။ အခုကျတော့ မြန်မာနာမည်နဲ့ အခြားတစ်ယောက်က ယူသုံးမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာကြမလဲ။ မြင်သာအောင် ဥပမာပေးရရင်.... (www.myanmar.com)လို့ ရှိပြီးသားကို အခြားတစ်ယောက်က (www.မြန်မာ.com)ဆိုပြီး ယူသုံးသွားရင် ဘယ်လိုလုပ်ကြမလဲ။ ဒါက ဥပမာပြောတာပါ။ မြန်မာဆိုတဲ့ နာမည်အတွက်တော့ ကန့်သတ်ချက်ရှိထားပြီးသား ဖြစ်မှာပါ။ အခြားနာမည်တွေအတွက် စဉ်းစားကြဖို့ပါ။ အင်္ဂလိပ်နာမည်နဲ့ စာမျက်နှာက ဘာသာရေးအကြောင်း ရေးတယ်ဆိုပါစို့။ မြန်မာဒိုမိန်းနာမည်နဲ့ စာမျက်နှာက ဘာသာရေးနဲ့ဆန့်ကျင်ဘက်တွေကို တင်ပြတဲ့ဆိုဒ်ဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ။
၃။ ကျွန်တော်ဖတ်ရတဲ့ ဂျာနယ်ထဲမှာပါသလို စီးပွားရေးသမားတွေက လက်ဦးမှုရယူပြီး လူကြိုက်များတဲ့ နာမည်တွေကို ယူထားပြီး၊ ပြီးမှ ဈေးကောင်းနဲ့ပြန်ရောင်းကြဦးမယ်။ အဲဒါလည်း စဉ်းစားစရာပဲ။
၎။ ကျွန်တော်စဉ်းစားလို့ မရဆုံးက ဒီလောက်မြန်မာစာစနစ်နဲ့ ပတ်သက်ပြီး အချေအတင်ဖြစ်နေကြ၊ အငြင်းပွားနေကြတာ။ ဘယ်စနစ်ကို သုံးကြမှာလဲ။ ဆိုလိုတာက ဒိုမိန်းနာမည်ကို ရိုက်တဲ့အခါ ဘယ်မြန်မာစာစနစ်ကို သုံးရမှာလဲ။ အခုတော့ ဇော်ဂျီနဲ့ရိုက်တာ အဆင်ပြေတယ်။ အင်တာနက်ပေါ်မှာ မြန်မာတွေအသုံးအများဆုံး ဖြစ်နေတာမို့ ပြဿနာမရှိဘူးလို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဇော်ဂျီဟာ ယူနီကုတ်မစစ်ဘူး၊ ဘာဖြစ်တယ်ညာဖြစ်တယ် ပြောနေတဲ့လူတွေလည်း ရှိတယ်လေ။ အဲဒီအတွက် ဇော်ဂျီမသုံးတဲ့လူတွေကရော ကိုယ်ကြိုက်တဲ့ မြန်မာစာဖောင့်နဲ့ ဒိုမိန်းနာမည်ကို ရိုက်လို့ရမလား။ ကျွန်တော့်ရဲ့ မဖြစ်ညစ်ကျယ်ဉာဏ်လေးနဲ့ စဉ်းစားပြီး MS Word ထဲမှာ ၀င်းအင်းဝ ဖောင့်နဲ့ရိုက်ပြီး ကော်ပီလုပ်၊ address bar မှာ ထည့်ကြည့်တယ်။ မရဘူးဗျ။ (http://www.yk*h.com/) ဆိုပြီး ပြောင်းသွားတယ်။ ဒါဆိုရင် မြန်မာဒိုမိန်းနာမည်တွေ ရိုက်ဖို့အတွက် လိုက်နာရမယ့် "စံ" က ဘာလဲ။ ဘယ်သူက တာဝန်ယူမှာလဲ။
၅။ ကျွန်တော့်အထင်ကတော့ အခြားနိုင်ငံတွေမှာ အဆင်ပြေမပြေမသိပါဘူး။ ကျွန်တော်တို့ဆီမှာတော့ မတွင်ကျယ်နိုင်ဘူးလို့ ထင်မိတာပါပဲ။ အဓိကပြဿနာက ကွန်ပျူတာတိုင်းမှာ နားလည်နိုင်တဲ့ မြန်မာစာစနစ် မရှိသေးတာလို့ မြင်မိပါတယ်။
၆။ ထပ်ပြီး ရယ်စရာအဖြစ် တွေးမိတာလေး ပြောရဦးမယ်။ ပုဂံ၊ ပလန်းနက်၊ မြန်မာ၊ ချယ်ရီမြေ၊ ရတနာပုံ၊ စသဖြင့် လွယ်ကူတဲ့ နာမည်တွေကတော့ ထားပါတော့။ ထင်ရှားတဲ့ဆရာတော်ကြီး တစ်ပါးရဲ့ စာမျက်နှာကို မြန်မာလိုဒိုမိန်းနာမည် ပေးထားတယ်ဆိုရင် ဘယ်လိုများ ရိုက်ကြမလဲဗျာ။ ဥပမာအနေနဲ့ ဦးဝိစိတ္တစာရာဘိဝံသ ဆိုတဲ့နာမည်နဲ့ ဆရာတော်ကြီးရဲ့ စာမျက်နှာလုပ်မယ်ဆိုရင်တောင် (www.၀ိစိတ္တစာရာဘိဝံသ.com) လို့ စာလုံးပေါင်းဖို့အရေး အတော်လေးကို ကြိုးစားရမယ်လို့ ထင်မိကြောင်းပါ။
၇။ နောက်တစ်ခုက (www.ပုဂံ.com) လို့ရေးထားတာကို လင့်ခ်အဖြစ် နားလည်ပါ့မလားဆိုတာပါပဲ။ နှိုင်းယှဉ်ကြည့်နိုင်အောင် မြန်မာလို တစ်ခု၊ အင်္ဂလိပ်လိုတစ်ခု အောက်မှာ ရေးကြည့်ထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းကြည့်ချင်လို့ပါ။ ၀ါသနာပါရင် လင့်ခ်တွေကို နှိပ်ကြည့်ပါဦး။
နမူနာလင့်များ - www.ပုဂံ.com, www.bagan.com
တွေးမိတာလေးတွေပါ။ အခြားတတ်သိနားလည်တဲ့ ပညာရှင်တွေ ရေးထားတာ၊ ဝေဖန်ဆွေးနွေးထားတာလေးတွေများတွေ့ရင် ကျွန်တော့်ကို လက်တို့ဖို့ မမေ့ပါနဲ့ဗျာ။ ကျွန်တော်လည်း ဖတ်မိလို့တွေ့ခဲ့ရင် ပြန်တင်ပေးပါ့မယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ သောကြာနေ့။
ညနေ ၆ နာရီ ၀၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment