Friday, December 04, 2009

ဘုရင်မင်းခေါင်၊ သီဟသူ၊ မင်းလှငယ်၊ ကျေးတောင်ညို၊ မိုးညှင်း၊ မင်းရဲကျော်စွာ၊ နရပတိ၊ ပြည်စုန် သီဟသူ၊ ဒုတိယမင်းခေါင်


၎။ ဘုရင်မင်းခေါင် (၇၆၃-၇၈၃)
တရာ့ဖျား နတ်ရွာစံလျှင် မင်းကြီးစွာစော်ကဲ၏ သားတော်ငယ် မင်းဆွေအား မင်းမြှောက်ကြသဖြင့် မင်းခေါင် အမည်ဖြင့် မင်းပြုလေသည်။ မင်းခေါင် လက်ထက်တွင် ရခိုင်က ထိပါးလာသည်ကို သားတော် မင်းရဲကျော်စွာအား စေလွှတ်နှိမ်နင်းလေသည်။ ရခိုင်ကိုရလျှင် ကလေးစား နော်ရထာမင်းစောအား အုပ်ချုပ်စေ၍ သမီးတော် ရွှေပြည့်ချမ်းသာနှင့် စုံဖက်ပေးလေသည်။ သက္ကရာဇ် ၇၆၅ ခုနှစ်တွင် အုန်းဘောင်စော်ဘွား သိုကြောင်ဘွား ခြားနားရာ အမြိတ်အစွန် တူမတော်တစ်ယောက်နှင့် ထိမ်းမြားပေး၍ သေ၀ပ်စေလေသည်။

၇၆၆ ခုနှစ်တွင် ရာဇာဓိရာဇ်သည် တပ်ချီလာလေရာ စွယ်ကြိုသူမြတ်က တရားဟောပြောစေ့စပ်သဖြင့် ရာဇာဓိရာဇ် စုန်ပြန်လေသည်။ ၇၆၇ ခုနှစ်တွင် တစ်ဖန်ချီလာပြန်၍ အလွဲမြို့၊ ဂူလွှတ်မြို့များကို သိမ်းပိုက်ပြန်၍ ဘုရင်မင်းခေါင်ကိုယ်တိုင် စစ်ချီရပြန်လေသည်။ ထို့နောက်တွင် စစ်ပြေငြိမ်းကြပြန်လေသည်။ ထို့နောက် တစ်ပြည်နှင့်တစ်ပြည် မဟာမိတ်ဖွဲ့ရန် ဘုရင်မင်းခေါင်က နှမတော် မင်းမြတ်လှကို သုပဘာဒေ၀ီဘွဲ့အပ်လျက် ရာဇာဓိရာဇ်နှင့် စုဖက်ပေးလေသည်။

သို့ရာတွင် ရာဇာဓိရာဇ်သည် ဆက်မြဲ ဆင်အစီး ၃၀ နှင့် ပုသိမ်သင်္ဘော အကောက်တော်ကို မဆက်ဘဲနေရုံသာမက၊ ရခိုင်ဘုရင် နရမိတ်လှအား ရခိုင်တွင် နန်းတင်ရန် ရခိုင်စားနော်ရထာမင်းစောအား တိုက်ခိုက်သတ်ဖြတ်၍ ဘုရင်မင်းခေါင်၏ သမီးတော် ရွှေပြည့်ချမ်းသာကို မိဖုရားမြှောက်လေသည်။ ဘုရင်မင်းခေါင်လည်း မွန်တို့ကို တိုက်ပြန်လေသည်။ တိုက်ပွဲတွင် မိဖုရား ရှင်မိနောက်ကို ရာဇာဓိရာဇ် ရလေသည်။ ဟံသာဝတီသို့ မြန်မာတို့ ချီတက်တိုက်ခိုက်သော်လည်း မိုးများ၍ ဒီရေ၊ ရွှံ့ညွန်တို့အကြားတွင် စစ်မကျွမ်းသဖြင့် မိုးလရောက်တိုင်း အကြိမ်ကြိမ် ဆုတ်ခွာရလေသည်။ ၇၇၂ ခုနှစ်တွင် သားတော် မင်းရဲကျော်စွာသည် မြောင်းမြ၊ ပုသိမ်နှင့် ခဲပေါင်သို့ ချီတက်တိုက်ခိုက်ပြန်လေသည်။ ၇၇၄ ခုနှစ်တွင်ကား မင်းရဲကျော်စွာသည် သိန္နီမြို့သို့ ချီတက်နေစဉ် ရာဇာဓိရာဇ် ပြည်မြို့အထိ ချီတက်လာ၍ ဘုရင်မင်းခေါင်နှင့် သားတော်မင်းရဲကျော်စွာတို့ စုန်ဆင်းရပြန်လေသည်။ ထိုတစ်ကြိမ်တွင် ပြည်မြို့သာမက သံလျင်ကိုပါ သိမ်းပိုက်၍ ပုသိမ်၊ မြောင်းမြ၊ ခဲပေါင်မြို့များကို အောင်နိုင်လေသည်။ သို့ရာတွင် မွန်တို့က သဉ်ဝီစော်ဘွားအား တစ်ဖက်လှည့်နှင့် အင်းဝကို ထိပါးစေသဖြင့် မြန်မာတပ်များ ပြန်ဆုတ်သွားရပြန်လေသည်။ ၇၇၆ ခုနှစ်တွင် မင်းရဲကျော်စွာ ချီတက်ပြန်ရာ အစွန့်စားလွန်၍ ရန်သူ ရရှိဖမ်းမိလေ၏။ ရာဇာဓိရာဇ်က သမီးတော်နှင့် စုံဖက်၍ အိမ်ရှေ့အရာပေးသည်ကို ငြင်းပယ်သဖြင့် ကွပ်မျက်လေသည်။ မြန်မာတပ်များလည်း ဆုတ်ခွာကြပြန်လေသည်။

၅။ ဆင်ဖြူ့ရှင် သီဟသူ (၇၈၃-၇၈၈)
ဘုရင်မင်းခေါင်လည်း ၇၈၃ ခုနှစ်တွင် နတ်ရွာစံလေရာ သားတော် ဆင်ဖြူ့ရှင် သီဟသူက ထီးနန်းဆက်ခံလေသည်။ ၇၈၅ ခုနှစ်တွင် မွန်တို့ပြည်၌ ရာဇာဓိရာဇ် နတ်ရွာစံသဖြင့် သားတော် ဓမ္မရာဇာ နန်းတက်ရာ ညီတော် ဗညားရံနှင့် ဗညားကျန်းတို့က ပုန်ကန်ကြလေရာ ဗညားရံ အိမ်ရှေ့အရာရလေသည်။ ဗညားကျန်းက မြန်မာတို့ထံ စစ်ကူတောင်း၍ ချီတက်ရလေသည်။ သို့ရာတွင် အရေးပြီးလျှင် ဗညားကျန်းက ပြန်၍ တိုက်ပြန်လေသည်။ သီဟသူလည်း ဒဂုံသို့ ချီပြန်လေရာ ဒဂုံမင်း ဗညားရံက နှမတော် ရှင်စောပုကို ဆက်သ၍ စစ်ပြေငြိမ်းကြပြန်လေသည်။

၆။ မင်းလှငယ် (၇၈၇)
ဆင်ဖြူ့ရှင် သီဟသူ နတ်ရွာစံလျှင် မိဖုရားတန်ဆောင်းရှင် စောမင်းလှ၏ သားတော် မင်းလှငယ်ကို နန်းတင်လေသည်။ သို့ရာတွင် ရှင်ဘို့မယ်က မိမိနှင့် ရည်ငံရင်း ကလေးကျေးတောင်ညိုအား ခေါ်ယူ၍ မင်းလှငယ်ကို အဆိပ်ခတ်လုပ်ကြံကာ ကလေးကျေးတောင်ညိုကို နန်းတင်လေသည်။

၇။ ကလေးကျေးတောင်ညို (၇၈၇)
ကလေးကျေးတောင်ညို နန်းတက်လျှင် မိုးညှင်းက ချီလာလေရာ ပုခန်းတရာ့ဖျားအား ရှင်စောပုကိုပေး၍ တောင်ငူစားနှင့်တကွ ခုခံစေ၍ အုန်းဘောင်သံလယ်ဘွားကိုလည်း အကူအညီတောင်းလေသည်။ သို့ရာတွင် ကူညီသူများက ဆုတ်ခွာသွားကြ၍ ကလေးကျေးတောင်ညိုသည် ရခိုင်သို့ အကူတောင်းရန်သွားရာ ပဲလွန်တောင်၌ အနိစ္စရောက်လေသည်။

၈။ မိုးညှင်းမင်း (၇၈၈-၈၀၁)
ကလေးကျေးတောင်ညိုမရှိလျှင် ပုဂံနရပတိစည်သူ၏ အနွယ်ဖြစ်သော မိုးညှင်းသတိုးသည် အင်းဝနန်းကို သိမ်းပိုက်စိုးစံလေသည်။ မိုးညှင်းမင်းလက်ထက် သက္ကရာဇ် ၇၉၈ ခုနှစ်တွင် ၇၉၆ နှစ်ကိုဖြို၍ အတို ၂ ခုကို ရေတွက်စေသော်လည်း အများက လိုက်နာခြင်းမပြုသဖြင့် သက္ကရာဇ်ဟောင်းသာ တည်လေသည်။ မိုးညှင်းနယ်၊ တောင်တွင်းနယ်များကို သိမ်းပိုက်ရရှိပေသည်။ မိုးညှင်းမင်းသည် ရှမ်းနယ်များနှင့် မဟာမိတ်ဖွဲ့လေသည်။

၉။ မင်းရဲကျော်စွာ (၈၀၁-၈၃၀)
မိုးညှင်းမင်း နတ်ရွာစံလျှင် သားတော်အိမ်ရှေ့မင်း မင်းရဲကျော်စွာက ဆက်ခံအုပ်ချုပ်လေသည်။ ထိုမင်းလက်ထက် ကလေးနယ်၊ မိုးညှင်းနယ်၊ တောင်တွင်းနယ်များကို သိမ်းပိုက်ရရှိလေသည်။ ၈၀၄ ခုနှစ်တွင်ကား တောင်ငူကို ချီတက်သိမ်းပိုက်၍ မိုးကောင်းသို့ ချီတက်ပြန်ရာတွင် နတ်ရွာစံလေသည်။

၁၀။ နရပတိ (၈၀၄-၈၃၀)
မင်းရဲကျော်စွာ နတ်ရွာစံလျှင် ညီတော် ပြည်မင်းသီဟသူသည် နရပတိဘွဲ့ဖြင့် နန်းတက်လေသည်။ ထူပါရုံစေတီတော်တည်၍ ထူပါရုံစေတီတော် ဒါယကာ နရပတိဟု ထင်ရှားလေသည်။ ထိုမင်းလက်ထက် မိုးကောင်းစော်ဘွား သိုငံဘွားကို အင်းဝသို့ ဆောင်ယူရာ တရုတ်တို့က သိုငံဘွားကို အလိုရှိသဖြင့် ချီလာလေသည်။ သို့ရာတွင် သိုငံဘွားက ဆေးစား၍ သေလေသဖြင့် တရုတ်တို့ ပြန်ဆုတ်သွားလေသည်။ ထိုမင်းလက်ထက်တွင်ကား မွန်နှင့်မြန်မာတို့ သင့်မြတ်၍ မွန်တို့ နန်းတွင်းရေး၌ပင် မြန်မာတို့က ကူညီစောင့်ရှောက်ရလေသည်။ ထိုမင်းလက်ထက် တောင်ငူ၊ သံတွဲနှင့် ရခိုင်တို့လည်း သင့်မြတ်လေသည်။ ရခိုင်ဘုရင် အလိခင်နှင့် ဘိုးခေါင်နွယ်ငန်းတော်တွင် တွေ့ဆုံ၍ နိုင်ငံအပိုင်းအခြား သတ်မှတ်လေသည်။

၈၃၀ ပြည့်နှစ်တွင် အိမ်ရှေ့မင်း၏သား သတိုးကျော်သည် မင်းကြီးအား အမျက်ထား၍ တိတ်တဆိတ် လုပ်ကြံရာ ဒဏ်ရာရရှိ၍ နတ်ရွာစံတော်မူလေသည်။

၁၁။ ပြည်စုန် သီဟသူ (၈၃၀-၈၄၂)
နရပတိမင်း နတ်ရွာစံလျှင် သားတော် ပြည်စုန်သီဟသူမင်း နန်းတက်လေသည်။ အောက်ပြည်တစ်လွှားကို စည်းရုံးချီတက်စေ၍ ပြည်သို့ စုံတော်မူလေသည်။ စစ်လျှင်ထောင်မှူး ရှင်ထွေးညိုသည် ပြည်စုန်မော်ကွန်းကို ဖွဲ့ဆိုလေသည်။ ထိုမင်းလက်ထက် တရုတ်သူရဲကောင်းနှင့် မြန်မာဘက်မှ သမိန်ဗရမ်းတို့ စီးချင်းထိုးလေသည်။

၁၂။ ဒုတိယမင်းခေါင် (၈၄၂-၈၆၃)
သီဟသူမင်း နတ်ရွာစံလျှင် သားတော်သည် မင်းခေါင်ဘွဲ့ဖြင့် နန်းတက်လေသည်။ ထိုမင်းလက်ထက်တွင် စစ်မက်ကြီးကျယ်ခြင်းမရှိချေ။ ဘုရင်မင်းခေါင်သည် မြင်းစီးအတတ် ကျွမ်းကျင်သည်။ ထိုမင်းလက်ထက် ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလ၀ံသ၊ ရှင်ဥတ္တမကျော်၊ အရှင်အဂ္ဂသမာဓိ၊ ကန်တော်မင်ကျောင်းဆရာတော် စသော ပုဂ္ဂိုလ်များက ကဗျာလင်္ကာနှင့် စာပေများ ပြုစုတော်မူလေသည်။

ထိုအချိန်တွင် သ၀န်ကြီး၊ သ၀န်ငယ်တို့ ထူထောင်ခဲ့သော တောင်ငူမှာ တဖြည်းဖြည်း စည်ပင်တိုးတက်လာလေရာ အင်းဝဘုရင်တို့၏ လက်အောက်ခံပင် ဖြစ်စေကာမူ တောင်ငူသည် မကြာခဏ အားပြိုင်ခြားနားခြင်း ပြုခဲ့ဖူးလေသည်။ ဘုရင်မင်းခေါင် လက်ထက်တွင် တောင်ငူစား စည်သူငယ်အား မင်းကြီးညိုက လုပ်ကြံ၍ မင်းပြုလေရာ ဘုရင်မင်းခေါင်သည် ရှေ့နောက်ရေးကို မျှော်တွေး၍ အကြည်အသာခွင့်ပြုလျက် မင်းမြှောက်တန်ဆာများကိုပါ ပို့ပေးချီးမြှင့်လေသည်။

No comments:

Post a Comment

 
Web Statistics