ခေတ်ဟောင်းသတင်းစာများမှ သတင်းများအား လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ၁၄-၅-၁၉၅၁ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာပါ အယ်ဒီတာ့အာဘော်အား ပြန်လည်ဖော်ပြအပ်ပါသည်။
အဆိုပါအားလုံးသော နိုင်ငံရေးဆရာတိုင်းသည် တိုင်းသူပြည်သားတို့၏ နေရေး၊ ထိုင်ရေး၊ စားရေး၊ ၀တ်ရေးအတွက် တောင့်တ၊ ကြောင့်ကြခြင်းမရှိရလေအောင် ဖန်တီးပေးမည်ဟုဆိုသော ၀ါဒအရင်းခံကို ဗဟိုရ်လက်ကိုင် ထားရှိကြသော်လည်း ၎င်းတို့အသီးသီး ချမှတ်ပြအပ်သော ပုံသေကားချ ဖျက်မရသည့် လမ်းစဉ်များမှာ တစ်ခုနှင့်တစ်ခု မူမတူဘဲ အစိပ်စိပ်အမွှာမွှာ ရှစ်ဒေါင့်၊ ရှစ်မျက်နှာသို့ ကျောခိုင်းဖြာထွက်လျက်နေလေသည်။
ယင်းသို့ဖြစ်လေရာ၊ ၎င်းတို့သည် ယခုကျင်းပဆဲဖြစ်သော ရွေးကောက်ပွဲကြီးတွင် အားလုံးပင် ပါဝင်ဆင်နွှဲလျက် ရှိကြသည့်အလျောက်၊ ဤရွေးကောက်ပွဲကြီးပြီး၍ လူထု၏ ကံကြမ္မာကို ဖန်တီးမည့် ပါလီမန်ကို ရုပ်လုံးဖော်သည့်အခါ၊ ၀ါဒရောင်စုံနှင့် ပြွမ်းသော ပါလီမန်ကြီးအဖြစ်သို့ ရောက်ရှိလာမည်မှာ သေချာနေလေသည်။
ပါလီမန်ဆိုသည်မှာ အမြဲတန်း အတိုက်အခံမရှိဘဲ ခရီးသွားခဲ့လျှင် တစ်နေ့နေ့၌ မုချရေစုံမျောရမည်ဖြစ်သော်လည်း အမြဲတန်း အတိုက်အခံလုပ်နေကြလျှင်လည်း အဘယ်ခရီးသို့မှ ဆိုက်ရောက်လိမ့်မည်မဟုတ်ရကား၊ ထိုသို့သော ပါလီမန်မျိုးနှင့် နေရခြင်းအားဖြင့် တိုင်းပြည်၌ ဂုဏ်ကြက်သရေ ရှိလိမ့်မည်မဟုတ်ပေ။
အမှန်အားဖြင့်ဆိုသော် ပါလီမန်၌ အတိုက်အခံမရှိလျှင်လည်း မဖြစ်ရကား၊ပေါ်ပေါက်လာသော ခဲရာခဲဆစ် ပြဿနာများ၌ အမှန်သို့ရောက်စေခြင်းငှာ အတိုက်အခံ အခြေအတင်ပြောဆိုကြရာတွင် အပြုသဘောကို ရှေ့ရှုကြရမြဲ ဖြစ်ပေသည်။ သို့အပြုသဘောနှင့် မိမိတို့၏ ယုံကြည်ချက်အတိုင်းတဘက်တဘက်မှ ရှိသမျှသော ဉာဏ်အဆီအနှစ်များကို ထုတ်ခါ၊ ရံခါရံခါ ရယ်ဘွယ်ရွှမ်း၍၎င်း၊ ရံခါရံခါ ဒေါနှင့်မောနှင့်၎င်း ပြောကြသည့်တိုင်အောင် ကြားရသူအပေါင်းတို့အဘို့တွင် စိတ်ရွှင်မြူးရရုံမျှမက၊ ဗဟုသုတလည်း ဖြစ်စေသည့်အလျောက် ၎င်းပါလီမန်မျိုးကို ရရှိပါမှ တိုင်းပြည်တွင်ဂုဏ်လည်းရှိ၍ ကြက်သရေလည်း တိုးပေမည်။
ထို့ကြောင့် လက်ရှိရွေးကောက်ပွဲပြီး၍ ဖြစ်ပေါ်လာသော ပါလီမန်တွင် တပါတီတည်း ကြီးစိုးမှုမှ ကင်းပျောက်ရန် လမ်းစပေါ်ပေါက်လျက် ရှိသောကြောင့်၊ တနည်းအားဖြင့် အမြတ်ပေါ်မည်မှန်သော်လည်း၊ နောက်တက်မည့် ရောင်စုံပါလီမန်တွင် ပညာဗလာနတ္ထိ၊ ဉာဏ်စွမ်းဉာဏ်စလည်းမရှိ၊ အဆိုပါဖျက်မရသော ၀ါဒများအရ၊ ပါတီဌာနချုပ်များမှ ညွှန်ကြားချက်အတိုင်း၊ ပုတ်သင်ညိုလုပ်တတ်ရုံမျှသော အမတ်များ ပေါနေလျှင်၊ အရှုံးနှင့်အမြတ်လည်း ရေချိန်ကိုက်လိမ့်မည်မဟုတ်ပေ။ သို့ဖြစ်လေရာ မဲဆန္ဒရှင်အပေါင်းတို့သည် ဤရွေးကောက်ပွဲ၌ အဆိုပါ ၀ါဒချင်းတခုနှင့်တခု မတူသော အမတ်လောင်းများအနက်မှ ရွေးချယ်၍ မဲဆန္ဒပေးရာတွင် ဖြစ်သမျှအကြောင်း အကောင်းဟု သဘောထားပြီး ဉာဏ်ပညာဗလာနတ္ထိတို့အား ရှောင်ရှားကြစေရန် လေးနက်စွာ တိုက်တွန်းလိုက်ရပေသတည်း။
(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၄၇ နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment