သတင်းတွေပြောမယ်ဆိုပေမယ့် သတင်းစာ၊ ဂျာနယ်တွေမှာလို သတင်းကဘယ်လိုပါ၊ ဘယ်သူ့ကို တွေ့ဆုံမေးမြန်းထားပါတယ်၊ သတင်းရင်းမြစ်က ဘယ်ကပါ စသည်ဖြင့် ပြောမှာမဟုတ်ပါဘူး။ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ စုမိတဲ့အခါ စကားဝိုင်းဖွဲ့ပြီး ဆွေးနွေးပြောဆိုသလို၊ ကိုယ်သိထားသမျှ ကိုယ်ကြားထားသမျှ သတင်းတွေကို လွတ်လွတ်လပ်လပ် အနှောင့်အဖွဲ့ကင်းကင်း စိတ်ထင်ရာ ပြောမှာပါ။ အတင်းပြောသလို ဖြစ်နေတာတွေတောင် ပါတတ်တယ်ဆိုတာ လက်ဖက်ရည်သောက်ရင်း၊ လက်ဖက်သုပ်စားရင်း စကားဝိုင်းဖွဲ့ဖူးကြတဲ့ ကိုကို၊ မမတွေ သိပြီးဖြစ်နေပြီလို့ ယုံကြည်တဲ့အတွက် အမြင်မတော်တဲ့ အတင်းဆန်ဆန် အရေမရ အဖတ်မရ သတင်းတွေများ ပါသွားခဲ့ရင် လက်ဖက်ရည်ဆိုင်မှာ တစ်ဖက်ဝိုင်းက သောက်တလွဲတွေ ပြောနေတဲ့အခါ နှာခေါင်းရှုံ့သလို၊ မျက်နှာမဲ့သလိုမျိုး မသိမသာလုပ်စရာမလိုဘဲ အခုဒီစာတွေကို ဖတ်နေရင်းနဲ့ အားမနာပါးမနာနဲ့ ကျွန်တော့်ကို မေတ္တာတွေ တထောကြီးပို့သလို့ ရပါကြောင်း ကြိုတင်ကြေညာမောင်း ခတ်လိုက်ရကြောင်းပါခင်ဗျား။
(၁)
ကြားပြီးပြီလား။
ဟိုတလောက ရန်ကုန်မှာ ပလတ်စတစ်အိတ်ပါး (ကြွပ်ကြွပ်အိတ်)တွေ သုံးစွဲခွင့် ပိတ်တဲ့အကြောင်း၊ ထုတ်လုပ်တဲ့လူတွေကို ဘယ်နေ့အပြီး ရပ်ဆိုင်းရမယ် ဘာမယ်ဆိုပြီး ပြောကြတာတွေလေ။ စာစောင်တွေထဲမှာ ပလူပျံနေအောင် ပါခဲ့တာပေါ့။ မန္တလေးကတော့ ပလတ်စတစ်အိတ်ပါး ဆန့်ကျင်ရေးကို ဦးဆောင်တဲ့မြို့အဖြစ် ဂုဏ်ယူနေချိန်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလည်း သိသိသာသာကို လျော့ကျလာတယ်ဆိုတဲ့ သတင်းကောင်းတွေနဲ့ ပြုံးပန်းတွေ ဝေနေကြချိန်ပေါ့။ အဲဒီလိုအချိန်မှာ ကိုရွှေရန်ကုန်မှာ ပလတ်စတစ်ထုတ်လုပ်တဲ့ စက်ရုံတွေ၊ လုပ်ငန်းတွေ အချိန်သတ်မှတ်ချက်နဲ့ ရပ်ဆိုင်းရမယ်လို့ ထုတ်ပြန်ပြီးခါမှ သက်တမ်းတိုးတယ်ဆိုပြီး ထပ်ထွက်လာပြန်ပါရော။ ဘယ်လိုကြီးလဲပေါ့နော်။ ရေနုတ်မြောင်းတူးတဲ့ ကိစ္စကတည်းက စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာဆိုတော့ အခုလို ပလတ်စတစ်ထုတ်တဲ့လူတွေကို သက်တမ်းတိုးပေးမယ်ဆိုတဲ့ သတင်းထပ်ထွက်လာတဲ့အခါမှာ ဘယ်လိုမှကို စိတ်ထဲမှာ မနေနိုင်တော့ဘူး။ ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ။ အမိန့်တစ်ခု ထုတ်ပြန်ဖို့အတွက် အစောကြီးကတည်းက ဘယ်လိုတွေဖြစ်လာနိုင်တယ်ဆိုတာ မစဉ်းစားထား၊ မပြင်ဆင်ထားဘူးလားဗျ။ ရေနုတ်မြောင်းတွေ တူးခိုင်းမယ်ဆိုတုန်းကလည်း ဘယ်နှပေတူးခိုင်းရင် အဆင်ပြေမယ်၊ ဘယ်နေရာတွေမှာတော့ နဂိုရှိနှင့်ပြီးသား ရေနုတ်မြောင်းတွေနဲ့ အဆင်ပြေမယ်၊ မပြေဘူး၊ အဲဒီလို တူးခိုင်းရင် အားလုံးအတွက် အဆင်ပြေမလား၊ ဘာတွေဖြစ်လာနိုင်လဲ စသည်ဖြင့် မစဉ်းစားထားဘူးလားဗျ။ အခုတော့ ဒီနေ့ပဲ ဘာလုပ်ပါဆိုတဲ့ အမိန့်ထွက်တယ်။ နောက်နှစ်ရက်လောက်နေတော့ အဲဒီအမိန့်ကို ပြောင်းလဲမှုအမျိုးမျိုး လုပ်ပစ်လိုက်တယ်။ အခုလည်း ကြည့်ဦး။ ပလတ်စတစ်အိတ်မသုံးရဘူး၊ မထုတ်ရဘူး။ ဒါဆို ပြီးပြီပေါ့ဗျာ။ သုံးရင်၊ ထုတ်ရင် အရေးယူလိုက်။ ဒါပဲ။ အခုတော့ မသုံးရဘူး၊ မထုတ်ရဘူးလို့ အမိန့်ထုတ်တယ်။ ပြီးတော့ ချက်ချင်းဘဲ ဘယ်ကာလအထိ သုံးလို့၊ ထုတ်လို့ ရပါသေးတယ်ဆိုပြီး ထပ်ထွက်လာပြန်ရော။
တစ်ခုပဲ ပြောချင်တယ်။ အံ့ရော.... အံ့ရော....။
(သြော်.... မေ့နေလို့၊ အခုနောက်ဆုံး ဘာဖြစ်သွားလဲသိလား။ ပလတ်စတစ် ရီဆိုက်ကယ်စက်ရုံတွေ တည်ဆောက်တော့မယ်တဲ့)
(၂)
ပြောရဦးမယ်။ သူများအကြောင်းပဲပေါ့။
အခုအချိန်အထိ မရိုးနိုင်သေးတဲ့ ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ န၀မတန်းကျောင်းသူလေး သေဆုံးသွားတဲ့သတင်းပါ။ မြန်မာနိုင်ငံဆေးကောင်စီက စစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီတဲ့။ စိတ်ဝင်စားစရာပါပဲ။ သူတို့စစ်တာကို ပြောတာမဟုတ်ဘူး။ အဲဒီလို စစ်ဆေးတဲ့အတွက် ဘာထူးလာမလဲ။ ဆိုပါတော့ဗျာ... အဲဒီန၀မတန်းကျောင်းသူလေးကို (မှားယွင်းပြီး) ခွဲစိတ်ကုသပေးခဲ့တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးက မှားတယ်ပဲဆိုပါတော့။ ဘာလုပ်မှာလဲ။ အဲဒီဆရာဝန်ကြီးကို ဆေးကုသခွင့် ပိတ်ပင်မှာလား။ ဆမသိမ်းမှာလား။ ဒါမှမဟုတ် အဲဒီအထုးကုဆေးရုံကိုပဲ ပိတ်ပင်မှာလား။ ဘာလုပ်ချင်တာလဲ။ ကျွန်တော်ပြောတာက စုံစမ်းစစ်ဆေးဖို့ မလိုတော့ဘူးလို့ ပြောတာမဟုတ်ဘူး။ အဲဒီစစ်ဆေးမှုအပေါ်မှာ ဘာတွေမျှော်လင့်နေကြတာလဲဆိုတာကို စိတ်ဝင်စားတာ။ လူတွေကလည်းဗျာ သတင်းတစ်ခုခုဖြစ်ရင် အဲဒီသတင်းအပေါ်မှာ မပြီးတော့ဘူး။ ပြောရင်လည်း ကျွန်တော့်ကို မေတ္တာပို့ကြဦးမယ်။ ရပ်ကွက်တွေထဲမှာ ကိုယ်ဝန်ဖျက်ပေးနေတဲ့ ဆရာဝန်တွေမှ အများကြီးပဲ။ အဲဒါတွေကျတော့ စိတ်ဝင်စားရကောင်းမှန်းမသိဘူး။
(သြော်.... တစ်ခုပြောဦးမယ်၊ သတင်းစာရဲ့ နာရေးကြော်ငြာကဏ္ဍကို ကြည့်လိုက်ရင် အထူးကုဆေးခန်းတွေမှာသေတာ အတော်များတယ်ဗျ။ သက်သက်သာသာနဲ့ သေသွားကြတယ်လို့ ပြောရမလား၊ အသေသက်သာတယ်လို့ ပြောရမလား၊ အဆင့်မြင့်မြင့်သေတယ်လို့ ပြောရမလား။ ကျွန်တော်ပြောချင်တာကတစ်ခုဗျ။ ခင်ဗျားဘာသာ စဉ်းစားတော့)
(၃)
ဖိလစ်ပိုင်က အဖွဲ့တစ်ခုက မြန်မာလယ်သမားတွေကို ဒုက္ခပေးနေတဲ့ ကြွက်တွေကို လာရောက်နှိမ်နင်းမယ် ဆိုတာကိုလည်း စိတ်ဝင်စားမိသဗျ။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ဖို့များပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကြွက်တွေဆိုရင် တစ်ကောင်ကို နှစ်ပိဿာခွဲ၊ သုံးပိဿအထိ ရှိတယ်ဆိုပဲ။ အမလေးလေး.... ကျွန်တော်တော့ အဲဒီလိုကြွက်တွေ မမြင်ဖူးသေးဘူး။ ဖိလစ်ပိုင်ကနေတောင် မြန်မာပြည်အထိလာပြီး ကြွက်သတ်မယ့်လူတွေကိုပဲ ချီးကျူးရမလား၊ ကိုယ့်ပြည်ကကြွက်ကို ကိုယ်နိုင်အောင်မသတ်နိုင်တဲ့ ကိုယ့်မြန်မာတွေကိုပဲ နှာခေါင်းရှုံ့ရမလား မသိတော့ပါဘူးဗျာ။
(ပြောချင်တာက အဲဒါတွေမဟုတ်ဘူး။ နည်းပညာ.... နည်းပညာ...။ ပညာခေတ်လို့ လူတိုင်းအော်ကြတယ်ဗျ။ ဟုတ်တယ်မလား။ ဒါပေမယ့် ပညာဆိုတာ ဘာလဲလို့ မေးလိုက်ရင် ပြင်ပြီး...............။ အင်းမပြောတော့ပါဘူးဗျာ၊ ကြွက်တောင် သူများက လာသတ်ပေးရဦးမယ်။ "ဆရာမပြ ကြွက်သတ်တာတောင် နည်းမကျ"။ ဟဲဟဲ.. အဲဒီစကားပုံလား.... ကျွန်တော်ထွင်လိုက်တာပေါ့ဗျာ)
(၄)
သက်တော် ၆၉ နှစ်၊ သိက္ခာတော် ၄၉ ၀ါရ ဓမ္မကထိကဆရာတော် ဘဒ္ဒန္တနရပတိ (ဖြူးဆရာတော်) အဆုတ်နာရောဂါဖြင့် ဘ၀နတ်ထံပျံလွန်တော်မူတဲ့ သတင်းကတော့ စိတ်မကောင်းဖြစ်မိပါတယ်။ သွေးနဲ့ရေးတဲ့သာသနာ၊ ၃၇ မင်းနတ်များ စတဲ့တရားတော်တွေကို ပြန်လည်ကြားယောင်မိကြောင်းပါ။
(၅)
လိုင်စင်မဲ့ဆိုင်ကယ်တွေကို နောက်တစ်ကြိမ် လိုင်စင်ထုတ်ပေးဦးမယ်တဲ့။ ဘာထူးဆန်းလို့လဲနော်။ အရင်လည်း ဒီလိုပဲ ထုတ်ပေးခဲ့တာပဲ။ တချို့ဆိုရင် အဲဒီလို လိုင်စင်ထုတ်ပေးတဲ့ကာလမှာ အတော်လေးစီးပွားဖြစ်သွားကြသေးတာပဲ။ အထူးသဖြင့် လိုင်စင်လုပ်ဖို့အတွက် တစ်နေကုန်တစ်နေခန်း တန်းစီစောင့်ရတဲ့ဒုက္ခကို လူငှားအဖြစ် စီပေးတဲ့လူတွေ၊ လိုင်စင်လုပ်ပေးတဲ့လူတွေနဲ့ ချိတ်ပြီး ကြားထဲကနေ အကျိုးဆောင်ပေးတဲ့ ပွဲစားတွေ (သူတို့ကျ တန်းစီစရာ မလိုဘူးလေ)၊ လိုင်စင်မဲ့ဆိုင်ကယ်တွေကို သယ်ယူရောင်းချတဲ့လူတွေပေါ့။
(သြော်.... ပြောချင်တာက အခုလိုင်စင်ပေးတဲ့အခါ အရင်လို ဒေသဆိုင်ရာ မတလ၊ လရ၊ မရ၊ တက စတဲ့ အက္ခရာတွေ မဟုတ်ဘဲ "ယ" နံပါတ်တွေ ထုတ်ပေးမှာတဲ့။ "ယ"ရဲ့ ရှေ့မှာပဲ သက်ဆိုင်ရာဒေသအလိုက် နံပါတ်တွေ ပါမှာပါ (ဥပမာ- ၁၀ယ၊ ၁၅ယ၊ ၁၇ယ စသည်ဖြင့်ပေါ့)။ အဲဒီနံပါတ်တွေက သက်ဆိုင်ရာနယ်တင်မဟုတ်တော့ဘဲ တစ်နိုင်ငံလုံး စီးနင်းခွင့်ရမယ်တဲ့။ ကဲ... ဘယ်လောက်ကောင်းလိုက်သလဲ။ သြော်... အရင်ထုတ်ပေးခဲ့တဲ့ ဆိုင်ကယ်လိုင်စင်တွေကိုလား...။ သူတို့ကို အခုအသစ်ထုတ်ပေးတဲ့ "ယ"နံပါတ်တွေ ပြန်လဲပေးမယ်တဲ့။ ကဲ.. ကျွန်တော်မပြောဘူးလား။ အပိုဒ်(၁)မှာ အော်သလို အော်လိုက်ဦးမယ်။ အံ့ရော... အံ့ရော...)။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၁ နာရီ ၀၂ မိနစ်တွင် ပြီး၏။
No comments:
Post a Comment