နှစ်ပေါင်း ၂၀ ကျော် ကျောင်းဆရာလုပ်ခဲ့တဲ့အတွက် လူငယ်တွေနဲ့ လက်ပွန်းတတီး ရှိခဲ့ပါတယ်။ လူငယ်တွေရဲ့ အားကောင်းချက်တွေကို သိသလို အားနည်းချက်တွေကိုလည်း သိပါတယ်။ အားကောင်းချက်က ဘာလဲဆိုတော့ မြန်မာလူငယ်တွေဟာ တကယ်အပင်ပန်းခံနိုင်ကြ၊ တကယ်ကြိုးစားနိုင်ကြတယ် ဆိုတဲ့အချက်ဖြစ်တယ်။ မြန်မာလူငယ်တွေဟာ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ရောက်သွားသွား စာမလိုက်နိုင်လို့ ပြန်ခဲ့ရတယ်ဆိုတာမျိုး ဘယ်ခေတ်ကမှ မရှိခဲ့ပါဘူး။ ထိပ်ဆုံးအဆင့် မရောက်တောင် သူလို၊ ငါလို အလယ်အလတ်အဆင့်မှာတော့ နေနိုင်ကြပါတယ်။
သူတို့ရဲ့ အားနည်းချက်တွေထဲမှာ အဓိကအကျဆုံးလို့ ယူဆတဲ့အချက်ကိုပဲ ပြောပါမယ်။ အဲဒီအချက်က ဘာလဲဆိုတော့ "မှီခိုစိတ်" ကြီးမားခြင်းဖြစ်တယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူအရွယ်ရောက်နေတာတောင် လူကြီးမိဘဆရာသမားများက ခိုင်းမှလုပ်တတ်ကြပါတယ်။ ဘယ်သူမှ မခိုင်းရဘဲနဲ့ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်လုပ်ကိုင်ဖို့ မ၀ံ့မရဲ ဖြစ်နေတတ်ကြပါတယ်။ တစ်ခုခု ဆုံးဖြတ်ရတော့မယ့်အခါတိုင်း မိဘဆရာသမားများက ဆုံးဖြတ်ပေးမှာကိုပဲ စောင့်မျှော်နေတတ်ကြပါတယ်။
ဒီလိုဖြစ်တာ ကလေးတွေသာ မဟုတ်ပါဘူး။ ဘွဲ့ရပြီးသားအရွယ်တွေတောင်မှ ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်တတ်ပါဘူး။
ဘွဲ့တစ်ခုခုရပြီးလို့ နိုင်ငံခြားသွား ကျောင်းတက်မယ့် ကျောင်းသားကျောင်းသူ အတော်များများရဲ့ ဘ၀ရှေ့ရေးကို ရွေးချယ်ပေးခဲ့ရတာမျိုး အများကြီးရှိခဲ့ပါတယ်။ ဘွဲ့လွန်မဟာတန်းတက်မယ့်သူတွေဟာ သူတို့ဘယ်ဘာသာကို ဆက်ပြီးသင်ယူဆည်းပူးရမယ်ဆိုတာ မရွေးချယ်တတ်ပါဘူး။ သူတို့ဆီက တက္ကသိုလ်တွေမှာက အများအားဖြင့် ပထမဘွဲ့က ဘယ်ဘာသာနဲ့ပဲ ယူခဲ့ယူခဲ့ မဟာတန်းမှာ ကိုယ်ယူချင်တဲ့ဘာသာရပ်ကို ယူလို့ရပါတယ်။ ဥပမာ- ပထမဘွဲ့ (First Degree)က သမိုင်းအဓိကယူခဲ့လည်း မဟာတန်းကျတော့ နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ ယူမလား၊ နိုင်ငံတကာဆက်ဆံရေးပညာရပ် ယူမလား၊ ဒါမှမဟုတ်လည်း ပြည်သူ့ကျန်းမာရေးပညာ (Public-Health) သင်ပြီး MPH (Master of Public Health) ယူမလား ရပါတယ်။ ဆရာဝန်ဖြစ်မှ MPH ယူလို့ရတာ မဟုတ်ပါဘူး။
ကွန်ပျူတာနဲ့ ပထမဒီဂရီယူခဲ့ပြီးမှ စီးပွားရေး၊ စီမံအုပ်ချုပ်ရေးတို့နဲ့ ဆိုင်တဲ့ MBA လို၊ MPA လို ပညာရပ်တွေ ယူမယ်ဆိုလည်း ရပါတယ်။ အဲဒီလို ရွေးချယ်နိုင်ခွင့်တွေ အများကြီးပေးထားလေတော့ မြန်မာလူငယ်တွေဟာ မရွေးတတ်တော့ပါဘူး။ အဲဒီအခါ မိဘ ဒါမှမဟုတ် ဆရာသမားရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံကြပါတယ်။ ဘာဖြစ်ချင်တယ်၊ ဘာဝါသနာပါတယ်ဆိုတာ သေသေချာချာ မသိဘဲနဲ့ ဆုံးဖြတ်ပေးလို့ ဘယ်ဖြစ်မှာလဲ။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သေသေချာချာစဉ်းစားပြီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပါလို့ ပြောလည်း မရပါဘူး။ လူငယ်အများစုက ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်မျိုးတောင် ပီပီပြင်ပြင်မရှိကြပါဘူး။ ရည်မှန်းချက်ဆိုတဲ့ Goal တို့၊ Ambition တို့ဆိုတာထား၊ ဘာဝါသနာပါသလဲလို့ မေးရင်တောင် တော်တော်များများက ဖြေစရာမရှိပါဘူး။
အဲဒီတော့ မိဘဆရာသမားများရဲ့ ဆုံးဖြတ်ပေးမှုကိုပဲ စောင့်မျှော်နေကြပါတယ်။ ဒီလို သူတစ်ပါးအပေါ် မှီခိုစိတ်ကြီးမားတာ မကောင်းပါဘူး။ လူစွမ်းလူစတွေ နုံ့နဲ့သွားစေပါတယ်။ လူငယ်ဆိုတာ မျှော်မှန်းချက်တွေ အပြည့်၊ အိပ်မက်တွေ ကုဋေကုဋာနဲ့ ဖြစ်နေရမယ်။ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ပေါ်အောင် လုပ်ချင်တဲ့၊ လုပ်ရဲတဲ့စိတ် ရှိရပါမယ်။ ကိုယ့်ဘ၀ကို ကိုယ်စိတ်ကြိုက် ဖန်တီးရပါမယ်။ ကိုယ်က မဖန်တီးရင် သူများက ကိုယ့်ဘ၀ကို သူတို့စိတ်ကြိုက် ဖန်တီးသွားပါလိမ့်မယ်။ ဒီစိတ်မျိုးကို ဆရာတိုက်စိုးက အားမနာတမ်း ပွင့်ပွင့်လင်းလင်း "ကျွန်စိတ်" လို့ ကင်ပွန်းတပ်ပါတယ်။
"ကျွန်စိတ်၊ ကျွန်အမူအရာတွင် သူတစ်ပါးခိုင်းသည့်အတိုင်း အမှား၊ အမှန်မရွေး လိုက်နာမှု၊ လွတ်လွတ်လပ်လပ် စိတ်မထားဘဲ အမှီခိုရှာမှု၊ ကိုယ့်အားကိုယ် မကိုးချင်မှု၊ အောက်ကျို့မှုများ ပါဝင်သည်" လို့ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လထုတ် စာမော်ကွန်း၊ စာပေမဂ္ဂဇင်း အမှတ် ၈ ပါ "ကျွန်စိတ်" ဆိုတဲ့ ဆောင်းပါးမှာ ရေးခဲ့ပါတယ်။
"ကျွန်စိတ်" ကြောင့် အုပ်စိုးသူ အင်္ဂလိပ်နယ်ချဲ့သမားကို
"၀န်ရှင်တော်မင်းကြီး သခင်ဘုရား"
"အကောက်တော်မင်း အေဒွပ်သခင်"
"အင်္ဂလိပ်ကုန်သည်ကြီး ဒေါ်ဆင်သခင်"
စသဖြင့် စသဖြင့် ခေါ်ဝေါ်ခဲ့ကြတာဖြစ်တယ်။ ဒီလိုဖြစ်ရပ်တွေကို နှလုံးနာလွန်းလို့ အချုပ်တန်းဆရာဖေက "စာဇင်တောင် ဦးချလို့ ပလူးရ ပြေးကြို့ခါခါ ခွေးသို့ပမာ" လို့ စပ်ဆိုခဲ့တာ ဖြစ်တယ်လို့လည်း ဆရာတိုက်စိုးက ရေးခဲ့ပါသေးတယ်။
ဒီ "ကျွန်စိတ်"အကြောင်း လူငယ်တွေနဲ့ ဆွေးနွေးကြတဲ့အခါ သူတို့က မိဘဆရာသမားများရဲ့ အဆုံးအဖြတ်ကို တောင်းခံတာဟာ ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်တတ်လို့ မဟုတ်ပါဘူး။ ရိုသေလေးစား ဦးထားတဲ့ အနေနဲ့ပါလို့ ပြောကြပါတယ်။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဘ၀ရှေ့ရေးကို ကိုယ့်ဘာသာကိုယ်သာ ရွေးချယ်သင့်တယ်လို့ပဲ ယူဆပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးသင့်ပါတယ်။
ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဆိုတာ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် မှားသွားရင် ဘယ့်နှယ်လုပ်မလဲတဲ့။ ဘယ့်နှယ်မှ မလုပ်ပါနဲ့၊ မှားသွားရင် ခံလိုက်ရုံပေါ့။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာတောင် မှားနေရင် သူများက ကိုယ့်ကြမ္မာကို ဖန်တီးပေးတော့ရော မမှားတော့ဘူးလား။ လူတိုင်း အမှားလုပ်ဖူးပါတယ်။ အမှားလုပ်ဖူးလို့သာ အမှန်ကို သိလာရတာဖြစ်တယ်။ ဘာမှမလုပ်ရင် မမှားဘူး။ ဘာမှလည်း သိလာမှာ မဟုတ်တော့ဘူး။
ဆရာမို့ မမှားဘူး မထင်နဲ့။ မိဘမို့ မမှားဘူး မထင်နဲ့။ သူတို့လူကြီးတွေလည်း မှားတတ်ကြတာပဲ။ သူတို့တောင် မကပါဘူး။ သိဒ္ဓတ္ထတောင် ၆ နှစ် လုံးလုံးကြီး အမှားတွေထဲ မျက်စိလည် လမ်းမှားသွားခဲ့သေးတာပဲ။ မှားမှာကို မကြောက်ပါနဲ့။ မှားတာဟာ အပြစ်မဟုတ်ပါဘူး။ မှားမှန်းသိသိကြီးနဲ့ ထပ်ခါထပ်ခါ လုပ်နေတာကသာ အပြစ်ဖြစ်တယ်။ အမှားတွေထဲက သင်ခန်းစာ ထုတ်ယူနိုင်မှ အမှန်ဆိုတာ သိလာရမှာပါ။ အဲဒါကြောင့် မှားမှာကို မကြောက်နဲ့လို့ ထပ်ပြောချင်ပါတယ်။
ရိုသေလေးစားမှုရှိတာ ကောင်းပါတယ်။ လိုအပ်ပါတယ်။ ဒါပေမယ့်လို့ ရိုသေလေးစားမှုကနေပြီး နှိမ့်ချကျိုးနွံမှုဘက်ကို ရောက်သွားရင်တော့ မကောင်းပါဘူး။ အင်္ဂလိပ်နယ်ချဲ့သမားက မြန်မာတွေကို ဘုရားထူးခိုင်းတာ၊ သူတို့ရှေ့မှာ ဒူးတုပ်ခစားပြီး ရှိခိုးဦးချခိုင်းတာဟာ လူတစ်ယောက်ရဲ့ မာန်စွယ်ကို ချိုးပစ်ပြီး နာမ်နှိမ်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ လူမျိုးတစ်မျိုးလုံးကို "ကျွန်စိတ်" သွင်းလိုက်တာ ဖြစ်တယ်။
ဒီကျွန်စိတ်တွေကို အမြစ်က စနုတ်ပစ်ဖို့အတွက် လူငယ်များက "သခင်"အသင်းဆိုတာ ဖွဲ့စည်းထူထောင်ပြီး "သခင်စိတ်"တွေ ပြန်လည်နိုးကြားလာအောင် ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။ လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၆၀ ပြည့်တော့မယ့် အချိန်ထိ "သခင်စိတ်" ခိုင်ခိုင်မာမာ အမြစ်မတွယ်သေးတာ ရှက်ဖို့ကောင်းလှပါတယ်။
"I am the captain of my ship"
"I am the master of my soul"
"ငါသာလျှင် ငါ့ဘ၀ရဲ့ သခင်"
"ငါသာလျှင် ငါ့ကြမ္မာရဲ့ အရှင်"
ဆိုတဲ့ စိတ်ဓာတ်မျိုး ပြန်လည်နိုးကြားရှင်သန်လာအောင် ၀ိုင်းဝန်းနှိုးဆော်ကြဖို့လိုပြီလို့ ထင်မိပါကြောင်း တင်ပြလိုက်ပါတယ်။
Friday, December 04, 2009
သခင်စိတ်တွေ ပြန်လည်နိုးကြားလာစေဖို့ - လူထုစိန်ဝင်း
Posted by Ko Nyan Posted Time 9:17 PM
Labels Myanmar, စာအုပ်မှတ်စုများ, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment