Wednesday, December 30, 2009

ရွေးကောက်ပွဲနှင့် ပဋိညာဉ်များ - မှူးဇော်


နိုင်ငံသားနှင့် နိုင်ငံရေးသမားအကြားမှ ပဋိညာဉ်များ
၂၀၁၀ သို့ ချဉ်းနင်းဝင်ရောက်မည့် မကြာတော့သည့် အချိန်ကာလအတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပတော့မည်။ နိုင်ငံသားများအနေဖြင့် နိုင်ငံရေးသမားများ၏ အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်မှုများအကြား ရွေးချယ်မှုတစ်ရပ် ပြုလုပ်ကြရပါလိမ့်မည်။ ထိုသို့ ရွေးချယ်ရာတွင် မိမိဘက်၊ မိမိပါတီဘက်သို့ ရောက်ရှိလာစေရန် နည်းဗျူဟာ၊ မဟာဗျူဟာအမျိုးမျိုး ချမှတ်ကျင့်သုံးကြရပါလိမ့်မည်။

နိုင်ငံရေးသမားများသည် လွှတ်တော်အသီးသီးသို့ ခွဲဝေရောက်ရှိသွားမည့်သူများ၊ အစိုးရအဖွဲ့အသီးသီးသို့ ရောက်ရှိသွားမည့်သူများ၊ အတိုက်အခံအဖြစ် ထိန်းကျောင်းရေးကဏ္ဍိုင်ကြီးကို ကိုယ်စားပြုမည့်သူများ၊ အာဏာရပါတီအဖြစ် အဓိကဒေါက်တိုင်ကြီးအဖြစ် ရောက်ရှိသွားမည့်သူများ စသည်အားဖြင့် ဖြစ်နိုင်ခြေ အလားအလာများအရ ပြောင်းလဲရောက်ရှိသွားကြတော့မည် ဖြစ်သည်။ ဤတွင် နိုင်ငံသားများနှင့် နိုင်ငံရေးသမားများအကြား ဆက်နွှယ်ပတ်သက်မှု၊ ဆက်ဆံရေးကို မမြင်ရသော ပဋိညာဉ်များနှင့် မြင်ရသော ပဋိညာဉ်များဖြင့် စည်းနှောင်ထားကြသည်ကို တွေ့ရှိနိုင်သည်။

ပဋိညာဉ်ငါးပါး
မိမိတို့ကို ရွေးချယ်လိုက်သော မိမိတို့ ကိုယ်စားပြုသော ပြည်သူပြည်သား၊ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို စွမ်းအားကုန်မြှင့်တင်ပေးရမည့် တာဝန်သည် အဆိုပါပုဂ္ဂိုလ်များအားလုံး၏ ပခုံးထက်တွင် ရှိနေရပါမည်။ ဤအချက်သည်ပင် ပထမဦးဆုံးသော ပဋိညာဉ်ကြီးဖြစ်သည်။ စာချုပ်စာတမ်း၊ အထောက်အထားများဖြင့် လက်မှတ်ရေးထိုး ချုပ်ဆိုထားခြင်း မဟုတ်သော်လည်း မည်သို့မျှ လွဲချော်၍ မရနိုင်သည့် ပဋိညာဉ်ကြီးဖြစ်သည်။ လူထုအကျိုးကိုသာ ရှေးရှုရမည်၊ ပါတီအကျိုး၊ ပုဂ္ဂိုလ်ရေးအကျိုးကို ရှေးရှုခြင်းမပြုရ။ ဤသည်ပင် ခေတ်အဆက်ဆက် ထားရှိအပ်သော ပဋိညာဉ်ပင်ဖြစ်သည်။ အတိတ်ကာလ၊ မျက်မှောက်ကာလတွင် ရှိရှိသမျှသော နိုင်ငံများအားလုံးကိုကြည့်လျှင် မည်သည့်အစိုးရမဆို အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားကြသည်သာ ဖြစ်သည်။ နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးမျက်နှာစာကို လေ့လာကြည့်လျှင်လည်း အမျိုးသားအကျိုးစီးပွားသည်သာ အန္တိမရည်မှန်းချက်ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။

နိုင်ငံသားများ မှီတင်းနေထိုင်ရာ နယ်မြေအကျယ်အ၀န်းနှင့် နိုင်ငံသားများကို ကိုယ်စားပြုသည့် နိုင်ငံတော်အတွက် နိုင်ငံရေးသမားများ အလေးအနက်ခံယူထားရမည့် ဒုတိယပဋိညာဉ်မှာ အမျိုးသားရေးစိတ်ဓာတ်ပင်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံထောင့်စုံတွင် တတ်နိုင်ရာကဏ္ဍအသီးသီးမှ ဖော်ဆောင်ကြရသူများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အမျိုးသားရေးစိတ်ဓာတ် ပြင်းပြင်းထန်ထန် ထက်သန်နေကြဖို့ လိုပါလိမ့်မည်။ နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားပြည်သူများ အားလုံး၏ အချင်းချင်းကြားတွင် ဤပဋိညာဉ်ကြီး ရှိနေသလို နိုင်ငံရေးသမားများနှင့် ပြည်သူလူထု၏ ဆက်ဆံရေးတွင် ဤပဋိညာဉ်ကြီး ရှိနေမည်ဖြစ်သည်။

နိုင်ငံသားများနှင့် နိုင်ငံရေးသမားများအကြား လိုက်နာဆောင်ရွက်ကြရမည့် တရားဥပဒေအရ စည်းနှောင်မှုရှိသော အဓိကပဋိညာဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပင်ဖြစ်သည်။ ဤပြဋ္ဌာန်းချက်များကို မည်သူကမျှ ကျော်လွန်၍မရ၊ လျစ်လျူရှု၍ မရ။ အနာဂတ်နိုင်ငံတော်ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားခြင်းဖြစ်ရာ ၎င်းပြဋ္ဌာန်းထားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်သာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသားအားလုံးနှင့် အစိုးရ၊ နိုင်ငံရေးပါတီများအားလုံး လိုက်နာဆောင်ရွက်ကြရမည့် တတိယပဋိညာဉ်ကြီးဖြစ်သည်။

ဖြစ်ပေါ်လာမည့် ပဋိညာဉ်များတွင် နိုင်ငံရေးသမားများ ရွေးကောက်ပွဲဝင်ရာတွင် မည်သည်တို့ကို လုပ်ဆောင်မည်၊ မည်သည့်ကဏ္ဍကို မည်သို့ဖြစ်လာအောင် ကြိုးပမ်းမည်၊ မည်သို့ရည်မှန်းချက်ထား၍ ဆောင်ရွက်မည် စသည်အားဖြင့် အမျိုးမျိုးအဖုံဖုံ ပြုလာကြမည့် ကတိက၀တ်များ ပါဝင်နေသည်။ နိုင်ငံရေးသမားများသည် မည်သူ့ကိုမျှ ကတိက၀တ်ပြုသည်မဟုတ်၊ မဲဆန္ဒရှင်ပြည်သူများကို ကတိက၀တ်ပြုကြရခြင်းပင် ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးသမားများကိုယ်တိုင် တရားဝင်ထုတ်ဖော်ကြေညာ ကတိပြုကြသော ပဋိညာဉ်သာဖြစ်သည်။ တစ်နည်းဆိုရလျှင် ပြည်သူလူထုနှင့် စာချုပ်ချုပ်ဆိုခြင်းပင် ဖြစ်သည်။ ၎င်းနိုင်ငံရေးသမားများ ကမ်းလှမ်းလာသော ကတိက၀တ်များကိုကြည့်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်၏ အခွင့်အလမ်း၊ အကျိုးစီးပွား၊ တစ်ဆင့်တက်သော် မိမိ မိသားစု၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ မိမိတိုင်းဒေသကြီး/ပြည်နယ်၊ မိမိနိုင်ငံတော်အတွက် အသင့်လျော်ဆုံးဟု ယူဆထားသော ကတိက၀တ်ပြုသူများကို ရွေးချယ်ဆုံးဖြတ်ကာ မဲပေးခြင်းပြုကြမည်ဖြစ်သည်။ နိုင်ငံရေးသမားများအနေဖြင့်လည်း ရွေးကောက်ပွဲအကြိုကာလတွင် မိမိတို့ပြောကြားထားသည့် ကတိက၀တ်များအတိုင်း ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်သာ ဖြစ်သည်။ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၏ ကတိက၀တ်သည် စတုတ္ထပဋိညာဉ်ပင်ဖြစ်သည်။

နောက်ဆုံးသော ပဉ္စမမြောက် ပဋိညာဉ်မှာ Social Contract ဟုခေါ်သော လူမှုပဋိညာဉ်ပင်ဖြစ်သည်။ ဤပဋိညာဉ်မှာ အကောင်အထည်ဖြင့် မြင်တွေ့၍မရနိုင်သော ပဋိညာဉ်ဖြစ်သည်။ လူ့အဖွဲ့အစည်းများ၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ တွေးခေါ်ဆင်ခြင်မှု စသည်တို့အပေါ် မူတည်၍ လူမှုပဋိညာဉ်သည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ထပ်တူထပ်မျှ တူညီနိုင်မည်မဟုတ်ပါ။ နိုင်ငံရေးပါတီများနှင့် နိုင်ငံသားများအကြား ထားရှိအပ်သော လူမှုပဋိညာဉ်နှင့် အစိုးရနှင့် နိုင်ငံသားများအကြား ထားရှိအပ်သော လူမှုပဋိညာဉ်များသည်လည်း တသီးတခြားကွဲပြားနေမည်ဖြစ်သည်။ အာရှနိုင်ငံများ၏ လူမှုပဋိညာဉ်နှင့် အနောက်နိုင်ငံများ၏ လူမှုပဋိညာဉ်သည်လည်း တူညီနိုင်မည်မဟုတ်ပါ။ လူမှုပဋိညာဉ်သည် စေ့စေ့တွေးလျှင် ရေးရေးပေါ်ဆိုသလို များစွာကျယ်ပြန့်နက်ရှိုင်းနေသည်ကို တွေ့နိုင်သည်။

လူမှုပဋိညာဉ်
ပြည်သူလူထုကြားမှ ပေါက်ဖွားလာသော အစိုးရ၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော အစိုးရ၊ ပြည်သူလူထုအတွက် ဦးဆောင်မှုပြုရမည့်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူလူထုကို အလုပ်အကျွေးပြုရန် တာဝန်ရှိသည်။ ပြည်သူလူထုအတွက် အစွမ်းကုန်ဆောင်ရွက်ပေးရမည်။ တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးရမည်။ ဤသည်ပင် အစိုးရနှင့် နိုင်ငံသားများအကြား ထားရှိအပ်သော လူမှုပဋိညာဉ်ပင်ဖြစ်သည်။

အလားတူပင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများသည်လည်း မိမိတို့အာဏာရရှိရေး၊ မိမိတို့ပါတီ အာဏာရရှိရေးအတွက် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို ပျက်ပြားအောင် ဆောင်ရွက်ခြင်းမပြုရ။ အတိုက်အခံအဖြစ် ရပ်တည်နေစေကာမူ ပြည်သူလူထုအကျိုးစီးပွားကို ရှေ့တန်းတင်ရမည်။ အာဏာရပါတီ၏ အမှားအယွင်းများကို ထောက်ပြခြင်း၊ ဆန့်ကျင်ခြင်း။ ကန့်ကွက်ရှုတ်ချခြင်း ပြုနိုင်သည်မှန်သော်လည်း မိမိတို့ပါတီ ကောင်းစားရေးအလို့ငှာ ပြည်သူလူထုအကျိုး နစ်နာဆုတ်ယုတ်စေသော လုပ်ဆောင်ချက်များကို သတိကြီးကြီးဖြင့် ဆင်ခြင်ဆောင်ရွက်ရန် လိုအပ်သည်။ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်သော ကိစ္စရပ်များကို မိမိတို့အကျိုးစီးပွားအတွက် အလဟဿအချည်းနှီး မဖြစ်စေရ။ ဤသည်ပင် နိုင်ငံရေးသမားများနှင့် နိုင်ငံသားများအကြား ထားရှိအပ်သော လူမှုပဋိညာဉ်ပင်ဖြစ်သည်။

အလားတူပင် နိုင်ငံရေးသမားအချင်းချင်း အပြင်းအထန်ဝါဒဖြန့်ချိကြရာ၌ တိုက်ခိုက်ထိုးနှက်ကြသည်များ ရှိတတ်သည်မှန်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး ထိခိုက်နစ်နာစေသော၊ ဂုဏ်သိက္ခာညစ်နွမ်းစေသော လုပ်ဆောင်ချက်များကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားဆုတ်ယုတ်စေနိုင်သည့် လုပ်ဆောင်ချက်မှန်သမျှကို ရှောင်ကြဉ်ကြဖို့လိုသည်။ ဤသည်ပင် နိုင်ငံရေးသမားများ အချင်းချင်း ဆက်ဆံရာတွင် ထားရှိအပ်သော လူမှုပဋိညာဉ်ပင်ဖြစ်သည်။

မိမိတို့နိုင်ငံ၏ လူမှုပဋိညာဉ်ကို မိမိတို့နိုင်ငံသားများကသာ နားလည်နိုင်ပါလိမ့်မည်။ မိမိတို့နိုင်ငံ၏ ကာလရှည်ကြာ ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းအစဉ်အလာ ယဉ်ကျေးမှုများအရသာ သတ်မှတ်နိုင်ပါလိမ့်မည်။ အိုင်ဒီယိုလိုဂျီများ၊ သဘောတရားများ၊ ပုံတူကူးအတွေးအခေါ်များဖြင့် အထက်ဖော်ပြပါ လူမှုပဋိညာဉ်များကို ပျက်ပြားအောင် ဆောင်ရွက်ခြင်းသည် နိုင်ငံသားနှင့် နိုင်ငံရေးသမားများအကြား ထားရှိအပ်သော ပဋိညာဉ်ကို ချိုးဖောက်သူများ ဖြစ်လာပါလိမ့်မည်။

သုံးသပ်
မျက်မှောက်ကာလအခြေအနေများအရ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများကို အမှီလိုက်နိုင်ရန်၊ ကျော်ဖြတ်နိုင်ရန်မှာ ၎င်းတို့ခြေတစ်လှမ်းလှမ်းလျှင် မိမိတို့အနေဖြင့် ခြေလှမ်းများစွာ လှမ်းရမည်၊ ပုံမှန်လမ်းလျှောက်ရုံသာမက အပြေးတစ်ပိုင်းဖြင့် ရုန်းကန်ရမည့်သဘော ရှိနေပါသည်။ ရွေးကောက်ပွဲများသို့ ၀င်လာလတ္တံ့သော နိုင်ငံရေးသမားများ သတိပြုလေ့လာ သုံးသပ်ကြည့်လျှင် ၂၀၁၀ အလွန် နိုင်ငံတော်သစ်၏ အလားအလာသည် မျက်မှောက်ကာလ ရှိထားနှင့်ပြီးဖြစ်သော ပြည်တွင်း၊ ပြည်ပ အခင်းအကျင်းများအရ လွန်စွာကောင်းမွန်နေသည်ကို တွေ့ရှိနိုင်ပါလိမ့်မည်။ နိုင်ငံတကာ ပထ၀ီနိုင်ငံရေးဗဟိုချက် အရွေ့နှင့် နိုင်ငံတကာဘဏ္ဍာရေးအကျပ်အတည်းမှ ရုန်းထလွတ်မြောက်နိုင်မှု၊ အနာဂတ်အလားအလာများအရ ၂၀၁၀ အလွန်တွင် ဖြစ်ပေါ်လာမည့် မိမိတို့နိုင်ငံတော်၏ အခင်းအကျင်းသစ်သည် မျက်မှောက်ကာလ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိပြီး စိန်ခေါ်မှုများတွင် တစ်ပါတည်းတွဲလျက် ပါရှိနေသော အခွင့်အလမ်းများအားလုံးကို ရယူကာ အရှိန်အဟုန်ဖြင့် ထွန်းသစ်ပေါ်ထွန်းလာနိုင်ရန် အရေးကြီးသည်။

၂၀၁၀ အလွန်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော နိုင်ငံတော်၏ မဏ္ဍိုင်ကြီးများ ပြောင်းလဲသွားမည့် အပြောင်းအလဲကို နိုင်ငံတကာနိုင်ငံရေး၊ စီးပွားရေးပါဝါချိန်ခွင့်လျှာအရွေ့များ၊ မဟာဗျူဟာ ပထ၀ီနိုင်ငံရေးအရွေ့များ၊ အနာဂတ်အလားအလာအရွေ့များနှင့် ဟန်ချက်ညီ ထိန်းကျောင်းဆောင်ရွက်သွားနိုင်လျှင် အမြော်အမြင်ရှိရှိ ချိန်ဆကြိုးပမ်းဆောင်ရွက်သွားနိုင်လျှင် ဒေသတွင်းနှင့် နိုင်ငံတကာနိုင်ငံရေး၊ စီးပွားရေး မျက်နှာစာရှိ မိမိတို့နိုင်ငံ၏ ထိုက်တန်သောနေရာမှန်ကို အလျင်အမြန်  ရရှိလာမည်မှာ သေချာပေါက်ပင်ဖြစ်သည်။ သို့သော် ဆိုခဲ့ပါ ပဋိညာဉ်များကိုတော့ မမေ့မလျော့သော သတိတရားဖ်ြင့ ဦးထိပ်ထားကြရန်၊ မချိုးဖောက်မိရန် လိုပါလိမ့်မည်။

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၅၁ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics