ယူနီဗာဆယ်တွေ
စာရေးသူက မြန်မာ့အနာဂတ်နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့သည် ဆီလျော်အပ်စပ်မှု ရှိလိမ့်မည်မဟုတ်ဟု ရေးသားတင်ပြခဲ့ရာ ဝေဖန်ချက်တွေပေါ်သည်။ နိုင်ငံရေးတွေးခေါ်မှုနှင့် လုပ်ငန်းစဉ်တွင် အခြေခံအားဖြင့် နှစ်မျိုးရှိသည်။ ပထမတွေးခေါ်မှုသည် လောကအလုံးစုံအကျုံးဝင်သော ယူနီဗာဆယ်တရား၊ ခေတ်ပြောင်းတော်လှန်ရေးတရား၊ ဧရာမစူပါတရားကြီးနှင့် အခြေခံဝါဒီတရားတို့ကို အခြေခံသော တွေးခေါ်မှုနှင့် လုပ်ငန်းစဉ်တို့ဖြစ်သည်။
၂၀ ရာစုနှင့် ၂၁ ရာစုတွင် ဤဧရာမယူနီဗာဆယ်တရားကြီးတို့ကို လက်တွေ့စမ်းသပ်ကြည့်ခဲ့ကြသည်။ ဖက်ဆစ်ဝါဒ၊ ဆိုရှယ်လစ်စနစ်နှင့် အိုင်ဒီအိုလိုဂျီတို့ကို စမ်းသပ်ခဲ့ရာ အရေးနိမ့်သွားခဲ့သည်။ မြန်မာနိုင်ငံကလည်း ကိုယ်တွေ့ အတွေ့အကြုံရလိုက်သည်။ နောက်ထပ်လဲ ယူနီဗာဆယ်အိုင်ဒီအိုလိုဂျီကြီးတွေ ထပ်ပေါ်နိုင်စရာ အကြောင်းမရှိတော့သဖြင့် ပညာရှင်တို့က ယနေ့ခေတ်ကို အိုင်ဒီအိုလိုဂျီလွန်ခေတ် Post-Ideological Era ဟု အကဲဖြတ်လာကြသည်။ ကွန်မြူနစ်ပါတီ၏ အရေးနိမ့်မှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အရေးနိမ့်မှုတို့သည် ဆိုရှယ်လစ်အိုင်ဒီအိုလိုဂျီ အရေးနိမ့်မှုကို ပြဆိုသည်။
ငါးပါး
ထို့ကြောင့် မြန်မာနိုင်ငံ၌ အိုင်ဒီအိုလိုဂျီက ခပ်စောစောကပင် နိဂုံးချုပ်ခဲ့ပြီဖြစ်သည်။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဆိုရှယ်လစ်ဝါဒကို အိုင်ဒီအိုလိုဂျီကြီးဖြင့် လှုပ်ရှားလိုလျှင် ရူးလို့သာဖြစ်မည်။ ခါးသီးသောအတွေ့အကြုံကို မြန်မာ့လူ့အဖွဲ့အစည်းက ရထားပြီးဖြစ်သဖြင့် အိုင်ဒီအိုလိုဂျီအခြေခံ နိုင်ငံရေးသည် မဆီလျော်တော့ဟု ယူဆမိသည်။ အိုင်ဒီအိုလိုဂျီဆိုသည်မှာ ယူနီဗာဆယ်တရား၊ ခေတ်နှင့် စနစ်တို့ကိုပြောင်းရန် နှိုးဆော်သော ၀ါဒသဘောတရားတို့ကို ဆိုလိုသည်။ အိုင်ဒီယာတို့ကို မဆိုလိုပေ။ အိုင်ဒီယာတို့ထဲမှ အိုင်ဒီအိုလိုဂျီအဆင့်ရောက်ရန် ခဲယဉ်းသည်။
ယခု လက်ကျန်အိုင်ဒီအိုလိုဂျီ လေးပါးရှိသည်။ လစ်ဘရယ်၊ ကွန်ဆာဗေးတစ်၊ ဆိုရှယ်ဒီမိုကရေစီနှင့် အမျိုးသားရေးဝါဒတို့ ဖြစ်သည်။ လက်တွေ့အခြေပြုဝါဒ Pragmatism ကို အိုင်ဒီအိုလိုဂျီအဖြစ် စဉ်းစားလျှင် ငါးပါးဖြစ်သွားမည်။
နယ်နိမိတ်ဖရိုဖရဲ
ဤနေရာ၌ အလျဉ်းသင့်၍ အကြံပေးစကားတစ်ရပ်ကို တင်ပြလိုသည်။ သိကြသည့်အတိုင်း ခေတ်သည် ပညာခေတ်ဖြစ်သည်။ အိုင်ဒီယာမျိုးစုံ ထွန်းကားသောခေတ်ဖြစ်၍ ခေတ်ကြီးသည် အလွန်လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည်။ ထို့ကြောင့် လူတိုင်းသည် လက်ငုတ်အယူအဆတို့ဖြင့် မိန်းမောနေရန် မဟုတ်ပြီ။ မိမိသိထားသော လက်ငုတ်အယူအဆနှင့် အိုင်ဒီယာတို့ဖြင့် လုံလောက်ပြီဟု မယူဆအပ်ပြီ။ မော်ဒန်-ပို့စ်မော်ဒန် အယူအဆနှင့် အတွေးအခေါ်တို့နှင့်လည်း ယဉ်းပါးနေရန် ကြိုးစားသင့်သည်။ အလွန်လျင်မြန်စွာ တိုးတက်လာနေသောခေတ်တွင် တစ်ခါကရှိထားသည့် လက်ငုတ်အတွေးအခေါ်ဟောင်းတို့ဖြင့် အရာရာကို ရှုမြင်သုံးသပ်နေလျှင် မိမိ ကျောက်ခေတ်ထဲ ကျန်ရစ်နေပုံကိုသာပြမည်။ ဖြစ်ရပ်နှင့် အိုင်ဒီယာတို့သည် လောကနှင့် ဘ၀တို့၏ နယ်နိမိတ်တို့ကို ကစဥ့်ကလျား ဖရိုဖရဲဖြစ်အောင် ပြုမူနေသောအခါ၌ မိမိ၏ လက်ငုတ်အယူအဆတို့သည် ဆီလျော်စရာ ရှိအံ့မထင်။
ဝါဒနှင့်ဘဝ
ခေတ်၏ လက္ခဏာတို့သည် ပြောင်းလဲနေသည်။ တစ်ကြိမ်တစ်ခါက အိုင်ဒီအိုလိုဂျီနှင့် ဟီးရိုးတို့က အရာရာကို ပုံလောင်းခဲ့သော်လည်း ယခု ဤသို့မဟုတ်ပြီ။ လောကအလုံးစုံ အကျုံးဝင်သည်ဟုဆိုသော မူကြီးတွေ၊ တရားကြီးတွေ ယိုင်လဲနေသည့် ဟီးရိုးခေတ်မှိန်သွားပြီ။ လူတို့၏ နိစ္စဓူဝဘ၀၊ ထိုဘ၀ကို ပြောပြသော ဒေသပုံပြင်တို့က ပိုပြီးအရေးပါအရာရောက်လာသည်။ ယူနီဗာဆယ်တန်ဖိုး၊ ခေတ်ပြောင်းတော်လှန်ရေးအကြောင်းတို့ထက် လူထုကို ဘာပေးနိုင်သလဲ What You Deliver အကြောင်းက အခရာကျလာသည်။ ၀ါဒထက် ဘ၀က ပို၍ အရေးကြီးသည်။
ထိုသို့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာသဖြင့် ပညာတတ်တို့သည် လက်ငုတ်အိုင်ဒီယာတို့ဖြင့် ကမ္ဘာကြီးကို ရှုမြင်လို့မရပြီ။ ခေတ်သစ်အတွေးအခေါ်တို့ဖြင့် ကမ္ဘာကြီးကို ကြည့်သင့်ပြီ။ မြင်သင့်ပြီ။ ယူနီဗာဆယ်တရားကြီးတို့၊ စူပါတော်လှန်ရေးတရားတို့၏ သြဇာတန်ခိုး မှိန်လာသည်ကို သတိချပ်အပ်သည်။ သူ့အရပ်နှင့်သူ့ဇာတ်ကို ခံစားတတ်ရန် လိုသည်။
Thursday, December 24, 2009
လက်ငုတ်ဖြင့် မလုံလောက်ပြီ - မောင်စူးစမ်း
အညွှန်း - Post-Modernism
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၅၀ နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 3:59 PM
Labels 2010, Political, စာအုပ်မှတ်စုများ, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment