Wednesday, December 23, 2009

ကျွန်တော်တွေးမိသလို ပြောဆိုပါမည် - ကိုဉာဏ် (ပန်းလောင်မြေ)


အတွေး(၁)
အခုတလော ဂျာနယ်၊ မဂ္ဂဇင်းအတော်များများမှာ ဖတ်ရတာကတော့ ကျန်းမာရေးနဲ့ဆိုင်တဲ့ ဆောင်းပါးတွေ၊ ကာတွန်းတွေ၊ အင်တာဗျူးတွေ ဖြစ်ပါတယ်။ ပိုပြီး တိကျအောင်ပြောရရင် ဆရာဝန်ကျင့်ဝတ်၊ ဆေးကုခန်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပါ။ ဘယ်လိုပဲ ပုံဖော်ပုံဖော် အားလုံးသောသူတွေရဲ့ ပစ်မှတ်က ဆရာဝန်တွေ ငွေမက်တာ၊ ဆေးကုခန်းကြီးတွေ ငွေမျက်နှာတစ်ခုတည်းကြည့်တာ၊ ၀န်ဆောင်မှုမကောင်းတာ၊ ဆရာဝန်ကျင့်ဝတ်ကို မလိုက်နာတာတွေပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အထူးကုဆေးခန်းကြီးတစ်ခုမှာ လူနာကျောင်းသူလေးတစ်ဦး မတော်တဆသေဆုံးခဲ့ရမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေဆိုပါတော့။ အဲဒီကျောင်းသူလေးခမြာလည်း သေတဲ့အထိ စာနယ်ဇင်းတွေကို လုပ်ကျွေးသွားတယ်လို့တောင် ဆိုရမလိုပါပဲ။ သေတဲ့လူက ဘယ်ဘ၀ရောက်နေသလဲမသိဘူး။ အခုအချိန်အထိ သူနဲ့ပတ်သက်တဲ့ သတင်းတွေက ရေးလို့မကုန်သေး၊ ပြောလို့ မ၀ကြသေးဘူး။

ကျွန်တော့်အမြင်ကတော့ ဒီကျောင်းသူကိစ္စဟာ ခေါင်းစဉ်အတပ်ခံရတာပါ။ နဂိုကတည်းက ပြောချင်နေကြတဲ့သူတွေကို ငိုချင်လျက် လက်တို့ ဖြစ်သွားစေခဲ့တာပါ။ အရင်ကတည်းက ပြောကြပါလားဗျာ။ ပြုပြင်ကြပါလားဗျာ။ အခုကျမှ ဆရာဝန်ကျင့်ဝတ်က ဘယ်လိုရှိတယ်တို့၊ ဘယ်နေရာတွေမှာ အားနည်းလို့တို့၊ ဘယ်လိုကတော့ မဖြစ်သင့်ဘူးတို့ အင်း… ပြောရင်လည်း ၀ိုင်းဝန်းမေတ္တာပို့သကြဦးမယ်။ တာဝန်ရှိလို့ပါ ဘာညာတွေ လုပ်မနေစမ်းပါနဲ့ဗျာ။ စာဖတ်တဲ့လူတွေကသာ ဒီသတင်းကို စိတ်မ၀င်စားဘူးဆိုရင် ဘယ်သူမှ ရေးကြမှာမဟုတ်ဘူး။ အဲဒါသေချာတယ်။ အခုအချိန်မှာများ နာမည်ကြီး မင်းသားတစ်ဦးဦးဖြစ်ဖြစ်၊ နာမည်ကြီး မင်းသမီးတစ်ဦးဦးဖြစ်ဖြစ် ဟိုးလေးတကြော်ကြော် ကိစ္စတစ်ခုလောက် ဖြစ်စမ်းစေချင်တယ်။ ဘာမှ ဗေဒင်မေးမနေနဲ့။ သေချာပေါက်ပြောလို့ရတာက အဲဒီကိစ္စကိုပဲ ၀ိုင်းပြီးတော့ တင်ပြပုံမျိုးစုံ၊ တွေ့ဆုံခန်းမျိုးစုံ၊ ထင်မြင်ချက်မျိုးစုံနဲ့ ရေးပြကြပါလိမ့်မယ်။ စောစောက အထူးကုဆေးခန်းကိစ္စကို ဘယ်သူကမှ စိတ်ဝင်စားကြတော့မှာ မဟုတ်ဘူး။ တချို့ကိစ္စတွေမှာ စာဖတ်သူတွေရဲ့ အမြင်နဲ့ အရာအားလုံးကို မကြည့်ဖို့လိုပါတယ်။ မီဒီယာသမားတွေရဲ့ အမြင်က ကျွန်တော်တို့စာဖတ်သူတွေနဲ့ မတူလို့ပါ။ သူတို့က အလုပ်လုပ်နေကြတာပါ။

 ထားပါတော့… အဓိကပြောချင်တာက အခုတလော ပါလာသမျှ ကာတွန်း၊ ဆောင်းပါး၊ ဟာသ အများစုဟာ ဆရာဝန်တွေ၊ ဆေးကုခန်းတွေကို ထေ့ငေါ့တာတွေ များပါတယ်။ အပေါ်မှာပြောခဲ့သလို ပိုက်ဆံတစ်ခုတည်းကြည့်တယ် ဘာညာပေါ့ဗျာ။ သေချာပေါက်ပြောနိုင်တာကတော့ ဆရာဝန်အများစုဟာ အဲဒါနဲ့ပတ်သက်ပြီး ကျေနပ်ကြမယ်မဟုတ်ဘူးဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ဘာသာသူဖြစ်သွားတဲ့ အထူးကုဆေးခန်းကိစ္စနဲ့ပတ်သက်ပြီး ရှိသမျှဆရာဝန်အားလုံးကို ၀ါးလုံးရှည်ကြီးနဲ့ သိမ်းပြီးရမ်းနေသလို ဖြစ်နေလို့ပါ။ ပြောချင်တယ်ဆိုရင် ဘယ်ဆရာဝန်ကြီးကဘယ်လိုပါ၊ ဘယ်ဆေးခန်းကတော့ ဘယ်လိုပါဆိုပြီး ရေးသင့်ပါတယ်။ အခုလိုမျိုး အားလုံးကိုသိမ်းပြီးယမ်းတာကိုတော့ ကျွန်တော်လည်း သဘောမကျပါ။

စာနယ်ဇင်းသမားတိုင်း ကောင်းပါသလား။ တရားသူကြီးတိုင်း ဖြောင့်မတ်မှန်ကန်ပါရဲ့လား။ ကျောင်းဆရာတိုင်း လေးစားထိုက်ပါသလား။ သင်္ကန်းဝတ်ထားသူတိုင်း သီလသမာဓိသိက္ခာနဲ့ ပြည့်စုံပါသလား။ ယာဉ်မောင်းတိုင်း စည်းကမ်းလိုက်နာကြပါသလား။ မင်းသားမင်းသမီးတိုင်းရော ပရိသတ်တွေအတွက် စံပြဖြစ်ကြပါသလား။ ကျောင်းသူကျောင်းသားတိုင်းရော ကြိုးစားအားထုတ်ကြပါသလား။ မိဘတိုင်းရော သားသမီးတွေအတွက် စံပြဖြစ်ကြပါသလား။ စာဖတ်သူ သင်ကိုယ်တိုင်ရော အမြဲတမ်းမှန်မှန်ကန်ကန် နေထိုင်ပါရဲ့လား၊ အပြစ်လွတ်အောင် လုပ်ကိုင်ဆောင်ရွက်ပါသလား၊ အခြားလူတွေအတွက် စံပြဖြစ်ပါရဲ့လား။ ဒီမေးခွန်းလေးတွေကို ဖြေကြည့်စေချင်ပါတယ်။ ကျွန်တော်ကတော့ အလုံးစုံပြည့်စုံကောင်းမွန်သူမဟုတ်ကြောင်း ၀န်ခံပါသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ကျွန်တော်မကောင်းလျှင် ကျွန်တော်မကောင်းကြောင်းပြောပါ။ ကျွန်တော်၏ အမှားတစ်ခုအတွက် မဆီမဆိုင် "အဲဒီကောင်တွေက အမျိုးကိုမကောင်းတာတို့၊ ဒီကောင်က ဒီရပ်ကွက်ကပဲကွာ ဒီလိုပဲရှိမှာပေါ့တို့၊ ဒီကျောင်းကထွက်မှတော့ ဒီပုံစံပဲပေါ့တို့" မလုပ်ကြစေချင်ပါ။ ကျွန်တော်၏အမှားအတွက် ကျွန်တော့်တွင်သာ တာဝန်ရှိပါသည်။ ထို့အတွက် ပြောလိုလျှင် ကျွန်တော့်ကိုသာ ပြောပါ။ ကျွန်တော်က ရှေ့နေဖြစ်နေ၍ ရှေ့နေတွေမကောင်းဘူးဟု မပြောပါနှင့်။ ကျွန်တော်က ကျောင်းဆရာဖြစ်နေ၍ ကျောင်းဆရာဆိုတဲ့လူတွေက ဒါမျိုးချည်းပဲဟု မဆိုပါနှင့်။ ကျွန်တော်က စစ်သားဖြစ်နေ၍ စစ်တပ်ကကောင်တွေက ဒီလိုပါပဲဟု လက်ညှိုးမထိုးပါနှင့်။ ကျွန်တော်က ဆရာဝန်ဖြစ်နေ၍ ဆရာဝန်တွေက ဒါမျိုးချည်းပါပဲကွာဟု မေးမငေါ့ပါနှင့်။ တဲ့တဲ့ပြောရလျှင် ၀ါးလုံးရှည်နှင့် သိမ်း၍မရမ်းပါနှင့်ဟု ပြောလိုခြင်း ဖြစ်ပါသည်။

နေရာတိုင်းတွင် အကောင်းနှင့်အဆိုးသည် ဒွန်တွဲ၍ ရှိနေမည်ဖြစ်ပါသည်။ တစ်နေ့တာကာလသည် နေ့တာနှင့် ညတာဟူ၍ အလင်းနှင့်အမှောင် နှစ်မျိုးဖြစ်ပါသည်။ အသပြာဆရာဝန်တွေရှိသလို စေတနာဆရာဝန်တွေလည်း ရှိကြပါသည်။ ငွေမျက်နှာတစ်ခုတည်းကြည့်သော ရှေ့နေတွေရှိသလို အမှန်တရားအတွက် အသက်စွန့်ဝံ့သူတွေလည်း ရှိကြပါလိမ့်မည်။ လာဘ်စားသော တရားသူကြီးရှိသလို တရားဥပဒေကို အသက်နှင့်ထပ်တူ တန်ဖိုးထား ဦးထိပ်ပန်ဆင်သူလည်း ရှိပါလိမ့်မည်။ ကြော်ငြာရှင်စပွန်စာများ၏ မျက်နှာကိုကြည့်၍ ရေးသားလုပ်ဆောင်ပေးသော မီဒီယာများရှိသလို စတုတ္ထမဏ္ဍိုင် ပီပီသသဖြင့် စာဖတ်သူပြည်သူများ၏ မျက်နှာတစ်ခုတည်းကိုသာကြည့်သော မီဒီယာများလည်း ရှိပါလိမ့်မည်။ နှစ်လုံးတွက်လိုက်၊ ဗေဒင်ဟောလိုက်လုပ်နေသော သင်္ကန်းဝတ်များရှိနိုင်သလို စာသင်စာချ၊ တရားအားထုတ်၊ တရားဟော၊ တရားပြလုပ်နေသော သံဃာတော်များလည်း ရှိကြပါသည်။ ထိုကဲ့သို့ ရှိနေကြသူများကို မချီးကျူးနိုင်လျှင်သော်မှ စောစောကပြောခဲ့သလို ၀ါးလုံးရှည်နှင့် သိမ်းယမ်းပြီး မစော်ကားမိကြဖို့တော့ သတိပေးလိုပါသည်။

အတွေး(၂)
တစ်နေ့ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တို့တစ်သိုက် စကားပြောနေတုန်း သူငယ်ချင်းတစ်ယောက် ရောက်လာတယ်။ သူ့အကြောင်းကိုသိနေတော့ သူဆိုင်ထဲကို ၀င်လာပြီဆိုတာနဲ့ အားလုံးက နှာခေါင်းရှုံ့လိုက်ကြတယ်။ ဒါပေမယ့် မသိလိုက်မသိဘာသာပဲ နေလိုက်ကြတယ်။ သူက လက်ဖက်ရည်မှာ၊ ဆေးလိပ်မှာပြီးတဲ့နောက် ကျွန်တော်တို့ စကားဝိုင်းမှာ ၀င်ဖော၊ အဲ… ၀င်ပြောတော့တာပါပဲ။ ကျွန်တော်တို့ ဘာတွေပြောနေသလဲဆိုတာကို သူသေချာ သိတာလည်း မဟုတ်ပါဘဲ သူကြားတဲ့စကားလုံးလေးလောက်နဲ့ ၀င်ပြောတော့တာပါပဲ။ အားလုံးကလည်း ဘာမှမပြောချင်တဲ့အတွက် လွှတ်ပေးထားလိုက်တာပေါ့။ သူဖတ်ထားတဲ့ ဂျာနယ်ကုန်ရင် ရပ်သွားလိမ့်မယ်ဆိုပြီးပေါ့။ အားကစားကိစ္စကနေ စပြောလိုက်တာ ကုန်ဈေးနှုန်းအကြောင်း၊ ဆိုင်ကယ်လိုင်စင်အကြောင်း၊ အင်တာနက်အကြောင်း၊ ကြက်သွန်နီအကြောင်း တကယ့်ကို အစုံပါပဲ။

ပြောရင်းပြောရင်းနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းကို ရောက်သွားပါတယ်။ ရာသီဥတုဖောက်ပြန်မှု အခံရဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်ပြီးရင် ဒုတိယလိုက်ကြောင်း၊ အခုလို ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံရတာဟာ တရားမျှတမှုမရှိကြောင်း၊ ကိုယ်တွေနိုင်ငံတွေက ဘာစက်ရုံကြီးတွေမှလည်း သိပ်ရှိတာမဟုတ်ဘူး၊ ပိုက်ဆံချမ်းသာတဲ့ နိုင်ငံကြီးတွေက ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ အဆမတန် လွှတ်ထုတ်ကြတဲ့အတွက်ဖြစ်ကြောင်း မကျေမနပ်နဲ့ အာပေါင်အာရင်းသန်သန် ပြောတော့တာပါပဲ။

သူ့လက်ထဲက သောက်နေတဲ့ဆေးလိပ်ကြောင့် ကျွန်တော်တို့ဝိုင်းကလူတွေ ဒုက္ခရောက်နေတာကိုတော့ သူဂရုစိုက်ပုံ မရပါဘူး။ ကျွန်တော်တို့ဝိုင်းထက် မြန်မာနိုင်ငံအရေး၊ ကမ္ဘာ့အရေးက ပိုပြီးအရေးကြီးနေတာလည်း ဖြစ်နေနိုင်ပါတယ်။ သူ့ဆေးလိပ်မီးခိုးတွေကို ခံလိုက်ရတဲ့အပြင် ငါမရှင်းတော့ဘူးနော်ဆိုတဲ့ ပြောနေကျစကားလေးကိုပြောပြီး ထွက်သွားတဲ့ သူ့အတွက် လက်ဖက်ရည်ဖိုးပါ ရှင်းလိုက်ရတာလည်း ရာသီဥတုဖောက်ပြန်မှုပဲ ထင်ပါရဲ့။

အတွေး(၃)
ဘာပဲလုပ်လုပ် ကိုယ်နဲ့နှိုင်းပြီး လုပ်ဖို့ပြောတာကို မကြာခဏ ကြားဖူးပါတယ်။ ဖတ်ဖူးပါတယ်။ ဒါပေမယ့် နေရာတိုင်းတော့ အဆင်မပြေတာကို သတိထားမိတယ်။ ကိုယ့်ကိုမေတ္တာထားတာကြိုက်ရင် သူများကိုလည်း မေတ္တာထားရမယ်ဆိုတာမျိုးကို အကြွင်းမဲ့ လက်ခံပါတယ်။ ကိုယ့်ကို လိမ်တာကို မကြိုက်ရင် သူများကိုလည်း မလိမ်နဲ့ဆိုတာလည်း လုံးဝငြင်းပယ်စရာမလိုတဲ့ မှန်ကန်မှုပါ။ ဒါပေမယ့် ကိုယ်က ပေါင် ၆၀ အလေးချိန်ကို မနိုင်တဲ့အတွက် အခြားလူတစ်ယောက်ကိုလည်း ပေါင် ၆၀ မနိုင်ရမယ်လို့ အတင်းအကျပ်ခိုင်းလို့ မဖြစ်ပါ။ ကိုယ်က အရက်တစ်လုံးကုန်အောင် သောက်နိုင်လို့ ကိုယ်နဲ့အတူသောက်တဲ့လူကိုလည်း တစ်လုံးကုန်အောင် သောက်ရမယ်လို့ ခိုင်းလို့မဖြစ်ပါ။ အတိုင်းအတာဆိုသည့် လစ်မစ် (Limit) မတူကြသောကြောင့် ဖြစ်ပါသည်။

လူတိုင်းတွင် ကိုယ့်လစ်မစ်နှင့်ကိုယ် ရှိကြပါသည်။ တစ်ဦးနှင့်တစ်ဦးသည် လစ်မစ်ချင်း မတူကြပါ။ သည်းခံမှုလစ်မစ်၊ ပျော်ရွှင်မှုလစ်မစ်၊ အလုပ်လုပ်နိုင်မှုလစ်မစ်၊ အပင်ပန်းခံနိုင်မှုလစ်မစ် စသည်ဖြင့် အမျိုးမျိုးကွဲပြားကြပါလိမ့်မည်။ ထို့ကြောင့် မိမိဝန်းကျင်မှလူများနှင့် ဆက်ဆံပေါင်းသင်းရာတွင် ကိုယ့်လစ်မစ်နှင့် ပုံစေမနှိုင်းယှဉ်ဘဲ တစ်ဖက်သား၏ လစ်မစ်အမှန်ကို သိအောင်ကြိုးစားသင့်သည်ဟု မြင်မိပါသည်။ သို့မှသာ နှစ်ဦးနှစ်ဖက်ကြားတွင် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားဘဲ အဆင်ပြေချောမွေ့စွာ ဆက်ဆံလုပ်ကိုင်နိုင်မည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁ နာရီ ၄၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics