Friday, January 01, 2010

ကျွန်တော်နှင့် အခြေခံမဟာဗျူဟာ ပြဿနာများ - မောင်စူးစမ်း


လမ်းရိုးမလိုက်သူ
စာရေးသူသည် နိုင်ငံရေးလုပ်ခဲ့ဖူးသည်။ ပထမတစ်ကြိမ်ကတော့ ကိုယ့်ဟာကိုယ်ရွေးပြီး နိုင်ငံရေးလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်ခေတ် စစ်တက္ကသိုလ်၌ ကွန်မြူနစ်ဖြစ်ခဲ့သည်။ တောခိုခဲ့သည်။ တောမှ ပြန်ရောက်ပြီးနောက် နိုင်ငံရေးနှင့် အဆက်ပြတ်သွားသည်။ ဒုတိယတစ်ကြိမ်၌မူ ၈၈ ခုနှစ် အရေးအခင်း လှိုင်းတံပိုးကြီးက စာရေးသူအား နိုင်ငံရေးထဲ ရိုက်ပုတ်သွင်းလိုက်သည်။ သို့သော် ယခု နိုင်ငံရေးနှင့် ဝေးနေသည်။

သို့ဖြင့် စာရေးသူ၏ နိုင်ငံရေးအတွေ့အကြုံကို ပြန်စဉ်းစားမိသည်။ အသိပညာရှင်တစ်ဦး ဖြစ်သော်ငြားလည်း ဗီဇနှင့် ပညာတို့ကြောင့် စာရေးသူသည် non conformist ဖြစ်နေသည်။ လမ်းရိုးမလိုက်သူ၊ အစဉ်အလာမလိုက်သူ၊ သူများနှင့်တစ်မူထူးခြား စဉ်းစားသူဟု ဆိုသော် ဆိုနိုင်သည်။ စာရေးသူ၏ ငယ်သူငယ်ချင်း ကွယ်လွန်သွားသူ လန်ဘားကြီး (သူ့ကို ငယ်သူငယ်ချင်းတို့က "ကျောက်ရှည်" လို့ ခေါ်သည်) ၏ စကားနှင့်ပြောရလျှင် "ကလန်တတ်သူ" လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါက စာရေးသူ၏ သဘာဝကို ပဏာမခင်းပြခြင်းဖြစ်သည်။ စာရေးသူ "ကလန်တတ်သည်"ဟု ဆိုလျှင်လည်း စာရေးသူက "ကလန်" သည့်အရေးတို့မှာ basic strategic issue အခြေခံမဟာဗျူဟာပြဿနာတို့ အပေါ်တွင်ဖြစ်သည်။ နိုင်ငံရေးသမား တစ်ယောက်အနေဖြင့်လည်းကောင်း၊ နောက်ပိုင်း နိုင်ငံရေးဝေဖန်ဆန်းစစ်သူ ဂျာနယ်လစ်တစ်ယောက် အနေဖြင့်လည်းကောင်း စာရေးသူကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခြေခံမဟာဗျူဟာတို့ကို စီတန်းပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည်။

  1. ဒုတိယ ကမ္ဘာစစ်အပြီး "ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်မှု" အယူအဆ၊ ဘရောက်ဒါဝါဒလို့လည်း ခေါ်သည်။
  2. တိုင်းရင်းသား အရင်းရှင်စနစ်သည် နယ်ချဲ့သမားနှင့် ပြန်မလာစတမ်း ပူးပေါင်းသွားပြီဆိုသော အယူအဆ။
  3. လွတ်လပ်ရေး စစ်-မစစ်ဆိုသော အယူအဆ။
  4. လက်နက်ကိုင်တိုက်ပွဲ လိုအပ်-မလိုအပ်။
  5. တိုက်ပွဲပုံသဏ္ဍာန် သပိတ်လား-လယ်သမားစစ်ပွဲလား။
  6. လက်ဝဲတပ်ပေါင်းစုပြဿနာ။
  7. မြို့သိမ်းနှင့် တောရွာ။
  8. တိုက်ပွဲပုံသဏ္ဍာန် ပြောင်းသင့်-မသင့်။

အထက်ဖော်ပြပါ အခြေခံမဟာဗျူဟာ ပြဿနာ (၈) ချက်သည် ကွန်မြူနစ်ဘ၀၌ ကိုယ်တိုင်ရင်ဆိုင်ပြီး ငြင်းခုံခဲ့ရသော ကိစ္စတို့ ဖြစ်ကြသည်။ ဤပြဿနာရပ်များတွင် စာရေးသူနှင့် ကွန်မြူနစ်ပါတီတို့ သဘောကွဲလွဲခဲ့သည်။

သမိုင်းလိုအပ်ချက်လား
၁၉၆၂ ခုနှစ်၌ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ ဖွဲ့စည်းခဲ့သည်။ ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ခဲ့သည်။ စာရေးသူအား အမျိုးသားစီမံကိန်းဝန်ကြီးဌာနတွင် အထူးအရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ အထူးအရာရှိအဖြစ် ဆောင်ရွက်နေစဉ် ဆိုရှယ်လစ်စနစ်နှင့်ပတ်သက်ပြီး အခြေခံမဟာဗျူဟာပြဿနာ (၃) ရပ်ကို စာရေးသူက တင်ပြပြောဆိုသဖြင့် သဘောထားကွဲလွဲခဲ့သည်။

စာရေးသူတင်ပြသော အခြေခံမဟာဗျူဟာပြဿနာ (၃)ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  1. ဆိုရှယ်လစ်စနစ်သည် မြန်မာနိုင်ငံတွင် သမိုင်းလိုအပ်ချက် (historical necessity) မဟုတ်ဟု စာရေးသူ တင်ပြခဲ့သည်။
  2. အာဏာရှိလျှင် အခြေအနေ မမှည့်သေးသော်လည်း လူမှုစနစ်အပြောင်းအလဲကို ပြုလုပ်နိုင်သည်ဆိုသော အယူအဆကို စာရေးသူက ဆန့်ကျင်သည်။ လက်ဝဲဒဿနစကားနှင့်ပြောလျှင် ကတ္တားပိုင်း(subjective factor) ပြည့်စုံလျှင် ကမ္မပိုင်း(objective condition)ကို ပြောင်းလဲပစ်နိုင်သည်ဆိုသော အယူအဆကို စာရေးသူက ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။
  3. ဆိုရှယ်လစ်စနစ်ကို ဗဟိုဦးစီးစနစ်၊ ဗဟိုစီမံကိန်းစနစ်ဖြင့် စခန်းသွားလိုခြင်းကို စာရေးသူက ဆန့်ကျင်၍ ဆိုရှယ်လစ်စနစ်နှင့် ဈေးကွက်ယန္တရားတို့ကို ထိမ်းမြားပေးရန် စာရေးသူက တင်ပြခဲ့သည်။ Marriage between Socialism and Market ဟု ဆိုရမည်။

ဤပြဿနာများတွင်လည်း စာရေးသူနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ သဘောထားကွဲလွဲခဲ့သည်။

ဂုဏ်ရှိထွက်ပေါက်
ဆိုခဲ့ပါအတိုင်း သဘောထားကွဲလွဲတော့လည်း စာရေးသူ ရာထူးအသီးသီးမှ နုတ်ထွက်ခဲ့ရသည်။ သို့ဖြင့် နိုင်ငံရေးနှင့် ပြန်ဝေးခဲ့ပြီး အေးအေးဆေးဆေး ရှေ့နေလိုက်နေသည်။ အခွင့်သင့်သလို ဆောင်းပါးတွေရေးသည်။ ထိုစဉ် ၈၈ အရေးအခင်းကြီး ဖြစ်လာသည်။ စာရေးသူလည်း စာရေးဆရာတစ်ယောက် အနေဖြင့်လည်းကောင်း၊ ရှေ့နေတစ်ယောက် အနေဖြင့်လည်းကောင်း ပါဝင်ပတ်သက်ခဲ့ရသည်။

တပ်မတော်မှ အာဏာသိမ်းပြီး ပါတီစုံထူထောင်ခွင့်ပြု၍ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးသည်။ စာရေးသူလည်း အရွေးခံရသည်။ ဤတွင် အခြေခံကျသော မဟာဗျူဟာပြဿနာ (၃)ရပ် ပေါ်ခဲ့ပြန်သည်။ ဤပြဿနာတို့အပေါ် စာရေးသူ၏အမြင်ကို တင်ပြခဲ့သည်။ ၎င်းပြဿနာ(၃)ခုတို့မှာ
  1. ရွေးကောက်ပွဲနိုင်သော ပါတီသည် အုပ်စိုးသောအစိုးရပါတီ မဖြစ်နိုင်သေး (Winning party cannot be ruling party)။ အနိုင်ရပါတီက အတိုက်အခံပါတီအဖြစ် နေရဦးမည်။
  2. ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ တစ်ပြိုင်နက်တည်း ချက်ချင်းပူးတွဲမလာနိုင်။ ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ သူ့လမ်းနှင့်သူ သီးခြားစီရွှေ့မည် နှင့်
  3. တပ်မတော်၏အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်၊ ဟူ၍ ဖြစ်သည်။

ဤတွင် စာရေးသူနှင့် NLD ခေါင်းဆောင်တော်တော်များများ သဘောထားကွဲသည်။

စပွန်စာ
သို့ဖြင့် တပ်မတော်အစိုးရက လမ်းစဉ် (၇)ရပ် ချမှတ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲချမှတ်ရန် ပြင်ဆင်သည်။ ထိုအခါ အခြေခံမဟာဗျူဟာပြဿနာ (၃)ရပ် ပေါ်လာသည်။ နိုင်ငံရေးပါတီတို့အဖို့ ဖြစ်တည်မှုအကျပ်အတည်း (existential crisis) နှင့် ရင်ဆိုင်ရသည်။

ဤအခြေခံမဟာဗျူဟာ ပြဿနာ (၃)ရပ်မှာ
  1. စစ်တပ်က စပွန်စာပြု ရေးဆွဲပြဋ္ဌာန်းပေးသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရှောင်ဖယ်လို့ရမလား။ (Can we avoid the military sponsored constitution?)
  2. စစ်တပ်မှ စပွန်စာပြု ရေးဆွဲပေးသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအောက်တွင် နိုင်ငံရေးပါတီတို့ ဆောင်ရွက်ရန် အဆင်သင့် ဖြစ်-မဖြစ်။
  3. ရွေးချယ်စရာ အစီအစဉ်တို့သည် ဖြစ်နိုင်ခြေ ရှိပါသလား။ (ဤနေရာ၌ Politics is the Art of Possibles ဆိုသော အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုကို နှလုံးမူရန်ဖြစ်သည်။ စာရေးသူက ဖြစ်နိုင်ခြေကိုသာ ဦးတည်စဉ်းစားသည်။)

ခေါင်းစဉ်လောက်
အထက်ပါတို့ကား စာရေးသူ၏ နိုင်ငံရေးသမားတစ်ယောက် အနေဖြင့်လည်းကောင်း၊ နိုင်ငံရေးဝေဖန်ဆန်းစစ်သူ ဂျာနယ်လစ်အဖြစ်လည်းကောင်း၊ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသော အခြေခံမဟာဗျူဟာပြဿနာတို့ ဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်သော အငြင်းအခုံတွင် စာရေးသူက မလွဲမရှောင်သာ ပါဝင်ပတ်သက်ခဲ့ရသည်။ စာရေးသူ ပါဝင်ပတ်သက်ပုံကို ထောက်ချင့်၍ စာရေးသူသည် လမ်းရိုးလိုက်တတ်သူမဟုတ်ကြောင်း အကဲခတ်နိုင်ကြပါလိမ့်မည်။ အထက်တွင် ကွန်မြူနစ်ဘ၀အနေဖြင့် တွေ့ကြုံခဲ့ရသော အခြေခံမဟာဗျူဟာ ပြဿနာတို့ကို စာမျက်နှာငဲ့ကွက်၍ ခေါင်းစဉ်တို့လောက်သာ ဖော်ပြထားရသည်ကို ခွင့်လွှတ်စေလိုပါသည်။

(၂၀၀၉ ခုနှစ် ဇန်န၀ါရီလထုတ် The Waves မဂ္ဂဇင်း 1/09 မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics