Sunday, January 10, 2010

ပါရာဒိုင်းအသစ်၊ ပုစ္ဆာအသစ်


ယနေ့မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးကိစ္စများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ပြဿနာ၏ ဗဟိုချက် တစ်နည်းအားဖြင့် ပါရာဒိုင်းသည် တဖြည်းဖြည်း ပြောင်းရွှေ့သွားသည်ကို တွေ့ရပေသည်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယနေ့အချိန်တွင် ဗဟိုပြု၍ စဉ်းစားရမည့်အရာသည် ရွေးကောက်ပွဲ ဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။ ရလဒ်များအလို့ငှာ လက်တွေ့အလုပ်လုပ်ကြမည့် ၂၀၁၀ နောက်ပိုင်း ငါးနှစ်၏ အလုပ်ဖြစ်မှုကို Player တို့က ဆုံးဖြတ်မည်ဖြစ်သည်။ တဖန် Player များကို ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဖြစ်ရာ လောလောဆယ် ပါရာဒိုင်းဗဟိုချက်သည် ရွေးကောက်ပွဲဖြစ်နေသည်ကိုလည်း တွေ့ရပါလိမ့်မည်။

ပါရာဒိုင်းဗဟိုချက် ပြောင်းလဲသွားသောကြောင့် အမေရိကန်တို့ကိုယ်တိုင်က Creditable Election ဆိုသော စကားလုံးကို ပြောင်း၍ ပြောဆိုလာခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲ၏ ရှေ့ပိုင်းကိစ္စရပ်များကို ဗဟိုပြု၍ ဆက်ပြောရန် လက်တွေ့မကျတော့သည့်သဘောကို ထင်ဟပ်နေခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးကို စောနိုင်သမျှ အစောဆုံး စတင်နိုင်ရန်အတွက်ဆိုလျှင် ပြောင်းရွှေ့နေသော ပါရာဒိုင်းများကို သဘောပေါက်မှသာလျှင် ဖြစ်နိုင်ပါလိမ့်မည်။ ပြောင်းနေသော ပါရာဒိုင်းကို နည်းလမ်းဟောင်းဖြင့် ချဉ်းကပ်မြဲချဉ်းကပ်နေခဲ့လျှင် နိုင်ငံတည်ဆောက်ရေးကိစ္စ တ၀ဲလည်လည် ရှိနေဦးမည်ဖြစ်ရာ ဤကိစ္စသည် နိုင်ငံသား သန်း ၅၀ ၏ ကံကြမ္မာနှင့် သက်ဆိုင်နေသည်ကို သတိချပ်သင့်ပါကြောင်း။

အယ်ဒီတာ (၂-၁-၂၀၁၀)
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၁၀ တွင်ဖော်ပြပါရှိသည့် အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics