Sunday, January 10, 2010

အရှင်ဖွင့်ခြင်း - မောင်စူးစမ်း


ကျဉ်းကျဉ်းနှင့် တင်းတင်း
နိုင်ငံရေးသဘောထားတို့နှင့် ပတ်သက်၍ ဖိုးကပ်စ်ကျဉ်းကျဉ်း Narrow Focus နှင့် တင်းကျပ်မှု Rigidity တို့ဆိုသော အသုံးအနှုန်းတို့ ရှိကြသည်။ ပြဿနာတို့ကို ကျဉ်းကျဉ်းမြောင်းမြောင်း ကြည့်သဖြင့် အမြင်တိုတတ်သည်။ တစ်ဖန် ပြဿနာတို့ကို ရှုမြင်ရာ၌ အလျှော့အတင်းမထားဘဲ တင်းတင်းကျပ်ကျပ်ကြည့်သဖြင့် တရားသေဆန်တတ်သည်။ လှုပ်သာယှက်သာ မရှိတတ်ပေ။

ယခု အနာဂတ်မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ ပါဝင်ပတ်သက်မည့် ဤအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း အတိအလင်း ပြဋ္ဌာန်းထားသဖြင့် ဤကိစ္စကို ဖိုးကပ်စ်ကျဉ်းကျဉ်းနှင့် ကြည့်ရှုရန် စေ့ဆော်သလို ဖြစ်နေသည်။ တင်းကျပ်သောဘောင်ဖြင့် အနက်အဓိပ္ပါယ် ဖွင့်ဆိုရမလိုဖြစ်နေသည်။

ကံကြမ္မာ
သို့ရာတွင် ဒုတိယကတိက၀တ် ပေါ်လာသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်တို့ကသာ တပ်မတော်ပါဝင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာဆုံးဖြတ်လျှင် ဤဆုံးဖြတ်ချက်ကို လေးစားလိုက်နာမည်ဟု တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို ပုံသေကျဉ်းကျဉ်မြောင်းမြောင်း နားလည်ရန်မဟုတ်တော့ပြီ။ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည် အရှင်ဖွင့်ကစားသည့်ဂိမ်း Open-Ended Game ဟု ဆိုနိုင်သည်။

တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာတို့တွင် ဆိုရိုးစကားတစ်ခု ရှိသည်။ ယင်းမှာ ရေးဆွဲသူတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနာဂတ်ကို အလုံးစုံ ကြိုတင် မမြင်နိုင်ဟု ဆိုသောအချက် ဖြစ်သည်။ တစ်နည်းပြောလျှင် ယနေ့ ပြဋ္ဌာန်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကံကြမ္မာသည် နောက် မျိုးဆက်သစ်တို့က ဘယ်လိုမြင်သလဲဆိုသော အချက်ပေါ်တွင် မူတည်ခြင်းဖြစ်သည်။ ယခု ရေးဆွဲသူတို့၏ လက်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကံကြမ္မာ မရှိပေ။

အမြော်အမြင်
ထိုအကြောင်းကြောင့်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လှုပ်သာယှက်သာ ပျော့ပြောင်းမှုရှိရန်လိုသည်။

မောင်စူးစမ်း ၁-၁-၂၀၁၀

(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၁၀ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics